Monday, February 18, 2013

Light Truck နှင့် Suzuki Carryများအား သင်္ကြန်လည်ပတ်ရန် ၀ယ်ယူမှုများနေ

သင်္ကြန်လည်ပတ်ရန်အတွက် Light Truck နှင့် Suzuki Carry ကဲ့သို့သော နောက်ဖုံးဖွင့် ကားများ အဝယ်လိုက်နေကြောင်း အရောင်းပြခန်းများမှ သိရသည်။၏

 

`` ကျွန်တော်တို့က သင်္ကြန်အတွက် ကားငှားလုပ်ငန်းလုပ်ဖို့ Suzuki လေးစီးဝယ်ဖြစ်တာပါ။ Suzuki Carry တွေက Light Truck နဲ့ ယှဉ်ရင် ဈေးလည်းနည်းတယ်။ ပြီးတော့ ဆီစားလည်းသက်သာတယ်´´ဟု Suzuki Carry လာရောက်ဝယ်ယူသူ ကိုဇော်မျိုးထွန်း က ပြောသည်။

 

အဆိုပါ Suzuki Carry ကားများမှာ သင်္ကြန်အငှားလိုက်ရန်အတွက် ၀ယ်ယူမှုများ၍ တစ်ရက်လျှင် ပျမ်းမျှ နှစ်စီးခန့်   ရောင်းရကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

 

ယခင်က သင်္ကြန်ကာလအတွင်း ဂျစ်ကားနှင့် Light Truck ကဲ့သို့သော ကားများမှာ အရောင်းအ၀ယ်နှင့် အငှားများသော်လည်း ယခုနှစ်တွင် Light Truck နှင့် Suzuki Carry ကဲ့သို့ကားများမှာ ဈေးကွက်ဝင်လာခြင်းဖြစ်သည်။

 

`` ကျွန်တော်အထင်ကတော့ ကားက ၀ိတ်ဘယ်လောက်ခံနိုင်တယ်ဆိုတာထက် စီးလို့ရရင်တော်ပြီ၊ သင်္ကြန်လည်ရင် Light Truck လိုမျိုးကျတော့ ကားက ကြီးသွားပြန်ရော။ ဒီတော့ Suzuki Carry ကတော့ အနေတော်ပဲ။ ဒါကြောင့်ဝယ်ဖြစ်သွားတာပါ´´ ဟု ကားဝယ်ယူထားသူ ကိုဖြိုးက ပြောသည်။

 

Light Truck များ၏ ကုန်တင်ဆောင်နိုင်သည့် ၀န်ပမာဏမှာ ၇၅၀ kg မှ ၈၀၀ kg အထိရှိပြီး Suzuki Carry များသည် ၃၅၀ kg သာ ရှိကြောင်း သိရသည်။

 

ယခင်နှစ်များက  ရန်ကုန်သင်္ကြန်ရက်အတွင်း ဂျစ်ကားများနှင့် လည်ပတ်မှုများပြားရခြင်းမှာ ကားအပ်နှံခွင့်များ မရှိသေးခြင်းကြောင့်   ဖြစ်ပြီး ယခုနှစ်တွင် ဂျစ်ကားအများစုမှာ ဈေးကွက်အတွင်း နည်းပါးလာသောကြောင့် အဆိုပါ Light Truck နှင့် Suzuki Carry ကဲ့သို့သော ကားများ သင်္ကြန်အတွင်း အများဆုံးတွေ့ရဖွယ်ရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

 

ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများမှာ ကျပ်သိန်း ၈၄ သိန်းဝန်းကျင်ရှိပြီး Light Truck ကားများသည် ၁၂၆ သိန်း ၀န်းကျင်ရှိသည်။

 

Suzuki Carry ကားများသည် ဂျပန်မှ တိုက်ရိုက် တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားများသည် တရုတ်မှ တင်သွင်းကာ   ပြည်တွင်းတွင် ပြန်လည် တပ်ဆင်ထားသည်ဟု သိရသည်။

