Tuesday, November 27, 2012

ပုရစ်နှင့်ခူယားကြောင့် ငါးသိုင်းချောင်းမတ်ပဲခင်းဧကထောင်ကျော်ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့အနီးရှိ ကျေးရွာများမှတောင်သူများ၏ မတ်ပဲခင်းများ ပိုးများဖျက်ဆီးခြင်းကြောင့် ဧက(၁)ထောင်ကျော် ပျက်စီးဆုံးရှုံးကာ စိုက်စရိတ် ခွဲဆပ်နိုင်ရန်ကြိုးပမ်း လျက် ရှိသည်ဟု ပဲစိုက်တောင်သူများထံက သိရှိရသည်။


 မတ်ပဲခင်းများကို ဖျက်ဆီးသည့် ပိုးအများစုမှာ ပုရစ်နှင့် ခူယားများဖြစ်ကြပြီး အဆိုပါ ဖျက်ပိုးများ ကြောင့် ဒုတိယအကြိမ် ပျက်စီးဆုံးရှုံးရသည်ဟု ဇရပ်လှ ကျေးရွာမှ တောင်သူတစ်ဦးထံမှ သိရသည်။


 “ သြဂုတ်လပိုင်းတုန်းက မိုးသည်းထန်စွာ ရွာလို့ ကျွန်တော်တို့ စပါးတွေ ပျက်စီးဆုံးရှုံးရတယ်၊ အဲ့ဒါ ပထမအကြိမ်။ အခု မတ်ပဲစိုက်တယ် ပုရစ်နဲ့ ခူယားဝါ၀ါတွေက မတ်ပဲပင်တွေကို မွှေပြီးတော့ကို စားတာပဲ ၊ ကျွန်တော် (၁၂)ဧက လောက် ပဲပက် ထားတယ် (၇)ဧကလောက် ပိုးစားခံရတယ်” ဟု ဇရပ်လှ ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။


မတ်ပဲပင်များ ပိုးဖျက်ဆီးခြင်းခံရသော ကျေးရွာများမှာ မရင်းခူး ၊ ကြံလဟာ၊ ဇရပ်လှ ၊ ဒယ်ကုန်းနှင့် သပြေအိုင်ကျေးရွာတို့ဖြစ်ပြီး မတ်ပဲစိုက်ဧက (၉၀)ရာခိုင်နှုန်းခန့် ပျက်ဆီးဆုံးရှုံးကာ စိုက်စရိတ်ကို ခွဲဆပ်နိုင်ရန် စိုက်စရိတ်ချေးငွေဘဏ်သို့ ကြိုးစားပြောဆိုကြည့်မည်ဟု သပြေအိုင်ကျေးရွာမှ တောင်သူ လယ်သမားတစ်ဦးက ဆိုသည်။


“လယ်လည်းမရ ပဲလည်းမရ ဆိုတော့ ဘာဝင်ငွေမှ မရှိတော့ဘူး ။ စိုက်ဘဏ်က ချေးထားတဲ့ ငွေတွေကလည်း နောင်နှစ်ပြန်ချေး လို့ရအောင် ပြန်ဆပ်ရမှာဆိုပေမဲ့ ဒီနှစ်တော့ နည်းနည်းစီ ခွဲဆပ်ခွင့် ရဖို့တော့ ပြောကြည့်အုံးမယ်” ဟုသပြေအိုင်ကျေး ရွာမှ တောင်သူလယ်သမား ဦးခင်မောင်က ပြောသည်။


မတ်ပဲ တစ်ဧကလျှင် (၈)တင်းမှ (၁၅)တင်းထွက်ရှိသောကြောင့်  ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် ၊ သာပေါင်း ၊ ပန်းတနော် နှင့် ကျောင်းကုန်းမြို့နယ်များမှ တောင်သူများမှာ မတ်ပဲကို နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိပြီး ဖေဖော်ဝါရီကုန်ပိုင်းတွင်မှ ရိတ်သိမ်းလေ့ရှိသည်။


ရေကြီးခြင်းကြောင့် စပါးခင်းများ ပျက်ဆီဆုံးရှုံးရပြီး ပိုးများကျရောက်ခြင်းကြောင့် မတ်ပဲပင်များ ပျက်ဆီးခြင်းနှင့် ကြုံတွေ့နေရသော ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူများမှာ ယခုနှစ် စိုက်စရိတ် ချေးငွေအတွက် ပြန်ဆပ်နိုင်ရန် နည်းလမ်းရှာကြံနေရပြီး ယခုနှစ် စိုက်စရိတ်မဆပ်နိုင်ပါက လာမည့် နှစ်အတွက် စိုက်စရိတ်ချေးငွေ ထုတ်မပေးမည်ကို စိုးရိမ်လျက်ရှိကြသည်ဟု ဒယ်ကုန်းကျေးရွာမှ တောင်သူများထံက သိရှိရသည်။


ဧရာဝတီတိုင်းဒေသကြီးတွင် တောင်သူလယ်သမားများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ကျပ်သန်းပေါင်း (၉)သောင်းကျော်နှင့် အထူးပြုကုမ္ပဏီများမှ ကျပ်သန်းပေါင်း (၇)သောင်းခန့်ထုတ်ပေးခဲ့ကြောင်း   အောက်တိုဘာလတွင် ကျင်းပခဲ့သော တိုင်း လွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က   ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။