Thursday, February 21, 2013

အလုံမြို့နယ်အတွင်းရှိ သက်တမ်း ၁၀ နှစ်ပင် မရှိသေးသည့် ခုနစ်ထပ် အဆောက်အအုံ၏ မြေညီထပ်နံရံ အက်ကွဲမှုဖြစ်ပွား


w1-21-2-3

ကွဲအက်နေသော တိုက်ခန်းနံရံအား ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ခုနစ်ထပ် အဆောက်အအုံတစ်ခု၏ မြေညီထပ်တွင် နံရံအက်ကွဲမှုတစ်ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အလုံမြို့နယ်၊ဌာနရပ်ကွက်၊ ဌာနလမ်း၊အိမ်အမှတ် ၈၇ မြေညီထပ်(ညာခန်း) မီးဖိုခန်းရှိ အခန်းနံရံ၏ အောက်ခြေဘက်မှစ၍ အက်ကြောင်းများ စတင်ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ နံနက် ၉နာရီခွဲခန့်တွင် အက်ကြောင်းရာမှာ ပိုမို ကြီးမားလာကြောင်း အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် တိုက်ခန်းပိုင်ရှင် ကိုကျော်သက်ထွန်းက ပြောသည်။

''စဖြစ်တာက ၂၀ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲလောက်ကပါ။ နံရံက အက်ကြောင်းတွေ ပေါ်လာတယ်။ပြီးတော့ သဲမှုန်တွေပါ ကျလာတယ်။နောက်တစ်နေ့ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲလောက်လောက်မှာ ကျွန်တော် ရေချိုးခန်းကထွက်တော့ အက်ကွဲကြောင်းကနေ အပြင်က အလင်းရောင်ကို မြင်နေရတယ်။ဒီတိုက်ကဆောက်ထားတာ ၁၀ နှစ်တောင် မပြည့်သေးဘူး'' ဟု ကိုကျော်သက်ထွန်းက ပြောသည်။

အဆိုပါ ဌာနရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ထွန်းက ''ဒီဖြစ်စဉ်ကို အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနဲ့ အင်ဂျင်နီယာဌာနကလူတွေ လာကြည့်သွားတယ်။ အက်ကွဲကြောင်းက ဆယ်ပေလောက်ရှိတယ်။ လူဆက်နေသင့်/မနေသင့်နဲ့ ပတ်သက်ပြီးတော့ သူတို့က ဘာမှ မပြောသေးဘူး'' ဟုပြောသည်။

၎င်းတိုက်ခန်းကို 'ထွန်းတောက်ကြယ်' ဆောက်လုပ်ရေးမှ ၂၀၀၄ ခုနှစ်က စည်ပင်သာယာနှင့် ပူးပေါင်းတာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အိမ်ခန်းများ စတင်နေထိုင်ခဲ့ကြောင်း ၊ အဆိုပါတိုက်ခန်းတွင် အခန်း ၁၄ ခန်းပါရှိပြီး လက်ရှိတွင် လူဦးရေ  ၅၀ ခန့် နေထိုင်လျက်ရှိကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း စမ်း ချောင်းမြို့နယ်၊ ကျွန်းတောလမ်းရှိ ရှစ်ထပ်တိုက် အဆောက်အအုံ တစ်ခု၏ မြေညီထပ်တွင်လည်း အလားတူ တိုက်ခန်းနံရံ ကွဲအက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

w1-21-2-4

ကွဲအက်နေသော တိုက်ခန်းနံရံအား ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

အဆိုပါ အက်ကွဲမှု ဖြစ်ပွားနေသည့် တိုက်ခန်းတွင် မိသားစု သုံးဦး လက်ရှိ နေထိုင်လျက်ရှိပြီး ၎င်းတို့ အနေနှင့် မည်သည့်ပုံစံဖြင့် ပြောင်းရွှေ့ရမည်ကို မသိရှိရသေးကြောင်း အဆိုပါ မိသားစုက ပြောသည်။

ရွှေနှင့် မတ်ပဲဈေးနှုန်း ကျဆင်းနိုင်သည့် ဂြိုဟ်ရပ်တည်မှု လာမည့်မတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်မည်

