Wednesday, November 28, 2012

 စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရ



ha-28-11-7
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် သိမ်ဇရပ်ကျေးရွာ ဆိပ်ကမ်းသာရပ်ကွက် ကမ်းပြိုမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်


စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက် သိမ်ဇရပ်ကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၂၆ ရက်နေ့ထိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းနားရှိ ဆိပ်ကမ်းသာရပ်ကွက်တွင် အလျား ကိုက် ၈၀၀ ခန့်၊ အတွင်းဘက်ပေ ၃၅ ခန့် ကမ်းခြေမြေများ ပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ အိမ်ခြေ ၆၁ လုံးပြောင်းရွှေ့မှု ဖြစ်ပေါ်ခဲ့ပြီး၊  ယင်းတို့အနက် ပထမအသုတ် အိမ် ၄၀ ကို ယာယီမြေကွက်တွင် နေရာချထားပေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။
“ကျွန်တော် ဒီမှာနေတာ ၁၀ နှစ် ရှိပါပြီ၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး စစ်တောင်းမြစ်ရေ တိုက်စားပြီး ကမ်းပြိုလို့ ကမ်းနားက အိမ် ၆၀ ကျော်လောက် နေရာရွှေ့ပြီး နီးစပ်ရာအိမ်တွေမှာ ကပ်ပြီးနေရသလို သူများခြံထဲမှာလည်း ဖြစ်သလို တဲလေးထိုးပြီး နေကြရပါတယ်။ ကမ်းကမပြိုခင် အက်ကြောင်းပေးပါတယ်။ အိမ်ကိုရောက်ဖို့ ၁၀ ပေလောက်ပဲ လိုတာမို့ တစ်ဝက်ဖျက်ထားတာပေါ့။ တစ်ရက်နှစ်ရက်လောက်ဆို ရေထရက်နဲ့ ပြိုနိုင်ပါတယ်” ဟု ဆိပ်ကမ်းသာရပ်ကွက်နေ ရေလုပ်သား ဦးအုန်းတင်က ပြောပါသည်။
ha-28-11-8
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းနားရှိ သိမ်ဇရပ်ကျေးရွာ ဆိပ်ကမ်းသာရပ်ကွက် ကမ်းပြိုမှုကို နိုဝင်ဘာလ၂၆ ရက်နေ့က တွေ့ရစဉ်
“နိုဝင်ဘာလ ၂၆ ရက်နေ့မှာပဲ မြေစာရင်း၊ မြို့နယ်အုပ်ချုပ်ရေးက တာဝန်ရှိသူတွေနဲ့ စီစဉ်ပြီး၊ ရွာမရပ်ကွက်မှာ ယာယီမြေကွက် ၄၀ ဖော်ထားပါတယ်၊ ကမ်းပြိုလို့ အိမ်ရွှေ့ရတဲ့သူ ၄၀ ကို ပထမအသုတ်အနေနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မဲနှိုက်ပြီး ချထားပေးဖို့ ရှိပါတယ်။ မြေကွက်ဖိုးသွင်းဖို့ မလိုသေးပါဘူး။ အခြား အိမ်ဆောက်ပစ္စည်းတွေ အကူအညီကတော့ လူမှုအဖွဲ့တွေ မလာကြသေးပါဘူး။ အက်ကြောင်းပေးပြီးမှ ကမ်းပြိုတာမို့ ကြိုတင်ပြောင်းရွှေ့ဖို့ အချိန်ရနေတော့ အသေအပျောက် မရှိပါဘူး” ဟု သိမ်ဇရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘမင်းက ပြောပါသည်။
ယခင်နှစ်က အိမ်ခြေ ၃၀ ကျော် နေရာပြောင်းရွှေ့ခဲ့ရပြီး ယခုနှစ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ထိ အိမ်ခြေ ၆၁ အိမ် နေရာရွှေ့ပြောင်းခဲ့ရကြောင်း၊ ကမ်းခြေတွင် အက်ကြောင်းပေါ်ပြီး ရေထရက်များတွင် သတိထားစောင့်ကြည့်ရမည့် အိမ်ခြေ ၄၉ အိမ်ရှိရာ စုစုပေါင်း အရေးပေါ်အိမ်ခြေ ၁၁၀ ရှိကြောင်း သိရသည်။
သိမ်ဇရပ်ကျေးရွာတွင် အိမ်ခြေ ၄၃၀၀ ကျော်၊ မြေဧရိယာ ၃၅၀၉ ဧကရှိကာ စစ်တောင်းစက္ကူစက်၊ စစ်တောင်းတံတားဟောင်းများ တည်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။