Saturday, December 8, 2012

အနောက်ရိုးမ အနီး မြောက်ကိုရီးယား နိုင်ငံသား အချို့ကို မြင်တွေ့ရ

power plant

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ပတိန်းမြို့ ဟောင်း (ပျူမြို့ဟောင်း)နှင့် နှစ် မိုင်ခန့် အကွာတွင်ရှိ သော အနောက်ရိုးမတောင်တန်းအနီး၌ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ ယခု ၂၀၁၂ ခုနှစ်တိုင် မြောက် ကိုရီးယားနိုင်ငံသား တချို့ကို မြင်တွေ့နေရကြောင်း ဒေသခံများက ဆိုကြသည်။

' မြောက်ကိုရီးယား လူမျိုးတွေက ကျွန်တော်တို့ ပန်းတောင်းမြို့ကို ဈေးဝယ်လာကြတယ်။ ခြောက် ယောက်တစ် အုပ်စု၊ ခုနစ်ယောက် တစ်အုပ်စု လာကြ တာပဲ။ ဗမာလူမျိုး စကားပြန်တွေ ပါတယ်။ အဲဒီ စကားပြန်တွေက မြောက်ကိုရီးယားတွေနဲ့ ဒေသခံ တွေ တိုက်ရိုက် စကားပြောရင် လုံးဝ မကြိုက်ဘူး။ တစ်ခုခုကို ပေါက်ကြားသွားမှာ စိုးရိမ်တဲ့ ပုံမျိုး ဖြစ်နေတယ်}ဟု ပန်းတောင်းဒေသခံ တစ်ဦးက လူထု ပုံရိပ်သို့ ပြောသည်။ ၁၉၉၀ ခုနှစ်မှစ၍ ရေအားလျှပ်စစ် ထုတ်လုပ် ရန် အကြောင်းပြချက်ဖြင့် ဆည်တည်ဆောက်ကာ တစ်ဘက်တွင် အနောက်ရိုးမတောင်တန်းအား ဥမင် လိုဏ်ခေါင်းဖောက်လုပ်နေခြင်းကို လည်လည် ဝယ်ဝယ်မရှိသော တိုင်းရင်းသားအများစုနေထိုင် သော ဒေသဖြစ်၍ မည်ကဲ့သို့သော လုပ်ဆောင် ချက်များ လုပ်ဆောင်နေသည်ကို ထိုစဉ်ကသတိ မထားမိ၊ မသိရှိကြောင်း၊ မိမိတို့လေ့လာမှတ်မိ သလောက်ဆိုလျှင် နေပြည်တော်ကြီး စတင် တည်ဆောက်စဉ်ကတည်းက ယခု ဥမင်လိုဏ် အား ဖောက်လုပ် ခဲ့ခြင်း ဖြစ်သောကြောင့် ပြည်သူလူထု အာရုံ မစိုက်နိုင်ခြင်းသာဖြစ်ကြောင်း၊ ယခုအခါတွင် ၂၀၁၀ နောက်ပိုင်းမှစ၍ ၄င်းတို့ လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကို ကြားသိရသဖြင့် နျူးကလီး ယားစက်ရုံတည်ဆောက်ခြင်းဖြစ်သည်ဟု ဒေသခံများ သံသယရှိလာကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ရှိဒေသခံများကို စွန့်ပစ်ပစ္စည်းများ ကြောင့် အန္တရာယ်ဖြစ်မည်ကို စိတ်ပူမိကြောင်း၊ အစိုးရအပြောင်း အလဲဖြစ်နေသော်လည်း မြောက် ကိုရီးယားလူမျိုးများကို လက်ရှိချိန်ထိတွေ့မြင်ရ ကြောင်း၊ နျူးကလီးယားစက်ရုံဟု သံသယ ဝင် လာမိ၍ မြောက်ကိုရီးယားတို့၏ အနေအထားကို မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်အကဲခတ်နေရ ကြောင်း၊ ၄င်းတို့စက်ရုံနှင့် နှစ် မိုင်ခန့်အကွာတွင်ပင် ကပစ/ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်များချထား သဖြင့် အနားသို့မည်သို့မှ ကပ်၍မရကြောင်း နိုင်ငံခြားသို့ တစ်နှစ်တာ အလုပ်သွားလုပ်၍ ပြန်ရောက်လာသော ၄င်းက ဆက်လက်ပြောသည်။

