Thursday, May 16, 2013

သားငါးကဏ္ဍ ပုဂ္ဂလိကလုပ်ငန်းကော်မတီ (၁၃)ခု ဖွဲ့စည်းမည်

မြန်မာနိုင်ငံသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန်အတွက်

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပုဂ္ဂလိကလုပ်ငန်းကော်မတီများကို မကြာမီကာလအတွင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။       

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းတစ်ခုချင်းစီအလိုက် စီမံဆောင်ရွက်ရန် လမ်းညွှန်ပေးမှုဖြင့် မြန်မာနိုင်ငံ သားငါးကဏ္ဍ ပုဂ္ဂလိကလုပ်ငန်းကော်မတီများအား ဖွဲ့စည်းသွားမည်ဖြစ်သည်။  

 

အဆိုပါလုပ်ငန်းကော်မတီများအနက် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ငါးပုစွန်နှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီ(၈)ခု နှင့်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အသားနှင့်ပတ်သက်သည့် လုပ်ငန်းကော်မတီ(၅)ခုတို့အား ရှေ့လုပ်ငန်းစဉ် များအနေဖြင့် အစီအစဉ်ရေးဆွဲထားသည်ဟု သိရသည်။  

 

"လောလောဆယ်မှာ မူကြမ်းကိုချပြီးတော့ အသေးစိတ်စီမံပြီး ဖွဲ့စည်းသွားမယ်။ ငါးလုပ်ငန်းမှာဖွဲ့မယ့် ဒီ(၈)ခုက ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခြုံငြုံပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ (၈)ခုရဲ့ဖွဲ့စည်းမှုနဲ့ လုပ်ငန်းဆောင် ရွက်မှုတွေကို မကြာခင် ရက်ပိုင်းအတွင်းမှာ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့ ဆောင်ရွက်သွားမှာပါ" ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။  

 

ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့် ပုဂ္ဂလိက လုပ်ငန်းကော်မတီ(၈)ခုမှာ ဘာသာရေးလုပ်ငန်းကော်မတီ၊ ငါးပုစွန် မွေးမြူရေးလုပ်ငန်းကော်မတီ၊ ဖွံ့ဖြိုးရေးနှင့်သုတေသနလုပ်ငန်းကော်မတီ၊ ဈေးကွက်ပိုင်းဆိုင်ရာလုပ်ငန်း

ကော်မတီ၊ ရေထွက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကော်မတီ၊ ငါးဖမ်းလုပ်ငန်းများဆိုင်ရာလုပ်ငန်း ကော်မတီ၊ ငါးပုစွန် အစာထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ငါးပုစွန်ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီတို့ ဖြစ်သည်ဟု သိရှိရသည်။  

 

မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့် ပုဂ္ဂလိကလုပ်ငန်း ကော်မတီ(၅)ခုမှာ အသားစား၊နို့စား၊ သိုး၊ ဆိတ်မွေး မြူရေးလုပ်ငန်းကော်မတီ၊ ၀က်မွေးမြူရေးလုပ်ငန်းကော်မတီ၊ ကြက်ဘဲမွေးမြူရေးလုပ်ငန်း ကော်မတီ၊ အစာ ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ကြက်မွေးမြူရေးလုပ်ငန်းကော်မတီတို့ဖြစ်ကြောင်း သိရသည်။  

 

"ဒီလုပ်ငန်းကော်မတီ(၅)ခုကို လက်ကားကုန်စည်ပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အသေးစားအလတ်စား လုပ်ငန်းတွေ အတွက် လျှပ်စစ်ဓါတ်အားမြှင့်တင်ဆောင်ရွက်ဖို့၊ ငွေရေးကြေးရေးအသေးစား

ချေးငွေလုပ်ငန်းအားပေးမြှင့် တင်ဖို့၊ လမ်းပန်းဆက် သွယ်ရေး အခြေခံအဆောက်အအုံစီမံရေးဆွဲပေးဖို့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးဝင်းစိန်က ပြောသည်။

 

အဆိုပါ လုပ်ငန်းကော်မတီများ အကောင်အထည်ဖော်နိုင်ရန်အတွက် အမျိုးသားစီမံကိန်းမှ တဆင့်နိုင်ငံတော် စီမံကိန်းသို့ တင်ပြထားကြောင်း အကောင်အထည်ဖော်နိုင်ပါက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသားငါးဆိုင်ရာကဏ္ဍများ တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်းနှင့် ဆင်းရဲမွဲတေမှုများ လျော့ကျလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

 

သားငါးကဏ္ဍအပြင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများတွင်လည်း နိုင်ငံတော်အစိုးရမှ ကဏ္ဍအသီးသီးအလိုက် ပုဂ္ဂလိကလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်

ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။