Sunday, May 6, 2012

မန္တလေးမြို့တွင် သောက်သုံးရေပြတ်လပ်မှုကို ယခုနှစ် နွေရာသီကာလ၌ ဆောလျင်စွာ ကြုံတွေ့လာ


နွေရာသီကာလများတွင် ရေခန်းခြောက်မှု၊ ရေထွက်နည်းပါးမှုများကြောင့် သောက်သုံးရေ အခက်အခဲများ နှစ်စဉ်ကြုံတွေ့လေ့သော မန္တလေးမြို့တွင် ယခုနှစ် နွေရာသီကာလ၌ သောက်သုံးရေ ပြတ်လပ်မှုကို ယခင်နှစ်များထက် ဆောလျင်စွာ ကြုံတွေ့လာကြောင်း သိရှိရသည်။
မန္တလေးမြို့တွင် ပိုက်လိုင်းဖြင့်ပေးသော ရေပေးရေးစီမံကိန်းကို ၁၉၉၂ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရေးပေးဝေရေး စီမံကိန်းမှာ ယင်းအချိန်က မြို့ဧရိယာ ၂၅ စတုရန်းမိုင်အတွင်းရှိ လူနေရပ်ကွက်များ အတွက်သာ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။လက်ရှိအချိန်တွင် မန္တလေးမြို့ဧရိယာသည် ၁၂၁ ဒဿမ ၇၆ စတုရန်းမိုင်ထိ ကျယ်ပြန့်လာခဲ့ပြီး ရေပေးဝေရေးစီမံကိန်း မရောက်ရှိသော မြို့တောင်ဘက်ခြမ်း ရပ်ကွက်များ တွင် ရေတွင်းရေကန်နှင့် အ၀ီစိတွင်းများ တူးဖော်သုံးစွဲနေခြင်းဖြစ်ပြီး နွေရာသီကာလများ၌ တူးဖော်သုံးစွဲလျက်ရှိသည့် ရေတွင်း ရေကန်များတွင် ရေခန်းခြောက်မှု၊ ရေထွက်နည်းပါးမှုများကြောင့် သောက်သုံးရေ အခက်အခဲ များ နှစ်စဉ်ကြုံတွေ့လေ့ရှိသော ဒေသများတွင်ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ ရေပေးဝေရေး ရရှိမှုနည်းပါးလာခြင်းကြောင့် မန္တလေးမြို့ပေါ်ရပ် ကွက်များတွင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့လာပြီး အလှည့်ကျ လျှပ်စစ်မီးခွဲတမ်းအရ ရေပေးဝေရေး ရေရရှိချိန်တွင် မော်တာဖြင့်စုပ်ယူ၍မရသောကြောင့် ပိုမိုအခက်ကြုံလျက်ရှိသည်ဟု မြို့ခံများထံမှ သိရှိရသည်။ 