 

မိုဘိုင်းဆင်းမ်ကတ် အပျက်အစီးနှင့် အင်တာနက်လျှောက်ထားမှုအတွက် နေ့ချင်းပြီးဆောင်ရွက်နေ

မိုဘိုင်းဆင်းမ်ကတ်ပျောက်ဆုံးပျက်စီးမှုနှင့်ပတ်သက်၍ လျှောက်ထားခြင်းအပါအ၀င် မိုဘိုင်းအင်တာနက်လိုင်းဖွင့်ခြင်း လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေ့ချင်းပြီးဆောင်ရွက်နေပြီဖြစ်သည်။

 

မြန်မာ့ဆက်သွယ်ရေး၌ အင်တာနက်လိုင်းလျောက်ထားမှုကို ကျပ်တစ်သောင်းနှုန်းဖြင့် သတ်မှတ်ဆောင်ရွက်ပေးနေချိန်တွင်   ပြည်ပ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ ကျပ်တစ်သောင်း တစ်ထောင်နှုန်းဖြင့် ရက်ချိန်ဖြင့် ပြုလုပ်ပေးနေချိန်တွင်   မြန်မာ့ဆက်သွယ်ရေးမှ ယခုကဲ့သို့ နေ့ချင်းပြီးပြုလုပ်ပေးရန် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

" အပြင်ဆိုင်မှာ အင်တာနက်လိုင်းသွားဖွင့်တာ အဆင်မပြေဘူး၊ ၄ရက်လောက်ကြာမှ ရမယ်ပြောတယ်၊ ဆက်သွယ်ရေးက အခုလို နေ့ချင်းပြီးလုပ်ပေးမယ်ဆိုတော့ကောင်းတယ်၊ ဒါပေမယ့် လျှောက်ထားနိုင်တဲ့ကောင်တာ တော်တော်များများ ထားပေးမှ အဆင်ပြေနိုင်မယ်"ဟု ကမာရွတ်မြို့နယ်နေ ဦးဋ္ဌေးက ပြောသည်။

 

 မိုဘိုင်းဖုန်းဆင်းမ်ကတ်ပျက်စီးမှုအတွက် လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေးမှ အခမဲ့လဲလှယ်ပေးမည် ဖြစ်ပြီး ပျက်စီးသည့် ကတ်မူရင်း၊ ပျက်စီးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူသည့် စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန် လိုအပ်ကြောင်း မြန်မာဆက်သွယ်ရေးမှ သိရသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုမှာ နိုင်ငံရှိလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်းနှင့် အင်တာနက်တွဲဖက်အသုံးပြုသူအများစုမှာ လူငယ်များဖြစ်ပြီး မီဒီယာသမားများနှင့် သတင်းအချက်အလက် ရယူလိုသူလူနည်းစုသာ မိုဘိုင်းအင်တာနက်လျောက်ထားအသုံးပြုနေခြင်းဖြစ်သည်။

 

 "အရင်တုန်းကလို တစ်ပတ်လောက်မစောင့်ရတော့ဘူး။ အခု နေ့ချင်းပြီး လုပ်ပေးနေတယ်၊ မနက်လာလျှောက်တာနဲ့ ညနေဘက်ဆိုရင် အင်တာနက်လိုင်း ပွင့်ပါပြီ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခင်က မြန်မာဆက်သွယ်ရေး၌ အင်တာနက်လျှောက်ထားရာတွင် ကျပ်တစ်သောင်းအပြင် ဆင်းမ်ကတ်လျှောက်ထားစာ တင်၍   အချိန်တစ်ပတ်အထိ ကြာမြင့်ခဲ့သော်လည်း လက်ရှိကာလတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။

 

