Thursday, May 9, 2013

ကျည်တောက်ပေါက် ရွှေလုပ်ကွက်အင်းပေါက်မှု လျှော်ကြေးပေးစရာမလိုပဲ ပြေလည်မှုရ

စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက်ပေါက်ကျေးရွာအနီးပတ်ဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် အင်းပေါက်သည့်ပြသာနာမှာ လျော်ကြေးတစုံတရာ မပေးရပဲ ပြေလည်မှုရရှိခဲ့ပြီဖြစ်သည်ဟု ပြည်သာနိုင် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် ပြည်သာနိုင်ကုမ္ပဏီလေလံရအင်းပိုင်ရှင် ဦးဖိုးဇော်အင်းနှင့် ထက်ရည်လင်းကုမ္ပဏီလေလံရ ဦးသိန်းဟန်တူးဖော်နေသည့် ရွှေလုပ်ကွက်အင်းမှာ အင်းပေါက်မှု ဖြစ်ပွား ခဲ့သဖြင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာမှ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည်။

 

"အင်းပေါက်ရင် အင်းပိုင်ရှင်က တာဝန်ယူဖြေရှင်းရတယ်၊ အင်းပိုင်ကလျော်ရမယ်ဆိုရင်လည်း အင်းပိုင်က တစ်ယောက်ထဲဖြစ်နေတော့ ဒီကိစ္စပြေလည်သွားတယ်၊ ကျွန်တော်တို့ကုမ္ပဏီဘက်က ၁၈ပေနောက်ဆုတ်ပေး လိုက်ရတယ်"ဟု ပြည်သာနိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အင်းပိုင်ရှင်နှင့် ကုမ္ပဏီအကြားချုပ်ဆိုထားသည့်စာချုပ်၌ အင်းပေါက်ပါက အင်းပိုင်မှ တာဝန်ယူဖြေရှင်းရမည်ဟု ပါရှိကြောင်း၊ ယခုကိစ္စမှာ အင်းပိုင်က ပထမအင်းအောင်၍ အင်းဟောင်းကို ကိုယ်စားထားခဲ့ရာမှ အင်းပေါက်ခဲ့ ခြင်းဖြစ်ပြီး အင်းပိုင်ရှင်နာမည်တစ်ဦးတည်းဖြစ်သည့်အတွက် အလျော်အစားမရှိကြောင်း၊ ထက်ရည်လင်း ကုမ္ပဏီပိုင် အင်းဘက်ကလည်း တောင်းဆိုမှု တစုံတရာမရှိဟု  ၄င်းက ဆက်ပြောသည်။

 

အင်းပေါက်စဉ်က အင်းပိုင်ရှင်ဘက်ကမှ ပြည်သာနိုင်ကုမ္ပဏီအပေါ် ကျေနပ်မှုမရှိဟု အသံများထွက်ခဲ့သော် လည်း လက်ရှိတွင်ပြေလည်သွားပြီဖြစ်သည်ဟု အင်းပိုင်ရှင်ကိုဖိုးဇော်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

"သတ္တုတွင်းစည်းမျဉ်းအရ ပေးတိုင်းပြီး ဆုတ်ပေးလိုက်ရတာပါ"ဟု အင်းပိုင်ရှင်ကိုဖိုးဇော်ဘက်မှ တာဝန်ခံက ဆိုသည်။

 

အဆိုပါဒေသ၌ အောင်ကိုသူ၊ ထက်ရည်လင်း၊ မြောက်ကျွန်းသူမမ၊ ၁၆၈နှင့် အခြားရွှေသတ္တုတူး ဖော်ထုတ် လုပ်ခွင့်ရ ကုမ္ပဏီများမှာ ဒေသခံရင်းနှီးမြုတ်နှံလိုသူအင်းပိုင်းရှင်များနှင့် ပူးပေါင်း၍ ရွှေသတ္တုအား သုံးပုံတစ်ပုံစီ ဝေစုယူ၍ တူးဖော်လုပ်ကိုင်လျက်ရှိသည်။ အဆိုပါလေလံရကုမ္ပဏီများမှာ လုပ်ကွက်ရရှိရန် ဧက(၂၀)အတွက် တစ်နှစ်လျှင် နိုင်ငံတော်သို့ ရွှေစင်(၂၄)ကျပ်သား ပေးသွင်းရသည်ဟု သိရသည်။

ထိုဒေသ၌ ရွှေလုပ်ကွက်အင်းတစ်လုံးလျှင် ယခင်က အတောင် ၅၀ ၀န်းကျင်မြေအောက်သို့ တုဖော်၍ ရွှေရ သော်လည်း ယခုအခါ အတောင် ၂၀၀မှ ၃၀၀အထိ တူးဖော်နိုင်မှာ ရွှေရနိုင်မည်ဖြစ်ပြီး တစ်တောင်တူးဖော်လျှင် ကျပ်တစ်သိန်းဝန်းကျင် ရင်းနှီးရသည်ဟု ငါးပြားပေးကျေးရွာမှအင်းပိုင်ရှင် ကိုကျော်မိုးဝင်းက ဆိုသည်။

 

လက်ရှိရွှေတော၌ ဖြစ်ပွားလေ့ရှိသည့် အလုပ်ရှင်အလုပ်သမားပဋိပက္ခများအပါအ၀င် လေလံရကုမ္ပဏီ များအကြား ကြားဝင်ညှိနှိုင်းရန်အတွက် ရွှေတံခွန်၊ ပိတောက်ချပ် အလုပ်သမားသမ္ဂထူထောင်နိုင်ရန် အလုပ်သမားများက ဦးဆောင်ကြိုးပမ်းနေသည်ဟု အင်းလုပ်သားတို့က ဆိုသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။