Thursday, February 7, 2013
ဆေးတက္ကသိုလ်မှ ကျောင်းထုတ်ခံရသော ကျောင်းသားများ ဆန္ဒပြရန် စီစဉ်
မန္တလေး ဆေးတက္ကသိုလ်မှ ကျောင်းခေါ်ချိန်မပြည့်မီခြင်းကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာမန္တလေးမြို့တွင်ဆန္ဒပြရန်အစီစဉ်ရှိသည်ဟု ကျောင်းထုတ်ခံရသည့် ကျောင်းသားအချို့ကပြောသည်။
ထိုသို့ကျောင်းထုတ်ခံရသော ကျောင်းသားများအနေဖြင့်  ကျောင်းခေါ်ချိန်မပြည့်မီရုံဖြင့် ကျောင်းထုတ်ခြင်းကိုဆန္ဒပြ လိုခြင်းဖြစ်ကြောင်း ကျောင်းထုတ်ခံရသူ ကျောင်းသားများက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ စာဖြင့် ရေးသားတိုင်ကြားထားကြောင်း၊ လွှတ်တော်မှပြန်လည် တုန့်ပြန်ခြင်း မရှိပါက ဆန္ဒပြတောင်းဆိုသွားမည်ဟု ကျောင်းထုတ်ခံရသည့် ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား   မောင်သစ်လွင်ထူးက ပြောသည်။
"ကျွန်တော်တို့ ကြိုးစားတာ အောင်မြင်မှု မရတဲ့အထိ ဆက်သွားမှာပါ" ဟု ကျောင်းထုတ်ခံရသည့် မောင်သစ်လွင်ထူးက ပြောသည်။
ကျောင်းထုတ်ခံရသည့် ကျောင်းသားများအား ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မန္တလေးမှ ဗမာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်က  ၀ိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဘုန်းမြတ်စိုးက ပြောဆိုသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ မူငါးချက်မှ တစ်ချက်တွင် ကျောင်းသားထုအခွင့်အရေးကို ကာကွယ်ရေးဆိုသည့် မူဝါဒ ပါရှိနေခြင်းကြောင့် ကျောင်းသား  ၊ ကျောင်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး အမြဲမပြတ် စောင့်ကြည့်ကာ ကျောင်းသားများ ဘက်မှ   ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗကသအဖွဲ့ကိုဘုန်းမြတ်စိုး က ဆိုသည်။
မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားများကို ၂၀၀၈ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျောင်းသား ၊ ကျောင်းသူ (၁၅၀)ဦးရေခန့် ကို ကျောင်းမှ ထုတ်ပယ်ပြီး ၂၀၁၁ခုနှစ်အထိ (၄၀၀)ကျော်ကို ထုတ်ပယ်လျက်ရှိသည်ဟု အဆိုပါ ကျောင်းမှ ငွေစာရင်းကိုင်သည့် ၀န်ထမ်းတစ်ဦးက ဆိုသည်။ ကျောင်းထုတ်ပယ်ရသည့်အကြောင်း အရင်းမှာလည်း ကျောင်းခေါ်ချိန်မပြည့်မီခြင်း ၊ ကျောင်းအပ်နောက်ကျခြင်း နှင့် စာမေးပွဲကျရှုံးခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စီမံချက် အောင်မြင်နိုင်မည်လား
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရမှု ရှိသည့်အလျှောက် ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံ ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမိုအားပေးထောက်ပံ့သွားမည်ဖြစ်ပြီး ဘဏ်အုပ်စု အုပ်ချုပ်ရေး အဖွဲ့က မြန်မာနိုင်ငံ တွင်ဆောင်ရွက်မည့် ကြားဖြတ်မဟာဗျူဟာအစီအစဉ်တစ်ရပ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်အရ ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံအတွက် ရေးဆွဲထားသည့် လုပ်ငန်းစဉ်များကို လာမည့် ၁၈ လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
 ယခုကဲ့သို့အသွင်ကူးပြောင်းရေးကာလတွင် ကမ္ဘာ့ဘဏ်အုပ်စုသည် ပြည်သူအတွက် ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများ   ဖြည့်ဆီးပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရဌာနများကို ပြုပြင်ပြောင်းလဲရာတွင် အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စီမံချက်ကို ထိပ်တန်း ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် စီးပွားရေးစီမံခန့်ခွဲမှု အရည်အသွေးများ   ပြည့်ဝလာပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအခြေအနေကောင်းများ ဖန်တီးနိုင်ရန် အဓိကကဏ္ဍကြီး (၃) ခုတွင် မူဝါဒရေးရာ အကြံပြုချက်များနှင့် နည်းပညာပံ့ပိုးမှုများကို ဆောင်ရက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 
ကဏ္ဍ (၃) ခုမှာ အများပိုင်ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ဘတ်ဂျတ်နှင့် ဦးစားပေးဖွင့်ဖြိုးရေးအစီအစဉ်များကို ပွင့်လင်းမြင်သာစွာ ချိတ်ဆက်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ချေးငွေရရှိရန် အသေးစားချေးငွေ လုပ်ငန်းနှင့်ပါတ်သက်သော လိုအပ်သည့်စည်းမျဉ်း၊ စည်းကမ်းများ ပြင်ဆင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ထွန်းကားလာပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာရေးအတွက် ပုဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ဆောင်ရွက်ရေး တို့ပါဝင်သည်ဟုသိရသည်။
 ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ ချတ်ထရီယမ် ဟိုတယ်တွင် ကမ္ဘာ့ဘဏ်အုပ်စုအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ စာနယ်ဇင်းသမားတစ်ယောက်အဖြစ် တက်ရောက်ခွင့် ရခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနက် အသေးစား ချေးငွေလုပ်ငန်းပါ ပါဝင်မည်ကို သိရှိခဲ့ရပါသည်။ အသေးစားချေးငွေလုပ်ငန်းမှာ ကမ္ဘာ့ဘဏ်အုပ်စုကဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အနက် ကျွန်တော်စိတ်အ၀င်စားဆုံး လုပ်ငန်းတစ်ခုဖြစ်ပါသည်။
အသေးစား ချေးငွေလုပ်ငန်းနှင့် ပါတ်သက်၍ အတွေ့အကြုံမရှိသော်လည်း အစိုးရမဟုတ်သောအဖွဲ့ အစည်းနှစ်ခု တွင် နှစ်အတန်ကြာ အလုပ်လုပ်ခဲ့ဖူးသည့်အတွက် လူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထိုက်အလျှောက် အတွေ့အကြုံရှိခဲ့ပါသည်။ 
 အသေးစားချေးငွေဆိုသည့်အသံကြားလိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး ဂရာမင်န်း( ကျေးလက်ဘဏ်) ကို ထူထောင်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ကို အမှတ်ရစေ ပါသည်။
၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အငတ်ဘေးကျရောက်နေသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာမျှဖြင့် မိသားစုဝင် ၄၂ ယောက် ပါဝင်သော အုပ်စုတစ်စုကို ချေးငွေစတင်ထုတ်ချေးပေးခြင်းဖြင့် ၄င်း၏ ဆင်းရဲသား   လျော့နည်းပပျောက်ရေး အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ထိုမျှလောက်သောငွေကြေးဖြင့် ယင်းမိသားစုသည် ခေါင်းပုံဖြတ်အမြတ်ကြီးစားသည့် ခွေတိုးချေးသူများ၏ အန္တရာယ်စက်ကွင်းမှ ရှောင်ကွင်းကာ တပိုင်တနိုင် အရောင်းအ၀ယ်လုပ်ငန်းကလေးကို စတင်ပျိုးထောင်နိုင်ခဲ့သည်။
ထိုသို့အနည်းငယ်မျှလောက်သော ငွေကြေးကလေးကပင်လျှင် မိသားစုဝင်အမြောက်အမြားကို အကျိုးပြုနိုင်သည် ဆိုပါက အသေးစားချေးငွေလုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲသားတစ်ပြုံတစ်မကြီင်္းအတွက် မလွဲမသွေ အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယူနွတ်ယုံကြည်ထားခဲ့သည်။
ဂရာမင်းန်ဘဏ်ဆိုသည်မှာ မိုဟာမက်ယူနွတ်၏ အတွေးစိတ်ကူးမှ ပေါ်ထွက်လာသည့် ရလဒ်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်ဝင်စားသည့်လူတိုင်း မိုဟာမက်ယူနွတ်နှင့် ဂရာမင်းန်ဘဏ်အကြောင်းကို သိကြပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲသားလျော့နည်းပပျောက်ရေးအတွက် ဦးတည်ဆောင်ရွက်သော အသေးစားချေးငွေ လုပ်ငန်းများ အောင်မြင်မှု ရရှိနေပါသည်။ ကျွန်တော်တို့ဆီမှာရော..။
၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ကျွန်တော် ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့မြို့လေးတစ်မြို့မှာရှိနေသည်။ ထိုစဉ်က အမေရိကန်စီးပွားရေးပညာရှင်တစ်ယောက် ရေးဆွဲထားသော စီမံချက်ကို အခြေပြုကိုးကားပြီး အစိုးရက အသေးစား ချေးငွေလုပ်ငန်းကို ဆောင်ရွက်တော့မည်ဆိုသည့် သတင်းကိုကြားရသည်။
သတင်းကြားရတော့ ဆင်းရဲသားအားလုံး ပျော်ကြရသည်။ ကျွန်တော်လည်း သတင်းကြားသည်နှင့် ကိုယ့်အစိုးရ အတွက် ဂုဏ်ယူနေမိသည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မြင်ရတော့မည်ဆိုသည့်အသိဖြင့် မျှော် လင့်စောင့်စား နေမိသည်။
သုံးလခန့် ကြာသောအခါ ထွေ/အုပ်ကစေလွှတ်သော ၀န်ထမ်းအဖွဲ့တစ်ဖွဲ့ ကျွန်တော်နေထိုင်သော တံငါရွာကလေးသို့   ရောက်လာကြသည်။ ထိုအဖွဲ့သည်  ဆင်းရဲသား လျော့နည်းပပျောက်ရေး စီမံချက်အတွက် ဆင်းရဲသားစာရင်းများ   ကောက်ယူရန် ကျေးရွာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်။
ကျေးရွာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး နှစ်ပတ်ခန့်အကြာတွင် ဆယ်အိမ်မှူး/ ရာအိမ်မှူးများပါဝင်သော အုပ်စု အသီးသီးသည် ရွာရှိ ဆင်းရဲသား စာရင်းကိုကောက်ယူပါတော့ပါသည်။
