Thursday, December 6, 2012

Master Card ကို ပထမဆုံး မြန်မာနိုင်ငံမှာ စတင်သုံးနေပြီ



2012-12-06
နိုင်ငံတကာ ငွေပေးချေရေးကဒ်ဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် CB Bank ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဌနဲ့ CB Bank ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်စားလှယ်အဖြစ် CB ဘဏ်က ဆောင်ရွက်နေတာဖြစ်ပြီး  လာမယ့် ၂၀၁၃ ခုနှစ်မှာတော့ CB Bank တံဆိပ်နဲ့ နိုင်ငံတကာမှာပါ အသုံးပြုလို့ရမယ့် Master Card ကို ထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ CB Bank ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၃ ရက်နေ့ထိ Master Card နဲ့ မြန်မာငွေထုတ်ယူ သုံးစွဲသူ ၆၁၈ ဦးရှိပြီး ထုတ်ပေးပြီးဖြစ်တဲ့ မြန်မာငွေမှာ သိန်းပေါင်း ၉၆၀ ရှိပြီလို့ သိရပါတယ်။
CB Bank ရဲ့ ATM စက်တွေကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ပြင်ဦးလွင်၊ မော်လမြိုင်နဲ့ ရန်ကုန်လေဆိပ်တို့မှာ တပ်ဆင်ပြီး ဖြစ်သလို  နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေထိုင်တဲ့ ဟိုတယ် တွေမှာလည်း တပ်ဆင်နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံဧည့်ခံပွဲမှာ အာရှပစိဖိတ်ဒေသဆိုင်ရာ မာစတာကဒ် ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ကိုယ်စား လှယ်နဲ့ မန္တလေးသံဃာတွေ ဆွေးနွေး



2012-12-05
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ Mr.Ike Reed နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေးကဆရာတော် ၅ ပါးထံ ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည့်တိုက် ကျောင်းဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒုက္ခသည်တွေအတွက် အလှူငွေပေးအပ်ပွဲ ကျင်းပ



2012-12-05
ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း က ဒုက္ခသည်ပြည်သူတွေအတွက် ပန်းခရမ်းပြာ၏ အိပ်မက်များ ဂီတအဖွဲ့က အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ဒီဇင်ဘာလ ၅ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ကြို့ပင်ကောက်မြို့မှာ လက်ပန်းတောင်းအရေး ဆန္ဒဖေါ်ထုတ်



2012-12-05
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

Re: [လုလင်လေး] KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ




KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုစိပ်လာသဖြင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း KIA နှင့် ကျောင်းသားတပ် စစ်ဘက်သတင်း ရပ်ကွက်များက ဆိုသည်။
အစိုးရတပ်များက လိုင်ဇာမြို့ အပြင်စည်း လုံခြုံရေးယူထားသော ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်စခန်းများ အနီးတစ်ဝိုက်၌ ယခုရက်ပိုင်းအတွင်း လှုပ်ရှားမှု ပိုများလာသည့်အတွက် ၎င်းတို့တပ်များ အသင့် ပြင်ဆင်ထားကြောင်း ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
"အစိုးရတပ်တွေ တက်လာလို့ မနေ့ကတည်းက ပြင်ထားတယ်။ မိုးလဲချောင်း တစ်ဝိုက် မန်မော် ၊ မန်သဲရွာ ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပျောက်သွားလိုက် ပေါ်လာလိုက် လှုပ်ရှားမှုတွေ မပြတ်ရှိနေတယ်။ စစ်ကစားနေတာပေါ့။ တပ်တွေတော့ အသင့်လုပ်ထားရတယ်။ တကယ်လို့ တက်လာရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်" ဟု ၄င်းက ဆိုသည်။
ယမန်နေ့ကလည်း ကချင်ပြည်နယ် ပန်ဝါမြို့မြောက်ဘက် တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် အမှတ် ၅ ၊ ၆ ၊ ၇ တစ်ဝိုက် နေရာနှစ်ခုတွင် KIA နှင့် အစိုးရတပ်တို့ အကြား တစ်နေ့လုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသူ  KIA အရာရှိ တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်သဖြင့် KIA ဘက်မှ ၁ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သူက ဆက်ပြောသည် ။
"ပန်ဝါတိုက်ပွဲကတော့ ဦးစခုန်တိန့်ယိမ်းက သူ့ရဲ့ဘိန်းစိုက်ဧရိယာမှာ အနှောင့်အယှက် ဖြစ်တော့ မပခ တပ်တွေ ခေါ်ပြီး ၀င်တိုက်တာပါ မနေ့မနက် ၆ နာရီလောက်ကနေ ညအထိ တစ်နေကုန်ဖြစ်တယ် ခလရ ၇၄ ၊ ၇၇ ၊  ၂၆၀ အဲဒီတပ်တွေ ပါတယ် ရဟတ်ယာဉ်တွေပေါ်ကနေလည်း ပစ်တယ် ဒီမနက်တော့ လေယာဉ်ပျံတွေ ထပ်ကြားရတယ်လို့ သိရတယ် တိုက်ပွဲ သတင်းတော့ အတိအကျမသိရသေးဘူး" ဟု ဆိုသည်။
အစိုးရတပ်များ ဋ္ဌာနချုပ် လိုင်ဇာမြို့ တစ်ဝိုက် လှုပ်ရှားမှုရှိနေပြီး ယမန်နေ့က  လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ဆိုသည်။
"မနေ့က ဒေါ့ဖုန်းယန် - ဗန်းမော်ကားလမ်းပေါ်ကနေ ၈၁ မမစိန်ပြောင်းနဲ့ ၁၅ ချက်လောက် လိုင်ဇာဘက် လှမ်းပစ်တယ်။ လျှောက်ပစ်တာဆိုတော့ တောထဲပဲကျတယ် ။ သူ့ဘက် ကိုယ့်ဘက်ပေါ့ လှုပ်ရှားမှုတွေ ကတော့ ရှိနေတာပေါ့ " ဟု ၄င်းအရာရှိက ဆိုသည်။
အလားတူ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပန်ဝါဒေသနှင့် သျှမ်းပြည် (မြောက်ပိုင်း ) မုံးကိုးဒေသတို့ တွင်လည်း KIA နှင့် အစိုးရ တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။


One Touch ကွန်ဒုံး မိတ်ဆက်ပွဲ




ထိုင်းနိုင်ငံ One Touch ကွန်ဒုံး မိတ်ဆက်ပွဲ အခမ်းအနားကို Chartrium Hotel တွင် ယနေ့ နေ့လည် ၁နာရီ က ပြုလုပ်ခဲ့သည်။
Photo: ထိုင်းနိုင်ငံ One Touch ကွန်ဒုံး မိတ်ဆက်ပွဲ အခမ်းအနားကို Chartrium Hotel တွင် ယနေ့ နေ့လည် ၁နာရီ က ပြုလုပ်ခဲ့သည်။




KIA အား စစ်ရဟတ်ယာဉ် သုံး၍ တိုက်ခိုက်



ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် အမှတ်(၆) အနီး တ၀ိုက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေစိုက်သည့် စခန်းများကို အစိုးရတပ်က စစ်ရဟတ်ယာဉ် အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။
"မနေ့က ရဟတ်ယာဉ် (၇) စင်းနဲ့ တက်လာတယ်။ ကျန်တဲ့ (၅) စင်းက စစ်ပစ္စည်း လက်နက်နဲ့ ရိက္ခာတွေ တပ်အင်အားတွေ ပို့ကြတယ်။ အဆင်းကျတော့ လူနာတွေကို ပြန်ပြီးတော့ သယ်သွားကြပါတယ်။ ကျန်တဲ့ စစ်ရဟပ်ယာဉ် (၂) စင်းကတော့ KIA တပ်စခန်းတွေကို လိုက်ပတ်ရှာ ပြီးတော့ အပေါ်ကနေ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ လုပ်တယ်။ (၂) ပတ် တိတိပတ်ပြီး ပစ်တာပေါ့ဗျာ။" ဟု ဆိုသည်။

