Saturday, June 2, 2012

လမ်းမတော်မြို့ နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားမှုနှင့် ပတ်သက်၍ မသင်္ကာသူတစ်ဦးကို စစ်ဆေးနေကြောင်းသိရ


p01
အမှုမှ မသင်္ကာသူ၏ ခဲပန်းချီပုစံကို တွေ့ရစဉ်
လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသည့် မိန်းကလေးတစ်ဦးကို သတ်ပြီး မီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူဟု မသင်္ကာသူတစ်ဦးကို စစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂ခုနှစ် မေလ ၃၀ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ကိုသန်းထွန်းဦး၊ ၂၆နှစ် လမ်းမတော်မြို့နယ်နေသူသည် နေအိမ်၌ ညီမဖြစ်သူ မစုစန္ဒီအောင်၊ ၁၆ နှစ်၊ အ.ထ.က ၂ လသာ၊ (ဆယ်တန်းဖြေထား)၊ အား နေအိမ်တွင် ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထားခဲ့ပြီး ၁၈လမ်း ထိပ်ရှိ ဈေးဆိုင်သို့ သွားရောက်စဉ် နံနက် ၁၁နာရီ ၄၅မိနစ်အချိန် နေအိမ်၌ မီးလောင်နေကြောင်း ကြားသိရ၍ ပြန်လာခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း၌ ညီမဖြစ်သူအား မှောက်လျက် အနေအထားဖြင့် ဦးခေါင်း၊ လည်ပင်း၊ ၀ဲလက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိလျက် မီးရှို့သတ်ထားသည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ထို့အပြင် အိပ်ခန်းအတွင်းရှိ ဗီရိုအားစစ်ဆေးရာ ဗီရိုအောက်အကန့်အတွင်း သိမ်းဆည်းထားသော အလေးချိန် ၈ကျပ်သားမှ ၁၀ကျပ် သားခန့်ရှိ မုန့်ကြိုးလိန်ပုံရွှေဆွဲကြိုး တစ်ကုံး၊ (ဒေါ်လာပုံဆွဲပြား၁ခုပါ) တန်ဖိုး(၄၈)သိန်း၊ အလေးချိန် ၁ကျပ် သားခန့်ရှိ လက်ကောက်လေးကွင်း၊ တန်ဖိုး(၂၄)သိန်းစသည့် ရတနာပစ္စည်း စုစုပေါင်းတန်ဖိုး (၁၀၄၅၀၀၀၀) မှာ ပျောက်ဆုံးနေသဖြင့် ညီမဖြစ်သူအား သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများအား ခိုးယူသွားသူအပေါ် အရေးယူပေးရန် ကိုသန်းထွန်းဦးမှ တရားလိုပြုတိုင်ကြားမှုကြောင့် လမ်းမတော်ရဲစခန်း (ပ)၁၃၀/၂၀၁၂ ပုဒ် မ ၃၀၂/၄၃၆/၂၀၁/၃၉၂ဖြင့် မေလ ၃၀ရက်နေ့ ညနေ၄နာရီ ၄၅မိနစ် အချိန်တွင်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပျော်ဘွယ်မြို့မှ တရားခံ ဖြစ်သူအား ဖမ်းဆီးရမိထားပြီဟုဆိုကာ ၀က်ဆိုက်အချို့တွင် တင်ထားခြင်းများသည် မှားယွင်းကြောင်း တရားခံကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိဘဲ မသင်္ကာသူကိုသာ စစ်ဆေးနေသည့် အဆင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group ၏ မေးမြန်းချက်အပေါ် အတည်ပြု ပြန်လည်ဖြေကြားခဲ့ပါသည်။

ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူနှင့် ပတ်သက်၍ မျက်မြင်သက်သေ သုံးဦးကို စစ်ဆေးရာ၌ သိရှိခဲ့ရမှုများကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်လွင်က "အဲဒီ တိုက်ခန်းက တိုက်ခန်းနေထိုင်သူတွေဆီမှာပဲ အတက်အဆင်း တံခါးသော့ရှိတယ်။ ကျူးလွန်တဲ့သူက အခန်းတစ်ခန်းရဲ့ နေထိုင်သူက တံခါးဖွင့်ပြီးတက်တဲ့အချိန်မှာ သူကလိုက် တက်သွားတယ်။ ပြီးတော့ ပြန်ဆင်းတဲ့အခါမှာ တံခါးကပိတ်ထားတော့ သူက တစ်ခန်းစီတံခါးခေါက်ပြီး သော့ဖွင့်ပေးဖို့အကူအညီတောင်းတဲ့ အခါမှာ တိုက်ခန်းတစ်ခန်းက အိမ်အကူ အမျိုး သမီးတစ်ဦးက  သူရဲ့တိုက်ခန်းပိုင်ရှင်ကို ခေါ်လိုက်တယ်။ အဲဒီအမျိုးသားက ဘာဖြစ်လို့ ဒီအထဲရောက်နေတာလဲမေးတော့ ကျွန်တော် အိမ်ပြောင်းလာတဲ့ အသိအိမ်ကို လိုက်ရှာ နေတာပါလို့ပြောသွားတယ်။ ပြီးတော့ သူက ညာဘက်ချိုးပြီး အနော်ရထာလမ်းကနေ ဘယ်ဘက်က ၀ါးတန်းလမ်းကို ဖြတ်လျှောက်သွားပါတယ်။ အဲဒီကျူးလွန်တယ်လို့ သံသယအဖြစ်ဆုံးလူက အဲဒီနေ့က ဘေးလွယ်အိတ် အမဲရောင်လွယ်ထားတယ်။ ဦးထုပ်အဖြူအ၀ိုင်းပျော့ကို ဆောင်းထားတယ်။ ရှပ်အကျီလက်တို ၀တ်ထားတယ်။ ပြီးတော့ ရွှေပုဇွန် မုန့်အိတ်ကိုကိုင်ထားတယ်။ အဲ့ဒီ မသင်္ကာတဲ့သူ ထွက်သွားပြီး ၁၀ မိနစ်လောက်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲက ချိန်ကိုက်ပြီး ဆောင်ရွက်ခဲ့လည်း ဆိုတာကို အခုအချိန်အထိ စစ်ဆေးနေဆဲပါပဲ။" ဟုပြောပြခဲ့သည်။ ဆက်လက်၍ အဆိုပါ အမှုမှ မသင်္ကာသူ၏ ပုံသဏ္ဍာန် အချက်အလက်အချို့ ရရှိထားခြင်းနှင့် ပတ်သက်၍ "ရွှေပုဇွန်မုန့်ဆိုင်တွေရဲ့ CCTV ကင်မရာတွေကို စစ်တော့ လမ်းမတော် ၉ လမ်းနားက ရွှေပုဇွန် မုန့်ဆိုင်ရဲ့ CCTV ကင်မရာမှာ အဲဒီလိုပုံစံတူ အမျိုးသားတစ်ဦးရဲ့ မှတ်တမ်းကို မေ လ ၃၁ရက်နေ့ ညပိုင်းက ရရှိခဲ့ပါ တယ်။ ပြစ်မှုကျူးလွန်တယ်လို့ မသင်္ကာတဲ့သူကို ဇွန်လ ၁ရက်နေ့က ခေါ်ယူပြီးတော့ စစ်ဆေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက သူနေတဲ့  နေအိမ်ကနေ ခေါ်ယူပြီးစစ်ဆေးနေတာပါ" ဟုပြန်လည်ပြောပြခဲ့သည်။

ထို့ပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပျော်ဘွယ်မြို့မှ တရားခံ ဖြစ်သူအား ဖမ်းဆီးရမိထားပြီဟုဆိုကာ ၀က်ဆိုက်အချို့တွင် တင်ထားခြင်းများသည် မှားယွင်းကြောင်း တရားခံကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိဘဲ မသင်္ကာသူကိုသာ စစ်ဆေးနေသည့် အဆင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး သက်လွင်က Eleven Media Group ၏ မေးမြန်းချက်အပေါ် အတည်ပြု ပြန်လည်ဖြေကြားခဲ့ပါသည်။