စီမံချက်လုပ်ငန်းတစ်ခုအတွက် အသက်တမျှ အရေးကြီးလှသော Assessment အား ၄င်းတို့ဆောင်ရွက်ပုံကိုကြည့်ပြီး အံ့သြမိသည်။ မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ပြီးစလွယ်လုပ်သည်ကို ခင်မင်ရင်းနှီးသော ၀န်ထမ်းတစ်ယောက် အား မေးကြည့်ရာ အထက်ကခိုင်းတဲ့ အတိုင်း လုပ်ရသည်ဟုသာ ပြောသည်။ 
အသေးစားချေးငွေများ လာရောက်ထုတ်ပေးသောနေ့တွင် ငွေလာထုတ်သည့် ဆင်းရဲသားအုပ်စုဆိုသူများကို ကြည့်လိုက်သောအခါ ရပ်ကွက်အတွင်း ငွေတိုးချေးစားနေသူအချို့ကို တွေ့ရပါသည်။
ပြည်နယ်နှင့်တိုင်းအချို့တွင်လည်း ထိုကဲ့သို့အဖြစ်မျိုးရှိသည်ဟု ကြားရပါသည်။
စီမံချက်လုပ်ငန်း တစ်ခုအတွက် အသက်တမျှအရေးကြီးသော စာရင်းအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို စီမံချက်လုပ်ငန်းများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုဓမ္မထား၍ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း  ကျွန်တော်တို့နိုင်ငံအတွင်း လာရောက်ကူညီပံ့ပိုးကြမည့် အဖွဲ့အစည်းတိုင်းကို ကြိုတင်အသိပေး မေတ္တာရပ်ခံ လိုပါသည်။
လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခြင်းမပြုဘဲ ဆင်းရဲသားအမည်ခံထားသည့် ငွေတိုး ချေးစားသူများကို အသေးစားချေးငွေ (Microfinance) ထုတ်ပေးလိုက်ခြင်းသည် ကိုယ်တိုင် မည်သည့်ပြစ်မှုမှ မကျူးလွန်ပါဘဲ မှားယွင်းစွာပြစ်ဒါဏ်ချမှတ်ခံရသော အပြစ်မဲ့ပြည်သူတစ်ဦးခံစားရသကဲ့သို့ အမှန်တကယ် အလုပ်လုပ် ရန် စိတ်အားထက်သန်ပြီး အရင်းအနှီးမရှိသည့် ဆင်းရဲသားတစ်ဦးအတွက် အလွန်ထိခိုက်နစ်နာစေပါသည်။
စီမံချက်လုပ်ငန်းတစ်ခုအတွက် အလှူရှင်များကိုသာမက ကျွန်တော်တို့ဝန်ဆောင်မှု ပေးနေသည့် လူထုကိုပါ အစစအရာရာ အစစအရာရာ တာဝန်ခံရမည်ဖြစ်ပါသည်။ သို့မှသာ ကျွန်တော်တို့၏ ကြိုးပမ်းမှုများ အချည်းနှီး မဖြစ်အောင် ဆောင်ရွက်နိုင် ပါလိမ့်မည်။ သို့မှသာ ကျွန်တော်တို့ မျှော်မှန်းထားသည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံချက် လုပ်ငန်းများ   အောင်မြင်ပါလိမ့်မည်။
မျှော်လင့်ချက်ကလွဲ၍ ဘာမှမရှိသော ဆင်းရဲသားတို့၏အိပ်မက်ကို မျက်ကွယ်ပြုပြီး ဆင်းရဲသားအမည်ခံ သရဲမရဲစီးနေသော အမြတ်ကြီးစား ငွေတိုးချေးစားသူများကို စီမံချက်လုပ်ငန်း တစ်ခုခုမှ အသေးစားချေးငွေများ ထုတ်မပေးသင့်ဟုထင်ပါသည်။
ငါးဖမ်းသင်္ဘောပေါ်၌ သင်္ဘောသားများကို ညှင်းပန်းနှိပ်စက်မှုများရှိနေ
ထိုင်ဝမ်နိုင်ငံပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်၌ သင်္ဘောသားများကို ညှင်းပန်းနှိပ်စက်မှုများရှိနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်  မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမား အဖွဲ.ချုပ် (MSF) ရုံးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော သင်္ဘောသားများနှင့် ပတ်သက်၍   သတင်းစာ ရှင်းလင်းပွဲ မှ သိရသည်။
အဆိုပါ ထိုင်ဝမ်နိုင်ငံပိုင် တရားမဝင်ငါးဖမ်းသင်္ဘောပေါ်၌ နေ့စဉ်ဆန်ပြုတ်နှင့် အသီးအရွက်ကြော်ကိုသာကြွေး၍ အမျိုးမျိုးရိုက်နှက်ညှင်းပန်းကာ အလုပ်ခိုင်းစေခဲ့ကြောင်းကို ၎င်းသင်္ဘောတွင် ၆ လကျော်ကြာ အလုပ်လုပ်ခဲ့သည့် ကိုခန့်လင်းမောင်က ပြောသည်။
"သင်္ဘောပေါ်မှာ ဘေးကတွေ့တဲ့အရာနဲ့ ရိုက်ပြီးခိုင်းတာ။ နေရတော့လည်း လူတစ်ကိုယ်စာနေရာမှာ ပစ္စည်းတွေနဲ့ ထားစရာ နေရာမရှိနဲ့ နေရတယ်။ အစားအသောက်က အဓိကပြဿနာပေါ့ လှိုင်းတွေကြီး နေတာတောင် သင်္ဘော ကုန်းပတ်ပေါ်တက်စားရတယ်။" ဟု ကိုခန့်လင်းမောင်က ပြောသည်။
အဆိုပါ သင်္ဘောသားများကို တရားမ၀င် ငါးဖမ်းသင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့သော ကုမ္ပဏီမှ တိမ်းရှောင်နေသည်ဟု ကိုခန့်လင်းမောင်က ပြောသည်။
 "ငါးဖမ်းသင်္ဘောဆိုပေမယ့် သင်္ဘောကြီးက အကြီးကြီးပဲးတဲ့။ ငါဖမ်းတာလည်း စက်ကြီးတွေနဲ့ဖမ်းရမှာ အဲ့းယားကွန်း ခန်းတွေနဲ့ ကောင်းကောင်းမွန်မွန်နေရမှာ ဆိုပြီးပြောတာ။ ကျွန်မကလည်း သိပ်နားမလည်တော့ လွှတ်လိုက်တာ။ ၄ လလောက်နေတော့ သူတို့တွေဒုက္ခရောက်နေတယ်ဆိုပြီး ကလေးတစ်ယောက်က ဖုန်းဆက်တော့မှ သိတာ။"  ဟု ကိုခန့်လင်းမောင်၏ မိခင်က ပြောသည်။
