Sunday, December 2, 2012

မန္တလေးမြို့တွင် တစ်ညတည်း မီးလန့်မှုနှင့် မီးလောင်ကျွမ်းမှုတို့ ဖြစ်ပွား



ha-2-12-7
ရေမြှုပ်နှင့် စပရိန်မွေ့ယာစက်ရုံ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား ကျန်စစ်သားလမ်းနှင့် ဇော်ဂျီလမ်းကြားရှိ ပေါ်လီမာ ရေမြှုပ်နှင့် စပရိန်မွေ့ယာစက်ရုံတစ်ရုံတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မီးအားမြှင့်စက် အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းသည်ဟု သိရသော အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ၆၀ပေ ၄၀ပေ၊ သွပ်မိုး နံကပ်အိမ်တစ်လုံး၊ ၅၀ပေ ၂၀ပေ သွပ်မိုးနံကပ် နှစ်ထပ်အိမ်တစ်လုံး၊ လိုက်ထရပ်ယာဉ်နှစ်စီး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှု သို့ မီးသတ်ယာဉ် ၅၂ စီး၊ သန္ဓေမီးသတ်အင်အား ၆၃ ဦး၊ အရန်အင်အား ၁၆၅ ဦးတို့ ၀ိုင်းဝန်း၍ စုပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီအချိန်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရှိရသည်။
ယခုကဲ့သို့ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဦးကျော်မင်းသန်း (၃၁) နှစ် (ဘ) ဦးသံမဏိတို့အားလည်း မီးလောင်မှု ဥပဒေပုဒ်မ ၂၈၅၊ (ပ)၆၉၉\၂၀၁၂ တို့အရမှ အရေးယူထားကြောင်း သိရသည်။
၎င်းဖြစ်ပွားမှုမတိုင်မီ နိုဝင်ဘာ လ ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် မန္တလေး - ပြင်ဦးလွင်ကားလမ်းရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်တွင် ဆီပိုက်လိုင်းများ သွယ်တန်း၍ ဆီထည့်စမ်းသပ်ရာမှ မီးလန့်မှုတစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။