ပွဲတော်အတွက် ဒေါ်အောင်ဆန်းစုကြည်အဆင် မြစ်ကြီးနား၌ လူကြိုက်များနေ

ကချင်ပြည်နယ် မြစ်ကြီးနားခရစ္စမတ်ပွဲတော်ရက်အတွက် ဒေါ်အောင်ဆန်းစုကြည်ဟု ခေါ်သည့် ကချင်မိတ်အထည်အား ပွဲတော်ဝတ်ရန် အော်ဒါမှာယူမှုများပြားနေကြောင်း အထည်ဈေးကွက်အတွင်းက သိရသည်။

 

 

အဆိုပါ အထည်မှာ မြစ်ကြီးနားဈေးကွက်အတွင်း အောက်တိုဘာလအတွင်းက  စတင်ရောင်းချလာခြင်းဖြစ်ပြီး လူလတ်ပိုင်းနှင့်သက်ကြီးပိုင်း အမျိုးသမီးများနှစ်သက်သည့် အဆင်တစ်ခု ဖြစ်လာသည်။

 

 

 "ဒီအထည်က ရမ်ပူရက်ကန်းရုံမှာ အော်ဒါမှာ ထားလို့ရက်နေတယ်။ တစ်မြို့လုံးမှာ ငါးထည်ပဲရှိသေးတဲ့အထည်ပါ။"ဟု ရက်ကန်းရုံ (၂၁) ရုံပိုင်ရှင် ဒေါ်ဂျာရွယ်ဂျားက ပြောသည်။

 

 

၎င်း ဒေါ်အောင်ဆန်းစုကြည် အထည်တစ်ထည်လျှင် ကျပ် (၇) သောင်းခွဲ ရှိပြီး၊ (၅) ရက်ကြာ အနည်းဆုံးရက်လုပ်ရကာ တစ်လလျှင် (၆)ထည်သာ ရက်နိုင်သည့် အဆင်ဆန်းတစ်ခုလည်း ဖြစ်သည်။

 

 

အဆိုပါ အထည်တွင် အုန်းခွံ၊ ဆင်စွယ်၊ အုတ်ကျိုး၊ ငုဝါ၊ စိမ်းရင့်၊ နုစိမ်း၊ ပန်းရင့်၊ ချောကလတ်ရောင်၊ ငှက်ခါးပြာ စသည့် အရောင် (၉) ရောင်ပါဝင် ရက်လုပ်ထားပြီး အောက်ခံ ကချင်ခခူး ကွင်းကျဲ ဇီးရောင် နှင့် ဘဲခေါင်းစိမ်းရောင် နှစ်ရောင်ကို ခံကာ ချိတ်ဒီဇိုင်းဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။

 

 

ဒေါ်အောင်ဆန်းစုကြည်အကွက် အထည်သည် အသက် (၅၀) ၀န်းကျင်အရွယ် အမျိုးသမီးများ အကြိုက် အဆင်ဖြစ်ပြီး မရိုးနိုင်သော ကချင်ချိတ်ပုံစံ တစ်မျိုးဖြစ်သည်။

 

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ  ရမ်ပူရပ်ကွက်တစ်ခုတည်းတွင်သာ ရက်ကန်းရုံ (၃၀၀)ခန့် ရှိသည်။

 

 

ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ခဲ့သည့် ကချင်အထည်အကွက်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည်အဆင်ဟု ခေါ် ဆိုခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

 

သိန်းထောင်ချီလည်း အ၀ယ်လိုက်နေသည့် ပုဂံညောင်ဦးအိမ်ခြံမြေဈေးကွက်

ပုဂံညောင်ဦးမြို့ပေါ်၌ ကမ္ဘာ့လှည့်ခရီးသည် လည်ပတ်ဝင်ရောက်မှုများပြားလာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များမှ အိမ်ခြံမြေများဝယ်ယူရင်းနှီးမြှုပ်နှံမူ ပိုမိုများပြားလာကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးတော်ဆောင်များထံက သိရှိရသည်။

 

 

"ဒီလထဲမှာကို တော်တော်အရောင်းအ၀ယ် လုပ်နေကြတာ၊ လာဝယ်တဲ့သူတွေကလည်း စီးပွားရေးလုပ်ဖို့အတွက် လာဝယ်ကြတာ များတယ်၊ ပုဂံမှာက ခရီးသွားတွေများလာရင် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ အတွက် အလားအလာကောင်းတဲ့ နေရာပဲ"ဟု ပုဂံညောင်ဦးမြို့အိမ်ခြံမြေအကျိုးဆောင် ကိုမောင်ကောင်းက ပြောသည်။

 

 

ပုဂံဒေသသို့ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိသမိုင်းဝင် ရှေးဟောင်းနယ်မြေများသို့ လာရောက်လေ့လာနိုင်ခြင်းကြောင့် ၄င်းနယ်မြေ များတွင် စီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမူပိုမိုများပြားခြင်းဖြစ်ကြောင်း ပုဂံဒေသခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များက ပြောဆိုသည်။

 

 

နိုဝင်ဘာလပိုင်း၌ ပုဂံမြို့သစ်အတွင်းပိုင်းရှိ လမ်းမကြီးဘေးတွင် ပေ(၆၀×၈၀) မြေကွက်ကို ကျပ်သိန်း (၇)ထောင်နှင့် မြို့လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်ကို ကျပ်သိန်း(၄၅၀၀)ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 

 

ပုဂံမြို့သစ်တွင် ဟိုတယ်များ၊ အဆောက်အဦးသစ်များ၊ စားသောက်ဆိုင်များ၊ လူနေအိမ်များတည် ဆောက်နိုင်ခြင်းကြောင့် ပုဂံမြို့(ရှေးဟောင်းနယ်မြေ) မြေဈေးကွက်ထက် ပိုမိုမြင့်မားနေခြင်းဖြစ် ကြောင်း သိရှိရသည်။

 

 

"အခုရက်ပိုင်းမှာကို မြေကွက်တွေ တော်တော်လေး အ၀ယ်လိုက်နေတယ်။ ဈေးမြင့်တဲ့ အကွက်တွေပါ အရောင်းအ၀ယ်ဖြစ်နေ ကြတော့ ဈေးနည်းတာတွေပါ အ၀ယ်လိုက်လာတယ်။ မြို့မှာက ရှေးဟောင်း နယ်မြေဆိုတော့ မြို့သစ်က ပိုအရောင်း အ၀ယ်ဖြစ်တယ်"ဟု ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။

 

 

ရွှေစည်းခုံဘုရားကြီးအနီးရှိ ပေ(၆၀×၈၀)မြေကွက်များမှာ ကျပ်သိန်း (၇)ထောင်ဝန်းကျင်ရှိပြီး ညောင်ဦးမြို့လယ်(ဈေးအနီး) လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၄)ထောင်မှ ကျပ်သိန်း (၁)သောင်း ၀န်းကျင် အထိရှိကာ ညောင်ဦးမြို့အ၀င် လမ်းမကြီးဘေးရှိ ပေ(၆၀×၈၀)မြေကွက်မှာ ကျပ်သိန်း (၃၀၀)၀န်းကျင် ခေါ်ဈေးရှိကြောင်း သိရှိရသည်။

 

 

လာရောက်ဝယ်ယူသူများမှာ နေရာကောင်းများကိုသာ ရန်ကုန်အပါအ၀င်ခြားမြို့ကြီးများမှ လုပ်ငန်းရှင်များက ကြိုက်ဈေးပေး၍ ၀ယ်ယူနေခြင်းဖြစ်ကြောင်း အကျိုးတော်ဆောင်များထံက သိရသည်။

 

 