ရွှေနှင့်မတ်ပဲဈေးနှုန်း ကျဆင်းနိုင်သည့် ဂြိုဟ်ရပ်တည်မှုဖြစ်စဉ်တစ်ခု လာမည့်မတ်လ ၆ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၁ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။

၎င်းမှာ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့ ပူးယှဉ်ပြီး ဂြိုဟ်စစ်ထိုးသည့် ဖြစ်စဉ်လည်း ဖြစ်သည်။

"ဒီလိုဖြစ်စဉ်မှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်တို့ဟာ နေရဲ့ဘေးဘက် ဂြိုဟ်ပတ်လမ်းကြောင်းတွင်း ရောက်ရှိနေမယ်ဆိုရင် ငလျင်ဖြစ်ပေါ်တတ်ပြီး အခုဖြစ်စဉ်မှာတော့ သောကြာဂြိုဟ်က နေရဲ့အနောက်ဘက် ဂြိုဟ်ပတ်လမ်းကြောင်းမှာ ရှိနေတာကြောင့် ငလျင်ဖြစ်ပေါ်မယ့် အခြေအနေ မရှိတော့ဘူး၊ ဒါပေမယ့် မတ် ၆ ရက်ကနေ တစ်ပတ်အတွင်း ရွှေနဲ့မတ်ပဲဈေးနှုန်းတွေ ကျဆင်းတာမျိုး ဖြစ်နိုင်တယ်" ဟု ဦးဇေယျာကိုက ပြောသည်။

အဆိုပါ မတ်လ ပထမအပတ်အတွင်း ဗုဒ္ဓဟူးဂြိုဟ် အနေအထား ပြောင်းလဲမှု နှစ်ကြိမ်ဖြစ်ပေါ်ရန် ရှိပြီး မတ် ၄ ရက်နေ့ ဖြစ်စဉ်တွင် ဗုဒ္ဓဟူးဂြိုဟ်သည် နေ၏အရှေ့ဘက် ရောက်ရှိနေပြီး နေ၏အလင်းရောင် ထင်ဟပ်မှုကြောင့် လည်းကောင်း၊ ဒုတိယဖြစ်စဉ် မတ် ၆ ရက်တွင် ဖြစ်ပေါ်မည့် ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ် ပူးယှဉ်မှုတွင် ဗုဒ္ဓဟူးဂြိုဟ်က နေ၏အရှေ့ဘက်သို့ ရောက်ရှိနေပြီး သောကြာဂြိုဟ်မှာ နေ၏အနောက်ဘက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ၎င်းဖြစ်စဉ်နှစ်ခုစလုံးကို ကမ္ဘာမှ မြင်တွေ့ နိုင်မည် မဟုတ်ဟု ၎င်း၏အဆိုအရ သိရသည်။

နွေအတွက် လျှပ်စစ်မီးလိုအပ်ချက် မဂ္ဂါဝပ် ၅၀၀ ကျော်ရှိဟု ဝန်ကြီးပြော

လာမည့် နွေရာသီတွင် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၂၀၆၀ မဂ္ဂါဝပ်အထိ ရှိမည် ဖြစ်သော်လည်း လက်ရှိ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မေလအထိ ၁၅၅၀ မဂ္ဂါဝပ်ခန့်သာရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောလိုက်သည်။

၁၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

လတ်တလော နွေရာသီ အဝင် ကာလတွင်ပင် ရန်ကုန်မြို့လယ်ရှိ မြို့နယ်တချို့တွင် လျှပ်စစ်မီး ပုံမှန် ရရှိသော်လည်း မြို့စွန်ပိုင်းရှိ မြို့နယ် အများစု၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လျှက်ရှိကြောင်း၊ လျှပ်စစ်မီး ဖြတ်တောက်မည်ကို ပြည်သူများထံ ကြိုတင် အသိပေးထားခြင်း မရှိသောကြောင့် အခက်အခဲများနှင့် ကြုံနေရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

