Wednesday, April 24, 2013

ပျူလူမျိုးတွေ ဘယ်ရောက်သွားပါသလဲ

ရှေးယခင် သူရဲကောင်းတွေက နူးညံ့တဲ့၊ ကြံ့ခိုင်တဲ့၊ ရဲရင့်တဲ့ စိတ်ဓါတ်တွေနဲ့ မြို့နန်းကြီးတွေကို သူတို့ကိုယ်တိုင် ဘယ်လိုများ တည်ဆောက်ခဲ့ကြသလဲ ဆိုတဲ့ အြံသလေးစားရတဲ့အတွေးတွေနဲ့ သရေခေတ္တရာမြို့ဟောင်းကြီးဆီ အလည်တခေါက်ရောက်ခဲ့ပါတယ်။

 

ပြည် အဝေးပြေးကားဝင်းအနီးက ရပ်ကွက်တွေကိုဖြတ်ပြီး အတွင်းထဲသို့အတော်ဝင်သွားပြီးတဲ့နောက် သဲလမ်းတွေရယ်၊ လမ်းရဲ့တဖက်က သရေခေတ္တရာ မြို့ဟောင်း အုတ်ရိုးကြီးနဲ့အတူ မြို့ရိုးတူးဖော်ရာနေရာ က နေပူပူကွင်းပြောင်ပြောင်ဖြစ်နေတာရယ်၊ နောက် ကျန်တဖက်က စိမ်းစိမ်းစိုစိုနဲ့ ကျွန်းစိုက်ခင်းတွေရှိနေတာကိုလည်း ပန်းချီကားတစ်ချပ်သဖွယ် တွေ့မြင်ရပါတယ်။

 

နာရီဝက်ခန့်ခရီးနှင်ခဲ့ပြီး ဘောဘောကြီးဘုရားကို သွားရာလမ်းမှာ အမှတ်မထင်ဆိုင်းဘုတ်လေး တစ်ခုကို မြင်လိုက်ရလို့ ဆိုင်ကယ်ကို ချိုးကွေ့ပြီး ပေတစ်ရာလောက်ရှည်လျားတဲ့ သံဇကာအဆောက်အအုံတစ်ခုဆီကို ရောက်သွားခဲ့တယ်။

 

အဲ့ဒီနေရာက အရိုးအိုးတွေ တပုံတပင်နှဲ့ ပျုလူမျိုးတို့ရဲ့သင်္ချိုင်းလို့ ခေါ်ရမလားမသိ။ ရှေးတုန်းက ပျုလူမျိုးတွေ သေဆုံးပါက အရိုးတွေကိုမြေအိုးများနဲ့ ထည့်မြုပ်နှံခဲ့ကြလေ့ရှိပြီး ပျူမင်းမျိုး မင်းနွယ်များရဲ့ အရိုးတွေကို ကျောက်အိုးများနှင့် မြုပ်နှံလေ့ရှိတယ်လို့ ပညာရှင်တွေရဲ့ သုတေသနပြုလုပ်မှုများအရ သိရပါတယ်။

 

အဲ့ဒီနောက်မှာတော့ ဘောဘောကြီးဘုရားကိုဆက်သွားခဲ့လို့ လမ်းဘေးတဖက်တချက်က တူးဖော်ထားတဲ့ကုန်း (အဆောက်အဦး) တချို့ကိုလည်း တွေ့ခဲ့ရပြန်တယ်။ ဘောဘောကြီးဘုရားလို့ လူသိများခေါ်တွင်ပေမယ့်   စေတီတစ်ဆူပုံစံသာတွေ့ရတာဖြစ်ပြီး ဒွတ္တပေါင် မင်းကြီးတည်ထားကိုးကွယ်ခဲ့သည်လို့ ရှေးမြန်မာ ရာဇ၀င်ကျမ်း တွေမှာ ဖော်ပြခဲ့ပါတယ်။

 

ဒီနေရာမှာအလျှင်းသင့်လို့ ဖော်ပြရလျှင် ရှေးမြန်မာရာဇဝင်ဆရာတို့ ပျူဘာသာ "တ္ဒးဗံး" ကို အသံဖလှယ်ရာမှ "ဒွတ္တပေါင်" လို့ခေါ်တွင်သွားတာဖြစ်ပြီး "တ္ဒးဗံး" ရဲ့အနက်ဓိပ္ပာယ်ကတော့ "မင်းကြီး" ဖြစ်တယ်လို့လည်း ပညာရှင်အချို့က ဆိုကြပြန်တယ်။

