Tuesday, December 4, 2012

သုဓမ္မာဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် အတွဲများ၏ မဖွယ်မရာစခန်းများ အဖြစ်တည်ရှိနေ


သုဓမ္မာဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် အတွဲများ၏ မဖွယ်မရာစခန်းများ အဖြစ်တည်ရှိနေမန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်းဝင် အမွေ အနှစ်များ ဖြစ်သော ကြောင့် နိုင်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။

နိုင်ငံခြားခရီးသွားများသည်လည်း ထိုနေရာသို့လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံသင့် လှပေသည်။
ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ကြီစိုးရာဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွယ်ပြုထားသည်ဟုထင် သည်။ အများသူငါ၏ထမင်းလုတ်ကိုပုတ်ခြင်းမျိုး မဟုတ်ပေ။ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်လာသောအချိန်တွင်အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရန်မှာနိုင်ငံသူနိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်သည်။
ရိုးရိုးသားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကိုဂုဏ်ယူမိပါသည်။ ရိုးရိုးသားသားဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုတော့ ခြုံတွေကြားမှာ ထီးတိုင်ပုတွေနှင့် ကာရံထားကြပြီး အတွဲများသီးသန့်ထိုင်ရန် ပြုလုပ်မြူဆွယ်၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။
ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကားရာနေရာတွင် ဤသို့သောအမြင်မတင့်စရာများ မရှိသင့်ဘူးဟု ထင်သည်။ မန္တလေးမြို့တော်သူမြို့တော်သားများသည်လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။
အထူးသဖြင့် မြောက်ပြင်တွင်နေထိုင်ကြသူများ ပို၍ပင်မြင်တွေ့ကြရပေမည်။ ညမှောင်ရိပ်လေးသမ်းလာလိုက်သည်နှင့် သမီးရည်းစားအတွဲများသည်အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုးအတွဲရော၊ဆန်းဆန်းအတွဲရော အလွယ်တကူပင်ကူးလူးနေကြတော့သည်။
ည(၁၀)နာရီရောက်သည့် တိုင် အမှောင်ထုထဲတွင်အအေးသောက်နေကြသည်။ လူများကိုတော့မတွေ့ရ။ ရပ်ထားသည့်ဆိုင်ကယ်နှင့် စက်ဘီးတစ်ချို့သာမြင်တွေ့ နေကြရသည်။ ပို၍ဆိုးသည်ကမီးထွန်းမထားခြင်းပင်။ ဝန်ဆောင်မှုများမှာလည်းအလွန်ကောင်းသည်။ ခြင်ဆေးခွေများထွန်းပေးထား သောကြောင့်ဖြစ်သည်။ အသိမြွကယ်၊စမ်းသပ်ချင်သောအရွယ်များသည်ထိုနေရာကို စမ်းသပ်ကွင်းတစ်ခုနှယ်အသုံးချနေကြသည်။
မိဘအများစုသည်လည်း သားသမီးများကျုံးဘေးအအေးသောက်သွားမည်ဆိုလျှင်ယုံကြည်စိတ်ချလွှတ်တတ်ကြသည်။ သို့ပေမယ့် သုဓမ္မဇရပ်တန်းကိုမကျော်နိုင်ကြပေ။ ငယ်ရွယ်သူတွေကိုအမှားထဲဇွတ်တိုးဝင်စေရန်သုဓမ္မဇရပ်တန်းကိုအမှီပြုပြီးအအေးဆိုင်များဖွင့်လှစ်နေကြသူများက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘများမှာသောကမီးတွေဝေနေကြရတော့သည်။ သက်ဆိုင်ရာမှလည်း လျစ်လျူရှုမထားဘဲ တဒင်္ဂလောက်လေ့လာစေချင်သည်။အမှန်တကယ်မြင်တွေ့ကြမည်မှာမလွဲနိုင်ပေ။
အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြရသည်။နိုင်ငံတကာမှလေ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီးမဖွယ်မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှားရှင်းလင်းပြီးစနစ်တကျအချိန်သတ်မှတ်ကာမီးများ လင်းထိန်စွာထွန်းပြီးရောင်းချနိုင်လျှင်မိသားစုဝမ်းရေးမခက်ခဲဘဲနှင့်မန္တလေးသည်လည်းမန္တလေးပင်ဖြစ်လာပေလိမ့်မည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။