Thursday, February 14, 2013

အငှား ယာဉ်မောင်းက ခရီးသည် ကို အဓမ္မ ကျူးလွန်ရန် ကြိုးပမ်း


ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာ ဂေါက်ကွင်း အနီး တွင် ဖေဖော်ဝါရီလ ၈  ရက်၊ ည ၁၀ နာရီ က အငှားယာဉ်ပေါ် လိုက်ပါ လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ကို ယာဉ်မောင်း က အဓမ္မ ကျုးလွန်ရန် ကြိုးပမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိ ရသည်။

ကိုယ်ပိုင်ငွေ စိုက်ထုတ်မှု လျှော့ချရေး စီမံချက် မော်လမြိုင်ဆေးရုံတွင် စတင်

စံခလပူရီ (မဇ္စိျမ)။   ။ မွန်ပြည်နယ်၊ မော်လမြိုင် ဆေးရုံကြီးတွင် ကိုယ်ပိုင်ငွေ စိုက်ထုတ်၍ ကုသရမှု လျှော့ချရေး စီမံချက်ကို ဖေဖော်ဝါရီလမှ စတင်ကာ အကောင်အထည်ဖော်နေကြောင်း ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူများ
က ပြောသည်။

“အရေးပေါ်လူနာတွေ၊ ရိုးရိုး ကလေးမွေးတဲ့ လူနာတွေ၊ ထိခိုက်ဒဏ်ရာရ လူနာတွေကိုတော့ အခုလောလောဆယ် အလကား ကုပေးနေပါတယ်။ ကျန်တဲ့ လူနာတွေကတော့ ကျနော်တို့ ထိုက်သင့်သလောက် ဂွမ်းတို့၊ ပတ်တီးတို့၊ အရက်ပျံတို့ကို အလကား ပေးနေပါတယ်” ဟု ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာအေးငြိမ်း က ပြောသည်။ 

ဧရာဝတီမြစ် အောက်ပိုင်း ညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေခက်ခဲ

အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက်  အချို့လည်ပတ်နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်း ရေညစ်ညမ်းမှုနှင့် 
ရေစီးဆင်းမှု   ပြောင်းပြန်ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အောင်လံဒေသခံများက
ပြောသည်။

အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ်အရည်နှင့်  အစိုင်အခဲအချို့ ကြောင့်  ဧရာဝတီမြစ်ရေအား သောက်ရေနှင့်  ချိုးရေအဖြစ် သုံးစွဲ၍ မရတော့ ကြောင်း အောင်လံဒေသခံ ဒေါ်ဥမ္မာ
ကပြောသည်။

ရဲဝန်ထမ်းများနှင့်ပတ်သက်၍ ဖုန်းဆက်တိုင်ကြားနိုင်


ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများမှ ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် ဖုန်းဖြင့်ဆက်သွယ်၍ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြား နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၊ နေပြည်တော်မှ အော်တိုတယ်လီဖုန်းများ တပ်ဆင်ထားပြီး ၂၄ နာရီ အချိန်ပြည့် တိုင်ကြားနိုင်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၌ တတိယမြောက် ပဋိပက္ခဖြစ်မည်ကို နှစ်ဘက်စိုးရိမ်


ရခိုင်ပြည်နယ်တွင် ၂၀၁၃ နှစ်ဆန်းမှစ၍ ဖြစ်ပွားခဲ့သည့်နေရာကွက်ကြား အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသည့် ရခိုင်လူထုမှာ အလားတူအဖြစ်မျိုး ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်။

လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပေါ်ခဲ့သော မောင်တောမြို့နယ်နှင့်မြောက်ဦးမြို့နယ်မှ အကြမ်းဖက်မှု ဖြစ်စဉ် အချို့ကြောင့် ဒေသခံများမှာ စိုးရိမ်နေကြခြင်းဖြစ်သည်။

လိုအပ်ချက်များနှင့် နောင်ချိုအမေ့အိမ်ပညာဒါန ကျောင်းကလေး


နောင်ချိုအမေ့အိမ်ပညာဒါနကျောင်းအနေဖြင့် ချို့ချို့တဲ့တဲ့ဖြင့် ရပ်တည်နေရသည့်အတွက် စေတနာရှင် အလှူရှင်များ၊ အဖွဲ့အစည်းများအနေဖြင့် ကျောင်းအတွက် လှူဒါန်းနိုင်ကြောင်း နာယကကြီး ဦးအောင်ကျော်က ဆိုသည်။