"မီးဖြတ်မယ့် အချိန်ကို ကြိုမပြောဘဲ ဖြတ်ချင်သလို ဖြတ်နေတော့ ကျနော်တို့လို တပိုင်တနိုင် စီးပွားရေး လုပ်ငန်း လုပ်သူတွေ ဒုက္ခရောက်ရတယ်။ တကယ်လို့သာ ဘယ်အချိန်တွေ မီးဖြတ်မယ် ဆိုတာ သိရရင် ကိုယ်က ကြိုတင် ပြင်ထားလို့ ရတယ်လေ" ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ ကွန်ပျူတာ စာစီစာရိုက်လုပ်ငန်း လုပ်ကိုင်သူတဦးက ဆိုသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်းကို ရန်ကုန်မြို့စွန်နှင့် မြို့နယ်အများစုရှိ လျှပ်စစ် ဓာတ်အားပေးရေး ရုံးများမှ တာဝန်ရှိသူများက ဓာတ်အား မလုံလောက်သောကြောင့် မီးဖြတ်တောက်ရခြင်းသာ ဖြစ်သည်ဟု ပြောကြပြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကမူ သန်လျင်မြို့နယ်အတွင်း ဒီဂျစ်တယ် မီတာများ ပြောင်းလဲ တပ်ဆင်နေခြင်းကြောင့် ယခုကဲ့သို့ မီးပြတ်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

"ဒီဂျစ်တယ် မီတာ ပြောင်းတပ်နေလို့ မီးပြတ်တယ်လို့ ပြောတဲ့ အချိန်က တနေကုန်ပြတ်တာ။ အခုလည်း ဒီဂျစ်တယ်မီတာ တပ်နေလို့ ပြတ်တယ် ပြောပြန်ပြီ၊ ဒါပေမယ့် အခုက ညပိုင်းတွေ ပိုဖြတ်တာ များတယ်။ မီးက အခုလို ပြတ်ချင်တဲ့ အချိန်ပြတ်နေတော့ အိမ်ရှင်မတွေ အတွက်လည်း ဒုက္ခရောက်ရတယ်။ မီးပြတ်မယ့် အချိန်ကို ကြိုမသိတော့ ရေတင်လျက် တန်းလန်းတို့၊ ထမင်း၊ ဟင်း ချက်ရင် တန်းလန်းတို့ ဖြစ်ကုန်ရော" ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီး တဦးက ဆိုသည်။

ထို့အပြင် နိုင်ငံပိုင် စက်ရုံများ၊ တပ်မတော် စက်ရုံများ၊ စက်မှု လုပ်ငန်းများကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ မီးဖြတ်မည်ဟု ကြေညာ ထားသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ဘဲ နေခင်း မီးပေးရမည့် အချိန်များ၊ မနက်ခင်း များတွင်လည်း မီးပြတ်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

"မီးက ပြတ်ချင်တဲ့အချိန် ပြတ်နေတဲ့အတွက် မီးစက်တွေ သုံးရတယ်။ ဒီတော့ မလိုအပ်တဲ့ အပိုကုန်ကျငွေက ထွက်လာရော။ ဒါ့အပြင် မီးပြတ်တဲ့ အချိန်မှာ လုပ်လက်စ အလုပ်တွေက ဂျမ်းဖြစ်ကုန်တာပေါ့" ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုန် (၃) တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင် ဦးတင်အောင်လှိုင်က ဆိုသည်။

လျှပ်စစ်မီး ပြတ်တောက်ရခြင်းသည် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကြောင့် ဖြစ်ကြောင်း သက်ဆိုင်ရာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ရေအားလျှပ်စစ်အတွက် ရေများကို စုဆောင်းနေရကာ အတတ်နိုင်ဆုံး ညဥ့်နက်ပိုင်း များတွင်သာ အများဆုံး မီးဖြတ်နေရခြင်းဖြစ်ကြောင်း သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။

