Sunday, February 3, 2013

ပင်စင်လစာကို တလုံးတည်း တွက်ချက်ပေးရန် အစီအစဉ်မရှိသေး


ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာကို တလုံးတည်း တွက်ချက်ပေးရန် အစီအစဉ်မရှိ
သေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆိုသည်။

"အငြိမ်းစားတွေ၏ စားဝတ်နေရေးအတွက် အခက်အခဲမတွေ့စေရန်နဲ့ အငြိမ်းစား၏ ရေရှည် အကျိုးအတွက် ပင်စင်လစာကို လစဉ်ခံစားခွင့်အဖြစ် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး တလုံးတည်း တွက်ချက်ထုတ်ပေးရန် အစီအစဉ်မရှိသေးပါဘူး" ဟု ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒု-ဝန်ကြီး ဒေါက်တာလင်းအောင် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ခံစားခွင့် ရရှိသည့်အခါ မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေများအရ ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ခံစားခွင့် ရရှိကြသည်။

"ပင်စင်ခံစားခွင့် ရရှိသည့် အချိန်တွင် လုပ်သက်ဆုငွေကို တလုံးတခဲတည်း ငွေလုံးငွေရင်းတရပ် အဖြစ် အသုံးပြု
နိုင်ရန် ခံစားခွင့် ပြုပေးခြင်းဖြစ်ပါတယ်။ လစဉ် ပင်စင်လစာ ခွင့်ပြုခြင်းမှာ ဝန်ထမ်းဘဝက ရရှိခဲ့သော လစာဝင်ငွေ
အစား ပင်စင်စားအတွက် လစဉ် စားသောက်စရိတ်အဖြစ် အသုံးပြုနိုင်ရန် အစားထိုးထုတ်ပေးတဲ့ လစဉ် ပင်စင်
လစာ ထောက်ပံ့ငွေပဲ ဖြစ်ပါတယ်" ဟု ဒုဝန်ကြီးက ဆက်ပြောသည်။

သို့သော် နိုင်ငံ့ဝန်ထမ်းဘဝက စုဆောင်းနိုင်ခြေ နည်းခဲ့သည့် ပင်စင်စားများအနေနှင့် ပင်စင်လစာကို တလုံးတဝ
တည်း ရယူလိုကြကြောင်း ပြောကြသည်။

"သက်ကြီး အငြိမ်းစားတွေထဲက လူများစုဖြစ်တဲ့ အောက်ခြေ ဝန်ထမ်းတွေအနေနဲ့ လုပ်သက်ဆုကြေးကလည်း များများစားစားမရ၊ ပင်စင်လစာကလည်း နည်းနည်းနဲ့ဆိုတော့ နိုင်ငံတော်အနေနဲ့ သက်ညှာစွာဖြင့် ပင်စင်လစာကို တလုံးတည်းသာ ထုတ်ပေးရင် ရတဲ့ ငွေကြေးကို အရင်းအနှီးလေးလုပ်ပြီး ပုံမှန်ဝင်ငွေလေး ဖန်တီးနိုင်င်တာပေါ့။ ဒါကြောင့် ပင်စင်လစာကို တလုံးတည်းရဖို့ အများစုက မျှော်လင့်နေကြတာပါ" ဟု စက်မှု ဝန်ကြီးဌာနမှ စာရေးကြီး
အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဦးမြင့်စိုး က ပြောသည်။

၁၅ လအတွင်း ကား ၁၃၀,၀၀၀ ခန့် အခွန်ကောက်၍ ဆိပ်ကမ်းမှ ထုတ်ပေးခဲ့

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား အခွန်စည်းကြပ် ကောက်ခံ၍ ဆိပ်ကမ်း
မှ ၁၅ လ အတွင်း ထုတ်ပေးပြီးယာဉ်စီးရေမှာ တသိန်း သုံးသောင်းခန့် ရှိကြောင်း အကောက်ခွန် ဦးစီးဌာနက ဆို
သည်။

"ပြည်ပမှ ဝယ်ယူတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေအပေါ် အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေနဲ့အတူ ကျသင့်
ခွန်တွေကို စည်းကြပ်ကောက်ခံပြီး ဆိပ်ကမ်းက ထုတ်ပေးပြီးယာဉ် စုစုပေါင်းမှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ၁၂၉,၅၁၇ စီး ရှိပြီ ဖြစ်ပါတယ်" ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိ
သူတဦးက ပြောသည်။

ယင်း အကောက်ခွန် CD နှင့် ကုန်သွယ်လုပ်ငန်းခွန် CT များ စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များ
အနက် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၆၁,၅၅၃ စီး၊ ကားအရောင်း ပြခန်းများ
အတွက် ၂၆,၉၂၃ စီး၊ သင်္ဘောသား ပါမစ်များအတွက်၂,၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်များအတွက်၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်များအတွက် ၇၂၈ စီး၊ ပြည်ပတွင် အလုပ်လုပ်ကိုင်သူများပါမစ်များအတွက် အစီး ၄၀၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပါမစ်ဖြင့် အစီး ၁,၉၉၀၊ စစ်သံမှူးပါမစ်ဖြင့် ၁၀၈ စီး၊ လွတ်လပ်စွာ ဝယ်ယူခွင့်ပါမစ်ဖြင့် ၃၅,၀၇၁ စီးတို့ ပါဝင်သည်။

