Monday, May 21, 2012

 မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ် ကိုင်ခွင့်ရထားသောမြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

“လောလောဆယ် အာဆီယံ ဘဏ်တွေ၊ ဂျပန်ဘဏ်တွေနဲ့ ချိတ် ငွေကြေးဝန်ဆောင်မှုတွေလုပ်ဖို့ ချိတ် ဆက်ထားပြီးပြီ။ ဗဟိုဘဏ် ခွင့်ပြုချက်ရတာနဲ့ နိုင်ငံခြားဘဏ်လုပ်ငန်း  အပြည့်အ၀ လည်ပတ်နိုင်တော့မှာပါ။  အမေရိကန် ပိတ်ဆို့မှုဖြေလျှော့တာက မေလ ၁၇ မှာမှ စပြောတာဆို တော့ မကြာမီမှာ အမေရိကန်ဘဏ် တွေနဲ့လည်း ချိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ကမ္ဘောဇဘဏ် လီမိတက် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောကြားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များ၊ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် တားမြစ်မှုများကို လျှော့ပေါ့ပေးလိုက်သည်ဟု မေလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များချဲ့ထွင်နိုင်ရေးကိုအမြန်ဆုံးဆောင် ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုအခြေအနေကြောင့် အမေရိကန် ရေနံနှင့်သဘာ ဓာတ်ငွေ့လုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းများ အနေဖြင့် အပြန်အလှန် အကျိုးဖြစ် ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်ရန် အမေရိကန်စီးပွားရေး လုပ်ငန်းများအတွက် အထွေထွေခွင့် ပြုမိန့်တစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံတကာငွေကြေး ဈေးကွက်များ နှင့် အမေရိကန်ဒေါ်လာ အခြေပြု ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မေလ ၁၇ ရက်နေ့က ပြော ကြားခဲ့သည်။
အမေရိကန်၊ အီးယူအပါအ၀င် နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်း ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ငွေကြေး လွှဲပြောင်းမှုများကို ကြားခံ နိုင်ငံတစ်နိုင်ငံခံပြီး လွှဲပို့ခဲ့ရပြီး စင်ကာပူနိုင်ငံမှ လွှဲပြောင်းမှု အများဆုံးဖြစ်ကြောင်း၊ ယခုကဲ့သို့ တားမြစ်ချက်များကို လျှော့ချပေးခြင်းကြောင့် အဆိုပါနိုင်ငံများရှိ ဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက် နိုင်တော့မည်ဖြစ်ကာကုန်သွယ်ရေး ပိုမိုလျင်မြန်လာနိုင်ပြီး လုပ်ငန်းကုန်ကျ စရိတ် လျော့နည်း သက်သာလာမည် ဖြစ်သည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။