မြန်မာနိုင်ငံရှိ သင်္ဘောသားများအား အခကြေးငွေယူပြီး ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ပို့ဆောင်သော ကုမ္ပဏီများအား ကာယကံ ရှင်မိသားစုများအနေနှင့် လာရောက်တိုင်ကြားပါက မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးဌာန တာဝန်ရှိ အဖွဲ့အစည်းများမှ အရေးယူနိုင်ရန် အကူအညီပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမား အဖွဲ့ချုပ် (MSF)  ဥက္ကဌ ဒေါက်တာတင်လှိုင်မှ ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အသိမှတ်ပြုထားတဲ့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ် ဆိုတာပေါ်လာပါပြီ။ လွတ်လွတ်လပ်လပ် ဒီခေတ် ဒီအစိုးရလက်ထက်မှာ တိုင်ကြပါ။ ကာယကံရှင်တွေကိုယ်တိုင် ရဲရဲတင်းတင်းနဲ့ ဖော်ထုတ်တိုင်ကြားမယ်ဆိုရင် ရေကြောင်းပို့ဆောင်ရေးဌာန တာဝန်ရှိအဖွဲ့အစည်းများမှ အရေးယူနိုင်ရန် ကျွန်တော်တို့ကူညီပေးလို့ ရပါတယ်။"ဟု MSF ဥက္ကဌ ဒေါက်တာတင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
"မီဒီယာကနေ ဒါမျိုးတွေအသိပေးခြင်းအားဖြင့် ကြည့်မိလိုက်တဲ့သူ သိသွားတဲ့သူက နောင်ငါဒါမျိုးမဖြစ်ရအောင် ကာကွယ်ရမယ် ဆိုတာသိသွားတာပေါ့။ အဓိကကတော့ ကိုကိုယ်တိုင်သေချာ လေ့လာပါ၊ စုံစမ်းပါ မသိဘူးဆိုရင် နားလည်တဲ့သူတွေကို အကူညီတောင်းပါ။"ဟု ၀ါရင့်သင်္ဘောအရာရှိတစ်ဦးဖြစ်သူက ပြောသည်။
အဆိုပါ သင်္ဘောသားများကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ် (MSF) မှတာဝန်ရှိသူ များနှင့် တောင်အာဖရိကနိုင်ငံရှိ မြန်မာသံရုံး အကူအညီဖြင့် ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ တရားမဝင် ခိုင်းစေမှုများရှိလျင် သက်ဆိုင်ရာအစိုးရတာဝန်ရှိ အဖွဲ့အစည်းများမှ ထောင်ဒဏ် ၆ နှစ် နှင့် ဒါဏ်ငွေ သုံးသောင်း ထိချမှတ် အရေးယူနိုင်ကြောင်း သိရသည်။
စီမံကိန်းနယ်မြေ ကျူးကျော်ရပ်ကွက်အတွင်း ၀ါးနှင့် အိမ်ဆောက်ပစ္စည်းများ ရောင်းအားကောင်း
လှိုင်သာယာမြို့နယ် အမှတ် (၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းရှိ စီမံကိန်းနယ်မြေအတွင်း ရောင်းချနေသော ၀ါး၊ အမိုးအကာ များနှင့်  အခြားအိမ်ဆောက်ပစ္စည်းများ အရောင်းအ၀ယ်ကောင်းလျက်ရှိနေကြောင်း သိရသည်။
 အဆိုပါ စီမံကိန်းနယ်မြေအတွင်း ကျူးကျော်နေထိုင်သူများသည် ၎င်းဝါးနှင့် အခြားဆက်စပ် ပစ္စည်းများဝယ်ယူကာ အိမ်ဆောက်လုပ်နေသဖြင့် ရောင်းအားကောင်းလျက်ရှိနေခြင်းဖြစ်သည်။
 ဖေဖော်ဝါရီလ (၇) ရက်နေ့မှစတင်ကာ ကျုးကျော်နေထိုင်သူများသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မြေကွက်ဦးကာ   နေအိမ်များ ဆောက်လုပ်နေကြခြင်းဖြစ်သည်။ အဆိုပါ မြေကွက်များတွင် ယခုအခါ အိမ်အလုံးရေ စုစုပေါင်း (၅၀) နီးပါးဆောက်လုပ်ဆဲဖြစ်ကြောင်း သိရသည်။
`` ကျွန်တော်တို့တွေ ဒီမှာလာရောင်းနေတာ လေးရက်လောက်ရှိပြီ။ ဒါပေမဲ့ အတော်များများက လက်လုပ်လက်စားတွေ ဆိုတော့ အကြွေးပုံစံမျိုးနဲ့လည်း ရောင်းပေးတယ်´´ ဟု ၀ါးနှင့် သက်ကယ်များ လာရောက်ရောင်းချနေသူ ကိုကျော်ဇင်ထွန်း က ပြောသည်။
အဆိုပါဆိုင်တွင် အိမ်ထောက်အဖြစ် အသုံးပြုသည့် ၀ါးလုံးများသည် (၂၅၀၀) ကျပ်နှင့် ရောင်းချပြီး ၀ါးလုံး အသေးများမှာ (၅၀၀) မှ (၇၀၀) ကြား ဈေးရှိသည်။ သက်ကယ်မိုးများသည် တစ်ချပ်လျှင် (၄၅၀) ကျပ်မှ (၅၀၀) ခန့် အထိဈေးရှိကြောင်း သိရသည်။
 ယင်းသို့ ကျူးကျော်နေထိုင်သူများသည် ယခင်က အဆောင်နေသူများဖြစ်ပြီး အဆောင်က မတတ်နိုင်ခြင်းကြောင့် လည်းကောင်း ၊ မြေနေရာ လွတ်နေသောကြောင့် လည်းကောင်း လာရောက် အိမ်ဆောက်နေကြခြင်းဖြစ်ကြောင်း သိရသည်။
 `` ဒီလူတွေအကုန်လုံးက လက်လုပ်လက်စားတွေလေ။ တစ်ရက်လုပ်လို့ တစ်ရက်စားရဖို့ မသေချာဘူး။ အဆောင် မှာနေရင် သုံးသောင်းခွဲပေးရတယ်။ ၁၂ ပေ ၁၃ ပေအခန်းလေးကို မိသားစု သုံးယောက်ပဲ နေလို့ရတယ်။ အခု ဒီမှာ   မြေလွတ်ပြီး လူလည်းမနေတော့ ဦးရာလူ ပုံစံနဲ့ လာနေကြတာ။ အရင်ရက်တုန်းက မြေလုရင်း တစ်ယောက်နဲ့ တစ်ယောက်   စကားတွေအကြီးအကျယ် များကြသေးတယ်´´ဟု ယင်းမြေကွက်တွင် နေရာလာယူသူ ကိုအောင်ကိုလတ်က ပြောသည်။
 ၁၈ ဧကခန့် ကျယ်ဝန်းသည့် စီမံကိန်းမြေနေရာတွင်  အိမ်အလုံးရေ စုစုပေါင်း ပျမ်းမျှ (၅၀)မှ (၇၀) အထိ လာရောက်   ဆောက်လုပ်နေကြပြီး အချို့သူများမှာ အိမ်မဆောက်နိုင်၍ အမိုးလုံရုံသာ ဆောက်ပြီး နေရာဦးထားသူများလည်း ရှိကြောင်း ၀ါးဆိုင်မှ ကိုကျော်ဇင်ထွန်းက ပြောသည်။
 အဆိုပါ ကျူးကျော်နေအိမ်များကို အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူက အချိန်ပေး ဖယ်ရှားခိုင်းသော်လည်း ဖယ်ရှားမှု မရှိဘဲ ဆက်လက်အိမ်ဆောက်နေဆဲဖြစ်သည်။