 

စေတီရဲ့ပုံသဏ္ဍန်ကတော့ ပုဂံကငကျွဲးနားတောင်း စေတီနဲ့တူပြီး စလင်ဒါပုံစံတည်ရှိကာ အမြင့်ပေတစ်ရာ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း တည်ထားခဲ့တဲ့ သရေခေတ္တရာခေတ် စေတီတော်များအနက် ဘောဘောကြီး ဘုရားမှာ   ရှေးအကျဆုံးဖြစ်တယ်လို့ လေ့လာသူ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

 

ဘောဘောကြီးဘုရားက ဆက်သွားတော့ ဘဲဘဲဂူဘုရားနဲ့ ဘုရင်မသင်္ချိုင်းတို့ရှိပြီး ဘုရင်မသင်္ချိုင်းကတော့ ကုန်းအနေနှင့်သာ တည်ရှိပါတော့တယ်။ ဘဲဘဲဂူဘုရားက အဆောက်အဦးရဲ့အပေါ်တွင် ပစ္စရာအဆင့်များ ပြုလုပ်ထားပြီး ထိုပစ္စရာများအထက် ကွမ်းတောင်တည်ရှိကာ ပုဂံဘုရာတွေလို အဆင်တန်ဆာမပါရှိပါ။

 

 ဂူအတွင်းကို အတားအဆီးမရှိ ၀င်လို့ရတဲ့အတွက့် ဂူအတွင်းမှာရှိတဲ့ ရှေးဆင်းတုတော်တစ်ဆူကိုဝင်ရောက် ဖူးမြှော်ခွင့်ရခဲ့ပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကို အခုလို လုံခြုံမှုလျော့ရဲစွာ ထိန်းသိမ်းထားရသလား ဆိုတဲ့အတွေးနဲ့ တာဝန်ရှိသူများကို စိတ်ထဲအပြစ်တင်မိပါသေးတယ်။ မသမာသူတွေ လက်ထဲကိုသာ ရောက်သွားရင် မတွေးဝံစရာပါပဲ။

 

အဲဒီနောက်မှာတော့ သရေခေတ္တရာမြို့ဟောင်းအတွင်းသို့ သွားခဲ့ပြီး စဥ့်အုတ်များနဲ့ပြုလုပ်ထားတဲ့ သရေခေတ္တရာ မြို့ရိုးကြီးနဲ့အတူ ရဟန္တာဂူဘုရားကိုလည်း အထက်ကပြောခဲ့သလို ဂူအတွင်းသို့ အတားအဆီးမရှိ ၀င်ရောက် ဖူးမြှော်ခွင့်ရပြန်တယ်။

 

 ရဟန္တာမြို့ဝင်ပေါက်လို့ ခေါ်တဲ့ မြို့ဝင်ပေါက်မှတဆင့် မြို့ဟောင်းအတွင်း ၀င်ရောက်ပြီးနောက် အတွင်း နန်းတော်ရာကုန်းလို့ သတ်မှတ်ထားတဲ့ နေရာကိုရောက်ရှိခဲ့တယ်။ နန်တော်ရာကုန်းကတော့ ထောင့်မှန်စတုဂံပုံ ကုန်းမြင့်မြင့်နဲ့ ခြုံများနှင့်အုတ်ပုံအသွင်သာတွေ့ရပါတော့တယ်။

 

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံရှိရာနယ်မြေဖြစ်တာကြောင့် နေရာတိုင်းမှာ သစ်ပင်ကြီးဆိုလို့ လုံးဝမရှိပဲ ခြစ်ခြစ်တောက် ပူနေတဲ့ သဲဖြူလမ်းတလျောက် လူကကျွတ်နေအောင် ခံစားခဲ့ရသေးတယ်။ တဖက်က ကျွန်းတောကြီးကို ဖြတ်သန်းခဲ့ရသလို ကျေးငှက်သံမရှိ အေးချမ်းမှုလုံးဝကင်းမဲ့လှတဲ့အတွက် သစ်တော၊ သစ်ပင်တွေရဲ့ အရေးပါလှပုံကို ကိုယ်တိုင်ခံစားသိလာရတော့တယ်။

 