ညောင်ဦးမြစ်ကမ်းဘေးရှိ The Beach စားသောက်ဆိုင်အနီးဝန်ကျင် တစ်လျှောက်ရှိ ပေ(၆၀×၈၀) မြေကွက်များသည် ကျပ်သိန်း (၈)ထောင်ဝန်းကျင်နှင့် ယွန်းထည်အများဆုံးထုတ်လုပ်သည့် မြင်းကပါ ရွာရှိ ပေ(၆၀×၈၀)မြေကွက်များသည် ကျပ်သိန်း (၇)ထောင်ဝန်းကျင်ရှိနေကြောင်းကိုလည်းသိရသည်။

 

သဘာဝဘေးသင့် ဒေသများသို့ ရေသန့်ဆေးထုပ်များ ဖြန့်ဝေလှူဒါန်းဦးမည်

မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ မသန့်ရှင်းသောရေကို သောက်သုံးနေရသည့် ဒေသများသို့ P&G နှင့် World Vision မှ ပူးပေါင်း၍  P&G ရေသန့်ဆေးထုပ်များဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်သည်။

 

 

 

အဓိကအားဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲပြဿနာများကြောင့် ကျန်းမာရေးနှင့်  ညီညွတ်သည့် သောက်ရေသန့်မရရှိနိုင်သော ဒေသများအား ကူညီရန် ရည်ရွယ်ကာ Procter& Gamble(P&G)မှ ၄င်း၏ဆုတံဆိပ်ရ   ရေသန့်စင်နည်းအား ပြည်တွင်း၌ မိတ်ဆက်ရန်အတွက် World Vision အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

 

 

P&G ရေသန့်ဆေးထုပ်တွင် ဆေးမှုန့် ၄ ဂရမ်ပါရှိပြီး ညစ်ညမ်းရေ (၁၀)လီတာကို သောက်ရေအဖြစ် လျှင်မြန်စွာ သန့်စင်ပေးနိုင်ပြီး ကာလ၀မ်းရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုး၊ အသည်းရောင်ရောဂါ ဖြစ်စေသည့်ဗိုင်းရပ်ပိုးများနှင့် ညစ်ညမ်းရေ Protozoaများအား သန့်စင်သည်အထိ ဖယ်ရှားနိုင်ကြောင်း  P&G မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

 

"ကျွန်တော်တို့ကျေးရွာတွေ ဆင်းကြည့်တဲ့အခါ သဘာဝဘေးအန္တရာယ် မကြုံတွေ့ရရင်တောင် ပုံမှန်အခြေ အနေမှာဘေးအန္တရာယ် ကင်းရှင်းတဲ့ သောက်ရေ ကလိုအပ်တယ်၊ အဲ့ဒါကိုဘယ်လိုအထိ ရောက်ဆုံး လုပ်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖို့ ဒီကိုလာ ခဲ့တာပါ နေရာဒေသကို ဘယ်နေရာ ဘယ်ဒေသရယ်လို့အတိ အကျမသတ်မှတ်ရသေးပါဘူး၊ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အပေါ်မှာ မူတည်တယ်၊ နွေရောက်ရင် ရေအခတ်အခဲရှိတဲ့ဒေသ အတိုင်းအတာကိုကြည့်ပြီး ရေသန့်စင်ဆေးထုပ် ဘယ်လောက်ဖြန့်ဝေပေးရ မယ်ဆိုတာမသိသေးပါဘူး "ဟု CDW (Children Safe Drinking Water )Procter&Gamble မှ Director Dr Greg Allgoodမှ ပြောသည်။

 

 

မြန်မာနိုင်ငံတွင်ရေနှင့်ပတ်သက်၍ တိကျသောမူဝါဒမရှိဘဲ နိုင်ငံအဆင့် သောက်ရေစံနှုန်း သတ်မှတ်ထားခြင်း မရှိကြောင်းနှင့်   ရေအရည်အသွေးကိုဆန်းစစ်ရာတွင် ရေတွင်းရေကန်များအတွင်းရှိရေမှာ မစင်တွင်တွေ့ရ တတ်သည့်ပိုးမွားများနှင့် ညစ်ညမ်းနေသည်ကိုတွေရှိရကြောင်း ယူနီဆက်မြန်မာနှင့်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့၏ မြန်မာနိုင်ငံကလေးသူငယ်များ အခြေအနေသုံးသပ်ချက် အစီရင်ခံစာအကျဉ်း အရ သိရသည်။

 

 

"P&G နဲ့ World Visionက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေမှာ၊ လိုအပ်ချက်ရှိတဲ့နေရာတွေမှာပေးဖို့ရှိပါတယ်   နောက်ဆုံးအနေနဲ့ မြစ်ဝကျွန်းပေါ် ရေကြီးတဲ့နေရာတွေမှာ ရေသန့်စင်ဆေးထုပ်ပေးခဲ့ပါတယ်။အခုလတ်တလောကတော့   ဘေးဒုက္ခဖြစ်တဲ့နေရာတွေကို ဖြန့်ဝေသွားဖို့ရှိ တယ်" ဟုWorld Vision ဒါရိုက်တာ ဦးဝင်းဇင်ဦးမှ ပြောသည်။

 

 

၂၀၀၈ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် P&Gမှ သောက်ရေသန့်လီတာပေါင်း ၂၅ သန်းကျော်အား စင်ကာပူနိုင်ငံမှ World Visionနှင့်ပူးပေါင်းကာကူညီထောက်ပံခဲ့ပြီး CSDW မှမြန်မာနိုင်ငံတွင် နောင်ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရေသန့်စင်ထုပ်ပေါင်း၎.၅ သန်းကို မြန်မာနိုင်ငံ World Vision သို့ ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

 

 

P&G နှင့် World Vision တို့ပူးပေါင်းကာ ရေသန့်စင်ထုပ် (၁၀)သန်းကို ရေကြီးနစ်မြုပ်ဒဏ်ခံရသော သာပေါင်း   ကျေးရွာ(စက်တင်ဘာ-၂၀၁၂)၊၊ ကော့သောင်း(ဇွန်-၂၀၁၂)၊ထားဝယ်၊လောင်းလုံ၊သရက်ချောင်း(ဧပြီ-၂၀၁၂)လွိုင်ကော်   (စက်တင်ဘာ-၂၀၁၁)၊ ဘားအံ (ဇူလိုင်- ၂၀၁၁)  အတွင်းက ထောက်ပံလှူဒါန်းခဲ့ကြောင်းကိုလည်း သိရသည်။

 

အမြန်လာရောက်တောင်းပန်ရန် အိမ်တော်ရာထိုင်သပိတ်၌ ဆရာတော်မိန့်ကြား

 နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့များမှ ထိခိုက်ဒဏ်ရာရရှိသော သံဃာများအား အမြန်ဆုံးလာရောက် ၀န်ချတောင်းပန်ရမည်ဟု ဘ၀အလင်းကျောင်းတိုက်မှ ဆရာတော်ဦးဥတ္တမစာရက မိန့်ကြားလိုက်သည်။

 

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ  အိမ်တော်ရာဘုရား၌ တစ်နာရီခွဲကြာပြုလုပ်ခဲ့သည့် ထိုင်သပိတ်တွင် ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

 

 

 "အခုချိန်ထိ နိုင်ငံတော်အစိုးရ လူကြီးတစ်ယောက်အနေနဲ့လာသွားတာ တစ်ယောက်မှမရှိသေးဘူး ၊ " ဟု ဆရာတော်မှ ထိုင်သပိတ်ကျင်းပသည့် နေရာတွင် သံဃာတော်များအား မိန့်ကြား သည်။

 

 

မုံရွာမြို့တွင်ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာမှသံဃာအချို့အား ၀န်ချတောင်းပန်မှုကို  အသိအမှတ် မပြုကြောင်း ၊ ထိုတောင်းပန်သည့်သူများမှာလည်း ပစ်ခတ်မှုတွင် ပါဝင်သူများ မဟုတ်သလို အတောင်းပန်ခံသည့် သံဃာများမှာလည်း ကာယကံရှင်များ မဟုတ်သည့်အတွက် လက်မခံနိုင် ကြောင်း ဆရာတော်က ဆက်ပြောသည်။