 နိုင်ငံတော် အစိုးရမှ ၁၈၄၉ ခုနှစ် ပြဌာန်းချက် ဥပဒေအရ အစိုးရမြေယာများ ချထားပေးရေးနှင့် မြေယာသိမ်းယူရေး ဥပဒေ ပုဒ်မ ၄၆ အရ အခွန်ဝန်ကြီးမှ မြေယာမှ ဖယ်ရှားနိုင်သည်။ အကယ်၍ မဖယ်ရှားပါက ထောင်ဒဏ် (၁) လ (သို့မဟုတ်) ငွေဒဏ် (၅၀) ထက်မပိုသည့် ပြစ်ဒဏ် ချမှတ်နိုင်ကြောင်းသိရသည်။
မြစ်ကြီးနားဆေးရုံဝင်းအတွင်း ၀န်ထမ်းအိမ် ၁၁ လုံး မီးလောင်
ဖေဖေါ်ဝါရီလ ၆ ရက် ယနေ့မနက် ၃ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီးဝင်းရှိ ၀န်ထမ်းများနေထိုင်သည့် ဘက်၌ မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပြီး မိသားစုများနေထိုင်သော အိမ် ၁၁ လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်ဆီးနေတဲ့ မြစ်ကြီးနားဆေးရုံ ၀န်ထမ်းဆောင်မြင်ကွင်း။
မီးလောင်ပျက်ဆီးနေတဲ့ မြစ်ကြီးနားဆေးရုံ ၀န်ထမ်းဆောင်မြင်ကွင်း။
ဓါတ်ခွဲခန်းအကူဝန်ထမ်း ဦးဘောက်နော် (Salang Bawk Naw) ၏ အိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ၀ါယာကြိုးရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရကြောင်း အိမ်မီးလောင်သွားသော ဆေးရုံ ၀န်ထမ်းတစ်ဦးက ပြောသည်။
"၀ါယာကြိုးရှော့ဖြစ်လို့ လို့တော့ပြောတာပဲ။ ကျမသိလိုက်တော့ ၃ အိမ်လောင်နေပြီ။ မီးမီး ဆိုပြီးအော်လာ တော့ အဲချိန်မှ နိုးလာတာ။ မီးသတ်ကား လည်းလာတယ်။ ဒါပေမဲ့ သိပ်တောင်မငြိမ်းရသေးဘူး။ ရေက ကုန်သွားတယ်။ နောက်တစီးကလည်း ဆီကုန်သွားတယ်။ ရေလောက်ရင် ကျမတို့ အိမ်တောင်ပါမှာ မဟုတ်ဘူး။ ဒါမဲ့ သူများကပိုဆိုးတာ ကျမတို့က အိမ်အစွန်းမို့လို့ နည်းနည်းပါးပါးယူလို့ရတယ်။ သူများ ကပ်ရပ်အိမ်တွေဆို အားလုံးပါသွားတယ်။ ကိုယ်လွှတ်ပဲရုန်းထွက် လာခဲ့တာ။ မီးက ၀ုန်းတိုင်းနဲ့ အလုံးလိုက်လောင်လာတော့ ဘာမှမယူနိုင်ဘူးလေ။"
အဆိုပါ မီးလောင်မှုတွင် ကုန်စုံဆိုင်တဆိုင်နှင့် အပ်ချုပ်ဆိုင်တဆိုင် ပါသွားပြီး ငွေသားအချို့နှင့် တန်ဖိုးရှိသော ပစ္စည်းအချို့ဆုံးရှုံးခဲ့ရသည်ဟု မီးဘေးသင့် ဒုက္ခသည်များက ပြောသည်။
လောင်ကျွမ်းသွားသော ဆေးရုံဝင်း ၀န်ထမ်းအိမ် ၁၁ လုံးသည် ပျဉ်ထောင်အိမ်တန်းများဖြစ်ပြီး ဆွေးမြေ့နေပြီဟုလည်း ၀န်ထမ်းများပြောသည်။
မီးလောင်မှုစတင်ဖြစ်ပွားသော အိမ်မှ ဦးဘောက်နော် (Salang Bawk Naw) ကို သက်ဆိုင်ရာ ရဲများက စစ်ဆေးမေးမြန်းရန် ဖမ်းဆီး ခေါ်ဆောင်သွားသော်လည်း ရပ်ကွက်လူကြီးမှ အာမခံချက်ဖြင့် ပြန်လွတ်ပေးလိုက်ကြောင်းသိရသည်။
မီးဘေးသင့်နေသော ၀န်ထမ်းများတွင် ဆွေမျိုးမရှိသောသူ၊ အိမ်ယာမရှိသောသူများကို ဆက်လက်နေရာချ ထားရေးအတွက် ဆေးရုံကြီးရှိ ဂိုဒေါင်တွင် ပြန်လည်နေရာချပေးရန် ဆေးရုံအုပ်ကြီးက စီစဉ်ပေးနေကြောင်း သိရသည်။
ယခုချိန်တွင် မီးဘေးသင့်သူများသည် ထိခိုက်သေဆုံးမှုမရှိသော်လည်း လူဦးရေ ၅၀ ကျော်သည် ခက်ခဲရင်ဆိုင်နေရပြီး ၎င်းတို့ကို ယခုချိန် ဧရာရပ်ကွက်ရှိ ဧမာနွေလနှစ်ခြင်းဘုရားကျောင်းတွင် နေရာချပေးထားပြီး ကူညီရေးအဖွဲ့များမှ စောင့်ရှောက်ပေးနေကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားခြင်းကို ကချင်ပြည်နယ်ဝန်ကြီး လဂျွန်ငန်ဆိုင်း (Salang Lajawn Ngan Seng) ကလည်း လာရောက်ကြည့်ရှုခဲ့ပြီး ကူညီမည်ဟု ပြောဆိုထားကြောင်းသိရသည်။
"ဒီမနက်တစ်ခေါက်လာကြည့်ပြီးသွားပြီ။ ကူညီမယ်လို့တော့ပြောတယ်။ ဘာကူညီပေးမလဲတော့ မသိသေးဘူး။ ဒီနေ့ပြန်လာမယ်လိုပြောတယ်" ဟု မီးဘေးသင့်သူတစ်ဦးပြောသည်။
၎င်း မီးလောင်ကျွမ်းမှုဖြစ်ပွားနေချိန် လာရောက်ကြည့်ရှုနေစဉ် ဒူကထောင် (Du Kahtawng) အုပ်ချုပ်ရေးမှူး ၏ ဆိုင်ကယ်တစ်စီးခိုး ခံလိုက်ရကြောင်းသိရသည်။
ယခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်း၌ မြစ်ကြီးနားမြို့ပေါ်တွင် မီးလောင်မှု ၃ နေရာ ဖြစ်ပွားခဲ့ပြီး ကျွန်းပင်သာ ရပ်ကွက်မှ တိုက်အိမ် ၂ လုံးမီးလောင်မှု၊ ၃ ရက်နေ့ညတွင် တစ်ကြိမ် အေးမြသာယာရပ်ကွက်တွင် အိမ်မီးလောင်မှုဖြစ်ပွားကာ ယနေ့မနက် ထပ်မံ၍ ဆေးရုံဝင်းတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနား ဒေသခံများပြောသည်။
မိုးသက်လေပြင်းကြောင့် ဘုန်းကြီးကျောင်း အပါအ၀င် အိမ်(၄၀) ခန့် ပျက်စီး
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စုအတွင်းရှိ အဆောက်အဦများ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် (၄၀) ခန့် ပျက်စီးသွားကြောင်း မြိုင်ကလေးဘိလပ်မြေ စက်ရုံတွင်အလုပ်လုပ်နေသူ နောင်ကျန် ရွာသား ဒေသခံတဦးက အခုလို ပြောဆိုသည်။