'အဲဒီဥမင်လိုဏ်ခေါင်းဖောက်တုန်း ကတော့ ဒေသခံတွေကို ခေါ်ဖောက်တယ်။ ကျွန်တော်လည်း ပါတယ်။ ဂူနှစ်လုံးက အကျယ်ကြီးပဲ။ ကျွန်တော်တို့ ခေါင်းမှာ လက်နှိပ်ဓာတ်မီးတွေတပ်ပြီး ဖောက်ရ တာပါ။ ဒေသခံအားလုံးနီးပါး အလုပ်ရသွားတယ်။ ဒါပေမဲ့ တစ်လလောက်လုပ်ပြီးတော့ တော်တော် လည်း ပြီးနေပြီဆိုတော့ ဒေသခံတွေအားလုံးကို ပြန်ခိုင်းတယ်။ အဲဒီတုန်းက ပိုက်ဆံရတယ်ဆိုတော့ ဆင်းရဲတဲ့ဒေသတွေလည်းဖြစ်တော့ တောင်ကြီး တစ်လုံးဖောက်တာကို ဘာလုပ်ဖို့မှန်း စိတ်မဝင်စားကြဘူး။ တစ်ဘက်က မန်းချောင်းဆည်ဆောက် ပြနေတော့ ပိုတောင်သတိမထားမိတော့ဘူး။ အမှန် တကယ် နျူးကလီးယား စက်ရုံဆိုရင်တောင် အဲဒီတုန်းက ဒေသခံတွေက နျူးကလီးယားဆိုတာ တောင် သိမှာမဟုတ်ဘူး။ အမြှောက်တပ်လည်း ချထားတော့ စစ်တပ်ဆိုရင် ကြောက်ကြတာလေ'ဟု ဥမင်လိုဏ်ခေါင်းတူးရာတွင် ပါဝင်ခဲ့ဖူးသူ အသက် ၄၅ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဥမင်လိုဏ်ခေါင်းဖောက်ပြီးနောက်ပိုင်းတွင် မင်းဘူး-အမ်းလမ်းတောင်ဘက်ရှိ ရွာ ၈ ရွာအား လက်နက်ကြီးစမ်းသပ်ကွင်းဟုသတ်မှတ်ကြောင်း၊ ထို့ပြင် အနောက်ရိုးမတောင်တန်းနှင့် ကပ်လျက်ရှိသော ရွာများ၊ ယာများလည်း အသိမ်းခံရကြောင်း၊ လက်နက်ကြီး စမ်းသပ်ပါက ဒေသခံ့များထိလည်း တာဝန်မယူကြောင်း ဆိုလာသဖြင့် ၄င်းတို့မှာ အနီးဝန်းကျင် ဒေသခံများကို လူသားဟု မသတ်မှတ် ခြင်းသာဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ 'အစိုးရအပြောင်းအလဲမှာ ဒါကြီးတွေ ပြုပြင် သင့်တယ်။ အရင်တုန်းက မြန်မာပြည်မှာ နျူးကလီး ယားစက်ရုံ ဆောက်မယ် ဆိုတာတော့ သိုးသိုး သန့်သန့် ကြားဖူးတယ်။ အခုမှ ကိုယ့်ဒေသမှာဆိုတာကို တဖြည်းဖြည်းနဲ့ ရိပ်မိလာတယ်။ မြောက်ကိုရီးယား တွေလည်း တော်တော် များများတွေ့ရတယ်။ အမြှောက်တပ်လည်းချထားတယ်။ ကပစစက်ရုံ လည်း ရှိတယ်ဆိုတော့ စဉ်းစားစရာပေါ့'ဟု ငဖဲ ဒေသခံတစ်ဦးက ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။