ရန်ပုံငွေနည်းပါးစွာဖြင့် ပညာသင်ကြားနေကြရသည့် ဆယ်တန်းကျောင်းသားများမှာ ဆရာဆရာများ၏ စေတနာကို   လေးစားသော အားဖြင့် စာမေးပွဲအောင်မြင်ရန် ကြိုးစားနေကြောင်းကိုလည်း ကျောင်းသားများ ထံက သိရသည်။

အရေပြားရောဂါဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၁)ရောက်ရှိနေ

မြန်မာနိုင်ငံတွင် တောတောင်ရေမြေသဘာဝများရှိနေခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် အဆင့်(၉) မကျော်နိုင်ဟု ဆိုသော်လည်း ယခုအဆင့် တစ်ဆယ်မှ ဆယ့်တစ်အထိ ရောက်နေပြီဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

 

ခရမ်းလွန်ရောင်ခြည်သည် သစ်ပင်ပေါက်ရောက်မူ နည်းပါးသည့်နေရာများတွင်သာ အဆင့် ၁၁ သို့ ရောက် ရှိနိုင်ပြီး တောတောင်ထူပေါသော ဒေသများတွင် အဆင့် ၉ ထက်မပိုနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။


 

"သစ်ပင် ပေါက်ရောက်မှုနည်းတဲ့ နေရာတွေက တနင်္သာရီတိုင်းတို့ ၊ ထားဝယ် ကော့သောင်းမြို့တခြားနေရာတွေလည်းရှိတယ်။ အရင်က အဆင့် (၉)ထက် ကျော်ဖို့မရှိဘူးလို့ ပြောထားတယ်၊ ဒါက တောတောင်ရေမြေတွေ ရှိတဲ့နေရာမှာမှ မကျော်တာပါ" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

 

သစ်ပင်ပေါက်ရောက်မှု နည်းပါးသည့်နေရာများမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ကော့သောင်းမြို့၊ မွန်ပြည်နယ် ရေးမြို့ နှင့် ပေါင်မြို့တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့၊ လှည်းကူးမြို့တို့၌ ခရမ်းလွန်ရောင်ခြည် အဆင့် (၁၁)အထိ ဖြစ်ပေါ်လျက်ရှိသည်ဟု ၄င်းက ဆိုသည်။

 

ထိုကဲ့သို့ ခရမ်းလွန်ရောင်ခြည် မြင့်တက်လာခြင်းကြောင့် အရေပြားရောဂါနှင့် ဆက်စပ်နေသည့် ရောဂါများ ပိုမို ဖြစ်ပွားလာနိုင်သည်ဟု ဒေါက်တာမြင့်ဦး (G.P)က ဆိုသည်။

 

"ခရမ်းလွန်ရောင်ခြည်မှာ ဗီတာမင် D ဓါတ် မြောက်များစွာ ပါဝင်တဲ့အတွက် နေလောင်ရောဂါ၊ အရေပြားရင့် ရောဂါ၊ ခုခံအားကျဆင်းတဲ့ ရောဂါ၊ အရေပြားကင်ဆာရောဂါ ဖြစ်လာနိုင်တယ်" ဟု ဒေါက်တာမြင့်ဦး (G.P)က ပြောသည်။

 

ခရမ်းလွန်ရောင်ခြည်သည် မည်သည့်အဆင့်သို့ရောက်သည်ဖြစ်စေ နေရောင်အောက်သို့ ထွက်မည်ဆိုပါက နေကာမျက်မှန် ၊ ဦးထုပ် ၊ ထီး နှင့် အ၀တ်ထူထူဝတ်ဆင်သင့်ကြောင်း ဒေါက်တာမြင့်ဦးက အကြံပြုပြောဆိုသည်။

 

 "ကျနော်တို့ကတော့တစ်နေ့လုပ်မှတစ်နေ့စားရတော့ဆိုတော့နေပူထဲ မထွက်လို့ မဖြစ်ဘူးလေ ထွက်ရမှာပဲပေါ့ အဲ့အတွက်ကြောင့်သက်ဆိုင်ရာကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ထုတ်ပြန်သင့်တယ်" ဟု ဆောက်လုပ်ရေး ၀န်ထမ်းတစ်ဦး ဦးအောင်ရဲခိုင်က ပြောသည်။

 

ခရမ်းလွန်ရောင်ခြည်ကို သတ်မှတ်ချက် Level အနေဖြင့် (၀)အဆင့်မှ (၁၁)အဆင့်ထိ ရှိသည်။

သတ်မှတ် Level များတွင် (၀) မှ (၃) အထိသည် အနိမ်ဆုံးအဆင့်၊ (၄) မှ (၈) အထိသည် အလယ်အလတ်အဆင့်နှင့် (၈)  မှ (၁၁) အထိကို အမြင့်ဆုံးအဆင့် ဟု သတ်မှတ်ထားသည်။