 မိုဘိုင်းအင်တာနက်၏ အားသာချက်မှာ အနာဂတ်လူနေမှုစနစ်၏ ငွေကြေးဆိုင်ရာကိစ္စများ၊ သတင်းအချက်အလက်များ၊ လျှို့ဝှက် ဖိုင်များနှင့် ပုံစံမျိုးစုံအတွက် လိုအပ်သလို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း အိုင်တီပညာရှင်တစ်ဦးက သုံးသပ်သည်။


တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးထက် မနည်း ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရသည်။

တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

တောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

"အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှူး ဗင်ကားတွေကြီးဘဲဓါးပြတိုက် ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်" ဟု ဓါးပြတိုက်ခံရသူ အားဖှန်ကပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်က တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်းများ အားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော် ပါသွားကြောင်း ကားဆရာများ အသိုင်းအဝိုင်းက ပြောသည်။

"တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်" - ဟု အားဖှန်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့် ကွာဝေးကြောင်း၊ အစိုးရစစ်တပ်အနေဖြင့် ဒေသအတွင်း ခရီးသွားများအတွက် လုံခြုံရေး ယူပေးလိုသည့် ဆန္ဒရှိလျှင် ပေးနိုင်သည့် အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ၂၀၀၉ ခုနှစ် မေလ နှစ်ဦးပိုင်းကလည်း မကြာခဏ ဓါးပြတိုက်မှုဖြစ် ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့နှင့် ဓါးပြအဖွဲ့တို့ ရင်ဆိုင်မိပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၁၁  မှ ယနေ့အထိ အဆိုပါဒေသအတွင်း ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန် မယူပေးနိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုများက ပြောဆိုကြသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကန့်ကွက်စာကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်မှ ယာဉ်ရောင်းဝယ်ရေးစခန်းကို မပြောင်းရွှေ့ပါကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းကို မူလလုပ်ငန်းများ ရှိတဲ့နေရာတွင် အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သွားဖြစ်ကြောင်း၊ စီမံကိန်းလုပ်သည့် အချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းထဲရှိ ကားနှင့်ဈေးဆိုင်များကို ဘေးတွင်ရွှေ့ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးသွားပါက နေရာများကို တန်ရာတန်ကြေးနှင့် ပြန်ပေးမည်ဟု ကတိပေးစကား ပြောထားကြောင်း ၄င်းက ဆက်လက်ပြောပါသည်။

"၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်းကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ" ဟု မပြောင်းရွှေ့ရေး ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။

သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့်အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက် ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

"တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာ ပါရှိပါတယ်။ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်" ဟု ဆက်လက် ပြောကြားပါသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်းရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲဝင်ခွင့်ကတ်ပြားများ စတင်ထုတ်ယူနိုင်

၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက်  စာမေးပွဲဝင်ခွင့် ကတ်ပြားများအား စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

တစ်နိုင်ငံလုံးရှိ နယ်စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကတ်ထားသည့် ခုံအမှတ်စဉ်ပါဝင်သော စာမေးပွဲဝင်ခွင့်ကတ်ပြား (Identity Card) များကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ နေ့ရက်မှ စ၍လည်းကောင်း၊ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ် အတွင်းမှ ကျောင်းသား၊ကျောင်းသူများသည်  စာမေးပွဲဝင်ခွင့် ကတ်ပြားများအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍လည်းကောင်း ထုတ်ယူနိုင်ပြီး ပြင်ပမှ ဖြေဆိုရမည့်သူများသည် စာမေးပွဲဝင်ခွင့် ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရှိရပါသည်။

ယင်းစာမေးပွဲဝင်ခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခြေခံပ ညာ အထက်တန်းကျောင်း(ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို သက်ဆိုင်ရာ မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူနိုင်ပြီး စာမေးပွဲ ၀င်ခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများထံ တိုက်ရိုက်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သီရိလင်္ကာ ကယ်လိုက်တဲ့လှေမှာ သေဆုံးသူ ၉၈ ဦးရှိခဲ့