"မီးပြတ်တာက ဓာတ်အားခွဲ ရုံကနေ ဓာတ်အားမနိုင်လို့ ဖြစ်တာပါ။ ဒီအတွက် ပြည်သူတွေကို အတိအကျ အကြောင်းကြား ထားတာတော့ မရှိဘူး။ ကျနော်တို့ သိတာက အထက်က မီးဖြတ်ဖို့ အမိန့်ပေးရင် ဖြတ်မယ်၊ စက်တွေပျက်ရင် ပြင်မယ်၊ လိုအပ်တာတွေကို လုပ်ပေးမယ်ဆိုတာပဲ သိပါတယ်" ဟု တာမွေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ယခုလတ်တလော ကာလတွင် မီးဖြတ်တောက်မှုများ ပြုလုပ်နေရသော်လည်း နွေရာသီအတွက် မီးစက်များ၊ ဂတ်စ်တာဘိုင်များဖြင့် လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်စေရန် မိမိတို့ အနေဖြင့် ကြိုးစား ဆောင်ရွက်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ဆက်လက်ပြောသည်။

ဓာတ်အား မလုံလောက်မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း များသည် ယခုအချိန်ကတည်းက ဖြစ်နေလျက် ရှိသောကြောင့် လာမည့် နွေရာသီ ကာလများတွင် ယခုကဲ့သို့ အခြေအနေ ဆိုးသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ရမည်ကို ပြည်သူအများစုက စိုးရိမ် နေကြသည်။

နွေရာသီတွင် လျှပ်စစ်မီး ဖြတ်တောက်မှု လျှော့ချနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထို့အပြင် ဖေဖဝါရီလ အထိ အချိန်ပြည့် လျှပ်စစ်မီး ပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် ပေါင်းလောင်း ဓာတ်အားပေး စက်ရုံတို့ကိုလည်း နွေရာသီတွင် ရေမပြတ်စေရန် ရေကို ထိန်း၍ ဆောင်ရွက်နေကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။

ကရင်အမျိုးသမီးငယ် ၏ ဒဏ်ရာများကို ယမန်နေ့က ဘန်ကောက်မြို့ Rama Thibodi ဆေးရုံမှ ဆရာဝန်ကြီးများက မိနစ် ၃၀ ခန့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတင်းစာလင်းရှင်းပွဲတွင် ပြသနေစဉ်(ဓာတ်ပုံ – dailynews)

ထိုင်း လုပ်ငန်းရှင် လင်းမယား ညှဉ်းပန်း နှိပ်စက်ခံထားရသည့် အသက် ၁၂ နှစ် အရွယ် ကရင် အမျိုးသမီးငယ်ကို ထိုင်း အစိုးရက ကုန်ကျစရိတ် တာဝန်ယူပြီး ဆေးဝါး ကုသပေးမည်ဟု သိရှိရသည်။

ကရင် အမျိုးသမီးငယ်နှင့် အတွက် ကုန်ကျငွေများကို ဆေးရုံမှ တာဝန်ရှိသူနှင့် ထိုင်း အစိုးရ ပူးပေါင်းပြီး ပုံမှန် အခြေအနေသို့ ပြန် ရောက်သည်အထိ တာဝန်ယူပေးမည်ဟု ထိုင်း အစိုးရ ၀န်ကြီးချုပ်ရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ Thossa porn Serirakက ပြော သည်။

ထို ကရင်အမျိုးသမီးငယ် ၏ ဒဏ်ရာများကို ယမန်နေ့က ဘန်ကောက်မြို့ Rama Thibodi ဆေးရုံမှ ဆရာဝန်ကြီးများက မိနစ် ၃၀ ခန့် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတင်းစာလင်းရှင်းပွဲတွင် ဒေါက်တာ Thossa porn Serirak က သတင်းထောက်များကို ပြောကြားခြင်း ဖြစ်သည်။

"သတင်းတွေ ထုတ်လွှင့်နေကြတဲ့ အတိုင်းကလေးငယ် နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ တကိုယ်လုံးပဲ၊ ဒါကြောင့် ကလေးငယ် နဲ့ သက် ဆိုင်တဲ့ အာဏာပိုင်တွေကို အသိပေးပြီး ဆေးရုံကို ခေါ်လာတာ ဖြစ်တယ်၊ ဆေးဝါး ကုသစရိတ်တွေ အားလုံးကိုလည်း ပုံမှန် ပြန်ဖြစ် တဲ့ အထိ ဆေးရုံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးမယ်"ဟုလည်း ဒေါက်တာ Thossa porn Serirakက ပြောဆိုသည်။