မန္တလေးက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ


2013-02-13

ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ကဗျာ၊ သီချင်းပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်အဖွဲ့ကနေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

Photo: RFA

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ ၉၈ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ မှာ တွေ့ရသော ကလေးငယ်များပုံ

အဲဒီ့အခမ်းအနားကို ကျောင်းသားတွေနဲ့ ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြပြီး မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။

အခုလို ပြိုင်ပွဲကျင်းပရတာဟာ ကလေးငယ်တွေမှာ ဗိုလ်ချုပ်လို စိတ်ဓါတ်တွေရှိလာပြီး ထူးချွန်လာဖို့အတွက် ပြုလုပ်တာလို့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက် နာယက ဆရာတော် ဦးတေဇောဘာသက RFA ကို မိန့်ကြားပါတယ်။

တချိန်တည်းမှာပဲ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က သံဃာတော်တွေ၊ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အပါအ၀င် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်ဟာ သွေးလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်မွေးနေ့ပွဲနဲ့ ငွေကြေးလှူဒါန်းပွဲ အကြောင်းတွေကို RFA ၀ိုင်းတော်သား ဦးဘအောင် စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ


2013-02-13

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲအမှုဖွင့်ခဲ့ပါတယ်။

RFA

ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ

အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင်  မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါတယ်။

"သူတို့က အရင်တရားစွဲထားတာ၊ ကျနော်တို့က အခုတစ်ခါ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ၄၊ ၅၊ ၆ လလောက်ရှိပြီဗျ၊ ကျနော်တို့လည်း တရားစွဲခံထားရတာ၊ ပိုင်နက်ကျူးလွန်မှုဆိုပြီးတော့ ဒီလယ်ယာတွေကို ဦးပိုင်က လျော်ကြေးပေးတယ်ဆိုပြီးတော့ မြေယာစွန့်လွှတ်ကြောင်း လက်မှတ်တွေထိုးပြီးတော့ သူတို့က ရောင်းနေကြလို့ ကျနော်တို့က ကျနော်တို့လက်ထဲမှာ  ဒီမြေယာမှတ်ပုံတင် စာအုပ်တွေရှိတယ်၊ တစ်ကြိမ်တစ်ခါမှလည်း မြေယာစွန့်လွှတ်ကြောင်း လက်မှတ်လည်း မထိုးဘူး၊ အဲဒါတွေနဲ့ တရားစွဲဆိုထားတာပါ၊ သူတို့က ဒီလယ်ယာတွေကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ကျနော်တို့ တောင်သူတွေကို အခုလက်ရှိ လွတ်လပ်နေရာတဲ့ မြေယာတွေကို သူတို့က လုပ်စားပိုင်ခွင့်မပေးဘူးလေ၊ အခုလက်ရှိ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ရဲ့ နာမည်နဲ့သွားပြီးတော့ ကျနော်တို့ တရားစွဲတာပါ"

မုံရွာခရိုင်တရားရုံးမှာ သီးစားသက်သာခွင့် ဥပဒေပုဒ်မ (၄၂) အရ လက်လုပ်စိုက်ပျိုးမြေတွေကို စိုက်ပျိုးပိုင်ခွင့်ရရှိကြောင်း ဖွင့်ဟကြေညာပေးဖို့ တရားစွဲဆိုတာဖြစ်ပါတယ်လို့ တောင်သူတွေကို အကူညီပေးတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေအကျိုးဆောင်လုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါတယ်။

ကံကုန်းကျေးရွာ တောင်သူတွေရဲ့ အမှုဖွင့်တာကို မုံရွာခရိုင် တရားသူကြီးက လက်ခံထားခဲ့ပြီး ၂၈ ရက်နေ့မှာ အမှုကိုကြားနာမယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် ဘယ်လ်ဂျီယံနှင့် သဘောတူလက်မှတ် ရေးထိုး

ဧရာဝတီမြစ်တွင် ရေတားတမံအနိမ့် (wire & lock) များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co,Ltd တို့ သဘောတူလက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယခု သဘောတူလက်မှတ် ရေးထိုးခြင်းသည် ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလေ့လာမှု ရလဒ်ထွက်ရှိလာပါက Conceptual design ပုံစံ တင်ပြမည်ဖြစ်ကာ စီမံကိန်းအား လုပ်ဆောင်ရန် သင့်-မသင့်ကို လွှတ်တော်သို့တင်ပြ၍ ဆန္ဒခံယူ ဆုံးဖြတ်သွားမည်ဖြစ်သည်။

