Tuesday, August 7, 2012

စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးသို့ လာရောက်ပြသသူဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိပြီး အများစုမှာ လူမူစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွား၍ ရောက်ရှိလာသူများဖြစ်



7448
ရန်ကုန်စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီး(အ၀င်ဝ)အား တွေ့ရစဉ်
စိတ်ကျန်းမာရေး အထူးကုဆေးရုံ ကြီး (ရန်ကုန်)သို့ လာရောက်ပြသသူ ဦးရေနှစ်စဉ်မြင့်တက်လျက် ရှိပြီးလူနာ အများစုမှာ လူမှုစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွားကာ ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။

စိတ်ရောဂါဖြစ်ပွားသော အဓိက အကြောင်းရင်း သုံးချက်တွင် မွေးရာပါဖြစ်သော ဇီဝကမ္မအခြေအနေ ကြောင့် ဖြစ်ခြင်း (ဥပမာ-မွေးကင်းစအရွယ် တွင်ခေါင်း၌ ထိခိုက်ဒဏ်ရာရရှိခြင်း)၊ ကိုယ်ရည်ကိုယ်သွေးညံ့ခြင်း (ဥပမာ -စိတ်ထိခိုက်လွယ်ခြင်း)၊ လူမှုစီးပွား ရေးပြဿနာရှိခြင်း (ဥပမာ-လုပ်ငန်းခွင်၌ အဆင်မပြေခြင်း)တို့ ဖြစ်ကြောင်း သိရသည်။

စိတ်ရောဂါအဖြစ် များလာတယ်၊ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေ ပိုများလာတယ်။ စားဝတ်နေရေးအတွက် လူတွေက အရင်က ထက်ပိုပြီး ရုန်းကန်နေရတယ်။ ဥပမာ-အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် . . .
“များသောအားဖြင့် အကြောင်းရင်းတစ်ခုတည်းနဲ့ လာတဲ့လူရှားတယ်။ အကြောင်းပေါင်းစုံ ကြုံကြိုက်သွားလို့လာတာ။ ဥပမာ ကင်ဆာရောဂါ ခံစားရတဲ့သူ တစ်ယောက် က အိမ်ထောင်ဦးစီးဖြစ်နေမယ်ဆိုရင် သူ့မိသားစုအရေးကို ပူပန်ရတာနဲ့ နောက်ဆက်တွဲ စိတ်ကျရောဂါဖြစ်လာမယ်။ အရက်သောက်တဲ့သူဆိုရင် အကြောင်းအရာက သုံးခုဖြစ်သွားပြီ။ အဓိကတော့ လိုက်လျောညီထွေ မနေတတ်ရင် ဒီရောဂါဖြစ်မှာပဲ။ တချို့တွေကျတော့ ဆေးရုံမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာမျိုးတွေ ရှိတယ်”ဟု စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုးက ပြောပါသည်။
စိတ်ကျန်းမာရေးဆေးရုံ(ရန်ကုန်) ၌ ၂၀၀၉ ခုနှစ်တွင် ပြင်ပလူနာ ၁၀၇၅၇ ဦး၊ အတွင်းလူနာ ၆၀၆၀၊ ၂၀၁၀ ပြည့်နှစ်တွင် ပြင်ပလူနာ ၁၂၁၁၇ ဦး၊ အတွင်းလူနာ ၆၃၇၆ ဦး၊ ၂၀၁၁ ခုနှစ်တွင် ပြင်ပလူနာ ၁၄၆၅၀ ဦး၊ အတွင်းလူနာ ၇၄၆၇ ဦး၊ ၂၀၁၂ ခုနှစ် ဇွန်လအထိ ပြင်ပ လူနာ ၈၅၇၆ ဦး၊ အတွင်းလူနာ ၄၁၈၀ ဦးတက်ရောက်၍ ဆေးကုသ မှုခံယူခဲ့ကြောင်းနှင့် ယခုလက်ရှိတွင်လည်း အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသူ ၁၀၂၈ ဦးခန့်ရှိကြောင်း သိရသည်။
“ပြောင်းလဲခေတ်စနစ်အရ လူမှုစီးပွားရေးကြောင့် စိတ်ရောဂါအဖြစ်များ လာတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေပိုများလာတယ်။ စားဝတ်နေရေးအတွက် လူတွေကအရင်ကထက် ပိုပြီးရုန်းကန် နေရတယ်။ အရင်ကမိသားစုတစ်စု မှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခု ခေတ်မှာမိသားစုတစ်စုလုံးနီးပါး အလုပ်လုပ်ရတယ် “ ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဆင်းရဲနွမ်းပါးသူများနှင့် လူလတ်တန်းစားများမှာ စိတ်ဖိစီးမှုဒဏ်ကြောင့် ဖြစ်သော စိတ်ကျရောဂါကို အများဆုံး ခံစားနေရကြောင်း၊ အဓိကရုဏ်းဖြစ်ပွားနေသော နေရာများတွင် နေထိုင်သူ အများစုမှာလည်း စိတ်ရောဂါများ ခံစားနေရကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။