ကရင်အမျိုးသမီးငယ်၏ ခန္ဓာကိုယ် တခုလုံးတွင် အပူလောင် ဒဏ်ရာ အမာရွတ်များ ပြင်ထန်စွာရရှိ၍ အပူလောင် ဒဏ်ရာကြောင့် အရေးပြားများ ပျက်စီးပြီး လက်နှစ်ဘက်စလုံး လက်မောင်းရင်း အထိ အရေးပြားများ တွဲဆက်သွားကာ လက်မမြှောက်နိုင်သည် အထိ ဖြစ်နေကြောင်း ဆေးရုံမှ ဆရာဝန်ကြီးများက ပြောသည်။

"ဘယ်ဘက်လက်ကို အရင်ဆုံး ခွဲစိတ် ကုသရမယ်ဆိုရင် အနည်းဆုံး တပတ်လောက် အချိန်ယူရမယ်၊ ပုံမှန်ပြန် ဖြစ်အောင် အသားတွေ အစားထိုး ကုသရမှာ ဖြစ်တဲ့ အတွက် ခွဲစိတ် ကုသဖို့ အချိန်ကတော့ ၃-၄ နာရီ လောက်ကြာမယ်"ဟု အဆိုပါ ဆေးရုံမှ ဆရာဝန် တဦးက ပြောပြသည်။

ထိုင်းသတင်းများအရ လတ်တလော၌ ကရင်အမျိုးသမီးငယ်ကို ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဂေဟာတွင် ပြန် လည် ပို့ဆောင် စောင့်ရှောက်ထားပြီး၎င်း၏ အမှုတွဲ ပြီးပါက ဆေးရုံသို့ ထပ်မံသွားရောက် ကုသရန် စီစဉ်ထားကြောင်း သိရ သည်။

အချိန်ယူပြီး ကုသပေးသွားမှာ ဖြစ်သလို ဆေးမကုသခင်မှာလည်း ကလေးငယ်၏ စိတ်ပုံမှန် ဖြစ်ရန် လိုအပ်ကြောင်းလည်း ဆေးရုံမှ တာဝန်ရှိသူက ပြောကြားသည်။

ကရင် အမျိုးသမီး ငယ်ကို အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်း အမျိုးသမီး လင်မယားက အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားပြီး ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေး ပူဖြင့် ပက်ခြင်း တို့ကို ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် တရားရင်ဆိုင်ရမည် ဖြစ်သော ထိုင်းအလုပ်ရှင် လင်းမယားမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးပေးသူအား ထိုင်း ဘတ်ငွေ တသိန်း ပေးမည် ဖြစ်ကြောင်း မကြာသေးခင် ရက်ပိုင်းအတွင်း ထိုင်း ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ပြန်ထားသည်။

အဆိုပါ ထိုင်းလင်မယားသည် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ချိန်းဆိုထားရာမှ ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းကမူ"မြန်မာတွေနဲ့ ဖြစ်တဲ့ ကိစ္စမှန်သမျှမှာ ထိုင်းတွေက သွေးအေးအောင် လုပ်ပြီးတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်အောင် လုပ်တာမျိုးတွေရှိတယ်"ဟု ဧရာဝတီ သို့ ပြောသည်။

ကရင်အမျိုးသမီးငယ်၏ အမှုနှင့် ပတ်သက်၍ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန် ကူးမှု၊ ညှဉ်းပန်း နှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ချက် ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက်များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်း အာဏာ ပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ဘာသာရေးစာသင်ကျောင်းအား အကြောင်းပြုပြီး လူတစ်စုက ဆူပူခြင်းနှင့် ဈေးဆိုင်ငယ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်

w1-19-2-14

ဆူပူသူများက ဖျက်ဆီးထားသည့် သာကေတမြို့နယ်အတွင်းရှိ ဆိုင်ခန်းငယ်များအား ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက ဘာသာရေးစာသင်ကျောင်းအား အကြောင်းပြုပြီး လူတစ်စုက ဆူပူခြင်းနှင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ငယ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။    

