Friday, August 24, 2012

၂၀၁၃ ဆီးဂိမ်း သီချင်း များကို မကြာမီ ဖြန့်ချိမည်


၂၀၁၃ ဆီးဂိမ်းတွင် ပါဝင်မည့် အားကစား မျိုးစုံကို ပရိသတ်တွေ ပိုမို စိတ်ဝင်စား လာနိုင်ရန် အတွက် အနုပညာရှင်များမှ အားကစား သီချင်းများဖြင့် ဆီးဂိမ်းအကြို လှုံ့ဆော် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီးဂိမ်းအကြို လှုံ့ဆော်ရေး သီချင်းများကို အခွေ တစ်ခွေအဖြစ် စီစဉ်ထုတ်ဝေသွားမှာဖြစ်ပြီး၊ ၎င်းသီချင်းများကို ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့ပ် အဆိုတော်များနှင့်အတူ ရုပ်ရှင်ဘက်မှ အနုပညာရှင်များကလည်း ပါဝင် သီဆိုကြမည် ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်း အခွေအတွက် ၂ ပုဒ် သီဆိုထားပြီး ၂ ပုဒ်ကို မြူးဇစ်ပိုင်း တာဝန်ယူထားသည့် သားစိုးက ဆီးဂိမ်းအကြို သီချင်းတွေနှင့် ပတ်သက်ပြီး “၂၀၁၃ ခုနှစ် ဆီးဂိမ်းပြီးတာနဲ့ လူတွေရဲ့ အားကစားအပေါ် စိတ်ဝင်စားမှုက ပိုမြင့်လာမှာပါ။ လူတွေက အစကတည်းက မြန်မာအသင်းဆိုရင် ဘောလုံး၊ပြေးခုန်ပစ် အားကစား စသဖြင့် စိတ်ဝင်စားကြတယ်လေ။ လူတွေက စိတ်ဝင်စားလာမှာ ကျိန်းသေတယ်။ ကျွန်တော်တို့ဆိုတဲ့ သီချင်းတွေကလည်း အားကစားနဲ့ ပတ်သက်ပြီး လှုံ့ဆော်မှု ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဆီးဂိမ်းသီချင်းက တခြားသီချင်းတွေ ရေးရတာနဲ့ မတူဘူး။ အားကစားသီချင်း ဖြစ်နေတဲ့အတွက် စိတ်ကို တက်ကြွစေရမယ်လေ။ ရိုးရိုးသီချင်း ဆိုရတာနဲ့ ကိုယ့်နိုင်ငံအတွက် အားကစားသီချင်း ဆိုရတာ ဆိုရတဲ့ မု(ဒ်)ချင်း တအားကွာတယ်။ ကိုယ့်နိုင်ငံအတွက် အားကစားသီချင်း ဆိုရတာ ကြက်သီးပါ ထတယ်။ အားကစားပွဲ တစ်ခုမှာ မြန်မာနိုင်ပြီဆိုပြီး အော်တဲ့အခါ ပျော်လွန်းလို့ ကြက်သီးတောင် ထတယ်။ သီချင်းဆိုတဲ့ အခါမှာလည်း အဲဒီလို ဖြစ်တယ်။ ကျွန်တော်က မြန်မာနိုင်ပြီ သီချင်းနဲ့ နောက်တစ်ပုဒ် ဆိုမယ်။ နောက် ၂ ပုဒ်က တီးပေးထားတာ” ဟု ဆီးဂိမ်းသီချင်း ဖန်တီးမှုနှင့် ပတ်သက်ပြီး ပြောပြသည်။
ဆက်လက်ပြီး ဆီးဂိမ်းအတွက် ရွေးချယ်ထားသည့် ဆုရသီချင်း ၅ ပုဒ်ထဲက တစ်ပုဒ် အပါအဝင်ဖြစ်သော Rဇာနည်နှင့် Lဆိုင်းဇီတို့ သီဆိုထားသည့် ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းကို Lazy Club တီးဝိုင်းက တီးခတ်ပေးထားသည်။ရိုးရိုးသီချင်း တစ်ပုဒ် တီးရခြင်းနှင့် ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်း တီးရခြင်း ကွာခြားမှု အပိုင်းကိုတော့ လေးဇီးကလပ် တီးဝိုင်းမှ နိုင်ဇော်က “အားကစားသီချင်းဆိုတာ တကယ် ဖီလင်ရှိမှ တီးရမှာလေ။ အားကစားနဲ့ ပတ်သက်ပြီးတော့ တီးတဲ့အခါမှာ အသွေးထဲ အသားထဲမှာမှ လှုံ့ဆော်ရေး ပါနေအောင် ကြိုးစားရတာပါ။ နိုင်ငံအတွက် သီချင်းက တာဝန်ကြီးတယ်။ တိုင်းပြည်အတွက် လုပ်တဲ့ သီချင်း မပေါက်ရင် တစ်နိုင်ငံလုံးက ဂီတသမားတွေ နစ်နာတယ်။ နိုင်ငံ့ဂုဏ်ဆောင် သီချင်းက နိုင်ငံဂုဏ်ဆောင် သီချင်းလိုမျိုး ဖြစ်စေချင်တယ်” ဟု ဆီးဂိမ်းသီချင်းနှင့် ပတ်သက်ပြီး သူဖြစ်စေချင်သည့် ဆန္ဒကို ပြောသည်။
ဆက်လက်ပြီး ဆီးဂိမ်းသီချင်း တစ်ပုဒ်ကို ဟဲလေး၊ သြရသ၊ ချမ်းချမ်းတို့နှင့်အတူ သီဆိုထားသည့် ဝိုင်းစုခိုင်သိန်းကလည်း “သီချင်းက ကိုသြရသ ရေးထားတာပါ။ သီချင်းက ဆိုထားတာ နည်းနည်းကြာနေပြီ။သီချင်းအချော တစ်ပုဒ်လုံးတော့ နားမထောင်ရသေးဘူး။ အဲဒီ တစ်ပုဒ်ထဲ ဆိုထားတာပါ” ဟု ပြောသည်။ အဆိုပါ ဆီးဂိမ်းအကြို လှုံ့ဆော်ရေး တေးသီချင်း အခွေတွင် ဆီးဂိမ်းအတွက် သီချင်းဆိုပြိုင်ပွဲမှ အကောင်းဆုံးဆုရ သီချင်း ၅ ပုဒ်ကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း ဖြန့်ချိနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။