Tuesday, May 7, 2013

ဆယ်စုနှစ်များအတွင်း အင်းလေးဒေသ၏ သဘာဝပတ်ဝန်းကျင်၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများဆို


5.5.6
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ရှမ်းပြည်နယ် အင်းလေးဒေသရှိ သဘာဝပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ကာ ယိုယွင်းမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၅၀ ကျော်၊ ကျေးရွာပေါင်း ၄၀၀ ကျော် တည်ရှိသည်။

အဆိုပါဒေသသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရာတွင် သစ်တောပြုန်းတီးမှု၊ ရေပြင်ညစ်ညမ်းခြင်း မြင့်တက်လာမှု၊ ရေပြင်ဧရိယာ ကျဉ်းမြောင်းလာမှု၊ ရေအနက် ယခင်ကထက် လျော့လာမှု၊ ယခုနောက်ပိုင်း ကြုံတွေ့ရသည့် ပူပြင်းခြောက်သွေ့ချိန်တွင် ရေအ၀င်နည်းပါးမှု စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

''ရေပြင် ဧရိယာက အလျားလိုက်လည်း ကျဉ်းမြောင်းသွားသလို အနံလိုက်လည်း ကျဉ်းမြောင်းသွားပါတယ်'' ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းမှ အမှုဆောင် စိုက်ပျိုးရေး ပညာရှင် ဦးသာဒိုးက ပြောပြသည်။

အင်းလေးကန်သည် ၁၉၃၄ ခုနှစ်တွင် ကန်အကျယ်အ၀န်း ၁၀၄ စတုရန်းမိုင်ရှိပြီး ၂၀၀၅ ခုနှစ်တွင် အကျယ်အ၀န်း ၈၇ ဒသမ ၅၄ စတုရန်းမိုင် ရှိခဲ့သည်။

ယခုအခါ ပြန်လည်တိုင်းတာ ချက်အရ ဧရိယာ ၆၃ စတုရန်းမိုင်သာ ကျန်ရှိတော့ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဆည်မြောင်း ဦးစီးဌာန၏ အင်းလေးကန်နှင့် မိုင်၂၀ ၀န်းကျင် စိမ်းလန်းစိုပြည်ရေး သစ်တော၊ ရေ၊ မြေ၊ သားငှက်၊ တိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး စီမံကိန်းလုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်းလေးဒေသတွင် ကန်အကျယ်အ၀န်း ပြောင်းလဲခဲ့သည် သာမက ရေတည်ရှိမှုပိုင်းတွင်လည်း အပြောင်းအလဲများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

အာဆီယံ အမွေအနှစ်ဥယျာဉ် ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ပါဝင်သော အင်းလေးကန်သည် ယခင်က ယင်း၏ အောက်ဘက်ရှိ စံကားအင်း၊ မိုးဗြဲဆည် စသည်တို့၌ ရေခန်းချိန်များတွင်ပင် ရေနည်းပါးမှုမျိုး မရှိခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်က စံကားအင်း ရေခန်းခြောက်ချိန်တွင်ပင် အင်းလေးကန်တွင် ရေအပြည့် ရှိနေခဲ့ကြောင်း သိရှိရသည်။

''အင်းလေးက အဲဒီအချိန်မှာ ရေအပြည့်ပဲ။ ၂၀၁၀ ကျတော့ အင်းလေးက လုံးဝရေကုန်သွားတယ်။ ဟိုဘက်မှာကတော့ ရေက ပေါနေတယ်။ ခုလည်း ဒီအတိုင်း ဖြစ်နေပြီ။ အဲဒါက အပေါ်ဆုံးကန်က ရေကို စီးထွက်နှုန်း တအားများအောင် လုပ်ပစ်လိုက်လို့။ မဆည် ထားတဲ့သဘော'' ဟု စိုက်ပျိုးရေး ပညာရှင် ဦးသာဒိုးက ပြောကြားသည်။

''၂၀၁၀ တုန်းက ရေတော်တော် ခန်းသွားတော့ ရွာထဲကို ဧည့်သည်လာအောင် ရေလမ်းဖောက်ပေးရတယ်။ ကိုယ့်ခြံထဲလည်း ဖောက်ရတယ်။ အခုလည်း ခြံထဲမှာ ဧည့်သည်တွေ ၀င်နိုင်အောင် နေ့တိုင်း ရေလမ်းဖောက်နေရတယ်''ဟု အင်းပေါခုံကျေးရွာ ခေတ်ဆန်းယဉ်ကြာ၊ ပိုးနှင့် ချည်ရက်ကန်းရုံမှ ဦးအေးမောင်က ပြောပြသည်။

