Sunday, May 13, 2012

 လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် မိုးတိမ်တောင်များ၏ သက်ရောက်မှုကို မေလကုန်ပိုင်းအထိ သတိပြုရန်လို

လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း စသည့် မိုးလေ၀သ ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်များ၏ သက်ရောက်မှုကို မေလကုန်ပိုင်းအထိ သတိပြုရန် လိုအပ်ကြောင်း သတင်းရရှိ ပါသည်။

လက်ရှိကာလသည် အနောက်တောင် မုတ်သုံလေ မ၀င်ရောက်မီ မိုးကြိုကာလဖြစ်ပြီး မိုးကြိုကာလနှင့် မုတ်သုံလေအား မတည်ငြိမ်သော ကာလများတွင် ဖြစ်ပေါ်တတ်သော မိုးတိမ်တောင်များ၏ သက်ရောက်မှု ကို သတိပြုရန် လိုအပ်သည်ဟု Myanmar Climate Change Watch မှ ထုတ်ပြန်ထားပါသည်။
“မိုးတိမ်တောင်တွေရဲ့ သက်ရောက်မှုတွေမှာ လေပြင်းတိုက်ခတ်တာ၊ နေရာကွက်မိုးကြီးတာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ စတဲ့ဖြစ် စဉ်တွေ ပါဝင်ပါတယ်။ ညနေပိုင်းတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်”ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြား သည်။
မိုးတိမ်တောင်များသည် ယင်းထက် ပိုမိုအားကောင်းလာပါက မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ စိုက်ဆင်းလေပြင်း တိုက်ခတ်ခြင်း စ သောဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့ဝန်းကျင်မှစကာရက်အနည်း ငယ်အထိ မြန်မာနိုင်ငံ အနှံ့အပြား တွင် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်များကို Myanmar Climate Change Watch မှ ထုတ်ပြန်ထားပြီး မေလကုန်ပိုင်းအထိ သတိပြုစေလိုသည်ဟု သိရသည်။

မိုးတိမ်တောင်တွေရဲ့ သက်ရောက်မှုတွေမှာ လေပြင်းတိုက်ခတ်တာ၊ နေရာကွက်မိုးကြီးတာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ စတဲ့ဖြစ် စဉ်တွေ ပါဝင်ပါတယ်
“လယ်ယာလုပ်ငန်းခွင် ၀င်ရတဲ့ သူတွေ၊ ရေလုပ်သားတွေ အထူးသတိပြုဖို့ လိုပါတယ်”ဟု ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။
အနောက်တောင် မုတ်သုံလေသည် ၂၀၁၂ ခုနှစ် မေလ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ မေလ ၂၂ ရက် နေ့မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ ၀င်ရောက်နိုင်ကာ မေလအတွင်း အနောက်တောင် မုတ်သုံလေသည်အား အသင့်အတင့်မှ အားကောင်းနိုင်သည် ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ မေလအတွက် မိုး လေ၀သခန့်မှန်းချက် အနေဖြင့် ထုတ်ပြန်ထားသည်။
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကျုံးဝင်သည့် မေလ ပထမ ၁၀ ရက်ပတ်တွင် လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ သို့ မေလ ၁၅ ရက်ဝန်းကျင်တွင် လည်းကောင်း၊ အလယ်ပိုင်းဒေသို့ မေလ ၂၀ ရက်ဝန်းကျင်တွင် လည်းကောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသသို့မေလ ၂၅ ရက်ဝန်းကျင် တွင် လည်းကောင်း နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။