သေဆုံးသွားသူ မိန်းကလေး၏ အိမ်အတွင်း သက်သေခံပစ္စည်းများ ရှာဖွေရာ၌ မီးဖိုချောင်အခန်းတွင် အရိုးအသွား တစ်ပေခန့်ရှိသည့် ဓားတစ်ချောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပြစ်မှုကျူးလွန်သွားသူဟု သံသယရှိသူ၏ ခဲခြစ်ပန်း ချီပုံကိုလည်း ခဲခြစ်ပန်းချီဆွဲ၍ မြို့နယ်၊ ရဲစခန်းအသီးသီး၌ ဖြန့်ဝေထားပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သေဆုံးသွားသူ မိသားစုမှာ လွန်ခဲ့သော နှစ်ပတ်ခန့်မှ အဆိုပါ နေထိုင်ရာ လမ်းမတော်မြို့နယ်၊ ၇ လမ်းကို လမ်းမတော်မြို့နယ်၊ ၁၈ လမ်းမှ ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ပြုလုပ်သွားသူ တရားခံနှင့် ပတ်သက်၍ ဒုတိယရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီးသက်လွင်က "မကြာခင်မှာ ဒီတရားခံကို မိတော့မှာပါ။ အမြန်ဆုံးမိနိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါပြီ။ ဒီလို ရက်စက်စွာသတ်သွားတဲ့ တရားခံက သေသွားတဲ့ မိန်းကလေးနဲ့ သိပြီးတော့ အတွင်းထဲကလူတွေနဲ့ ရင်းနှီး နေမယ်လို့ယူဆရပါတယ်။ ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကလည်း ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ ထူးခြားတာတွေ၊ မသ င်္ကာတာတွေတွေ့ရင် အမြန်ဆုံး နီးစပ်ရာ ရဲစခန်းကိုဆက်သွယ်ဖို့လိုပါ တယ်" ဟု ဆက်လက်ပြောကြားခဲ့ သည်။

ပြစ်မှုကျူးလွန်သူ၏ အချက် အလက်အချို့မှာ အရပ် (၅'၅") ၊ဆံပင်တို၊ ဦးထုပ်အဖြူ အ၀ိုင်းအပျော့ ဆောင်းထား၊ မျက်ခုံး၊ မျက်လုံးသင့်၊ နှာတံချွန်၊ နှုတ်ခမ်းမဲ၊ ကွမ်းစားထား၊ မေးရိုးချွန်၊ နားရွက်သေးကပ်၊ မျက် နှာရှည်၊ ခန္ဓာကိုယ်ပိန်ပါး၊ အသားညို၊ ရှပ်အကျီလက်တိုဝတ်ထား၊ ပုဆိုးအမဲကွက်ဝတ်၊ မျက်နှာပြောင်စပ်စပ်၊ အသက်(၄၀)နှစ်ခန့်ရှိ၊ ဘေးလွယ်အိတ်အမဲရောင်အား ညာဘက် လွယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက် အရသိရှိရသည်။

သေဆုံးသွားသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းရီက "ကျွန်မ အပြင်သွားတိုင်း သမီးကို တစိမ်းပဲဖြစ်ဖြစ်၊ အမျိုးပဲဖြစ်ဖြစ် ဘယ်သူပဲလာလာ တံခါးမဖွင့်ပေးဖို့၊ ပြီးရင် ကျွန်မကို ဖုန်းဆက်ဖို့အမြဲတမ်းမှာနေကြပါ။ အဲဒီနေ့မှာလည်း ကျွန်မ မှာသွားသေးပါတယ်။ အိမ်ရဲ့ တံခါးက သံပန်းတံခါးတစ်ခုရှိတယ်။ သစ်သားတံခါးတစ်ခုရှိတယ်။ ပြီး တော့ မှန်ဘီလူးပေါက်လေးလည်း တပ်ထားပါတယ်။ ဒီလိုမျိုးအ ပြစ်ကျူးလွန်တဲ့သူက အိမ်ထဲဘယ်လိုရောက်သွားလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။ သမီးကလည်း သူသိတဲ့သူဖြစ်နိုင်ပါတယ်။ သမီးက တစ်ခါမှလည်း ရန်မဖြစ်ဖူးဘူး။ လူချစ်လူခင်လည်း ပေါများတဲ့ကလေးကို အခုလိုမျိုး ရက်ရက်စက်စက် သွေးအေးအေးနဲ့ သတ်သွားတဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးစေချင်ပါတယ်" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။