သမိုင်းဝင် "ထန်" တရုတ်စာပေ ရာဇ၀င်ဟောင်းတွေရဲ့ အဆိုအရ အေဒီ ၄ ရာ စုလောက်ကပင် အလွန် တိုးတက်ခဲ့ပြီး အေဒီ ၈ ရာစုလောက်တွင် မြို့ကြီး ၅ မြို့ နှင့်ပြည်နယ်ပေါင်း ၁၈ နယ်မျှရှိခဲ့တဲ့ ပျူမြို့တော်ကြီးမှာ အခုအခါ ကျီးနှင့်ဖုတ်ဖုတ် လို့ဆိုရမလောက်အောင် ဖြစ်နေပါပြီ။

 

ဒေါက်တာသန်းထွန်းရေးခဲ့သလို တောင်တွင်းကြီးအနီးက ဗိဿနိုး၊ ရွှေဘိုတောင်ဘက်က ဟန်လင်း၊ ပြည်အနီး မှော်ဇာက သရေခေတ္တရာဆိုတဲ့ ပျုနိုင်ငံတွေကို တည်ထောင်ခဲ့တဲ့ ပျူလူမျိုးတွေ ဘယ်ရောက်သွားပြီလဲ ဆိုတာကို စဉ်းစားရင်း နန်းတော်ရာကုန်းအတွင်း ဟိုဟိုဒီဒီလေ့လာလိုက်ပါသေးတယ်။

 

သေချာတာတစ်ခုကတော့ ပုဂံက ရာဇကုမာရမင်းသား ရေးထိုးစိုက်ထူခဲ့တဲ့ မြစေတီ ကျောက်စာကို မွန်၊ ပျူ၊ ဗမာ၊ ပါဋ္ဌိ ၄ ဘာသာဖြင့် ရေးထိုးထားတာကို ကြည့်ခြင်းအားဖြင့် ပုဂံခေတ်ထိတိုင်အောင် ပျူလူမျိုးတွေ ရှိနေသေးတယ်လို့ ယူဆရန်သာ ရှိတော့တယ်။ ဒါပေမယ့် မြစေတီကျောက်စာက ပျူစာဟာရှေးမြန်မာစာဖြစ်ပြီး ပုဂံခေတ် မြန်မာစာနဲ့ ပျူခေတ်မြန်မာစာ (မြန်မာစာ ၂ မျိုး)နဲ့ရေးထိုးတာဖြစ်တယ်လို့ သုတေသီအချို့က ဆိုပြန်သေးတယ်။

 

ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စကို ကို ကမ္ဘာ့ရှေးယောင်း အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အဆိုပြုတင်သွင်းသွားမယ်လို့ သိရပေမယ့် နောက်ထပ် ဘာသံမှ မကြားတော့။ အခုလည်း လာရောက်လေ့လာသူ ကျွန်တော်တို့ကလွဲလို့ ကျန်ဘယ်သူ့ကိုမှမတွေ့ရ။ သုတေသနအလုပ်များနှင့် တော်တော်အလုပ်ရှုပ်နေသလားဆိုတာလည်း စဉ်းစားစရာပါပဲ။

 

တကယ်လို့ ယူနက်စကိုကသာ အသိအမှတ်ပြုခံရပါက နိုင်ငံတော်အဆင့်မှ ထိုဒေသရှိ လူမှုစီးပွားရေးအထိပါ အထိုက်အလျှောက် အကျိုးခံစားခွင့်တွေ ရလာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်လာနိုင်လိမ့်မယ် လို့ယုံကြည်မိတယ်။ ဒါ့အပြင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရာမှာ စနစ်တကျထိန်းသိမ်းလာနိုင်ပြီး ကမ္ဘာပေါ်တွင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းမနိမ့်ဘူး ဆိုတာကိုပါ ကမ္ဘာကိုပြသနိုင်လိမ့်မယ်လို့ မျှော်လင့်မိပြန်တယ်။

 

စာရေးသူအနေနဲ့တော့ ပညာရှင်လည်းမဟုတ်တာကြောင့် ဥာဏ်မီသလောက်ပဲမျှော်လင့် တိုက်တွန်းတတ် ပါတယ်။ တက်ကျွမ်းသူပညာရှင်တွေ စနစ်တကျသုတေသနပြုလုပ်နိုင်ဖို့ဆိုတာ နိုင်ငံတော်ဘတ်ဂျက် ကလည်း လိုသေးတယ်ဆိုတာ ဖြည့်တွေးရင်း မှော်ဇာရှိ သရေခေတ္တရာ ယဉ်ကျေးမှု့ပြတိုက်ကို သွားရောက် လေ့လာခဲ့ပါသေးတယ်။

