Monday, June 25, 2012

ကုမ္ပဏီသက်တမ်းတိုး/မှတ်ပုံတင်ခြင်းအား ရန်ကုန်ရှိ(DICA)တွင် ဆောင်ရွက်နိုင်

ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသော ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီသက်တမ်းတိုးခြင်းအား နေပြည်တော်သို့ သွားရောက်လျှောက်ထားရန်မလိုဘဲ ဇွန်လ(၂၅)ရက်နေ့မှ စတင်ကာ မြန်မာ့စီးပွားရေးရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA)ရုံးခွဲတွင် ပြုလုပ်နိုင်ပြီဖြစ်သည်။
 

 
ကုမ္ပဏီများသက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင်ခြင်းကို နေပြည်တော်သို့ သွားရောက်ကာ အဆင့်ဆင့်လျှောက် ထားတင်ရန်မလိုဘဲ စီးပွားရေးရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန( Direct trade of Investment Company Administration) ရုံးခွဲမှ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ခွင့်ပြုချက် ရယူကာ ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြပေးမည် ဖြစ်သည်။
 
 
“ပထမဆုံးက ပြည်ထဲရေးကို သွားတင်ရတယ်။ အဲ့ဒီကနေ Pass ပေးပြီဆိုတာနဲ့ နေပြည်တော်က ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး မတိုင်ခင်ပို့ပေးထားတာပေါ့။ အဲ့ဒီကဆုံးဖြတ်ပြီးရင် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်လိုသေးတယ်၊ အဲ့ဒါပြီးတာနဲ့ ကုမ္ပဏီသက်တမ်း(၃)နှစ်တိုးတဲ့ ကဒ်ပြားရမှာပါ အဲ့ဒါတွေကို ကျွန်မတို့ဌာနခွဲက အကုန်အပြီးအစီးလုပ်ပေးမှာပါ” ဟု DICA မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းနွဲ့က လုပ်ငန်းစဉ်အားရှင်းပြသည်။
 
 
အဆိုပါရုံးခွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၂၅ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၊သစ္စာလမ်းမကြီး အပေါ်ရှိ တိုင်းစီမံကိန်း ရုံးခွဲဝင်းအတွင်းတွင် ဖွင့်လှစ်ခဲ့သည်။
 
 
“ဒီရုံးခွဲက အဓိကလုပ်ပေးမှာက ကုမ္ပဏီတွေ သက်တမ်းတိုးတာပေါ့။ လာလျှောက်တဲ့အခါ ကျွန်မတို့က (၆)လ သက်တမ်းရှိတဲ့ ပန်းရောင်ယာယီကဒ်ပြားကို အရင်ပေးထားမှာပါ။ အဲ့ဒီကာလအတွင်းမှာတင် (၃)နှစ် သက်တမ်း ရှိတဲ့ ကဒ်ကိုပြန်ချပေးမှာပါ။ အဲ့ဒါကြောင့် နေပြည်တော်ကို အချိန်ပေးပြီး သွားစရာ မလိုတော့ဘဲ ရန်ကုန်မှာတင် သက်တမ်း တိုးနိုင်ပါတယ်” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနခွဲမှ ဒုတိယ-ညွှန်ကြားရေးမှူး ဒေါ်စမ်းနွဲ့က ပြောသည်။
 
 
မြန်မာ့စီးပွားရေးရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲကို ဖွင့်လှစ်ထားခြင်းကြောင့် ရန်ကုန်မြို့ရှိ ကုမ္ပဏီများအနေဖြင့် စရိတ်သက်သာနိုင်ယုံမျှမက အချိန်ကုန်နည်းစွာဖြင့် ကုမ္ပဏီသက်တမ်းတိုးမြှင့်ခြင်း/မှတ်ပုံတင်ခြင်းများအား ဆောင်ရွက်နိုင် မည်ဖြစ်သည်။  
 
 
“အခုလို နေပြည်တော်သွားစရာမလိုဘဲ ရန်ကုန်မှာတင် သက်တမ်းတိုးနိုင်တော့ ကောင်းတာပေါ့။ နေပြည်တော် အသွားခရီးစရိတ်လည်း မကုန်တော့ဘူး အချိန်ကုန်တာကိုလည်း ချုံ့နိုင်တာပေါ့” ဟု အောင်ဇင်မာဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှမန်နေဂျင်း ဒါရိုက်တာ   ဒေါ်လှကြည် က ပြောသည်။
 
 
DICAတွင် ကုမ္ပဏီသက်တမ်းတိုးမည်ဆိုပါက ကျပ်(၅)သိန်းတိတိကုန်ကျမည်ဖြစ်ပြီး ၊  ကုမ္ပဏီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက ကျပ်(၁၀)သိန်း  ပေးဆောင်ရမည်ဖြစ်သည်။ (DICA)ရုံးခွဲများကို ရန်ကုန်မြို့တွင်မက မန္တလေးမြို့နှင့်အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။