Saturday, April 27, 2013

မြရည်နန္ဒာကွက်သစ်၌ ငလျှင်ဒဏ်ခံ တန်ဖိုးနည်းအိမ်ယာ တည်ဆောက်မည်

မန္တလေးမြို့ မြရည်နန္ဒာကွက်သစ်၌ ငလျှင်(၈)ရစ်ချတ်စတာစကေးဒဏ်ခံ တန်ဖိုးနည်းအိမ်ယာများကို တည်ဆောက်သွားမည်ဖြစ်သည်ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက တန်ဖိုးနည်းအိမ်ယာ တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့သည်။

 

အဆိုပါပွဲကို ဧပြီ(၂၅)ရက်နေ့ နေ့လည်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

 

" အဓိက ရည်ရွယ်တာက တန်ဖိုးနည်းရမယ် ၊ ငလျှင်ဒဏ်လဲ ခံနိုင်ရည်စွမ်းရှိရမယ်၊ ဆောက်ပြီးတော့မှ မတော် တဆပြိုကျခဲ့ရင် ဆောက်တဲ့သူတွေမှာ အပြစ်ဖြစ်နေမယ် " ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။

 

မြရည်နန္ဒာကွက်သစ်တွင် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ယာစီမံကိန်းကို ပြည်ပကုမ္ပဏီများကလည်း လာရောက် ကမ်းလှမ်းဆွေးနွေးကြသော်လည်း ငလျင်ဒဏ်အတွက် အာမခံနိုင်ခြင်းမရှိဟု မြို့တော်ဝန်က ဆက်ပြောသည်။

 

" မန္တလေးက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာရှိနေတယ် ၊ အဲဒီအတွက် ငလျှင်ဒဏ်ကိုကာကွယ်နိုင်တဲ့ အဆောက်အဦးဖြစ်ဖို့ အရေးကြီးတယ် " ဟု မြို့တော်ဝန်က ပြောသည်။

 

အဆိုပါစီမံကိန်းကို မန္တလေးမြို့တော်စည်ပင် ဘတ်ဂျတ်ဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီးစည်ပင်သာယာရှိ အင်ဂျင်နီယာများအား ထိုင်းနိုင်ငံသို့ စေလွှတ်လေ့လာမှုပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

 

ပြည်ပ ကုမ္ပဏီများမှတင်ပြလာသည့် ဈေးနှုန်းမှာ (၁၅၁)သိန်းခန့်ရှိနေခြင်းက တန်ဖိုးနည်းအဖြစ် ခေါ်ဆို၍ မရကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အဦးနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က  ပြောသည်။

 

" တန်ဖိုးနည်းဖြစ်ဖို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီဆောက်သွားမှာပါ ၊ကျွန်တော်တို့နည်းပညာအသစ်တွေ ၊ ကုန်ကြမ်းအသစ်တွေကို လေ့လာနေပါတယ် " ဟု ဦးမျိုးအောင်က ပြောသည်။

 

ရဲမွန်ဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်ရေးဒါရိုက်တာ ဦးအောင်ကျော်ဆန်းက အဆိုပါတန်ဖိုးနည်းအဆောက် အဦးအတွက်နည်းပညာသစ်များတင်ပြခဲ့ပြီး panotech နည်းပညာများကို ရှင်းပြခဲ့သည်။

 

" ဒီစနစ်ဟာ နှစ်ထပ်တိုက်တစ်လုံးကို ၀န်ထမ်းရှစ်ယောက်ထဲနဲ့ ရှစ်ရက်အတွင်းအပြီး ဆောက်လုပ်သွားလို့ရတဲ့ အထိ မြန်ပါတယ်။ ရာသီဥတုအပူချိန်ကိုလည်း သူက ထိန်းထားနိုင်တယ် ၊ သူ့ပစ္စည်း သူ့နည်းစံနစ်နဲ့ ဆောက်မယ်ဆို အဆင်ပြေတယ် "  ဟု ရဲမွန်ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်ရေးဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောသည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/26-04-13-8%20(2).jpg

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။