 

 

"အတောင်းပန်ခံတဲ့ ဘုန်းကြီးတွေကလည်း ခံရတဲ့ဘုန်းကြီးတွေ တစ်ပါးမှမပါဘူး ၊ မပါပဲနဲ့ သူတို့ အဲ့ဒီလိုလုပ် သွားတယ် ၊ အဲလိုလုပ်သွားတဲ့ဘုန်းကြီးတွေကို သံဃာ့ကိုယ်စားလှယ်လို့ မသတ်မှတ်ပါဘူး" ဟု ဆရာတော် ဦးဥတ္တမက မိန့်ကြားခဲ့သည်။

 

 

ယနေ့ပြုလုပ်သောထိုင်သပိတ်သည်  ယခုလ ဒီဇင်ဘာ (၁)ရက်နေ့ကပြုလုပ်သော ထိုင်သပိတ်မှ ကျင်းပသည့် (၅)ရက်အချိန် ပေးထားမှုကို အစိုးရမှတုန့်ပြန်ခြင်း မရှိသည့်အတွက် ဆက်လက်ပြုလုပ် ခြင်းဖြစ်ပြီး နောက်ထပ်ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

 

သံဃာတော်များ ထိုင်သပိတ်ကျင်းပရာ အိမ်တော်ရာဘုရားအတွင်းသို့ (၈၈)ကျောင်းသားအဖွဲ့မှ ကိုမာကီးနှင့် မစုစုနွေးတို့ လာရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

 

 

မြန်မာနိုင်ငံ၏အပြောင်းအလဲကို အားလုံးစောင့်ကြည့်ပြီးထိန်းမတ်နေသည့် ကာလအတွင်း သံဃာတော်များအား ယခုလိုပြုမူလိုက်ခြင်းအား စိတ်မကောင်းကြောင်း (၈၈)အဖွဲ့မှကိုမာကီးက ပြောကြားခဲ့သည်။

 

 

"သံဃာတော်တွေ တောင်းဆိုတဲ့ တရားမျှတသည့်တောင်းဆို မှုကို သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်က ပြေလည်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ် ´´ ဟု ကိုမာကီးက ပြောကြားခဲ့သည်။

 

 

ယနေ့ပြုလုပ်သောထိုင်သပိတ်တွင် ကြေညာချက်ငါးချက်ကြေညာခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတော်များကို အမြန်ဆုံးလာရောက်ဝန်ချ တောင်းပန်ရန် ၊ အကြမ်းဖက်နှိမ်နှင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်နှင့် ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန်ဟူသော တောင်းဆိုချက်များသည် အရေးကြီးတောင်းဆိုချက်ဖြစ်ကြောင်းနှင့် ထိုအချက်များအပါအ၀င် အချက်ငါးချက်ကို ဘ၀အလင်းကျောင်းတိုက်မှ သံဃာတစ်ပါးဖြစ်သည့် ဦးသောဘိတက ကြေညာခဲ့သည်။

 

 

ထိုင်သပိတ်ကို နေ့လည် ၁နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲနှစ်နာရီခွဲတွင် ရုတ်သိမ်းခဲ့ကာ ဒီဇင်ဘာလ (၈)ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု KIO က ပြော

ချင်းမိုင်(မဇ္စျိမ)။     ။ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေစဉ် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။ 

"အခု ဘယ်တော့ ပြန်တွေ့ကြမယ်ဆိုတဲ့အပိုင်းမှာ ဦးအောင်မင်း သူ အစည်းအဝေးမှာ ပြောတဲ့အပိုင်းဘဲ ရှိတယ်။ အခု ပြန်တွေ့ဖို့က တကယ်လို့များ ဦးအောင်မင်းဘက်က ပြန်ပြီးတွေ့ရအောင်ဆိုရင်တော့ တွေ့ဖို့ အဆင်သင့်ပါ"ဟု သူက ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ၇က်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် KIO နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ရန် တင်သွင်းပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်လအတွင်း ပြန်လည်တွေ့ဆုံရန် ပြောဆိုခဲ့
သည်ဟုလည်း ဦးလနန်က မဇ္စျိမကို ပြောသည်။

"ကျနော်တို့ဘက်က ကန့်သတ်တဲ့ ဘောင်မရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အဲဒီနေ့မှာ စတင်ရအောင်ဆိုပြီး အဆိုတင်သွင်းခဲ့တယ်။ ပြောဆိုရမဲ့ အပိုင်းတွေ အားလုံး ကျနော်တို့ ပြင်ဆင်သွားခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ အဆိုတင်သွင်းတာကို သိတာနဲ့ သူက နောက်တခါဆွေးနွေးပွဲ ဘယ်လို လုပ်ကြမယ်ဆိုပြီး ပြောတော့ သူက နိုင်ငံရေး
ဆွေးနွေးမှု ပြန်အချိန်ဆွဲလိုက်တဲ့ ပုံစံဖြစ်သွားတယ်"ဟု သူက ဆက်ပြောသည်။ 

ဝန်ကြီး ဦးအောင်မင်းနှင့် KIO တို့ ပြန်လည်တွေ့မည့်အစီအစဉ်ကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များက ဆက်သွယ်ခဲ့သော်လည်း နှစ်ဘက်လုံးက တရားဝင် အကြောင်းကြားလာခြင်း မရှိသေးဟု ငြိမ်းချမ်းရေး အကျိုးဆောင်
ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ 

"သူတို့(အစိုးရ)က ကေအိုင်အိုတွေဘက်က ဘယ်တော့ တွေ့မယ်ဆိုတာကို စောင့်နေတယ်လို့ ပြောတယ်။
 ကေအိုင်အိုတွေဘက်မှာလည်း ရှေ့တန်းမှာ တိုက်ပွဲတွေက ဖြစ်ပွားနေတယ်ဆိုတော့ ဘာမှ မပြောလာသေးဘူး။ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာတယ်ဆိုတော့ ပြန်တွေ့ဖို့ကတော့ ဘယ်တော့လည်းဆိုတာ မပြောတတ်တော့ဘူး"ဟု သူက မဇ္စျိမကို ပြောသည်။ 

နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ကချင်ပြည်နယ် ပန်ဝါမြို့နယ် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၆ နယ်မြေအတွင်း နှစ်ဖက် တိုက်ပွဲများ  ဖြစ်ပွားနေကာ အစိုးရ၏ စစ်အင်အား စစ်ရဟတ်ယဉ်ဖြင့် ထပ်မံ ဖြည့်တင်းထားမှုများ ရှိနေသည်ဟု ဦးလနန်က ပြောသည်။ 

ယမန်နေ့က အစိုးရ၏ တပ်မ ၈၈ လက်အေက်ခံ ခြေမြန်တပ်ရင် တပ်ရင်း ခမရ ၁၃ တပ်ဖွဲ့များအား မြစ်ကြီးနားမြို့မှ ပန်ဝါဒေသဘက် အမြောက်လက်နက်ကြီးများ သယ်ဆောင်လာ၍ ယနေ့ နံနက် ၁၀ နာရီချိန်မှစ၍ လက်နက်ကြီး
များဖြင့် KIO ၏ရှေ့တန်းစခန်းများရှိရာသို့ ပစ်ခတ်မှုများ ရှိနေသည်ဟု ဦးလနန်က ပြောသည်။

"မနေ့က ဟတ်စကီ ခေါက်တုံ့ခေါက်ပြန်ဆို ၇ စင်းလောက်ရှိတယ်။ ကျနော်တို့စခန်းရှိတဲ့ ဘက်မှာ ရှေ့တန်းစခန်းရုံး
တွေ ဖွင့်ပြီးမှ အခြေပြုနေကြတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တော့ ကျနော်တို့ဘက်က ပြန်ပစ်ဖို့ လက်လှမ်း
မမီဘူး"ဟု ပြောသည်။ 

လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အစိုးရ၏ ခြေမြန်တပ်ဖွဲ့များ အင်အားတိုးမြင့်ချလာမှု ရှိလာမှ ခုခံ တိုက်ခံရန် စောင့်ကြည့်နေသည်ဟု သူက ဆိုသည်။ ထိုဒေသတွင် ယခု ဒီဇင်ဘာလ ၁ ရက်နေ့မှစတင် တိုက်ပွဲများ
နေ့စဉ် ဖြစ်ပွားနေရာမှ ယနေ့ ကြာသာပတေးနေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သူက မဇ္စျိမကို ပြောသည်။ 

 "မနေ့တနေ့က ပို့ပေးတာက ခမရ ၂၆၀ ပို့ပေးတယ်။ မနေ့ကတော့ ခမရ ၁၃ ပို့ပေးတယ်။ ခုဒီနေ့ တပ်မ ၈၈ တပ်မမှူး ပန်ဝါဘက်ကို လေကြောင်းဖြင့် တက်ပြီး စစ်ဆင်ရေးကွပ်ကဲဖို့ အဆင်သင့်လုပ်နေကြတယ်"ဟု ဆက်ပြော
သည်။

အလားတူ ယခုလ ၃ ရက်နေ့က ဖားကန့်မြို့နယ်  တနိုင်းကားမလမ်းမပေါ်ရှိ စစ်ကြောင်း တက်လာသဖြင့် ရှရုဇွပ်ကျေးရွာအနီး  အစိုးရဘက်မှ လက်နက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ရွာသားသုံးဦး ကျည်ဆံထိမှန်ကာ တဦးသေဆုံးသွားပြီး နှစ်ဦးမှာ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောသည်။ 

နမ္မတီး သို့မဟုတ် မြစ်ကြီးနားဘက်မှ အစိုးရ၏ စစ်ယဉ်တန်းများလည်း ထပ်မံ တက်လာမည်ဟု ဆိုကာ တနိုင်းကားလမ်းတလျှောက် လုံခြုံရေး တပ်များ စောင့်ကြပ်မှု ရှိနေသည်ဟု သူက မဇ္စျိမကို ပြောသည်။

အကြမ်းဖက်နှိမ်နင်းမှုတွင် ဓာတုပစ္စည်း သုံး၊ မသုံး ပြင်ပပညာရှင်များနှင့် စစ်ဆေးမည်

လက်ပန်းတောင်း အရေးကိစ္စ စုံစမ်း စစ်ဆေး တဲ့နေရာမှာ ဓာတု ပစ္စည်း သုံး၊ မသုံး ကို ပြင်ပ ပညာရှင်တွေနဲ့ စစ်ဆေး သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ လက်ပန်းတောင်း အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆို လိုက်တာ ဖြစ်ပါတယ်။

"ကျမတို့ ဒီကိစ္စတွေကို ပြင်ပပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အစိုးရဘက်က လုံးဝပါဝင် စိစစ်မှာ မဟုတ်ပါဘူး။ အဲလို စိစစ်ရင်လည်း အမျိုးမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်လာမှာမို့လို့ပါ။"

ကော်မရှင်အနေနဲ့ လူတိုင်းကျေနပ်အောင်လုပ်ဖို့ တာဝန်မဟုတ်ဘဲ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်တရားကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

"ကျမတို့အနေနဲ့တော့ ပြည်သူအားလုံးကျေနပ်တဲ့ အဖြေတာ့ထွက်မှာမဟုတ်ပါဘူး။ ဘယ်တော့မှ စုံစမ်းရေးမှာ အားလုံးကျေနပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ ကော်မရှင်ရဲ့ ရည်ရွယ်ချက် တခုပဲရှိပါတယ်။ အမှန်တရားကို ကျမတို့ ဖော်ထုတ်မယ်။ ကျမတို့ရဲ့ အကြံပြုချက်တွေဟာ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီခိုင်မာရေးရဲ့ အကျိုးစီးပွားတွေကို ကြည့်ပြီး အကြံပြုချက်တွေလုပ်မှာဖြစ်တယ်။ မြင်ရင်မြင်တဲ့အတိုင်းတင်ပြပါမယ်။ အဖြစ်ကို အဖြစ်အတိုင်း တင်ပြပါမယ်။ အဲဒါကို ကျေနပ်တဲ့သူလည်းရှိမယ်၊ မကျေနပ်တဲ့လူလည်းရှိမယ်။ ဘာလို့လဲဆိုတော့ ဒီလိုကိစ္စတွေပေါ်လာရင် လူတိုင်း လူတိုင်းက ကိုယ့်ဘက်ပဲ နိုင်စေချင်တာပဲ။ ဒါက သဘာဝကျပါတယ်။ လူတိုင်းကို ကျေနပ်အောင်ဆိုတာ လုပ်မရပါဘူး။ လူတိုင်းကို ကျေနပ်အောင်လုပ်ဖို့က ကော်မရှင်တခုရဲ့ တာဝန်မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ တာဝန်ဟာ အမှန်တရားကို ဖော်ထုတ်ဖို့၊ အမှန်တရားကို အခြေခံပြီးတော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ပါ။ ဒါကို ဦးတည်ပြီး လုပ်သွားမှာပါ။ အားလုံးသဘောကျအောင် ကျမတို့ မလုပ်နိုင်ပါဘူး။"

လက်ပန်းတောင်းအရေးအခင်းအတွင်း ထိခိုက်ဒဏ်ရာရသူ သံဃာတော် ၆၇ ပါးနဲ့ လူပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၇၃ ဦး ရှိတယ်လို့ ဆေးရုံးစာရင်းတွေအရ သိရပြီး ပြင်ပမှာ သူတို့အစီအစဉ်နဲ့ သူတို့ ကုသနေသူတွေလည်း ရှိနေနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော ပြောဆိုပါတယ်။  ဒီထဲမှာ ဆေးရုံက ဆင်းသွားတဲ့ သံဃာအပါး ၃၀ ကျော် မပါပါဘူး။

ဒီအရေး အတွင်းဖမ်းဆီးခံရသူတွေ ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က "မုံရွာဘက်က ဘယ်သူမှမပါပါဘူး။ ကျမ ၂၈ ရက်နေ့ မုံရွာရောက်သွားတော့ ၂၉ ရက်နေ့မှာ ရဲအရာရှိများ၊ ဦးပိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ သပိတ်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ မဖမ်းဖို့ သဘောတူခဲ့ပါတယ်။ ကျမတို့ နားလည်သလောက်တော့ မုံရွာဘက်မှာ ဖမ်းဆီးထားတာ မရှိပါဘူး။ ရန်ကုန်မှာ ဖမ်းတာတော့ ရှိတယ်။ ရန်ကုန်မှာ ဖမ်းတာကလည်း ကြေးနီစီမံကိန်းနဲ့ ဆက်နွယ်နေတယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း ကျမတို့အနေနဲ့ စုံစမ်းထားပါတယ်၊ ရဲနဲ့လည်း ဆက်သွယ်ထားတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။"

လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆန္ဒပြနေကြတာလဲ သိချင်တယ်လို့ ပြောပါတယ်။

"အန်တီသိချင်တာက ဘာအတွက် ဆန္ဒပြနေတာလဲဆိုတာ သိချင်ပါတယ်။ ဘာအတွက် ဆန္ဒပြနေတယ်ဆိုတာ သိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်ရင် ပိုအဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒါက အရေးကြီးပါတယ်။ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ဦးတည် လုပ်သွားမှာပါ။"