အင်းလေးဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့် မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့သည်။

''ကျွန်မတို့ ငယ်ငယ်တုန်းက ရေပေါ်ဈေးဆို ကိုယ်ကလည်း ရေပေါ်ကပဲ ၀ယ်တယ်။ ဈေးသည်ကလည်း ရေပေါ်ကပဲ ရောင်းတယ်။ အဲဒါကိုက ပျော်စရာကောင်းတယ်။ အခု နောက်ပိုင်းတော့ ရေခန်းသွားတော့ ရေပေါ်ဈေးလည်း ကုန်းပေါ်ရောက်သွားတယ်။ ကျွန်မတို့လည်း လမ်းလျှောက်ပြီး ဈေးဝယ်ရတယ်။ ငယ်တုန်းက အချိန်တွေကိုတော့ တော်တော်လွမ်းပါတယ်'' ဟု ရေပေါ်ဈေး တည်ရှိသည့် ဟဲယာရွာမမှ ဒေါ်သန်းခင်က ပြောပါသည်။

အင်းလေးဒေသသို့ စီးဝင်သော ချောင်းအရေအတွက်သည် ၂၉ ခုရှိပြီး ရေဆင်းဧရိယာမှာ ၁၄၄၂ စတုရန်းမိုင်ဖြစ်သည်။ အင်းလေးကန်အတွင်းသို့ အဓိက စီးဝင်သော ချောင်းများမှာ နမ့်လတ်ချောင်း၊ နယ်ခြားချောင်း၊ ကလောချောင်း၊ ဘီလူးချောင်းတို့ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း အင်းလေးကန်၏ ရေဝေရေလဲ ဧရိယာအတွင်း ပါဝင်သော ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင် မိုးရေချိန်ရရှိမှု နည်းပါးခဲ့သည်။

ယင်းအနက် ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ဖယ်ခုံ မြို့နယ်တို့အတွင်း မိုးရရှိမှုသည် အင်းလေးကန်တွင် စံချိန်တင် ရေကျဆင်းခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ထက်ပင် ၂၀၁၂ ခုနှစ်၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည်။

မိုးနည်းပါးခြင်း၊ သစ်တော ပြုန်းတီးခြင်းနှင့် ဆက်စပ်ကာ မြေဆီလွှာ တိုက်စားပို့ချခြင်း၊ အနည် အနှစ် ကျဆင်းမှု များပြားလာခြင်း စသည့် အကြောင်းအချက်များသည် အင်းလေးကန် အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေနည်းပါးမှုကို အဓိက ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိတွင် ကန်မကြီးအတွင်း ရေတည်ရှိမှု အပြောင်းအလဲ မသိသာသေးဘဲ ယင်းသို့ စီးဝင်သော ချောင်းအများစုတွင်မူ ရေနည်းပါးမှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

''အခုအင်းထဲမှာ ရေခန်းနေတဲ့ ရွာတွေ အများကြီး။ သုံးရေ ခက်တယ်။ သောက်ရေ ခက်တယ်။ ခက်တဲ့အပြင်ကို ရေက အခုစမ်းရေ ထွက်တွေမှာ သွားယူတယ်။ ပြန်လာရင် ကိုယ့်အိမ်ကို သယ်ဖို့ လမ်းမရှိဘူး။ ရေလမ်း မဟုတ်တော့ဘူးလေ၊ ဗွက်လမ်းဖြစ်နေတော့။ အများကြီးပဲ။ ပျက်သုဉ်းတာကတော့။ နောက် သစ်တော။ ဒီနေ့ကြည့်လိုက်ရင် ဒီအပင် ဒီတစ်ကွက် မြင်သေးတယ်။ နောက်ရက် မရှိတော့ဘူး။ ပတ်ဝန်းကျင် ပျက်သုဉ်းမှုကတော့ တစ်နေ့တစ်မျိုးပဲ'' ဟု ဦးသာဒိုးက ပြောကြားသည်။