"မိုးသက်လေပြင်းတိုက်တာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ပိုင်း ၈ နာရီလောက်က၊  ပထမလေပြင်းတိုက်ပြီး မိုးဆက်ရွာတာ နာရီဝက်လောက်ကြာတယ်၊ နောင်ကျန်ကျေးရွာ၊ ဂူဝကျေးရွာနဲ့ ကော့မုလေးရွာမှာ အိမ်အလုံးလေးဆယ် လောက်ပြိုကျပျက်စီးသွားတယ်" ဟု ပြောသည်။
မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ကျေးရွာလူထုများ တစုံတရာထိခိုက်မှုမရှိဟု ဒေသခံများထံမှ သိရသည်။
အလားတူ ဘားအံမြို့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဌာန၏ စာရင်းအရ လေပြင်းဒဏ်ခံရတဲ့ နောင်ကျန်ရွာ၊ ဂူဝရွာနဲ့ ကော့မုသီရွာမှာ အိမ်ခြေ ၄၀ ပျက်စီး ပြီးတော့ လူကြီး ၁၂၄ ဦး၊ ကလေး ၈၉ ယောက် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း  သိရသည်။
ထို့အပြင်နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မုသီးကျေးရွာ အစိုးရ မူလတန်းကျောင်းနှင့် အနောက်ဘုန်းတော်ကြီး ကျောင်း အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းထိခိုက် ပျက်စီးမှုများအား ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် သမဝါယမအသင်းတို့မှ ကူညီထောက်ပံ့ပေး ခဲ့သည်ဟု ဘာအံမြို့နယ်၊ သမဝါယမဌာန ဝန်ထမ်းတဦးက ပြောသည်။
"တစ်အိမ်ထောင်စုကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ အိမ်ထောင်စု ၂၄ အိမ်ထောင် ထုတ်ချေးပေးပြီးပြီ၊ ကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထာရေး ဌာနကလည်း ဆန်၊ အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးတယ်" ဟု ၄င်းဝန်ထမ်းက ပြောသည်။
မိုးသက်လေပြင်းတိုက်ခိုက်မှုဒဏ်ခံရသည့် နောင်ကျန်ကျေးရွာအုပ်စုတွင် ဂူဝကျေးရွာနှင့် ကော့မိုးသီးကျေး ရွာများသည် သံလွင်မြစ်၏အနောက်ဘက်ကမ်း မြိုင်ကလေး ဘိလပ်မြေစက်ရုံ အနီးတွင်ရှိသည်။
ဖေဖေါ်ဝါရီလ (၃) ရက်နေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးသီးများ ကြွေကျခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားဖော်ပြထားသည်။
KIO နယ်မြေသို့ တိုးလာနေဆဲ ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီလိုအပ်
ကချင်ပြည်နယ်အတွင်း ၁ နှစ်ကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ်မြေများတွင် ဒုက္ခသည်များ ပိုတိုးလာနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီ လိုအပ်နေကြောင်းသိရသည်။
နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များကို ကူညီပေးရေးကိစ္စ မြန်မာအစိုးရမှ တားမြစ်ထားခြင်းကြောင့် အထူးသဖြင့် KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များအတွက် အကူအညီ ပို၍လိုအပ်လာခြင်း ဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) က KNG ကချင်သတင်းဌာနသို့ပြောသည်။
ယမန်နှစ်က UN မှ ဆန်များကို ယခုလို KIO မိုင်ဂျာယန် ဒုက္ခသည်စခန်းတခုတွင် ဝေငှပေးနေပုံ။
ယမန်နှစ်က UN မှ ဆန်များကို ယခုလို KIO မိုင်ဂျာယန် ဒုက္ခသည်စခန်းတခုတွင် ဝေငှပေးနေပုံ။
"ခက်ခဲမှုကရှိနေဆဲဘဲ ဒုက္ခသည်တွေက သူတို့ကူညီရင်တော့ ပိုကောင်းတာပေါ့။ တာဝန်လဲဟုတ်တယ်။ အကူညီမရတော့ ဒီမှာ တခြားကူညီလို့ရတဲ့သူတွေ မေတ္တာစေတနာနဲ့ကူညီတာကို အတူပေါင်းပြီး ၀ိုင်းတာဝန်ယူနေကြရတာဖြစ်တယ်။" ဟု ပြောသည်။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) နှင့် အင်ဘာပါ (Nbapa) သို့  ကုလသမ္မဂအဖွဲ့အစည်းများမှ ၂၀၁၂ ဇူလိုင်လကုန်ပိုင်းက လာရောက်ကာ ကူညျီပေးခဲ့သော်လည်း ယခုဆက်လက်၍ ထောက်ပံ့မှုလိုအပ်နေကြောင်း မိုင်ဂျာယန် (Mai Ja Yang) စခန်းမှ ဆရာမတဦးက ပြောသည်။
"အာဟာရဖြစ်တဲ့ အစားအစာတွေ အသက်ကြီးသူတွေနဲ့ ကလေးငယ်များအတွက် ပိုလိုအပ်နေတယ်။ အစားအသောက်ပိုအရေးကြီးနေတယ်။ ရာသီဥတုအလိုက် ဆေးဝါးတွေလိုအပ်နေတယ်။" ဟု ပြောသည်။
အစိုးရအုပ်ချုပ်နယ်မြေတွင် တိမ်းရှောင်နေသော ဒုက္ခသည်များကိုလည်း လူမှုအဖွဲ့အစည်းအချို့နှင့် ဒေသခံစေတနာရှင်များ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် အသင်းတော်များက ကူညီထောက်ပံ့မှု များ ပေးနေသော်လည်း အကူအညီဆက်လက် လိုအပ်ဆဲဖြစ်ကြောင်း သိရသည်။