အခု ကြေးနီစီမံကိန်းကိစ္စဟာ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ဘယ်အစိုးရ လက်ထက်မှာပဲ လုပ်ခဲ့ လုပ်ခဲ့ မိမိနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေမို့ အားလုံးက တာဝန်ယူရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"တကယ်ဆိုရင် ကြေးနီစီမံကိန်း စတာက မဆလ အစိုးရ ခေတ်ကတည်းက စတာပါ။ ၁၉၈၄ ခုနှစ် က စခဲ့တာပါ။ အဲမတိုင်ခင် ဒေသခံတွေကလည်း တပိုင်တနိုင်ကြေးနီလေးတွေတူးတာ ရှိခဲ့တာလည်း အင်မတန်ကြာပါပြီ။ ကြေးနီစီမံကိန်းက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ဘယ်တုန်းကပဲ စခဲ့ စခဲ့ ကျမအမြင်ကတော့ ကျမတို့နိုင်ငံရဲ့ကိစ္စတွေကို နိုင်ငံသူနိုင်ငံသားတွေအားလုံးက တာဝန်ယူရမယ်။ ကျမအနေနဲ့တော့ ဘယ်အစိုးရလုပ်ခဲ့လို့ ကျမနဲ့တော့ မဆိုင်ဘူးလို့ စိတ်ထဲဘယ်တော့မှမထားပါဘူး။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးဟာ ကျမနဲ့ဆိုင်ပါတယ်။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေ အားလုံးကို နိုင်ငံသူနိုင်ငံသားတွေကလည်း ကိုယ်နဲ့ဆိုင်တယ်လို့ စိတ်ဓာတ်ထားစေချင်ပါတယ်။ ဘယ်အစိုးရလက်ထက်က လုပ်ခဲ့လို့ ကျမတို့မှာ တာဝန်မရှိဘူးဆိုတဲ့ အမြင်နဲ့ ကျမ ဘယ်တော့မှ မလုပ်ပါဘူး။"

လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပြည်သူတွေအားလုံး အတွက် အကောင်းဆုံး အဖြေရှာသွားမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျမတို့ရဲ့ ကော်မရှင်ဟာ ဘယ်သူ့မှာတော့ တာဝန်ရှိတယ်၊ ဘယ်သူ့ကြောင့်လို့ ပြောပြီးတော့ ကျမတို့ရဲ တာဝန်ကို ခေါင်းရှောင်မှာ မဟုတ်ပါဘူး။ ဒီတာဝန်ကို လက်ခံထားပြီးဆိုရင်တော့ ဒီတာဝန်ကျေပွန်ဖို့က ကျမတို့ရဲ့ တာဝန်ပဲ။ ဒါကိုပဲ မီးမောင်းထိုးလုပ်သွားမှာဖြစ်ပါတယ်။ ကျမ ခဏ ခဏပြောတယ်၊ ကျမတို့နိုင်ငံမှာ ပြဿနာတွေရှိတာက အရေးကြီးတာ မဟုတ်ဘူး။ ပြဿနာဆိုတာ အခုလည်း ရှိမှာ နောင်လည်း ရှိမှာပဲ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းဖြေရှင်းမယ်ဆိုတာက အရေးကြီးတာပါ။ အဲတော့ ကျမတို့ ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းကို နားလည်ရမယ်။ အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို အသုံးပြုရမယ်။ အကောင်းဆုံးဖြေရှင်းပုံဖြေရှင်းနည်းဆိုတာဟာ အခြေခံအားဖြင့်တော့ ကျမတို့ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူလုပ်ရမယ်၊ အပေးအယူမလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ တိုးတက်မှုမရှိနိုင်ဘူး။ ကျမတို့ ကော်မရှင်က ကျမတို့နိုင်ငံရဲ့ ရေရှည်အရေးကို မျှော်ကိုးပြီးတော့ အကြံပြုသွားမှာပါ။ ထုတ်ဖော်တဲ့အချက်အလက်တွေဟာလည်း အမှန်အတိုင်း ထုတ်ဖော်မှာပါ။ အရင်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လိုတောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်။ ဘယ်လိုတောင်းဆိုမှုတွေကနေ နောက် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်တဲ့အတိုင်း မှန်မှန်ကန်ကန်တင်ပြပါမယ်။ ဒါကို ကြိုက်တဲ့သူလည်း ရှိမယ်။ မကြိုက်တဲ့သူလည်း ရှိမယ်။ အဓိကကျတာကတော့ အဖြစ်ကို အဖြစ်အတိုင်း ကျမတို့တင်ပြမယ်။ အဲအပေါ် အခြေခံပြီးတော့ ပေးသင့်ပေးထိုက်တယ်ထင်တဲ့ အကြံပြုချက်တွေကို ကျမတို့ ပေးမယ်။ ကျမတို့ပေးတဲ့ အကြံပြုချက်တွေအတိုင်းပဲ ဖြစ်အောင် ကျမတို့ ကြိုးစားရမယ်။ တိုက်တွန်းရမယ်။ ဒါဟာ ကျမတို့ရဲ့ တာဝန်ပဲ။ ကျမတို့အနေနဲ့ အားလုံးက ကြိုက်တဲ့အဖြေကို ရှာဖို့ မဟုတ်ပါဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေရှာဖို့ ဖြစ်ပါတယ်။" 

by ရွှေအောင် (ဒီဗွီဘီ)

တောင်ကြီး ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခြင်း ကို မခံရပ်နိုင် ခြင်းကြောင့် တောင်ကြီးမြို့ ဘုန်းကြီးကျောင်းတိုက် ၁၀၀ ကျော် မှ သံဃာများ ယနေ့ နေ့လယ် ၁ နာရီတွင် လောကမာန်အောင် ဘုန်းတော်ကြီး ကျောင်း ရှေ့မှစတင် ထွက်ခွာပြီး အနောက် မြို့ပတ်လမ်း၊ မြတ်သုခ ရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်း များကို ဖြတ်ကျော် ကာ လမ်း တစ်လျှောက် တွင် အကြမ်းဖက် ဖြိုခွင်းမှု အပေါ် တာဝန် ရှိသူကို ဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်ရန်၊ ဆန္ဒ ထုတ်ဖော်မှု ကြောင့် ဖမ်းဆီး ခံရသူများ ပြန်လွှတ် ပေးရန်၊ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန်၊ ထိခိုက် ဒဏ်ရာ ရရှိသည့် သံဃာတော် များကို တာဝန် ရှိသူမှ တောင်းပန်ရန် ကြွေးကြော်ချက် စာတန်းများ ကိုင်ဆောင်ပြီး စူဠာမုနိ ဘုရားသို့ချီတက် ဆန္ဒဖော်ထုတ်နေစဉ်...။

စူဠာမုနိ ဘုရားတွင် မေတ္တာသုတ် ရွတ်ဖတ်ခြင်း၊ တရား ဟောခြင်းများ ဆောင်ရွက်ကာ ဆန္ဒ ထုတ်ဖော်ခြင်း ကို ရုတ်သိမ်းမည် ဖြစ်သည်..။ သတင်း - ဓါတ်ပုံ ။ ။ ကိုနေမျိုး 



ပဋိပက္ခရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၌ စပါးထွက်နှုန်းတိုးနေ



 ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်စဉ်များရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးဧကမှာ လျော့နည်းသွားခြင်းမရှိပဲ ဧက (၆) သိန်းကျော် ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း   ပြည်နယ်လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

 
 
ရခိုင်ပြည်နယ် ဖြစ်စဉ်တစ်ချို့ကြောင့် ဒေသအနှံ့အပြားတွင် စပါးစိုက်ပျိုးချိန် နောက်ကျခဲ့သော်လည်း  စပါးရိတ်သိမ်းချိန်တွင် အထွက်နှုန်းတိုးကြောင်း သိရသည်။
 
