Wednesday, June 27, 2012

ရန်ကုန်တွင် ဗင်၊ မန္တလေးတွင် မတ်တူး အရောင်းသွက်နေ

 









ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင် ကျပ်သိန်းနှစ်ရာဝန်းကျင် (Van) ဗင်ကားများ ဇွန်လ(၁၅)ရက်ပိုင်းနောက်တွင် ပို၍အရောင်းဝယ်သွက်လာကြောင်း ဟံသာဝတီကားဝင်းရှိ ကားအကျိုးဆောင်များထံမှ သိရှိရသည်။


 
ရန်ကုန်ကားဈေးကွက်၌ ဗင်ကားများအရောင်းအ၀ယ်ဖြစ်နေချိန်တွင် မန္တလေးကားဝိုင်းအတွင်း၌ ကျပ်သိန်း(၈၅)သိန်းဝန်းကျင်ရှိ ၉၀ မော်ဒယ် မတ်တူးများအ၀ယ်လိုက်နေကြောင်းကိုလည်း သိရှိ ရသည်။
 
 
မော်တော်ယဉ်ကားများ အခွန်ကင်းလွတ်ခွင့်နှင့် အခြားစီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းတို့ကြောင့် ကားဈေးကွက်တည်ငြိမ်မှုမရှိသော်လည်း ဗင်ကားများမှာ ယခင်ထက် အရောင်းသွက်နေခြင်း ဖြစ်သည်။
 
 
ဟံသာဝတီကားဈေးကွက်တွင် တစ်ပတ်အတွင်း ဗင်ကား အစီး (၂၀) ခန့် အရောင်းသွက် နေကြောင်း လုပ်သက်ရင့်ကားပွဲစား ကိုမောင်စိုးက ပြောသည်။
 
 
“ကျွန်တော်တို့ဝိုင်းထဲမှာ တစ်ပတ်ကို ဗင်ကာ (၄)စီး လောက် ရောင်းနေရတယ်။ ရွှေငါး (မတ်တူး)ကားတော့ တစ်ပတ်ကို(၂) စီးလောက် ရောင်းရတယ်။ ကားဝယ်တဲ့လူတွေက တခြားကားတော့ ကြည့်တယ်။ ဒါပေမယ့် ဗင်ကားကိုမှ ဝယ်သွားကြတယ်။”ဟု ကိုမောင်စိုး က ပြောသည်။
 
 
ဗင်ကားများမှာ အကြမ်းခံပြီး အဌားယာဉ်အတွက်ပါ အသုံးပြုရန်အဆင်ပြေသောကြောင့် အခြား မော်တော်ကားများထက် အရောင်းသွက်နေခြင်းဖြစ်သည်ဟု ကားအကျိုးဆောင်များက ဆိုသည်။
 
 
ဗင်ကားတွေက အိမ်စီးအတွက်လဲအကြမ်းခံတယ်။ ပြီးတောအဌားယာဉ်လုပ်မယ်ဆိုလဲ စီအမ်ဂျီ ပြောင်းဖို့က အဆင်ပြေတယ်။ နောက်ခန်းမှာ နေရာလဲကျယ်တယ်ဆိုတော့ လောလောဆယ် ထိတော့ ဒီကားတွေရောင်းဝယ်ဖြစ်နေတယ်။” ဟု ကားအကျိုးဆောင်တစ်ဦးဖြစ်သူ  ကိုမျိုးမြင့်က  ပြောသည်။
 
 
အဆိုပါ ဗင်ကားများသည် နယ်မှ လာရောက်ဝယ်ယူသူ ပိုမိုများပြားနေသည်။
 
 
ယခင်ကားဈေးကွက်များ ကျဆင်းခြင်း မရှိခင်က အဆိုပါ CARINA ဗင်ကားနှင့် စူပါရဗင်ကားများသည် ကျပ် သိန်းရှစ်ရာနှင့် ကျပ် တစ်ထောင်ဝန်းကျင်ရှိရာ ယခု ကျပ် သိန်းနှစ်ရာဝန်းကျင်တွင်လည်း အရောင်းဝယ် ဆက်တိုက်ဖြစ်နေကြောင်း ကားအကျိုးဆောင်များက ရှင်းပြသည်။
 