"Feasibility study လုပ်ဖို့ အချိန်ခြောက်လ ယူမယ်။ ဒီ study မှာ EIA,SIA ပါ တစ်ခါတည်းလုပ်ပြီး Conceptual design ပုံစံကိုပါ တစ်ပါတည်း တင်ပြမယ်။ ဒီရလဒ်ကိုကြည့်ပြီးမှ လွှတ်တော်ကို တင်ပြပြီး လုပ်သင့်မသင့် ဆုံးဖြတ်သွားမှာပါ" ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့် (wire & lock) များ တည်ဆောက်ခြင်းဖြင့် ရေကြောင်းသွားလာမှု လွယ်ကူ အဆင်ပြေစေခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။

SBE nv Engineering Co,Ltd သည် Feasibility study အား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် study ပြုလုပ်ခြင်းကို မတ် ၁ ရက်တွင် စတင်မည်ဖြစ်သည်။

"Feasibility study ကို အဆင့်သုံးဆင့် သတ်မှတ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအဆင့်ကို မတ် ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာပါ။ ဒီအဆင့်မှာ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ကနဦးဒီဇိုင်းကို ထုတ်ပြန်ပေးသွားမှာပါ။ တတိယအဆင့်မှာ ဒုတိယအဆင့်က ရလာတဲ့ ကနဦးဒီဇိုင်းကို ပြန်လည်မွမ်းမံပြီး Conceptual design ပုံစံ တင်ပြသွားမှာပါ" ဟု SBE nv Engineering Co,Ltd မှ Project Director Mr. Koen Thomas က ဖေဖော်ဝါရီ ၁၁ ရက်က ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော နေရာ ၄၆ နေရာနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော နေရာ ၃၇ နေရာရှိသည်။           

ယင်းနေရာများကို မြစ်ကြမ်းပြင် ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရသဖြင့် ဒုတိယအဆင့် ပြုပြင်နည်းဖြစ်သော ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်း ဖြစ်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။

အသတ်ခံရ ကျားဖြူပါတီဥက္ကဌ၏တူ အလောင်းအားပြန်ဖော်စစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည်အလောင်း ဖော်ခဲ့ကြောင်း  စုံစမ်းသိရှိရသည်။

စိုင်းလိန်၏အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

စိုင်းလိန်၏အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

အလောင်းဖော်ကြည့်ရာတွင် ၄င်းတို့ထင်ထားသည်ထက် ဒဏ်ရာများ  ပိုပြင်းထန်နေသည်ကိုတွေ့ရ ကြောင်း၊ မသေမချင်း ဓါးနှင့်ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက်  တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည်စစ်ဆေးပေးသော ဒေသခံဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး  ဆေးသူနာပြုဆရာမ ၂ ဦးနှင့် ဆေးရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် ယနေ့ ရက်လည်ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ  လာရောက်ကူညီခြင်း တောင်းပန်စကား  ပြောကြားခြင်း မရှိကြောင်းဆိုသည်။   

"မနေ့က အလောင်းတူး အခမ်းအနားက ပြည်ထောင်စုနေ့ အခမ်းအနားထက်တောင် လူစည် နေတယ်ဗျ။ နိုင်ငံရေး ပါတီကအချို့ ရယ် ဒေသခံပြည်သူအယောက် ၅၀ လောက်ပေါ့။ အားလုံးရဲ့မျှော်လင့်ချက် ကအမှုမှန်ပေါ်ဖို့ပဲ။ တရားခံရော တရားလိုရော ဘယ်သူဘယ်ဝါရဲ့ အမျိုးတော်စပ်နေပါစေ အစိုးရဘက်ကနေ တရားမျှတစွာ တရားစီရင်ပေးဖို့ပဲအားလုံးက လိုလားကြတယ်၊ တရားမျှတစွာ မဆောင်ရွက်ပေးရင်တော့  မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်ရပါတယ်" ဟု အလောင်းဖော်ရာတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောသည်။