 
"စပါးရိတ်သိမ်းတဲ့ အချိန်မှာ ရန်ကုန်တို့မကွေးတိုဆိုရင် မိုးရွာတယ်၊ ကျွန်တော်တို့ ရခိုင်မှာတော့ စပါး ရိတ်သိမ်းတဲ့အချိန် မိုးမရွာဘူး။ အဲဒါ တစ်ခုတော့ကောင်းတယ်၊ စပါးရိတ်သိမ်းတဲ့ အနေအထားကို ကြည့်လိုက်တော့ စိုက်ခင်းတွေလည်း   ကောင်းပါတယ်။"ဟု ပြည်နယ်မှူးဦးခင်မောင်ဝင်းက ပြောသည်။
 
 
စပါးရိတ်သိမ်းချိန်တွင် ရခိုင်နှင့် ဘင်္ဂလီတို့၏ စပါးစိုက်ခင်းများအား လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထား ကြောင်းကိုလည်း သိရသည်။
 
 
"ပဋိပက္ခဖြစ်တဲ့နေရာတွေမှာလည်း စပါးခင်းတွေ ရိတ်သိမ်းလို့ရပါတယ်။ နှစ်ဦးနှစ်ဘက်နားလည်မှု ရှိကြပါတယ်။ ဘင်္ဂလီရွာ ဆိုလို့ရှိရင်လဲ ကိုယ့်စပါးကို သိမ်းပြီးတော့  ရခိုင်ဆိုလို့ရှိရင်လဲ ကိုယ့်လယ် ကွင်းထဲမှာ ရိတ်သိမ်းနေကြတယ်။ ကျွန်တော် တို့မြင်တွေ့နေရတာကတော့ နားလည်မှုရှိရှိနဲ့ ကိုယ့်စပါး ကိုယ် ရိတ်သိမ်း နေတဲ့ အနေအထားရှိပါတယ် ။ ကျောက်တော် ဘက်မှာဆိုရင်လည်း ဘင်္ဂလီလယ် သမားတွေ ကိုယ်တိုင် ကိုယ့်စပါး ကိုရိတ်သိမ်းပြီးတော့တိုက်ရိုက်သယ်သွားတဲ့ အနေအထားမှာ ရှိတယ်။ အဟန့်အတားတွေ မရှိပါဘူး" ဟု ပြည်နယ်မှူးက ဆက်ပြောသည်။
 
 
ရခိုင်ပြည်နယ် (၁၁)မြို့နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၌ နောက်ကျခဲ့ခြင်း ဖြစ်သည်။
 
 
ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တခြားမြို့နယ်များရှိ လယ်ယာစိုက်ခင်းများသည် ဘင်္ဂါလီတို့၏ စိုက်ခင်းနှင့် ထိစပ်နေသဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲနေသေးကြောင်း ကိုလည်း ဒေသခံများထံက သိရသည်။
 
 
ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသည့် ပြည်နယ်တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် ပဋိပက္ခဖြစ်စဉ်များကြောင့် အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းတို့မှာ အနည်းငယ်သာ လုပ်ကိုင်နေကြရသည်။

myit ma kha media group


ဂက်စ်ပိုက်လိုင်း နောက်ဆက်တွဲဒဏ် မခံရစေရန် သျှမ်းဒေသခံများ ဆုတောင်းပွဲလုပ်




ဆားထွက်သည့်နယ်မြေအတွင်း ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် အချိန်မရွေးပေါက်ကွဲနိုင်သည့် အရေးတွေးပူကာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ဒေသခံများ "ဘေးကင်းရန်ကင်း ဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ" တရပ် ယနေ့ကျင်း ပခဲ့ကြောင်း စုံစမ်းသိရှိရသည်။



"ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီကနေ ၃ နာရီအထိ ကျနော်တို့ သီပေါသားတွေ စုပေါင်းပြီး ဆုတောင်းပွဲ လုပ်ကြ တယ်။ သံဃာတော် ၄ ပါးပင့်ပြီး ပရိတ်ရွတ်တယ်။ ရည်ရွယ်ချက်ကတော့ ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုမဖြစ်အောင်ပေါ့နော်။ ဘေးကင်းအောင်ပေါ့" ဟု သီပေါမြို့ခံ စိုင်းဝင်းက ပြောသည်။
လူမှုရေးလှုပ်ရှားသည့် အဖွဲ့တဖွဲ့က ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမှု၏ ကောင်းကျိုး ဆိုးကျိုးများကို ဒေသခံလူထုထံ မကြာခင်က ပညာပေး ပြောပြခဲ့ရာမှ ယခုကဲ့သို့ ဆုတောင်းပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သီပေါမြို့နယ်သည် ဆားထွက်ရာဒေသဖြစ်ရာ မြေသားမြေထုတွင် ဆားဓါတ်ပါနေသဖြင့် ပိုက်လိုင်းများသံချေး တက်လွယ်ကာ ပိုက်လုံးပေါက်ကွဲမှုဖြစ်လာနိုင်ကြောင်း၊ ပိုက်လိုင်း သွယ်တန်းထားရာတွင်လည်း ပေါက်သည်ဟု ယူဆနိုင်မည့် အရာများအား ကတ္တရာစေးပါးပါးလူးထားသည်ဖြစ်ရာ မကြာမီပြန်လည်ပေါက်ပျက်နိုင်ကြောင်း၊ ပေါက်ကွဲ ပါကလည်း ၈ မိုင်ပတ်လည် အထိ ထိခိုက်နိုင်ကြောင်း အဆိုပါ ပညာပေး အဖွဲ့က ပြောဆိုသည်ဟု  ဆုတောင်း ပွဲဖြစ်မြောက်ရေး ဆောင်ရွက် သူတဦး ကပြောသည်။
"ဒီပိုက်လိုင်းတွေကြောင့် ကျမတို့ မြို့ခံတွေ ဒေသခံတွေဘက်က ဆုံးရှုံးတာများနေပါပြီ။ ဒီပိုက်လိုင်းဟာဖြင့် ကျမတို့အတွက် ဘာမှကောင်းကျိုးမခံစားရပါဘူး။ လယ်ယာမြေတွေဆုံးရှုံးတယ်။ လျော်ကြေးတွေလည်း အပြည့်အ၀ မရကြဘူး။ ပိုက်လိုင်း လုံခြုံရေးစစ်ကြောင်းတွေနဲ့ ကျမတို့ ဒီဘက်မှာလှုပ်ရှားနေတဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ် တယ်။ ဒီဒုက္ခတွေ ကျမတို့ ရင်မဆိုင်ချင် တော့ပါဘူး။ ပေါက်ကွဲမှုမဖြစ်အောင်ဘဲဆုတောင်းကြရမှာပေါ့" ဟု ဆုတောင်းပွဲဝင်သည့် ဒေသခံအမျိုးသမီးတဦးက ပြောဆိုသည်။
ယနေ့မနက် ၉ နာရီက စတင်သော "ဘေးကင်းရန်ကင်းဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ" ကို သမိုင်းဝင် ဘော်ကြို ဘုရားအနီး မော်ကေရွာတွင် ကျင်းပခဲ့သည်။ ဝမ့်ကောင်ရွာ၊ ဝမ့်ကတ်ရွာ၊ ပန်ကေရွာ၊ ဟိုမော် ရွာနှင့်ပန်ကီရွာ ၅ ရွာက စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ အယောက် ၁၀၀ ထက်မနည်း တက်ရောက် ဆုတောင်းကြပြီး ဆုတောင်းပွဲကို လွတ်လွတ် လပ်လပ် ဖြင့်ပထမဦးဆုံးလူသိရှင်ကြား ကျင်းပနိုင်ခဲ့ကြောင်း လည်း စိုင်းဝင်းကပြောသည်။
ပရိတ်ရွတ် ဆုတောင်းပြီးနောက် ပိုက်လိုင်းမှဖြစ်ပေါ်သော အန္တရာယ် ကာကွယ်တားဆီးနိုင်ရေး အတွက်ဆက်လက် ပြောပြ သွားရန်နှင့် သျှမ်းပြည်တဝှမ်းလုံးလက်တွဲ၍ ပိုက်လိုင်းသွယ်တန်းမှုရပ်တန့်ရေး တညီတညွတ်တည်းတောင်းဆိုကြရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်ပြည်နယ်အထိသွယ်တန်းမည့် ရွှေဂက်စ်၊ ရွှေရေနံ ပိုက်လိုင်း စီမံကိန်းသည် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင်"တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) ကတာဝန်ယူကာ ၂၀၁၀ ပြည့်နှစ်တွင်  စတင်ခဲ့ပြီး  မကွေး၊ မန္တလေး နှင့် သျှမ်းပြည်မြောက်ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော် ဖြတ်သန်းကာ လာမည့် ၂၀၁၃ ခုနှစ် တွင်အပြီးသတ် ဆောင်ရွက်မည်ဖြစ်သည်။