အဆိုပါ ယာဉ်များမှ အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ကျပ် ၂၀၉,၄၈၇.၀၈ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၂,၅၉၄.၇၅ သန်း၊ စုစုပေါင်း ကျပ် ၄၂၂,၀၈၁.၈၃ သန်း ကောက်ခံ ရရှိပြီးဖြစ်ကြောင်း သိရသည်။

သတင်းမှတ်တမ်းယူသူ ပြင်သစ်နိုင်ငံသားကို အာဏာပိုင်များခေါ်ဆောင်

ကချင်စစ်ပွဲများအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်နေသူများနှင့် လိုက်ပါ၍ သတင်းမှတ်တမ်းယူသူ ပြင်သစ်
နိုင်ငံသားတဦးအား ယနေ့ညနေ ပိုင်းတွင် အာဏာပိုင်များမှ တောင်ငူမြို့နယ် အမေ့အိမ် တည်းခိုခန်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သူများမှ ပြောသည်။ 

အဆိုပါ ပြင်သစ်နိုင်ငံသားသည် ရန်ကုန်မှ မထွက်ခွာမှီ လေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံလိုသဖြင့် သတင်းထောက်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေထံမှ သိရှိရသည်။

"နိုင်ငံခြားသားက ကျွန်တော်နဲ့ တွဲပြီး လိုက်လာတာမဟုတ်ဘူး။ ကျွဲဘွဲ ကနေတောင်ငူအထိ လိုက်လာတာ။ သူ့ကိုယ်သူလဲ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူတယောက်လို့ ပြောပါတယ်။ မနေ့က တောင်ငူမှာ အုပ်ချူပ်ရေးမှူးက သူ့ကို ပတ်စ်ပို့ပြခိုင်းတယ်။ပြခိုင်းတော့လဲ သူ့ကိုယ်သူ ခရီးသွား ဧည့်သည် လို့ပဲပြောပါတယ်" ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သူများထဲမှ ကိုထက်ပိုင်က မဇ္ဈိမသို့ ရှင်းပြသည်။

အဆိုပါနိုင်ငံခြားသားသည် ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ဇန်န၀ါရီလ ၂၉ရက်နေ့ ညက လိုက်ပါလာပြီး
တောင်ငူမြို့တွင် ကျန်ရှိခဲ့ကာ ၎င်းတည်းခိုနေသည့် အမေ့အိမ် တည်းခိုခန်းတွင် အာဏာပိုင်များမှ မနက်၁၀နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ကိုထက်ပိုင်မှ ပြောပြသည်။

ရိုဟင်ဂျာအရေး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာ ဆွေးနွေးဦးမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာနေကြသည့် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍
မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်း (Surapong Tovichakchaikul) ဖေဖော်ဝါရီလအတွင်း လာရောက်ဦးမည် ဖြစ်သည်။ 

ဇန်နဝါရီလအတွင်းက ဝန်ကြီး၏ လက်ထောက် ဂျူလာပေါင်း (Jullapong Nonsrichai) လာရောက်ကာ မြန်မာ အစိုးရပိုင်းနှင့် ဆွေးနွေးခဲ့သော်လည်း တိုးတက်မှု တစုံတရာ မရခဲ့၍ ယခုကဲ့သို့ ဝန်ကြီး၏ နောက်ဆက်တွဲခရီးစဉ်
ဖြစ်ပေါ်လာရကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။ 

ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာကြသော အဆိုပါ ရိုဟင်ဂျာများ၏ မူရင်းနေရပ်မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှသော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှသော်လည်းကောင်း မရေရာလှကြောင်း မြန်မာ အာဏာပိုင်များက ပြောဆိုသည်ဟု ဂျူလာပေါင်းက ဆူရာပေါင်းကို အစီရင်ခံထားသည်။ 

လတ်တလော ရောက်ရှိနေသည့် ရိုဟင်ဂျာ ၁,၄၀၀ အတွက် ခိုလှုံခွင့် ခြောက်လသာ ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ မူလဇာတိတိုင်းပြည်နှင့် ဖြေရှင်းမှုတစုံတရာကို အရေးတကြီး လိုအပ်နေသည်။ 

မစ္စတာ ဆူရာပေါင်းသည် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အဖွဲ့ဝင်ထဲမှ ဘန်ကောက် အခြေစိုက် သံအမတ်များနှင့် သံကိုယ်စားလှယ် ၁၅ ဦးအား ဦးဆောင်ကာ ရိုဟင်ဂျာများ ယာယီခိုလှုံနေကြသည့် စံခလခရိုင်သို့ ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့သည်။ 

ဤရိုဟင်ဂျာများ၏ မူလနိုင်ငံသားဖြစ်မှုကို စစ်ဆေးရာတွင် ကူညီရန်နှင့် အရှိန်မြှင့် လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR)နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးမည်ဟု ဆိုသည်။

ကျောက်တော် အဓိကရုဏ်းမှာ ဖမ်းထားသူ ၁ဝ ဦး ပြန်လွတ်လာပြီ