အလောင်းကိုလည်း  သင်္ချိုင်းကုန်းရှိ ၄င်း၏ကျင်းတွင်ပင် လူအများရှေ့မှောက် ခွဲစိတ်စစ်ဆေးပြခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် ထင်ရှားတွေ့နေသောဒဏ်ရာများမှာ လက်နှစ်ဖက်ဓါးဒဏ်ရာကြောင့် လက်ဆစ် တွဲလောင်းဖြစ် နေခြင်း၊ ဦးခေါင်းတွင် ၄ လက်မခွဲလောက် ပေါက်ပြဲနေပြီး ဦးနှောက်အထိ ဒဏ်ရာရရှိနေခြင်း၊ မျက်နှာပေါက်ပြဲ၊ ပုခုံးတွင်လည်း ပေါက်ပြဲ နေခြင်းနှင့် ကျောပြင်တွင် ၂ လက်မခန့် ရှိသောဓါးထိုးရာရှိပြီး အဆုတ်အထိ ဓါးစိုက်ဝင်ထားသော ဒဏ်ရာတွေ့ရကြောင်း  စိုင်းခမ်း ကသျှမ်းသံတော်ဆင့်သို့ ပြောသည်။

တရားမျှတစွာ မဆောင်ရွက်ပေးနိုင်ပါက မူစယ်နှင့်နမ့်ခမ်းမြို့ရှိ လူငယ်များပူးပေါင်း ဆန္ဒထုတ်ဖော်မည်ဟု သတင်း များ ထွက်ပေါ်နေသည်။ ယခုအချိန်အထိ တရားခံဖြစ်သော တရုတ်လူမျိုး ပြည်သူ့လွှတ်တော် အမတ် ဦးကျော်မြင့် (ပန်းဆေးပြည့်သူစစ်ခေါင်း ဆောင်)၏တူ ငွေနဂါးသောက်ရေသန့်ပိုင်ရှင် ဦးထွန်းမြင့်(ကွယ်လွန်)၊ ဒေါ်စိန်မေ တို့၏သား ရဲအောင်ထွေး(ခ)လိဖန် တစ်ဦးတည်းသာ ဖမ်းဆီးရမိထားကြောင်း အပေါင်းအပါ  ၃ ဦးမှာလွတ်မြောက်နေ သေးကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့များနှင့် KIA တပ်များထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ပစ်ခတ်မှုမဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

"သူတို့လည်း ကျနော်တို့နဲ့ မပစ်ချင်လို့ တောလမ်းကနေဖြတ်သွားနေတာ။ ကျနော်တို့လည်း သူတို့နဲ့ ပြဿနာမဖြစ်ချင်လို့ တောမှာ ရှောင်နေတာလေ။ အဲဒါကျနော်တို့နေတဲ့ နေရာမှာ သူတို့ ထိပ်တိုက်ရောက်လာတော့ အစိုးရဖက်က 'နင်တို့ကို ပစ်ဖို့လာတာ မဟုတ်ဘူး။ ကျနော်တို့ တာဝန်အရ  လျှောက်သွားနေတာပဲ၊ မပစ်နဲ့ တွေ့ဆုံဆွေးနွေးရအောင်' ဆိုပြီးအော်ပြောတယ်တဲ့။ အဲဒါနဲ့ တွေ့ကြပြီး 'ညီအစ်ကိုချင်းပဲ ပစ်ခတ်နေရင် အဓ္ဓိပါယ်မရှိဘူး။ ဒီနေ့က စပြီး ပစ်ခတ်တာ မလုပ်တော့ဘူး။' ဆိုပြီး သူတို့ဟာသူတို့ ဆွေးနွေးပြီးပြန်ကြတယ်တဲ့။ သူတို့ အထက်ကတော့ ကျနော်တို့နေတဲ့ နေရာတွေကို လိုက်စုံစမ်းခိုင်းတာနေမှာပေါ့။ အဲဒါ ထိပ်တိုက်တွေ့တော့ သူတို့လည်း မပစ်ချင် ကျနော်တို့ဘက်ကလည်း ရွာနဲ့နီးနေတော့ မပစ်နဲ့လို့ပြောလိုက်တာ။"

အဆိုပါအစိုးရတပ်ဖွဲ့များသည် ကယားပြည်နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၂ မှဖြစ်ပြီး အထက်အမိန့်အရ ရှေ့တန်းသို့ လှုပ်ရှားသွားလာနေသောကြောင့် ထမင်းကောင်းကောင်းမစားရသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် အစိုးရနှင့် KIO တို့၏ စစ်ပြေငြိမ်းရေးလုပ်ဆောင်ရန် သဘောတူညီချက်အရ လိုက်နာခြင်းဖြစ်သကဲ့သို့ KIA ဖက်မှလည်း ပြဿနာမဖြစ်ပွားစေသည့် လှုပ်ရှားမှုများရပ်ထားချိန် ထိုသို့ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၆) ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲပြောဆိုသည်။