''ကျွန်တော်တို့ ငယ်တုန်းက ပတ်ဝန်းကျင်နဲ့ အခုပတ်ဝန်းကျင်က အများကြီး ကွာသွားပြီ။ အရင်က အိမ်နားနီး ခပ်ရင်တောင် သောက်ရေက သောက်လို့ရတယ်။ အခုတော့ သောက်သုံးလို့ မရတော့ဘူး။ အင်းပြင်မှာခပ်တောင် မရတော့ဘူး ခုက။ အရင်တုန်းက ရွာထဲမှာ လှေနဲ့ပဲ သွားလို့ရတယ်။ အခုဆိုရင် လမ်းလျှောက်သွားနေရပြီ'' ဟု နန်းပန်ရေလယ်ရပ်မှ ဦးကျော်မိုးက ပြောပြသည်။

အင်းလေးဒေသတွင် သစ်တောပြုန်းတီးမှုလည်း မြင့်တက်လာနေပြီး သဘာဝပတ်ဝန်းကျင် အနေအထားသည် နှစ်ပိုင်းအတွင်းတွင်ပင် အပြောင်းအလဲ မြန်ဆန်စွာ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။

အင်းလေးဒေသ ထိန်းသိမ်းရေးအတွက် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှာ အင်းလေးကန် သဘာဝထိန်းသိမ်းရေး နယ်မြေများမှ အခြားမြေ အသုံးချမှုသို့ ပြောင်းလဲအသုံးပြုရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လာကြခြင်း၊ ဥပမာ လူနေအိမ် များပြားလာမှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှု၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ များပြားလာမှု၊ ဘေးမဲ့တောအတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တရားဝင် ငါးဖမ်းလိုင်စင်များ ချထားမှုကြောင့် ဒေသခံတို့၏ ရေရှည်အသုံးချနိုင်မှု အတွက် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခက်အခဲရှိခြင်း၊ အင်းလေးကန်တွင်း ရေအရည်အသွေး ကျဆင်းစေသည့် ဖြစ်စဉ်များ တိုးမြှင့်လာခြင်း စသည်တို့ ဖြစ်သည်ဟု သိရှိရသည်။

ခရီးသွား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးလာ၍ ၀င်ရောက်ရင်းနှီး မြှုပ်နှံလိုသူ များပြားလာသည့် အတွက်လည်း ကန်၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ထိန်းညှိနိုင်ခြင်း မရှိမည်ကို ဒေသခံများက စိုးရိမ်မှု ရှိနေသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ၁၉၈၅ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ အရှေ့တောင်အာရှရှိ အကြီးဆုံး ရေတိမ်ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသော ဒေသလည်း ဖြစ်သည်။ ဧရိယာ အကျယ်အ၀န်း အားဖြင့် ၂၄၇ ဒသမ ၄၅၃ စတုရန်းမိုင် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၅၀ တွင် တည်ရှိသည်။

အင်းလေးကန်နှင့် အင်းလေးဒေသ

- အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး အင်းအိုင်ဖြစ်သည်။

- ဘီလူးချောင်းသည် အင်းလေးကန်မှ စီးဆင်းသွားသော ချောင်းဖြစ်သည်။ အင်းလေးကန်သည် လောပိတ ရေအားလျှပ်စစ် စက်ရုံအတွက် အရေးပါသော ရေအရင်းအမြစ်ဖြစ်သည်။

- အင်းလေး၏ မူရင်းအမည်မှာ အင်းလေးရွာ (သို့မဟုတ်) အင်း (၄) ရွာ ဖြစ်သည်။ အင်းလေးဒေသရှိ နမ့်ပန်ရွာစု၊ ၀မ်လုံ(ခေါ်)ရွာကြီးဗန်းပုံစု၊ နောင်တော(ခေါ်)နောင်တောင်းစု၊ ဟိုင်းယ(ခေါ်)ဟဲယာရွာမစု ဟူသော ကျေးရွာအုပ်စု(၄)စုကို စုပေါင်းခေါ်ဆိုထားခြင်း ဖြစ်သည်။

- အင်းသားလူမျိုးတို့ အဓိက နေထိုင်သည်။ တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပအို့ဝ်တိုင်းရင်းသားများလည်း နေထိုင်ကြသည်။

- ကျေးရွာအုပ်စု ၅၀ ကျော်၊ ရွာပေါင်း ၄၀၀ ကျော်ရှိသည်။

- အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်သည်။ ကျွန်းမျောများပေါ်တွင် လုပ်ကိုင်သည့် ရေခြံစိုက်ပျိုးရေး လုပ်ငန်းကို မြန်မာနိုင်ငံ၌ အင်းလေးဒေသတွင်သာ တွေ့ရမည် ဖြစ်သည်။

- အခြားစီးပွားရေး လုပ်ငန်းများမှာ ငါးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း စသည်တို့ ဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။