Friday, August 24, 2012

 (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုအောင်မြင်



(၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုးသူ ဦးဆက်ဘိုအား တွေ့ရစဉ် ဓာတ်ပုံ-အိသဉ္ဇာကျော်
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးတွင် သြဂုတ်လ ၁၅ ရက်နှင့် ၁၇ ရက်နေ့များတွင် (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

(၁၇)ကြိမ်မြောက်ကျောက်ကပ် အစားထိုးခွဲစိတ်သူမှာ အသက် ၂၆ နှစ်အရွယ် မောင်ဇာနည်ကျော် ဖြစ်ပြီး ကျောက်ကပ်အလှူရှင်မှာ ၎င်း၏ အစ်ကိုအရင်းဖြစ်သူအသက် ၂၉ နှစ် အရွယ် မောင်သီဟကျော်ဖြစ်ကြောင်း၊ (၁၈)ကြိမ်မြောက် ကျောက်ကပ်အစား ထိုးခွဲစိတ်သူမှာ အသက် ၄၆နှစ် အရွယ် ဦးဆက်ဘိုဖြစ်ပြီး ကျောက်ကပ်အလှူရှင်မှာ ၎င်း၏ညီမအရင်း ဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်တင်တင်ဌေးဖြစ်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှု နှစ်ကြိမ်လုံး၌ တစ်ဦးချင်း ပျမ်းမျှကြာမြင့်ချိန် ၃ နာရီမှ ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ ပြီး ခွဲစိတ်ကုသမှုအား နံနက် ၉ နာရီ တွင် စတင်ခဲ့ရာ ညနေ ၃း၃၀နာရီ ၀န်းကျင်တွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်၏ ပြောကြား ချက်အရ သိရသည်။
ခွဲစိတ်ကုသမှုများအား ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာ ဌာနမှပါမောက္ခ/ဌာနမှူးဒေါက်တာ တိုးလွင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ် ဆေးအထူးကု ဌာနမှပါမောက္ခ/ဌာနမှူး ဒေါက်တာ ခင်မောင်ဌေး၊ မေ့ဆေးဆရာဝန် ပါမောက္ခဒေါက်တာဟန်ဌေး၊ နှလုံး သွေးကြောခွဲစိတ်ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်၊ အထူးကြပ်မတ်ကုသဆောင် ပါမောက္ခဒေါက်တာ ကြည်ကြည်စန်း၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးညွန့်ပါဝင်သည့်အဖွဲ့ နှင့် မန္တလေးပြည်သူ့ ဆေးရုံကြီးမှဆီး နှင့်ကျောက်ကပ်အထူးကု ဆရာဝန်များ အပါအ၀င် ဆရာဝန် ၂၉ ဦးနှင့် သူနာပြု ၄၇ ဦးတို့က ပူးပေါင်း ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ကျောက်ကပ် အစားထိုးရာတွင် မိဘ၊မောင်နှမအရင်းများဆီမှ ကျောက်ကပ်ယူ၍ အစား ထိုးခြင်းကိုသာ ဥပဒေအရခွင့်ပြုထား ပြီး အခြားနည်းလမ်းများ( ဦးနှောက်သေ နှလုံးခုန်လူသေမှ ကျောက်ကပ် အစားထိုးခြင်း၊ သူစိမ်းများဆီမှ ကျောက်ကပ်ယူအစားထိုးခြင်း၊ ဦးနှောက်သေ နှလုံးမခုန်လူသေမှ ကျောက်ကပ် အစားထိုးခြင်း) စသည်တို့ကိုမူ ခွင့်မပြုကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်ကပ် အစားထိုးခွဲစိတ်ခြင်းကို ၁၉၉၃ ခုနှစ် တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ ကြောင်း၊ ၁၉၉၅ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ဗြိတိန်နိုင်ငံမှ ပါမောက္ခဆရာဝန်ကြီး များနှင့်မြန်မာနိုင်ငံမှ ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၌ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုကို ၁၉၉ရ ခုနှစ် တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပါမောက္ခဆရာဝန်ကြီးများ ဦးဆောင်သည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို  ၁၉၉၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ရာ ၁၉၉၇ ခုနှစ် မှ၂၀၁၂ ခုနှစ်အတွင်း ကျောက်ကပ် အစားထိုးခွဲစိတ် အောင်မြင်ပြီးသူဦး ရေ ၅၀ ၀န်းကျင်ခန့်ရှိပြီဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။