Friday, August 30, 2013

တန်ဖိုးနည်းဖုန်း မသမာမှုကိစ္စ အုပ်ချုပ်ရေးပိုင်းကို ၀န်ကြီး သတိပေး


မွန်ပြည်နယ်အတွင်း မိုဘိုင်းလိုင်းကတ်များချထားပေးရာ ရပ်ကွက်၊ မြို့ရွာဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၏စီမံခန့်ခွဲမှုညံ့ဖျင်းချက်ကြောင့် အချို့မြို့ရွာများ၌ ပြည်သူအများနှင့်အောက်ခြေ၀န်ထမ်းများမရရှိခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ဆိုသည်။
မွန်ပြည်နယ်တွင် ပဉ္စမအကြိမ်မြောက် မိုဘိုင်းလိုင်းကတ်များကို သြဂုတ်၂၃ရက်မှစတင်ချထားပေးကြောင်း၊ ယခုချိန်အထိအောက်ခြေပြည်သူများနှင့် အောက်ခြေ၀န်ထမ်းများ ရရှိခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ မိုဘိုင်းလိုင်းကတ်များကို ချထား ပေးသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများက စီစဉ်မှုညံ့ဖျင်းသလို အလွဲသုံးစား ကိစ္စရပ်များလည်း ပါဝင်သည်ဟု ၀န်ကြီးက သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။
 “ပြည်သူတွေဆီက အသံတွေထွက်နေတယ်။ စီစဉ်တာကလည်း ညံ့တယ်။ တရားဝင် ပွင့်ပွင့်လင်းလင်းလုပ်ရမှာတွေကို တရားဝင် မလုပ်ဘူး။ သူတို့မမှန်လို့ ဒီလိုအသံတွေ ထွက်လာတာပဲ။ စာရင်းတွေ မစစ်နိုင်လို့လို့ ပြောတယ်။ စာရေးဆိုတဲ့ လူတွေ ဘာ အလုပ်မှ မရှိဘူး၊ဒါတောင် မစစ်နိုင်လို့ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ။”ဟု မွန်ပြည်နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောသည်။

လတ်တလောအနေအထား၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုများကို၎င်းတို့ သက်ဆိုင်ရာ ဒေသအလိုက် ဖွဲ့စည်းထားသော အရပ်ဘက်မှ အထောက်အကူပြု အဖွဲ့များဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာနများသို့ မိုဘိုင်းလိုင်းကတ်များကို အောက်ခြေအဆင့်မှ စပြီး ချထားပေးရမည့် တစ်လချင်းအမိန့်စာ ထုတ်ထားသော်လည်း လိုက်နာခြင်းမရှိကြောင်း၊ ထိုသို့ ဖြစ်သောသူများကို စာရင်းများတိတိကျကျတင်ပြစေပြီး စည်းကမ်း အတိုင်းအရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

“ကျွန်မတို့ ရုံးမှာဆိုရင် ဦးစီးအရာရှိကိုအရင်ပေးတယ်။ ပြီးရင် ဦးစီးမှူးပေါ့။ ဦးစီးမှူးပြီးရင် သူ့အောက်က ဌာနခွဲစာရေးပေါ့။
အဆင့်အလိုက် ပေးတာပါ။ ရာထူးတူလာရင် လိုင်းကတ်ကနည်းတယ်ဆိုရင်တော့ မဲနှိုက်ပါတယ်”ဟု ကျိုက်မရာမြို့နယ် သမ၀ါယမအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာအချို့တွင် ထိုကဲ့သို့ ရာထူးကြီးစဉ်ငယ်လိုက်ပေးခြင်းမှာ မမှန်ကန်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် အောက်ခြေမှစပေးရမည်ဟူ၍သာ ညွှန့်ကြားထားကြောင်း၊ လူတစ်ယောက်မိသားစုတစ်ခုပဲ မဲပေါက်နေခြင်းသည်လည်း
မဖြစ်သင့်ကြောင်း၊ အချို့သော တာဝန်ရှိသူများမှာလည်း မှန်ကန်စွာလုပ်ကိုင်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခင်မောင်သွင်က ဆိုသည်။

မွန်ပြည်နယ်တွင် မိုဘိုင်းလိုင်းကတ်များကို ချထားပေးရာ၌ ပဉ္စမ အကြိမ်အနေဖြင့် GSM လိုင်းကတ် ၁၄၀၀၀နှင့် CDMA လိုင်းကတ် ၁၀၀၀၀ စုစုပေါင်းကတ် ၂၄၀၀၀ ချထားပေးခြင်းဖြစ်ကြောင်း၊ မိုဘိုင်းလိုင်းကတ်များ စတင်ချထားပေးသည့်အချိန်မှစ၍ စုစုပေါင်း လိုင်းကတ် ၆၆၆၀၀ ကတ်ချထားပေးပြီးဖြစ်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံးမှထုတ်ပြန်သည်။

မွန်ပြည်နယ်အတွင်း ၁၅၀၀ တန် မိုဘိုင်းလိုင်းကတ်၏ ပေါက်ဈေးသည် ပြင်ပဈေးကွက် တွင် GSM လိုင်းကတ် မှာ ကျပ် ၁၂၀၀၀၀ ခန့်အထိပေါက်ဈေးရှိပြီး၊ CDMA လိုင်းကတ်သည် ကျပ်၈၀၀၀၀ခန့်အထိ ပြင်ပဈေးကွက်၌ ပေါက်ဈေး ရှိနေချိန် ဖြစ်သည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။