Tuesday, August 28, 2012

၈၈ မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာထုတ်ပြန်


၈၈ မျိုးဆက် ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်၏ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို သြဂုတ်လ ၂၇ ရက်နေ့က ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံး၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က "ရွေးကောက်ပွဲ ကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ပြီးပြီးရော ထားလို့မရပါဘူး။ နောက်နောင် ဒီမြေပေါ်မှာ ဒီမိုကရေစီ ပြည့်ဝတဲ့ ရွေးကောက်ပွဲမျိုး ပေါ်ပေါက်လာဖို့ ရွေးကောက်ပွဲတွေကို နိုင်ငံသား စောင့်ကြည့် လေ့လာမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီအစီရင်ခံစာဟာ ရာနှုန်းပြည့် ပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့် အစွဲကင်းကင်းနဲ့ လုပ်ဆောင်ထားတာကိုတော့ အာမခံပါတယ်"ဟု ပြောခဲ့သည်။
ဦးကိုကိုကြီးက "ဒီအစီရင်ခံစာ မူကြမ်းကို ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာမှာပဲ ထုတ်နိုင်ခဲ့ပါတယ်။ အပြီးသတ်ကို သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျရတာက အချက်အလက်တွေ ပိုမိုရရှိအောင် အချို့ဒေသတွေကို ထပ်မံလေ့လာ ရတာရယ် ပြီးတော့ ငြိမ်းချမ်းရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေးတွေနဲ့ ရခိုင်အရေးတွေ ပေါ်ပေါက်လာတာကြောင့် ဖြစ်ပါတယ်။
နောင်လာမယ့် ရွေးကောက်ပွဲတွေကို လေ့လာဖို့ အတွက်တော့ အခြေခံတစ်ခု ဖြစ်မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာတွေ အားလုံးကို အခြေခံ ကိုယ်စားလှယ် တစ်ယောက် အနည်းဆုံး ထားရှိပြီးတော့ နိုင်ငံသား စောင့်ကြည့် လေ့လာသူများနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာပါ" ဟုပြောပြခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်တို့သည် နိုင်ငံရေး ပါတီအသီးသီးနှင့် သီးခြားကင်းလွတ်သော ရွေးကောက်ပွဲ ကော်မရှင်အဖြစ် ဖွဲ့စည်းရန် လိုအပ်မည် ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲများတွင် မဲစာရင်း တိကျစွာ ထုတ်ပြန်နိုင်ရန် တာဝန်ယူမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို တိကျစွာ သတ်မှတ်ရန် လိုမည်ဖြစ်ကြောင်း၊ မဲပေးခြင်းဆိုင်ရာ ပညာရပ်များကို လူထုနှင့်နီးစပ်၍ လက်တွေ့ကျသော အသိပညာ ပေးမှုများကို အရပ်ဘက် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒအမှန်ကို လွယ်ကူရှင်းလင်းစွာ ဖော်ပြနိုင်မည့် ပစ္စည်းများ၏ အရည်အသွေးကို ဂရုပြုသင့်သည်ဟု ထင်မှတ်ကြောင်းနှင့် မဲဆန္ဒပေးခွင့် ရှိသူများ စာရင်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်းကဲ့သို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ရပ်လုံး ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်က လုံလောက်စွာ လေ့ကျင့် ပေးသင့်ကြောင်းနှင့် နိုင်ငံတကာ၏ စံနှုန်း သတ်မှတ်ချက်များ နှင့်အညီ ရွေးကောက်ပွဲ ကော်မရှင်က ကျင့်သုံးသင့်သည် စသည့်ဖြင့် ဝေဖန်သုံးသပ်မှုများ ပါဝင်ခဲ့သည်။
အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများမှ ပါဝင်ကူညီခဲ့သည့် အသင်းအဖွဲ့များ၊ ပြည်သူများ၊ မီဒီယာများနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ မိမိတို့၏ အားနည်းချက်များကို ထုတ်ဖော်ဝန်ခံခဲ့သည့် ပုဂ္ဂိုလ်အချို့အား မြန်မာနိုင်ငံသားများ ကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။