ဖေဖော်ဝါရီလ ၁၇ရက်နေ့က သာကေတမြို့နယ်၊ မာန်ပြေ (၃)ရပ်ကွက် မာန်ပြေ ၁၉ လမ်းနှင့် ၁၈ လမ်းကြားရှိ ဘာသာရေး စာသင်ကျောင်း တည်ဆောက်ရာတွင် ခွင့်ပြုမိန့်ထက် ကျော်လွန်၍ ဆောက်လုပ်ခဲ့သည်နှင့် ပတ်သက်ပြီး ရပ်ကွက်နေပြည်သူများက ကန့်ကွက်မှု ပြုလုပ်ခဲ့ပြီး ယင်းနေ့တွင်ပင် သက်ဆိုင်ရာနှင့် မြို့တော်စည်ပင်မှ ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သည်။               

ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ယင်းအဆောက်အဦအား ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းခဲ့ရာ ပြေလည်မှုရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းတွင်မူ အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရပ်ကွက်အတွင်း နေထိုင်သူများမဟုတ်သည့် အခြားနေရာမှ လူများလာရောက်ပြီး ဘာသာရေးစာသင်ကျောင်းအား အပြီးတိုင် ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြရာ ရပ်ကွက်တွင် နေထိုင်သူများနှင့် သက်ဆိုင်ရာမှ ဆူပူမှုမလုပ်ရန်နှင့် လူစုခွဲရန် ပြောကြားခဲ့ကြောင်း သိရသည်။                

ယင်းည ၁၁ နာရီဝန်းကျင်တွင် အဆိုပါလူစုထဲမှ လူအချို့က ဆက်လက် ဆူပူမှုများ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်များက အရေးယူရန် ဆောင်ရွက်ရာ ဆူပူနေသူများမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ယင်းလူစုသည် ၎င်းတို့ထွက်ပြေးသည့် လမ်းတလျောက်ရှိ သာကေတမြို့နယ်အတွင်းမှ ဈေးဆိုင်ခန်းငယ်အချို့နှင့် အမှိုက်ပုံးများအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ၎င်းတို့အား အမှုဖွင့်အရေးယူခဲ့ပြီး ဖမ်းဆီးနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကာ ည ၁၂ နာရီ ၀န်းကျင်တွင် လူစုကွဲသွားကြောင်း သိရသည်။

၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မ ပြုကျင့်ဟု စွပ်စွဲခံရသူအား ရုံးတင် စစ်ဆေးတော့မည်

ကယားပြည်နယ် ဖရူဆိုမြို့နယ် စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်နေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတဦးက ၁၁ နှစ်အရွယ်ရှိအမျိုးသမီးငယ်ကို တောထဲသို့ခေါ်ဆောင်သွားပြီး အတင်းအဓမ္မပြု ကျင့်မှုဖြင့် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ မုဒိမ်းမှုဖြင့် တရားရုံးတင် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဖရူဆိုမြို့ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

အမျိုးသမီးငယ်လေးကို ဆေးရုံမှ ဆရာဝန်ဆေးစစ်ချက်အဖြေအရ အမျိုးသမီးငယ်လေးမှာ ကာမစပ်ယှက် ထားတဲ့ လက္ခဏာတွေတွေ့ရသဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အသက် ၂၁ အရွယ်ရှိ၎င်းဆောက်လုပ် ရေး အလုပ်သမား ကြယ်စင်မောင်ကို လွိုင်ကော်ခရိုင်တရားရုံးတွင် တရားစွဲမည်ဖြစ်ကြောင်း ပြောပါတယ်။

