Sunday, August 12, 2012

အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာကျဆင်းနိုင်


အိမ်ခြံမြေအခွန်ကို တိုးမြင့်ကောက်ခံလိုက်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာကျဆင်းသွားနိုင်aကြာင်း အိမ်ခြံမြေ အကျိုးတော်ဆောင်များထံက သိရှိရသည်။

သြဂုတ်လ(၁၂)ရက်နေ့မှ စတင်ကာ အိမ်ခြံမြေ ဝယ်ယူမှုအတွက် ပေးဆောင်ရသည့်အခွန်၏ ဝင်ငွေရလမ်းအား မဖော်ပြနိုင်ပါက တံဆိပ်ခေါင်းခွန်အပါအဝင်(၃၇)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိ အိမ်ခြံမြေဝယ်ယူခြင်းအတွက် အခွန်နှုန်းထားလျော့၍ ကောက်ခံမှုမှာ   သြဂုတ်လ (၁၁) ရက်နေ့တွင် သက်တမ်းကုန် ဆုံးမည်ဖြစ်သဖြင့် သြဂုတ်လ (၁၂) ရက်နေ့မှစတင်ကာ အိမ်ခြံမြေဝယ်ယူမှုအတွက် ပေးဆောင်ရသည့်အခွန်ကိုပြောင်းလဲ၍ ယခင်နှုန်းထားထက် တိုးမြင့်ကောက်ခံလိုက်ခြင်းဖြစ်သည်။


အခုလိုအခွန်နှုန်းတိုးမြှင့်ကောက်ခံလိုက်ခြင်းအားဖြင့် အိမ်ခြံမြေအရောင်းအဝယ် သိသိသာသာ ငြိမ်သက် သွားနိုင်ပါတယ်။   ဈေးနှုန်းတွေလည်း မကြာခင် ကျဆင်းသွားနိုင်ပါတယ်။ မိမိဝယ်ယူမယ့် အိမ်ခြံမြေရဲ့ သုံးပုံတစ်ပုံကိ အခွန်အဖြစ်   ပေးဆောင်ရမယ်ဆိုတော့ အိမ်ခြံမြေဘက်မှာ ရင်းနှီးနေကြတဲ့သူတွေအဖို့ စဉ်စားစရာဖြစ်သွားမှာပါဟု သရဖူ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်မြင့်က ပြောသည်။

ပြောင်းလဲပေးဆောင်ရမည့် နှုန်းထားမှာ မိမိဝယ်ယူသည့်ငွေပမာဏအပေါ် ဝင်ငွေရလမ်း မတင်ပြနိုင်ပါက အခွန် (၃၀) ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန်အဖြစ် (၇) ရာခိုင်နှုန်း စုစုပေါင်း (၃၇) ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ခေါင်းခွန်နှုန်းထားသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အတွက် ဖြစ်ပြီး  ကျန်ပြည်နယ်နှင့် တိုင်းများတွင် တံဆိပ်ခေါင်းခွန်အဖြစ် (၅) ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။


အိမ်ခြံမြေ ဝယ်ယူခြင်းအတွက် ပေးဆောင်ရသော အခွန်ကို ၂၀၀၇ခုနှစ်မှ စတင်ကာ နှစ်နှစ်သက်တမ်း ပေး၍လျှော့ပေါ့   ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်အထိ တစ်နှစ်စီသက်တမ်းတိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စတင် အခွန်လျှော့ပေါ့ ကောက်ခံခဲ့သည့် ၂၀၀၇ ခုနှစ်က  အိမ်၊ ခြံ၊ မြေ ၀ယ်ယူမှုအတွက် ပေးဆောင်သည့်အခွန်ကို ၀င်ငွေရ လမ်းဖော်ပြရန်မလိုဘဲ တံဆိပ်ခေါင်း ခွန်အပါအ၀င် ဝယ်ယူသည့် ငွေပမာဏ၏ (၁၅) ရာခိုင်နှုန်းသာ   ပေးဆောင်ခဲ့ ရကြောင်းကိုလည်း သိရှိရသည်။

အိမ်ခြံမြေခွန်သက်တမ်းတိုးမြင့်လိုက်သည့်အပေါ်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှ နှစ်နှစ်ဆယ် နီးပါး အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်လာသူ တစ်ဦးက ၎င်းအမြင်ကို ယခုကဲ့သို့ပြောသည်။

မကြာခင် တစ်ခုခုတော့ ထူးခြားလာမှာပဲ။ အများစုကတော့ အခုလို အိမ်ခြံမြေခွန်ကို ထက်ဝက်ကျော် မြှင့်တင်လိုက်တဲ့အတွက် အရောင်းအဝယ် ငြိမ်သက်သွား ပြီး ဈေးနှုန်းတွေ ကျဆင်းလာမယ်ဆိုပြီး မျှော်လင့် နေကြတယ်။ အဲဒါကို စောင့်နေကြတဲ့သူတွေ လည်း ရှိတယ်''ဟု မနော်က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။