Monday, August 20, 2012

 သန်လျင်နှင့် စစ်ကိုင်းရှိ သမ၀ါယမ ဒီဂရီကောလိပ်များကို နိုဝင်ဘာလမှစ၍ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက် အောင်မြင်သူများကိုသာ တက်ရောက်ခွင့်ပြု


74611
သမ၀ါယမ တက္ကသိုလ် (သန်လျင်) ကိုတွေ့ရစဉ်
၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ သမ၀ါယမ၀န်ကြီးဌာန လက်အောက်တွင်ရှိသော ရန်ကုန် သမ၀ါယမဒီဂရီကောလိပ်(သန်လျင်) နှင့်သမ၀ါယမဒီဂရီကောလိပ် (စစ်ကိုင်း)တို့ကို ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် လိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သမ၀ါယမတက္ကသိုလ်အား ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)၌ နှစ်ချင်းပေါက် အောင်မြင်သူများကိုသာ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ပြီး  နှစ်ကျ၍ စာမေးပွဲအောင်မြင် သူများအား လက်ခံမည်မဟုတ်ကြောင်း သိရှိရသည်။
“ဇွန်လ ၂၂ရက်နေ့ကတက္ကသိုလ် ဖွင့်ခွင့် ခွင့်ပြုချက် ရရှိပါတယ်” ဟု သမ၀ါယမတက္ကသိုလ်(သန်လျင်) ဒုတိယကျောင်းအုပ်ကြီး ဦးသောင်းနိုင် က ပြောကြားခဲ့ပါသည်။
သမ၀ါယမ၀န်ကြီးဌာန လက်အောက်တွင် သမ၀ါယမကောလိပ် ငါးခုရှိပြီး ရန်ကုန်သမ၀ါယမဒီဂရီ ကောလိပ်(သန်လျင်)၊ သမ၀ါယမ ကောလိပ်(မန္တလေး)၊ သမ၀ါယမ  ကောလိပ်(ဖောင်ကြီး)၊ သမ၀ါယမ ကောလိပ်(စစ်ကိုင်း)နှင့် ယွန်းပညာ ကောလိပ်(ပုဂံ) ဖြစ်ကြပြီး အဆိုပါ ကောလိပ်များအနက်မှ မြန်မာနိုင်ငံ အထက်ပိုင်းအတွက် သမ၀ါယမ ကောလိပ်(စစ်ကိုင်း)ကို သမ၀ါယမ တက္ကသိုလ်(စစ်ကိုင်း) အဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းအတွက် ရန်ကုန်သမ၀ါယမ ဒီဂရီကောလိပ်(သန်လျင်)ကို သမ၀ါယမ တက္ကသိုလ်(သန်လျင်) အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယခုနှစ်ပညာသင်နှစ်မှ စတင်ကာတက္ကသိုလ်အဆင့် အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ(သန်လျင်)သမ၀ါယမ တက္ကသိုလ် တက်ရောက်ရန်အတွက် ၀င်ခွင့်စာမေးပွဲများကို စက်တင်ဘာ လဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ပြီး သမ၀ါယမ တက္ကသိုလ်သို့ လျှောက်ထားလိုသူများသည် တက္ကသိုလ် အောင်မြင်ကြောင်း ထောက်ခံစာ (မိတ္တူ)၊ အမှတ်စာရင်း(မိတ္တူ)၊ ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲ စခန်းထောက်ခံစာ၊ ဆေးအောင်လက်မှတ် (မူရင်း) တို့ကိုယူဆောင် ၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ သမ၀ါယမဒီဂရီကောလိပ်များကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ရေး အတွက် ဇွန်လ ၂၇ ရက်နေ့တွင် သမ၀ါယမဦးစီး ဌာနမှတစ်ဆင့် သမ၀ါယမ၀န်ကြီးဌာန သို့ တင်ပြဆောင်ရွက်ခဲ့ပြီး အဆင့်မြှင့်တင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက် နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှတ် တမ်းစဉ်(၂၀၊၂၀၁၂) ၀န်ကြီးရုံး၏ ၂၁-၆-၂၀၁၂ ပါရက်စွဲဖြင့် အမိန့် ကြော်ငြာစာအမှတ်(၂၉၊ ၂၀၁၂) ဖြင့် သမ၀ါယမ၀န်ကြီးဌာန လက်အောက် ရှိ သမ၀ါယမဒီဂရီ ကောလိပ်နှစ်ခု အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ကြောင်း  သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။