 

ပြတိုက်မှာ ကျောက်အရိုးအိုးတွေ၊ ပျူခေတ် အသုံးအဆောင်တွေ၊ ဒင်္ဂါးတွေကိုပြသထားပြီး အခိုးခံခဲ့ရတဲ့   ပြည်တော်ပြန် အရုပ် ၅ ရုပ်ကိုလည်း ထူးထူးခြားခြားတွေ့ခဲ့ရသေးတယ်။ အဲဒီ အရုပ် ၅ ရုပ်အနက် ၄ ရုပ်က အခိုးခံခဲ့ရပြီး အနောက်နိုင်ငံတွေကိုရောက်သွားပြီး သူဌေးတစ်ဦးက ၀ယ်ယူခဲ့ပြီး ပြန်လည်လာရောက် အပ်နှံခဲ့ခြင်းကြောင်း ပြတိုက်တာဝန်ကျ ၀န်ထမ်းတစ်ဦးကရှင်းပြတယ်။ ပြတိုက်မှာရှိတဲ့   ရှေးဟောင်း အမွေအနှစ် တွေတောင် ဒီလို အခိုးခံရရင် ဂှုဘုရားတွေက ရှေးဟောင်းအမွေအနစ်တွေ အတွက် တော်တော်လေး ရင်လေးမိပါသေးတယ်။

 

စစ်ကိုင်းက ကောင်းမှုတော်စေတီပုံစံမျိုးရှိတဲ့ ဘုရားကြီး၊ ဘုရားမာ တို့ကို သွားရောက်တော့ ဘုရားအနီးမှာ ရှိနေတဲ့ ကောက်စိုက်သမလေးများနဲ့ စကားလက်ဆုံကျခဲ့ရသေးတယ်။

 

အတန်းပညာကလည်း သူတို့ ၇ ယောက်မှာ ၄ တန်းထိတက်ခဲ့တာ တစ်ယောက်သာပါတယ်ဆိုတာသိရတော့ သက်ပြင်းများတောင်ချမိသေးတယ်။ သူတို့ကို ကြည့်တော့လည်း သီချင်းလေးညဉ်းလို့ ပျော်ပျော်ပဲ ကောက်စိုက်လို့နေကြလေရဲ့။ အပူအပင်မရှိသည့်နှယ်။

 

အပြန်လမ်းတလျှောက် စာပေယဉ်ကျေးမှုတွေနဲ့ အဲ့ဒီယဉ်ကျေးမှုရဲ့တန်ဖိုးတွေကို ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက်   ခဲ့ကြသလဲ ဆိုတဲ့ အတွေးတွေကတလှည့် ဂုဏ်ယူခဲ့ရတဲ့ အဲ့ဒီယဉ်ကျေးမှုအမွေအနစ်တွေအတွက် စိုးရိမ်စရာ အတွေးတွေက တပြန်နဲ့ အပြန်လမ်း တစ်လျှောက် ဥာဏ်မှီသလောက် စဉ်းစားရင်း အငြင်းပွားမှုတွေကိုလည်း အမှတ်ရလိုက်ပါသေးတယ်။

 

"မြန်မာအစ တကောင်းက"၊ "မြန်မာအစ ကျောက်ဆည်က" စတဲ့ ဆိုရိုးစကားတွေနဲ့ အတူ တချို့ကလည်း မြန်မာဆိုတာ ပျူကဆင်းသက်လာတယ်လို့ သမိုင်းအထောက်အထားတွေနဲ့တကွ ရှာဖွေဖော်ထုတ်ခဲ့ပြီး ပျုမြို့ပြနိုင်ငံများဖြစ်တဲ့ ဟန်လင်း၊ သရေခေတ္တရာ တို့ဟာလည်း မြန်မာတို့ရဲ့အစလို့ တင်ပြနေတဲ့ သုတေသီ အချို့ရှိနေပါတယ်။ အဲ့ဒီအဆိုကိုပဲ အငြင်းပွားမှု အမျိုးမျိုးလည်းရှိနေကြပြန်ပါတယ်။

http://www.myitmakhamediagroup.com/administratorpanel/image/22-04-13-4%20(1).JPG

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။