သို့သော် အစိုးရတပ်များသည် ဖားကန့်နယ်မြေသို့ စစ်အင်အား အမြောက်အများ တိုးချထားခြင်းသည် KIA တပ်စခန်းများကို သိမ်းပိုက်ပြီး (KIO) အဖွဲ့၏ အခွန်အကောက်များကို ဖြတ်တောက်၍ ကျောက်စိမ်းကုမ္ပဏီ လုပ်ငန်းများကို အပိုင်သိမ်းပိုက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဒွဲက သုံးသပ်ပြောဆိုသည်။

"သူတို့က ဒီနေရာမှာ ဒီလောက်တပ်များများနဲ့ ဆိုတာက ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူးလေနော်။ သူတို့ အစီအစဉ်တွေ ကြားတာကတော့ ဒီမှော်နယ်မြေမှာ သူတို့အင်အား အများနဲ့ တက်လာပြီး တပ်တွေကို သိမ်းပိုက်လိုက်ပြီး ကျောက်စိမ်းပြန်တူးစားမယ် ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်နေတယ်ဆိုတာတော့ သူတို့အထဲမှာ နည်းနည်းတော့ ကြားမိတယ်။ နံပါတ် ၂ က ကျနော်တို့ KIO တွေကို ကုမ္ပဏီတွေနဲ့ နည်းနည်းတောင် ပတ်သက်လို့မရအောင် ကျနော်တို့ အပြင်ကို ရောက်သွားအောင် ဆိုတဲ့ အစဉ်အစဉ်တွေလည်း ပါတယ်တဲ့။"

ယခုချိန် အစိုးရတပ်ဖွဲ့တို့သည် ဖားကန့် ကျောက်စိမ်းမှော်များတွင် စွန့်ပစ်ကျောက်စိမ်းရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကိုလည်း ရမ်းတမ်းပစ်ခတ်နေကြောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများ၏ ပစ္စည်းလုယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

"နေ့တိုင်းပစ်တယ် ထိတော့ မထိဘူး။ တံတိုင်တွေကိုင်ပြီး ဆိုင်ကယ်နဲ့သွားတဲ့ လူတွေဆီကလည်း ကျောက်စိမ်းတွေ့ရင် ကျောက်စိမ်းယူလိုက်၊ ရွှေလက်စွပ်စွပ်ရင် လက်စွပ်ချွတ်ယူ၊  နာရီပတ်ထားရင် နာရီယူပေး ပုံမှန်လုပ်နေတယ်။ အဲလိုမျိုးကနေ့တိုင်းလုပ်နေတယ်။" ဒေသခံတစ်ဦးက ပြောသည်။

ယခုချိန် ဖားကန့် KIA တပ်ရင်း( ၆) နယ်မြေတွင် အစိုးရဘက်မှ တပ်ရင်း( ၁၄) ခုဖြင့် တပ်ချလှုပ်ရှားနေ ကြောင်းသိရသည်။

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို

နယူးဒေလီ (မဇ္ဈိမ)။      ။ တမူး နန့်သလက်ချောင်းတံတားအား အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်မှ
မြန်မာပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့သည်ဟူသည့် UNLF  အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်မှ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

" မြန်မာနှင့် အိန္ဒိယ ပြည်သူများအကြား သပ်လျှိုဖြိုခွဲဖို့ သူပုန်အုပ်စုများ၏ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ကြံသည့် အပေါစား ထွင်လုံးများသာ ဖြစ်သည်" ဟု ဗုဒ္ဓဟူးနေ့ထုတ် Sangai Express သတင်းစာက ဖော်ပြထားသည်။

အာသံရိုင်ဖယ် ထုတ်ပြန်ချက်တွင် " တမူး တံတားဖောက်ခွဲ ဖျက်ဆီးမှု အစီအမံသည် မဏိပူရ(ကသည်း) သူပုန် ခုနှစ်ဖွဲ့ ပူးပေါင်းထားသည့် ကော်မတီ၏ အကြံအစည် ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု လွဲမှားအောင် ဖန်တီးမှု တရပ်ဖြစ်ကြောင်း " ရှင်းလင်းဖော်ပြထားသည်။

မဏိပူရသူပုန် ပူးပေါင်းကော်မတီတွင်  KCP, KYKL, PREPAK, PREPAK (Pro), RPF, UNLF နှင့် UPPK of Manipur (Kangleipak) စသည့် မဏိပူရ သူပုန် အဖွဲ့ ၇ ဖွဲ့ပါဝင် ဖွဲ့စည်းထားသည်။

'တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖောက်ခွဲ ဖျက်ဆီးခဲ့သူများမှာ ကသည်း(မဏိပူရ) သူပုန် အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း' UNLF အဖွဲ့မှ မဏိပူရပြည်နယ်ထုတ် သတင်းစာများတွင် တနင်္လာနေ့က ဖော်ပြခဲ့ခြင်းကို ရည်ညွှန်းလိုက်ခြင်း
ဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ ၀န်ကြီးချူပ် ဒေါက်တာ မာန်မိုဟန်ဆင်း ၂၀၁၂ ခုနှစ် မေလ က မြန်မာ နိုင်ငံသို့ လာရောက်စဉ် သူပုန်အုပ်စုများနှင့် ပတ်သတ်၍ ဆွေးနွေးမှုများ၊ နားလည်မှု စာချွန်လွှာ အချို့အား
နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြသည်။

ထိုကဲ့သို့ ဖောက်ခွဲဖျက်ဆီးသွားသည့် သောင်းကျန်းသူအဖွဲ့မှာ မဏိပူရပြည်နယ် မှ ကသည်းလက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း 'တမူးမြို့ စန္ဒာကူး ၃ ရပ်ကွက်တွင် ဖမ်းဆီးမိသည့် လက်နက်မျိုးစုံ ၉၆ လက်နှင့် ခဲယမ်း များမှာ ကသည်းသောင်းကျန်းသူ United National Lebration Front UNLF "ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးတပ်ဦးအဖွဲ့" ပိုင် ဖြစ်၍ ယင်းအဖွဲ့က မကျေနပ်သဖြင့် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်း
ဖြစ်ကြောင်း သိရှိရသည်' ဟု ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ်  မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

ဆက်လက်၍ အိန္ဒိယ၀န်ကြီးချူပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်း များ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှလည်း အိန္ဒိယသို့ အပြန်အလှန် လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် အိန္ဒိယစစ်တပ် ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ၊ ယုံကြည်မှု အပြန်အလှန် တည်ဆောက်သည့် အစည်းအဝေးများ၊ မြန်မာနှင့် အိန္ဒိယ အကြား အရေးပေါ် ဖုန်းဆက်သွယ်မှု လိုင်းများ ထားရှိခြင်း၊ အရပ်ဘက်၊ စစ်ဘက် နှစ်နိုင်ငံ ဌာနဆိုင်ရာ အစည်းအဝေးများ ကြိမ်ဖန်များစွာ ပြုလုပ်ကျင်းပ မှုများကို ကြည့်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်စိတ်ချမှု မြင့်မားကြောင်း အစိုးရ ပြန်ကြားရေး ဌာန ကဆိုကြောင်း သတင်းစာက ရေးသားသည်။

ဥဿာမြို့သစ်တွင် လူနေအိမ်များ ပြောင်းရွှေ့ရန် အမိန့်ထုတ်

စံခလပူရီ(မဇ္ဈိမ)။     ။ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၉) ရှိ လူနေအိမ်များကို မတ်လ ၁ ရက်နေ့
နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း ဒေသခံများက
ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် တရပ်ကွက်လုံးရှိ အိမ်ထောင်ဦးစီး တိုင်းသို့ စာနှင့်တကွ အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း အစည်းအဝေး ခေါ်ယူကာ
ပြောင်းရွှေ့ရန် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။

"ကျူးကျော်မြေတွေ ဖြစ်တယ်ဆိုပြီး အကုန်လုံး ဖယ်ပေးရမယ်လို့ ပြောတယ်။ ဖယ်မပေးရင် ထောင်တလဆီ ချမယ်လို့ ပြောတယ်။ ခရိုင် ဒု-ဦးစီးမှူး (ဒု-အုပ်ချူပ်ရေးမှူး) ကိုယ်တိုင် ပြောတယ်။ နို့တစ်စာ ထုတ်ပြီးတော့ အစည်းအဝေးမှာ တရားဝင် ပြောတယ်" ဟု ရပ်ကွက်ကြီး (၉) မှ ဦးလင်းနိုင်ဦး က ပြောသည်။

ပြောင်းရွှေ့ရမည့် ရပ်ကွက်ကြီး (၉) တွင် အိမ်ထောင်စုပေါင်း ၉၀၀ ကျော် ရှိပြီး လူဦးရေ ၂၀၀၀ ကျော် ရှိသည်ဟု သူက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာတွင် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများသည် ယခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင်မြေအတွင်း နေထိုင်သူများ ဖြစ်ပြီး၊ ၁,၇၂၅ ဒဿမ ၇၇ ဧကရှိ မြေများကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြောင်းလွှဲပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 ပြောင်းရွှေ့ခြင်း မပြုပါက ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာရှိ မြေယာ အက်ဥပဒေ ပုဒ်မ ၂၁ (၁) အရ အရေးယူသွားမည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားပြီး ထိုပုဒ်မဖြင့် ထောင်ဒဏ် ရက် ၃၀ ချခံရဖွယ် ရှိသည်။