 
ကားဈေးတွေဆက်တိုက်ပြုတ်ကျနေတယ်ဆိုတော့ လူတွေကဒီအချိန်မှာ အသုံးတည့်ပြီး အကြမ်းခံတဲ့ ကားမျိုးပဲရွေးဝယ်တော့တယ် ချယ်ရီ QQ3 ကားမျိုးက အင်ဂျင်ပါဝါသေးတော့ အသစ်မှာ ဆီစားသက်သာပေမယ့် အကြမ်းမခံဘူး။” ဟု တာမွေကားရောင်းဝယ်ရေးစခန်းမှ ကိုစည်သူက ပြောသည်။
 
 
CARINA ဒီဇယ် 96 မော်ဒယ်ကားသည် သင်္ကြန်မတိုင်မီက ကျပ် သိန်းနှစ်ရာ့ခုနှစ်ဆယ်ဝန်းကျင် ရှိရာ ယခု ကျပ် သိန်းတစ်ရာ့ရှစ်ဆယ်ဝန်းကျင်နှင့် အရောင်းဝယ်ဖြစ်နေကြောင်း ကားအကျိုး ဆောင်များကဆိုသည်။
 
 
ကျွန်တော်တို့က ကားဝယ်တယ်ဆိုတာ ဇိမ်ခံတာထက်အကြမ်းခံဖို့က ရေးကြီးတယ်။ ဆီစားသက် သာတဲ့ ကားကို ၀ယ်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ပြင်လို့မဆုံးပဲဖြစ်မှာစိုးလို့ CARINA ဗင်ကားပဲ ၀ယ်ဖြစ်တာပါ။” ဟု ပဲခူးတိုင်းမှ ကားလာဝယ်သူ ကိုသက်က ပြောသည်။
 
 
မန္တလေးကားဈေးကွက်တွင် နိုင်တီနိုင်းမော်ဒယ်များကို မော်ဒယ်အမြင့်များထက် လူစိတ်ဝင်စားမှု ပိုရခြင်းမှာ   မောင်းနှင် ရာတွင်သက်တောင့်သက်သာရှိမှုနှင့် ပုံသဏ္ဍန်မှာ လူကြိုက်များသောကြောင့် ဖြစ်သည်ဟု မန္တလေးကားဝိုင်းမှ ပွဲစားများကဆိုသည်။ 
 
 
မန္တလေးမြို့တွင် လူအကြိုက်အများဆုံးမော်ဒယ်များမှာ နိုင်တီနိုင်းမော်ဒယ်များဖြစ်ပြီး မတ်တူး၊ ဟာရီယာ၊ ဂလော်ရီ အမျိုးအစားများဖြစ်ကြောင်း ပွဲစားများထံက သိရှိရသည်။
 
 
“ နိုင်တီနိုင်းမော်ဒယ်တွေက ပိုအရောင်းအ၀ယ်ဖြစ်နေတယ် ၊ ဖားပြုတ်ဆိုရင် နှစ်ရာဝန်းကျင်ရှိ တယ် အသစ်ဆို နှစ်ရာစွန်းစွန်းပေါ့ ၊ ဒါပေမဲ့ အဲဒါတွေထက်ကို နိုင်တီနိုင်းမတ်တူးက အခုပို အ၀ယ်လိုက်နေတယ်” ဟု မန္တလေးမှကားပွဲစားတစ်ဦး ဦးကိုကြီးက ဆိုသည်။
 
 
မန္တလေးကားဈေးကွက်အတွင်း ကားဈေးနှုန်းများမှာ နေ့စဉ်ကျဆင်းလျှက်ရှိသော်လည်း အကျဈေးနှင့်ပင် အရောင်းအ၀ယ် ဖြစ်နေကြောင်းကိုလည်း သိရှိရသည်။
 
 
မန္တလေးဈေးကွက်အတွင်းတွင် နိုင်တီနိုင်းမော်ဒယ်မတ်တူးကားဈေးမှာ  နံပါတ် ၄က/ ဆိုပါက ကျပ်သိန်း(၈၀) ၀န်းကျင်နှင့် နံပါတ် ၅က/ ဆိုပါက ကျပ်သိန်း ( ၈၀ မှ ၈၅ ) ဝန်းကျင်ရှိကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံကားဈေးကွက်တွင်းသို့ အမေရိကန်ကားများ ၀င်ရောက်လာသော် ယခုလက်ရှိ အချိန်တွင် ဂျပန်ကားများကိုသာ အားထား၍ အရောင်းဝယ်ပြုလုပ်နေကြရဆဲဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။