သို့သော် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဒုက္ခသည်များထံ ထောက်ပံ့ပေးနေသည့် အစီအစဉ်များ နေရာ အချို့၌ ယခုလကုန်တွင် ပြတ်လပ်မည့် အခြေအနေရှိပြီး အချို့နေရာများတွင်  အစိုးရတပ်များ နှောင့်ယှက်ပေးနေသောကြောင့် လတ်တလော ဖားကန့်မြို့ ဆိုင်းရာ ကျေးရွာရှိ ဒေသခံများကို ကူညီမည့်ခရီးစဉ်ကို ဖျက်လိုက်ရကြောင်း KBC အတွင်းရေးမှူး Rev. Doctor Hkalam Sam Sun ပြောသည်။
ယမန်နေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနှင့် အစိုးရ၀န်ကြီးများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးတို့သည် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းများဖြစ်သော ဂျန်မိုင်ကောင်းနှစ်ခြင်းခရစ်ယာန်၊ တပ်ကုန်း ဒုက္ခသည် စခန်း၊ ၀ိုင်းမော်ဘုန်းကြီးကျောင်း၊ မိုင်းနား RC စခန်းများသို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည်များကို သွားရောက်ကြည့်ရှုခဲ့သော်လည်း KIA ထိန်းချုပ်နယ်မြေသို့လာရောက်ခြင်းမရှိခဲ့ပေ။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက် နေ့တွင် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP မှ ကားတစ်စီးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သည် ပစ္စည်းများတင်လာသော ကားတစ်စီးနှင့် တုန်ဖုန်း (ကုန်တင်) ကား ၃ စီးဖြင့် မြစ်ကြီးနားမှတဆင့် တရုတ်-မြန်မာနယ်စပ် KIO ထိန်းချုပ်နယ်မြေသို့ မှတ်တိုင်အမှတ် (၈) စစ်ပြေးဒုက္ခသည်စခန်းတွင် ကူညီမှုရှိခဲ့ပြီး ယခုချိန်ထိ ကြံ့ကြာနေခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ဒုက္ခသည်များ၏အခက်ခဲအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဇန်န၀ါရီ ၃၀ ရက်နေ့စွဲဖြင့် ကချင်ဒေသအတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသော အကူအညီပေးသည့် အဖွဲ့အစည်းများအား အကူအညီလိုအပ်သည့် နေရာများအားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံး အထိရောက်ဆုံးကူညီခွင့်ပေးရန် ထုတ်ပြန်ကြေငြာခဲ့သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည်စခန်း ၅၀ ကျော် ရှိရာ လူဦးရေ ၇၀၀၀၀ ကျော်ခိုလှုံနေပြီး အစိုးရအုပ်ချုပ်နယ်မြေတွင် ၂ သောင်းအထက် ခိုလှုံနေကြောင်း ကယ်ဆယ်ရေးကော်မတီ ဥက္ကဠ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။
မြန်မာ့ ဦးစားပေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ ချေးမည်
မြန်မာနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်  ကမ္ဘာ့ဘဏ်မှ အတိုးနှုန်းမဲ့ ဒေါ်လာ ၁၆၅ သန်းအား ချေး
မည် ဖြစ်ကြောင်း ချက်ထရီယံတွင်  ယနေ့ ပြုလုပ်သည့် ကမ္ဘာ့ဘဏ် အကြီးအကဲများ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
နှင့် သော်လည်းကောင်း ဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ  လုပ်ငန်းနှင့် အတူ ငွေပေးချေ သွားမည် ဖြစ်ကြောင်း IFC (International Finance Cooperation) အလုပ်အမှုဆောင် ဒုဥက္ကဌ နှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်းကပြောသည်။
၎င်းက "ကျွန်တော်တို့ မြန်မာနိုင်ငံကို  အမေရိကန် ဒေါ်လာ ၁၆၅ သန်း ကူညီပါမယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့  IFC က ဦးစားပေးအနေနဲ့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမှာပါ " ပာု ပြောသည်။
မြန်မာနိုင်ငံတွင် လူလေးဦးတွင် တစ်ဦးသာ အသုံးပြုနိုင် သေးသည့် လျှပ်စစ်ဓာတ်အား ပေးဝေမှုကို တိုးမြှင့်ခြင်း
သည် နိုင်ငံ အတွက် ဦစားပေး ဆောင်ရွက်ချက် အဖြစ် အရေးပါကြောင်း ၎င်းကပြောသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့  ယခု လက်တလော အချိန်တွင် ကန်ဒေါ်လာ သန်း ၈၀ အား လူထုအခြေပြု လုပ်ငန်းများ လုပ်ကိုင်ရန် အတိုးမဲ့ ကူညီထားပြီး ယခုထပ်မံ ဒေါ်လာ ၁၆၅ သန်း သီးသန့်  ချေးမည်ဖြစ်သည်။ 
ထို့ ပြင် အဆိုပါ ချေးယူထားသည့်  ငွေများအား  မြန်မာနိုင်ငံအနေဖြင့် နောင်လာမည့် ကာလရှည် အတိုးမဲ့ ပေးချေရ
မည် ဖြစ်ကြောင်း ကမ္ဘာဘဏ် မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်မှ အကြီးအကဲများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအဖွဲအစည်းများနှင့် ယခင်လအနည်းငယ်က
တွေ့ဆုံခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲများအား မြင်တွေ့ရကာ ယခုကဲ့ သို့  ချေးငွေများ ပြန်လည်ပံ့ပိုးပေးခြင်း ဖြစ်