ရဲစခန်းမှူး ရဲအုပ်မြင့်နိုင်က " ဥပဒေအကြံပြုချက်တောင်းပြီးပြီ ဥပဒေအကြံပြုချက်က မနေ့ကပြန်ရပြီ။ ခရိုင်မှာ တရားစွဲရမယ်။ မုဒိမ်းမှုဖြစ်တဲ့အတွက်လေ ခရိုင်ဥပဒေအရာရှိမှ ခရိုင်ရုံးမှာပေါ့နော။ အသက်မပြည့် သေးတဲ့ ကလေးတယောက်ကို မတရားအနိုင်ကျင့်စော်ကားတာဆိုတော့ ငါတို့ ရဲတပ်ဖွဲ့ကလည်း ဘယ်လိုမှ စောင့်မကြည့်နိုင်ဘူးလေ။ အမြင့်ဆုံးပြစ်ဒဏ်ရအောင် ငါ့ဖက်ကလည်း ရဲလုပ်ငန်းတွေ စုံအောင်တော့ လုပ်ထားတယ်။ စုံအောင်လုပ်ပြီးတော့ တရားစွဲတင်မယ်။ ပြစ်ဒဏ်ရတဲ့ထိကိုငါတို့ တရာစွဲတင်ထား တဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဖြစ်စဉ်က ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီအထိ ကလေးမလေးမှာ အိမ်ပြန်မရောက်၍ မိဘများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများက စိတ်ပူသဖြင့် ညလုံးပေါက်လိုက်ရှာခဲ့ကြရာ မတွေ့ကြသဖြင့် ၂၅ ရက်နေ့ မနက်တွင် မိသားစုများက အမှတ် (၁၄) တပ်လေ့ကျင့်ရေးကျောင်းဝင်း အတွင်းသွားရှာခဲ့ရာမှ အလုပ်သမားတဦးကလည်း ပျောက်နေကြောင်း လောဂျာရွာမှ  ဆရာဦးသဲရယ်က ပြောပါတယ်။

"တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ အလုပ်သမားတယောက် တကယ်ပျောက်နေတယ်ဆိုတဲ့ သတင်းကြားတဲ့ အခါကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေးမကို ကြိုးဖြေထား ခဲ့တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ်။ သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်းဘေးမှာစောင့်နေခဲ့တာ" လို့ ဆရာဦးသဲရယ်က ပြောပါတယ်။

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၁ အရွယ်ရှိ အ.မ.က ကျောင်းတွင်ပညာသင်ကြားနေတဲ့ တတိယတန်းကျောင်းသူမလေး မော်ဘူးဘူးမြာ (နာမည်အရင်းမဟုတ်) ဟာ ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေစောင်း စာကျက်ဝိုင်းသို့ သွားချိန် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးမှ ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ တည အတင်းအဓမ္မ ဆွဲခေါ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နယ်စပ် ဂျေယန့် ဒုက္ခသည်စခန်းတွင် ကလေး ၂၀ ကျော် ၀မ်းရောဂါဖြစ်ပွား

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၆ နှစ်အောက်ကလေးများ အယောက် ၂၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေကြောင်းသိရသည်။

ကလေးများသည် ၀မ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆက်လက်တိုးလာ နေဆဲဖြစ်ကြောင်း ဂျေယန့်ကျမ်းမာရေးဌာနမှသိရသည်။

ဝမ်းရောဂါပြန်လည်ဖြစ်ပွားခြင်းသည် ၄င်းဒုက္ခသည်များသော အိမ်သာလုံလောက်မှုမရှိခြင်းနှင့် သောက်သုံးရေများ ခက်ခဲခြင်းကြောင့်ဖြစ်သည်ဟု ကျန်းမာရေးမှူး ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

"လူကများ အိမ်သာကမလောက် အရမ်းခက်တယ်။ အရင်ကတော့ ရေပိုက်နဲ့ တောင်ကျ ရေများ ကနေယူတယ်။ အခုက ရေလောင်ကန် ၁ ခု ၂ ခုထဲက ခွဲယူကြတယ် လောက်တော့ မလောက်ဘူးပေါ့နော်။ ဂျေယန့် မြစ် အနီးမှာရှိတဲ့ သူတွေက အဲဒီမြစ်ရေသုံးတယ်။ ဒါမဲ့ ရေကမသန့်တော့ သောက်ဖို့လဲခက် သုံးစွဲဖို့တောင်ခက်နေတယ်ဆိုတော့ အဝေးကြီးကို သွားယူရတော့ အိမ်သာမှာသုံးဖို့က ပိုခက်သွားတာပေါ့။" ဟု ဆိုသည်။     

