Tuesday, September 11, 2012

မွေထိုင်း ချန်ပီယံနှစ်ဦးနှင့် တွေ့မရှောင်၊ လုံးချောတို့ ယှဉ်မည်


မွေထိုင်း ချန်ပီယံနှစ်ဦးနှင့် တွေ့မရှောင်၊ လုံးချောတို့ ယှဉ်မည်အရှေ့ အာဖရိက မွေထိုင်းချန်ပီယံ ယူဂန္ဓာနိုင်ငံသား အူမာနှင့် ရွှေခါးပတ် ချန်ပီယံ တွေ့မရှောင်၊ နယူးဇီလန်နိုင်ငံ မွေထိုင်းချန်ပီယံ Erua Druce နှင့် မြန် မာပြည်ချန် ပီယံဟောင်း လုံးချောတို့ ပွဲစဉ်များ ပါဝင်သည့် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို စက်တင်ဘာလ ၁၆ ရက်တွင် သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပွဲစဉ်များတွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ယှဉ်ပြိုင်မည့် နိုင်ငံခြားသား လက်ဝှေ့သမား နှစ်ဦးနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သမားများ၏ ငါးချီပွဲစဉ်နှစ်ပွဲ အပါအဝင် ပြည်တွင်းပွဲစဉ် ခြောက်ပွဲ ပါဝင်မည် ဖြစ်သည်။ ယူဂန္ဓာ နိုင်ငံသား အူမာသည် ယှဉ်ပြိုင် ထိုးဖူးခဲ့သည့် ပွဲစဉ် ၇၅ ပွဲတွင် ပွဲ ၆၀ နိုင်၊ နှစ်ပွဲသရေ၊ ၁၃ ပွဲရှုံးနှင့် နယူးဇီလန်နိုင်ငံသား Eura Druce မှာ ပွဲစဉ် ၃၀ တွင် ၁၈ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားသူဖြစ်ကာ ငွေရေးကြေးရေးထက် အတွေ့အကြုံ ပညာဖလှယ်လိုသောကြောင့် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သည့် T&T Group မှ ဦးအောင်နိုင်မိုးက ပြောသည်။ “ဒီပွဲစဉ်တွေမှာ လာရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံခြားသားနှစ်ဦးက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရရှိတဲ့ ငွေကြေးထက် ပညာချင်း ဖလှယ်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီပွဲစဉ်တွေကို ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ အခြား ပြည်တွင်းပွဲစဉ်တွေကိုလည်း ပရိသတ်ကြိုက်လောက်မယ့် တွဲဆိုင်းတွေ စီစဉ်ထားပါတယ်။ ပွဲစဉ်အားလုံးရဲ့ ထိုးကြေး စုစုပေါင်းကျပ်သိန်း ၁၄၀ ကျော် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်း ပွဲစဉ်များအဖြစ် ကြယ်စင်ဖြိုးနှင့် ရဲရင့်၊ အားမာန်နှင့် ကြယ်လေး၊ ရွှေဖလားနှင့် လှစ်လှစ်လေး၊ လေးညှို့ရှင်နှင့် နေရူဘီ၊ စောဂေါ်မူတိုနှင့် ထက်အောင်ဦး (ခ) စနေထွန်း၊ သားသားနှင့် စောအုန်းမြင့် ပွဲစဉ်များ ပါဝင်မည် ဖြစ်သည်။ မွန်းလွဲ ၂ နာရီတွင် စတင်မည့် အဆိုပါ ပြိုင်ပွဲဝင်ကြေး လက်မှတ်များကို ကျပ် ၁၅၀၀၀၊ ၁၀၀၀၀ နှင့် ကျပ် ၇၀၀၀ သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်များကို ဖုန်း ၀၁-၃၈၇၃၈၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်များကို မည်သည့် ရုပ်သံလိုင်းများမှ တိုက်ရိုက်၊ နောက်ကျထုတ်လွှင့်ပြသမည် မဟုတ်ကြောင်းနှင့် ပထမဦးဆုံး လက်ဝှေ့ရုံအတွင်းသို့ လာရောက် အားပေးသည့် ပရိသတ် ငါးရာအား အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း ဦးအောင်နိုင်မိုးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။