သည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအား အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်ရန်ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်း၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုဥက္ကဌ အက်ဆယ်ဗန် ထရော့စန်ဘတ်ဂ်၊ IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင်ဖင်ကယ်စတန်နှင့် MIGA ၏ ဒုဥက္ကဌ မိုက်ကယ်ဝမ်ဆာတို့ ပါဝင်သော အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ် အဖြစ်
ရောက်ရှိလာခြင်းဖြစ်သည်။
ရန်ကုန်တွင် ဆူဇူကီး မော်တော်ကား ပြန်လည် ထုတ်လုပ်မည်
ဆူဇူကီး မော်တော်ယာဉ် ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ ကားထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည်
လုပ်ကိုင်တော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဆူဇူကီး ကုမ္ပဏီ
သည် ကားထုတ်လုပ်ခဲ့ပြီး ကားထုတ်လုပ်ခြင်းများ လွန်ခဲ့သည့် ၂နှစ်ခန့်က ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံ
တွင် ပြန်လည်ထုတ်လုပ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။
မြန်မာအစိုးရက ဆူဇူကီး ကုမ္ပဏီအား မြန်မာနိုင်ငံထဲတွင် ကားထုတ်လုပ်မှုများ ပြန်လည် စတင်ခွင့်နှင့် အရောင်းပြခန်း ဖွင့်လှစ် ရောင်းချနိုင်ရေး အတွက် ဆူဇူကီး(မြန်မာ) မော်တော် ကုမ္ပဏီလိမိတက်ကို လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်
ဟု ဂျပန် မော်တော်ကား ကုမ္ပဏီကြီး ဖြစ်သည့် ဆူဇူကီး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း ထိုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဆူဇူကီး ကုမ္ပဏီက ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
"ရန်ကုန်မှာ ရှိပြီးသားဖြစ်တဲ့ စက်ရုံတရုံမှာ ထရပ်ကား (compact truck Carry) တွေကို ထုတ်လုပ်ဖို့  ဆူဇူကီး (မြန်မာ) မော်တော် ကုမ္ပဏီ လိမိတက် ကနေ စီစဉ်ထားပါတယ်" ဟု ဆူဇူကီး ကုမ္ပဏီက ၄င်းတို့ ဝက်ဘ်ဆိုဒ်တွင် ဆိုထားသည်။ "စီးပွါးရေး လွတ်လပ်လာမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အခြေခံ အဆောက်အအုံ တွေကို အားဖြည့်
ပေးတဲ့ အနေနဲ့၊ ကားထုတ်လုပ်မှု နဲ့  ကားရောင်းချတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ချဲ့ထွင် လုပ်ကိုင်ဖို့ စီစဉ်ထားပါ
တယ်" ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် ရန်ကုန်တွင် ကားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ၇ သန်း ခန့် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ဆူဇူကီး ကုမ္ပဏီက ဆိုထားပြီး မေလ
ထဲတွင် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားသည်ဟု သိရသည်။
"ကနဦးတွင် စက်ရုံအနေဖြင့် ပြည်တွင်း ဈေးကွက်အတွက် လစဉ် Carry မီနီ ထရပ်ကား စီးရေ ၁၀၀ ထုတ်လုပ်မည်
ဖြစ်ကာ ပြည်တွင်း အလုပ်သမား ၉၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်လိမ့်မည်" ဟု AFP သတင်းဌာနက ရေးသားဖော်ပြ
ထားသည်။
သီလဝါ အထူး စီးပွါးရေးဇုန်တွင် ဆူဇူကီး ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ထက် နောက်မကျဘဲ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံ တခု တည်ဆောက်ဖွင့်လှစ် သွားမည် ဆိုသည့်၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလ က ထုတ်ပြန်ခဲ့
သော ကြေညာချက်နှင့် ပတ်သတ်၍မူ ထပ်မံ ပြောဆိုသွားခြင်း မရှိပေ။
ဆူဇူကီး ကုမ္ပဏီ၏ ယခု ကြေညာချက်သည်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွါးရေး အဖွဲ့ဖြစ်သည့် Keidanren အဖွဲ့
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ထိုအဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် အပြင် အခြား ဝန်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဂျပန် အစိုးရသည် မြန်မာနိုင်ငံက ဂျပန်သို့ ပြန်လည် ဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီ၏ ၆၀ ရာခိုင်နှုန်းခန့် ဖြစ်သော
ဒေါ်လာ ၃.၂ ဘီလီယံကို လွန်ခဲ့သည့် အပတ်က လျှော်ပေးခဲ့သည်။
ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော
အစိုးရ ဝန်ထမ်း သောင်းချီ အရေးယူ ခံရ