ယင်းသို့ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လျက်ရှိရာ တောင်ရွာသစ်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက''သောက်ရေအတွက် ဘုန်းတော်ကြီးကျောင်းက ပေးလှူထားတဲ့ ရေဘုံဘိုင်မှာ မနက်လင်းတာနဲ့ တန်းစီ စောင့်ဆိုင်းပြီး ခပ်ယူသုံးစွဲနေကြရတယ်။ တောင်ရွာသစ်ရပ်ကွက် အပါအ၀င် ရပ်ကွက်လေးရပ်ကွက်အတွင်း နေထိုင်တဲ့သူတွေက ဒီဘုန်းတော်ကြီးကျောင်းက ရေအလှူကို အားထား သုံးစွဲနေရတာပဲ။ သုံးရေအတွက်က ရပ်ကွက်ထဲလှည့်ရောင်းတဲ့ ရေစည်လှည်းတွေကနေ ၀ယ်ယူသုံးစွဲကြတာပါ။ ဒီနှစ် သောက်သုံးရေပြတ်လပ်မှုက အရင်နှစ်တွေ ထက်စောပြီး ကြုံတွေ့လာတာပါ။ အ၀ီစိတွင်းတွေက ရေထွက်တော်တော်နည်းလာပြီး လုံလောက်မှု မရှိတော့ပါဘူး။ မီတာရေရှိပေမယ့် ရေလာတဲ့အချိန်က ညသန်းခေါင်လောက်မှပါ။ အခု အဲဒီရေပေးဝေရေး ရေပိုက်လိုင်းက လမ်းပြင်နေတဲ့အတွက် ပြတ်တောက်နေတာမို့ ဘုန်းတော် ကြီးကျောင်းက ရေဘုံဘိုင်မှာ တန်းစီနေကြရတာပေါ့''ဟု ပြောကြားသည်။
''ရေမလာမီးမလာနဲ့ တော်တော်ဒုက္ခဖြစ်ရတယ်။ ရေမီတာက တစ်ရက်ကို မနက်တစ်ခါ၊ ညတစ်ခါ လာပေမယ့် ရေထွက် တော်တော်နည်းပါတယ်။ လာတဲ့အချိန်ကလည်း နာရီဝက် မပြည့်ပါဘူး။အခုနွေရာသီစကတည်းက ပါပဲ''ဟု လမ်း ၃၀၊ ၈၆_၈၇ လမ်းကြား စင်္ကြာသီဟဘုရားအနီး နေထိုင် သူတစ်ဦးက ပြောကြားသည်။''ကျွန်မတို့ ရပ်ကွက်တွေမှာ ရေပေးဝေရေးရေကလုံးဝကို မလာ တော့ဘူး။ ဒါကြောင့် အခက်အခဲ တော်တော်ဖြစ်ရ တယ်။ ရာသီဥတု ကလည်း သင်္ကြန်ပြီးကတည်းက ပိုပိုပူလာတယ်။ သောက်ရေအတွက် ရေသန့်ဘူးတွေ ၀ယ်သုံးလို့ အဆင်ပြေနေပေမယ့် ချိုးရေ သုံးရေ ပြတ်လပ်နေတာပါ။ တစ်ရက် တစ်ရက် ရေကိစ္စအတွက် စိတ်သောကများနေရပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်''ဟု ၂၉ လမ်း၊ ၈၀ x ၈၁ လမ်းကြား နေထိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။

''ရေပေးဝေရေးရေမရလို့ ရေတွင်းတူးလိုက်တယ်။ ဒီတော့ ရေမီတာကို မျှော်စရာမလိုတော့ဘူးပေါ့။ ကျွန်မတို့လို ရေတွင်းတူးဖို့ အ၀ီစိတွင်းတူးဖို့ နေရာအခက်အခဲ ရှိတဲ့သူတွေအတွက်ကတော့ မလာတဲ့ရေမီတာကိုပဲ မျှော်နေရမှာပေါ့''ဟု ၂၈ လမ်း၊ ၇၂ x ၇၃ ကြား မင်းသီဟက ဖေးအနီး နေထိုင်သူတစ်ဦးက ဆိုပါသည်။ ''ရေမီးလေးမှန်နေတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ခုတော့ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေကြရသလို ရေမရှိမီးမရှိနဲ့ မန္တလေးမြို့ရဲ့ အပူရှိန်အောက်မှာ အရှင်လတ်လတ် ငရဲကျသလို ခံနေကြရတယ်။ တတ်နိုင်တဲ့သူတွေကတော့ ရေသန့်ဘူးနဲ့ ရေချိုးပြီး အဲယားကွန်ခန်းတွေထဲမှာ နေနိုင်ကြပေမယ့် အများစုကတော့ သောက်သုံးရေ အခက်အခဲ ဖြစ်နေရပါတယ်''ဟု မန္တလေးမြို့ခံတစ်ဦးက ပြောပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။