ပြောင်းရွှေ့ရန် လက်ခံသည့် အိမ်ထောင်စုများကို ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈)၊ မြေတိုင်းရပ်ကွက် အမှတ် (၂၄) ၏ တောင်ဘက်၊ ဘော်ဒါဆောင်၏ အနောက်ဘက်နှင့် ရှင်ဆောင်း အထည်ချုပ် စက်ရုံဝန်းကျင်တွင်
ပြန်လည်နေရာချပေးမည်ဟု ဆိုပြီး လက်ခံသူများအား လက်မှတ်ထိုးခိုင်းခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။ သို့သော်လည်း မည်သူတဦးတယောက်မှ ပြောင်းရွှေ့ရန် လက်မှတ် ထိုးခဲ့ခြင်း မရှိဟု အဆိုပါ ဒေသခံများမှ ဆိုသည်။

ဒေသခံအချို့၏ အဆိုအရ လွန်ခဲ့သည့် နှစ် ၄၀ ဝန်းကျင် ဥဿာမြို့သစ် မတည်ခင်ကပင် မဆလအစိုးရက ဤအရပ်တွင် ၎င်းတို့အား နေရာချထားပေးခဲ့ပြီး လယ်မြေ၊ ခြံမြေနှင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်ဟု ဆိုသည်။

 ဥဿာမြို့သစ်ကို ၁၉၉၈ နောက်ပိုင်း လူနေအိမ်ယာ၊ အဝေးပြေးကားဂိတ်၊ စက်မှုဇုန်နှင့် စက်ရုံ အလုပ်ရုံ
များဖြင့် နဝတ အစိုးရက နေရာချတည်ထားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစုစုနွေး က ပြောင်းရွှေ့ခံရမည့် အခြေအနေကို သွားရောက်လေ့လာခဲ့ပြီး ဒေသခံများအား အားပေးနှစ်သိမ့်ခဲ့ကာ အကူအညီပေးနိုင်ရန်လည်း ဆွေးနွေးခဲ့သည်ဟု မစုစုနွေး က ပြောသည်။

"သူတို့ အဲဒီမှာ နေလာတာ နှစ်ပေါင်း ၄၀ ကျော်ပြီရှင့်၊ ပြောင်းလိုက်ရင် တရွာလုံး အတိဒုက္ခရောက်မှာမို့ တရပ်ကွက်လုံးက မကျေနပ်ကြဘူး။ ကျမက သူတို့ကို အားလုံး လက်မှတ်ထိုးခိုင်းထားပါတယ်ရှင့်၊ ဒီဥစ္စာကို ကျမတို့ အထက်ကို စာတင်မယ်။ အဲဒီ မတ်လ ၁ ရက်နေ့ကျရင်လည်း ကျမ အဲဒီရပ်ကွက်ကို သွားစောင့်ပေး မယ်" ဟု မစုစုနွေးက ပြောသည်။

မစုစုနွေး သွားရောက်တွေ့ဆုံပြီးနောက် ၎င်းရပ်ကွက်မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၀ ကျော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ခရိုင်မှူးရုံး၌ တွေ့ဆုံရန် ခရိုင်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ထားသော်လည်း မိမိတို့အား လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု ဆယ်အိမ်မှူး တဦးက ပြောသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ ရုံးအဖွဲ့တာဝန်မှူးက စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသည့် ကျူးကျော်အိမ်ယာများကို ဖယ်ရှားမည်မှာ မှန်ကန်ကြောင်းသာ
ပြောပြီး တွေ့ဆုံရန် ပျက်ကွက်ရသည့် အကြောင်းကို ဖြေကြားခြင်း မပြုခဲ့ပေ။

ကျူးကျော်နေအိမ်များဟု သတ်မှတ်ကာ ဖယ်ရှားခိုင်းခြင်း၊ ချိန်းဆိုပြီး မတွေ့ဆုံဘဲ ကတိပျက်ကွက်ခြင်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဥဿာမြို့သစ် စက်မှုဇုန်ဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ
ပြုလုပ်သွားမည်ဟုလည်း ဦးလင်းနိုင်ဦးက ပြောသည်။

ထိုင်း အလုပ်ရရေး အလုပ်သမားအချို့ လိင်လုပ်သားအဖြစ် စတေးနေရ