Friday, August 30, 2013

Air Supply ဖျော်ဖြေပွဲမှ ရရှိငွေအချို့ကို စစ်ဘေးသင့်ကလေးငယ်များအားသွားရောက်လှူဒါန်း

ပုဂံအင်တာတိန့်မန်နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် Air Supply Live In Myanmar  ဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ကြေးများထဲမှ အချို့အား ကချင်စစ်ဘေးဒဏ်သင့် ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် သြဂုတ် ၂၁ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယင်းဖျော်ဖြေပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် သြဂုတ် ၁၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ကာ တောင်တန်းဒေသရှိ ကလေးငယ်များ၏ပညာသင်ကြားရေးအတွက် ရည်ရွယ်ကာ ကျင်းပသည့် ဖျော်ဖြေပွဲလည်း ဖြစ်သည်။



ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး က “ဒီရှိုးပွဲကနေ ရန်ပုံငွေစုစုပေါင်း ကျပ် ၈၆၁ သိန်းရတယ်။ အဲဒီထဲက ကျပ်သိန်း ၂၀၀ ကို ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံစားနေရတဲ့ကလေးများကို သွားရောက် လှူ ဒါန်းခဲ့ပါတယ်။ ဒါပြီးရင် ရှမ်းနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေကို သွားရောက် လှူဒါန်းပါမယ်။ ရှမ်းပြည်နယ်က ကလေးသူငယ်များရဲ့ ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျပ်သိန်း ၁၀၀၊ ချင်းပြည်နယ်က ကလေးသူငယ်များရဲ့ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းဖို့ လျာထားပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကိုက ကျောင်းနေ သင့်တဲ့အရွယ် ကလေးငယ်တွေ
ကျောင်းတက်နိုင်ဖို့ အတွက်ပါ။ နောက်ထပ်ကျန်ရှိတဲ့ရန်ပုံငွေတွေကို လည်း တခြားဝေးလံတဲ့ ပြည်နယ်တွေကို သွားရောက်လှူဒါန်းသွားဦးမှာပါ”ဟု ပြောပြသည်။

ယင်းရန်ပုံငွေပွဲတွင်  Air Supply အဖွဲ့မှ အဆိုတော် ussell Hitchcock နဲ့အတူ Graham Russell၊ Rex Goh၊ David Moyse၊ Mark Mc Entee၊ Y Frank Esler Smith  တို့က ဖျော်ဖြေခဲ့ကြပြီး ရှိုးပွဲ၏ဖွင့်ပွဲကိုမူ ပြည်တွင်းမှ
လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က Iron Cross တေးဂီတအဖွဲ့ဖြင့် တွဲဖက်ကာပါဝင် သီဆိုခဲ့သည်။ ယင်း
ဖျော်ဖြေပွဲသည် Bagan Entertainment ၏ ပြည်ပမှနာမည်ကြီး အဆိုတော်များအား ဖိတ်ခေါ်ကာ ကျင်းပသည့် ပထမဆုံးဖျော်ဖြေပွဲဖြစ်ပြီး လက်မှတ်နှုန်းထားများကို ကျပ် ၅၅,၀၀၀၊ ကျပ် ၅၀,၀၀၀၊ ကျပ် ၃၀,၀၀၀၊ ကျပ် ၂၅,၀၀၀ နှင့် ကျပ် ၂၀,၀၀၀ စသည့်ဖြင့် သတ်မှတ်ကာ လက်မှတ်ပေါင်း ၃၀၀၀ ကို ရောင်းချခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။