Wednesday, May 16, 2012

ရာသီဥတုနှင့်ဈေးအနေအထားကြောင့် သီရိမင်္ဂလာဈေးက သစ်သီးဒိုင်များ အရှုံးပေါ်

သီရိမင်္ဂလာကုန်စိမ်းဈေးကြီး၌ ရာသီဥတုနှင့်ဈေးအဆောက်အဦးအနေအထားကြောင့် အသီးအနှံများ ပျက်စီးလေလွင့် မှုများဖြစ်နေပြီး ငွေးကြေးအရဆုံးရှုံးမှုများဖြစ်နေကြောင်း ဈေးသူဈေးသားများထံက သိရသည်။

 
“အရမ်းကိုပူလို့ သစ်သီးတွေ နွမ်းပြီး ပျက်စီးကုန်တယ်။ ဥပမာ- ပန်သီးဆိုရင်ပေါ့ နှစ်ရက်၊ သုံးရက်လောက်ပဲ ဆိုင်မှာထားတာနော် အဲဒါ ကိုတောင် ပန်သီးဖာ ခုနှစ်ဆယ် ကိုပြန် စီရင်ဖာ သုံးဆယ်ကျော်လောက်ပဲ ပြန်ကျန်တယ်။ ကျန်တာတွေက အဆောက်အဦး အပူရှိန်နဲ့ နွမ်းပြီးပုပ်ကုန်တယ်”ဟု ရွှေမြင့်မိုရ် သစ်သီးပွဲရုံမှ ကိုကျော်သူက ပြောသည်။
 
ပန်းသီးတစ်ဖာလျှင် ကျပ်ငွေ ခုနှစ်ထောင်ဝန်းကျင်ရှိသည့်အတွက် ပန်းသီးဖာ သုံးဆယ်ကျော် ပျက်စီးမှုကြောင့် ကျပ်ငွေနှစ်သိန်းဝန်းကျင်အထိ ဆုံးရှုံးနစ်နာနေသည်ဟု ၎င်းက ထပ်မံပြောသည်။
 
သီရိမင်္ဂလာကုန်စိမ်းဈေးကြီးအတွင်းရှိ ကုန်စိမ်းဒိုင်ကြီးများမှာ ဈေးအဆောက်အဦးများ၏ အပူရှိန်ကြောင့် သစ်သီး ထိပ်များကွဲခြင်း၊ အသီးအနှံများ နွမ်းကုန်ခြင်း၊ ပန်းဆိုင်များရှိ ပန်းများ နွမ်းခြင်းနှင့် မိုးရာသီရောက် ပါကလည်း လုံလောက်သည့် အမိုးအကာများ မရှိသည့်အတွက် အသီးနှံများကို မိုးရေများစို၍ နွမ်းကြေ ပျက်စီးခြင်း စသည်တို့ကြောင့် အသီးအနှံ အမျိုးအစားအလိုက် ပျက်စီးလေလွင့်မှုများ ရှိနေသည်ဟု သိရသည်။
 
အဆိုပါဈေးကြီး စတင်ဖွင့်လှစ်စဉ်က သွပ်မိုးများဖြင့်တည်ဆောက်ထားပြီး အပူရှိန်ကြောင့် ဈေးအတွင်းရှိ သစ်သီးဆိုင်များနှင့် ကုန်စိမ်းအရောင်းဆိုင်များရှိ ဈေးသူဈေးသားများ နေထိုင်ရန်အခက်အခဲရှိသောကြောင့် ထပ်ခိုးများကို ဈေးသူဈေးသားများ၏ စုပေါင်းငွေဖြင့် တပ်ဆင်ခဲ့ကြကြောင်း သိရသည်။
 
သို့သော် အဆောက်အဦးအနေအထားမှာ ကုန်စိမ်းဈေးကြီး တစ်ခုအတွက် ရာသီဥတုနှင့် ကိုက်ညီသည့် အနေအထားမျိုး မဟုတ်သည့်အတွက် အသီးအနှံများ၊ ပန်းများနှင့် ကုန်စိမ်းသီးနှံများ နေ့စဉ် လေလွင့် ပျက်စီးမှုများ ဖြစ်နေကြောင်း သိရသည်။
 
“အရင် ကြည့်မြင့်တိုင် ဈေးကြီးရဲ့ အဆောက်အဦးအနေအထားက သူ့ရာသီဥတုအလိုက် အသီးအနှံတွေကို ထားရှိ ရောင်းချဖို့ အရမ်းအဆင်ပြေတယ်။ အခု ဒီဘက်ကိုပြောင်းလာတော့မှ ကုန်စိမ်းဒိုင် အားလုံးလိုလိုကို အဆောက်အဦးအပူရှိန်ကြောင့် အသီးအနှံတွေ လေလွင့် ပျက်စီးမှုကို ကြုံနေကြရတယ်”ဟု သီရိမင်္ဂလာဈေး ဈေးသာယာရေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆောက်အဦးအနေအထားကြောင့် ပျက်စီးမှုများမကြုံတွေ့စေရန်အတွက် အကောင်းဆုံးသောနည်းလမ်းမှာ   ဈေးအဆောက် အဦးများ ကို နေဒဏ်၊ မိုးဒဏ်ခံနိုင်ရန်အတွက် လုံလောက်သော အမိုးအကာများဖြင့်   ပြန်လည် ပြုပြင်ရန် လိုအပ်သည်ဟု   ဈေးသူဈေးသားများက သုံးသပ် ပြောဆိုကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။