bni


--
Posted By Blogger to လုလင်လေး at 12/06/2012 02:15:00 AM

မြို့(၁၀)မြို့၌ မိုဘိုင်းဆက်သွယ်မှု ယာယီပြတ်တောက်မည်

မိုဘိုင်းဖုန်းများ၌ 3G Data Service များ ပိုမိုတိုးချဲ့တပ်ဆင်ရန်နှင့် New Hardware Board များ ထပ်မံတိုးချဲ့ရန် Software Upgrade ပြုလုပ်သွားမည် ဖြစ်သဖြင့် ဒီဇင်ဘာလ(၆) ရက်နေ့မှ (၂၆)ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် နယ်မြို့ကြီး(၁၀)မြို့တွင် GSM ဖုန်းများ (၁၀)မိနစ်ခန့် ဆက်သွယ်မှုယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  အသိပေးထုတ်ပြန်သည်။

 

 

"၁၀ မိနစ်လောက်ကတော့ သိပ်ပြဿနာမရှိပါဘူး။ ကျင့်သားလည်း ရနေပါပြီ။ လုပ်ငန်းလုပ်တဲ့သူတွေတော့မသိဘူး။ ကျွန်တော်တို့လူငယ်တွေအတွက်ကတော့ ဘာမှမဖြစ်ပါဘူး"ဟု ရန်ကုန်မြို့နေ GSM ဖုန်းသုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။

 

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော GSM/UMTS မိုဘိုင်းတိုးချဲ့တပ်ဆင်ရေး စီမံချက်အရ ZTE Radio Access Network(RAN) Equipment များမှာ 3G Data Service များပိုမိုတိုးချဲ့ တပ်ဆင်နိုင်ရန် အတွက် iBSC, , RNC, OMMB, OMMR နှင့် SDR များအား Software Upgrade ပြုလုပ်ခြင်းလုပ်ငန်းများ ပြုလုပ်သွား မည်ဖြစ်သည်။

 

လုပ်ငန်းဆောင်ရွက်နေသည့် အချိန်များတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့များ၌ တပ်ဆင်ထားသော GSM မိုဘိုင်းဖုန်းများသည် (၁၀)မိနစ်ခန့်ဆက်သွယ်ခြင်းဝန်ဆောင်မှု(Voice Service)နှင့် အချက်အလက်ဝန်ဆောင်မှု(Deta Service)များအရ (၁၀)မိနစ် အကြာ ဆိုင်းငံ့သွားမည်ဖြစ်သည်။

 

 

ဆက်သွယ်မှု ယာယီဆိုင်းငံ့ထားမည့် မြို့ကြီး(၁၀)မြို့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ်၊ မိထ္တီလာနှင့် ပခုက္ကူတို့ ဖြစ်သည်။ အောက်ဖော်ပြပါဇယား၌  Upgrade ပြုလုပ်ခြင်းကြောင့် မိုဘိုင်းဆက်သွယ်မှု လိုင်း ပြတ်တောက်မည့်အချိန်နှင့် မြို့များအား ဖော်ပြလိုက်ပါသည်။

 

 

     နေ့စွဲ

                        အကြောင်းအရာ

         ဆိုင်းငံ့ချိန်နှင့် နေရာ

 

  ၆.၁၂.၂၀၁၂

မကွေးရှိ iBSC, , RNC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

မကွေးတိုင်းဒေသကြီး (ပခုက္ကူ၊ ဂန့်ဂေါ်ခရိုင်မှအပ)

 

  ၈.၁၂.၂၀၁၂

ရန်ကုန်(အလုံ)ရှိ iBSC, , RNC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း

 

၁၁.၁၂.၂၀၁၂

မန္တလေး(ပြည်ကြီးတံခွန်)ရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

မန္တလေးတိုင်းဒေသကြီး (မိတ္ထီလာခရိုင်မှအပ)

 

၁၃.၁၂.၂၀၁၂

နေပြည်တော်(ပင်မအိတ်ချိန်း)ရှိ iBSC, , RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

နေပြည်တော် (မြောက်ပိုင်း) (3G Only)

 

၁၃.၁၂.၂၀၁၂

မုံရွာရှိ iBSC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

စစ်ကိုင်းတိုင်းဒေသကြီး

 

၁၄.၁၂.၂၀၁၂

မုံရွာရှိ  RNC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

စစ်ကိုင်းတိုင်းဒေသကြီး (3G Only)

 

၁၅.၁၂.၂၀၁၂

မြစ်ကြီးနားရှိ iBSC, , RNC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ကချင်ပြည်နယ်

 

 

၁၅.၁၂.၂၀၁၂

မိတ္ထီလာရှိ iBSC, OMMB, OMMR တို့အား

Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

မိတ္ထီလာခရိုင်

 

၁၆.၁၂.၂၀၁၂

လားရှိုးရှိ RNC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

ရှမ်းပြည်နယ်မြောက်ပိုင်း (3G Only)

 

၁၇.၁၂.၂၀၁၂

လားရှိုးရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ရှမ်းပြည်နယ်မြောက်ပိုင်း (မူဆယ်ခရိုင်မှအပ)

 

၁၇.၁၂.၂၀၁၂

မူဆယ်ရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ရှမ်းပြည်နယ်မြောက်ပိုင်း (မူဆယ်ခရိုင်မှအပ)

 

၁၈.၁၂.၂၀၁၂

ရန်ကုန်တိုင်းဒေသကြီး(တောင်ပိုင်း)၊ နေပြည်တော်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင် ထားသော SDR (3G) များကို Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ဖော်ပြပါဒေသများ( 3G Only )

၁၉.၁၂.၂၀၁၂

ပခုက္ကူရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ပခုက္ကူခရိုင်၊ ဂန့်ဂေါ်ခရိုင်

 

၂၁.၁၂.၂၀၁၂

မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ မြစ်ကြီးနား၊ လားရှိုး၊ မူဆယ်တို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင်ထားသော SDR(2G) များကို Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ဖော်ပြပါဒေသများ

၂၄.၁၂.၂၀၁၂

နေပြည်တော်(ပင်မအိတ်ချိန်း)ရှိ iBSC, OMMB, OMMR တို့အား Upgrade ပြုလုပ်ခြင်း

နံနက်(၀၂း၄၀)နာရီမှ (၀၂း၅၀)နာရီထိ (၁၀)မိနစ်

နေပြည်တော်(မြောက်ပိုင်း)

 

၂၆.၁၂.၂၀၁၂

ရန်ကုန်တိုင်းဒေသကြီး(တောင်ပိုင်း)၊ နေပြည်တော်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးတို့ရှိ ရေဒီယိုစခန်းများတွင် တပ်ဆင် ထားသော SDR (2G) များကို Upgrade ပြုလုပ်ခြင်း

နံနက်(၀၁း၄၀)နာရီမှ (၀၁း၅၀)နာရီထိ (၁၀)မိနစ်

ဖော်ပြပါဒေသများ