အဆိုပါဝမ်းရောဂါသည်  ပြီးခဲ့သည့်လအတွင်း ကလေးများ အယောက် ၄၀ ကျော်တွင် ဖြစ်ပွားခဲ့ချိန် ကျမ်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးကုသမှုပေး၍ ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သော်လည်း ယခုလ ၁၆ ရက်နေ့မှစ၍ ပြန်လည်ဖြစ်ပွား လာခြင်းဖြစ်သည်ဟု ပြောသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်သာ ၁၂၉ ရှိသော်လည်း ယခုချိန် အသုံးမပြုသည့် အိမ်သာ ၃၆ ရှိနေပြီး လူနှင့် အိမ်သာ ကိုက်ညီ မမျှကြောင်း သိရသည်။

ယခုလို ဝမ်းရောဂါဖြစ်ပွားခြင်းသည် အဟာရချို့တဲ့သည့် ကလေးများနှင့် မသန့်ရှင်းသည့် အစားအစာများ စားမိခြင်းမှလည်း စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ပြောဆိုသည်။
 
ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ကလေးများကိုယ်ပူပြီး ရင်ကြပ်ခြင်းများလည်းဖြစ် နေကြောင်း သိရသည်။

"တစ်နေ့မှာ ကလေးများကိုယ်ပူ၊ ရင်ကြပ်၊ နားစီးချောင်းဆိုးတဲ့  ကလေးအယောက် ၄၀၊ ၅၀ က နေတိုင်းဆေးခန်း ရောက်နေတယ်။ ပုံမှန်လိုဖြစ်နေပြီ လူများတယ်ဆိုတော့ ကလေးတွေကလည်း ထောင်ဂဏန်း ရှိနေတော့" ဟု ကျန်းမာရေးမှူး တာဝန်ခံ ဆရာနော်ဂျာ ဆက်ပြောသည်။

ယခုချိန်ထိ ၀မ်းရောဂါသည် ကလေးများတွင် အများစုဖြစ်ပွားနေပြီး သက်ကြီးတွင်လည်း ဖြစ်ပွားနေသော် လည်း ယခုချိန်ထိ သေဆုံးမှုမဖြစ်သေးကြောင်း သိရသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၆၀၇ ရှိကာ ဒုက္ခသည် ပေါင်း ၈၂၃၈ ခိုလှုံနေသောစခန်းဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည်လူဦးရေအများဆုံး စခန်းဖြစ်ကြောင်းသိရသည်။  

၎င်း ဒုက္ခသည်စခန်းများမှ တာဝန်ခံများသည် ဒုက္ခသည်စခန်းတစ်ခုတွင်ဖြစ်လျှင် အခြားဒုက္ခသည်များ တွင်ကူးစက်ပြန့်ပွားလာတတ်သောကြောင့် ရောဂါများ မကူးစက်ရန် ကြိုတင်ကာကွယ်ဖို့ အဓိက သန့်ရှင်းရေးများနှင့် သီးသန့်ရောဂါပိုးသတ်ဆေး များဖြန်းရန် ပြင်ဆင်နေကြောင်းသိရသည်။

ယခုချိန် ဂျေယန့် (Je Yang) ဒုက္ခသည်ဆေးခန်းတွင် တာဝန်ကျဆရာဝန်များနှင့် တရုတ် ခရစ်ယာန် သာသနာပြုများမှ ဆေးများကူညီထောက်ပံ့ပေးနေပြီး ဆရာဝန်များလည်း အခမဲ့ကူညီ ကုသပေးနေကြောင်း သိရသည်။  

အဆိုပါ ဒုက္ခသည်စခန်းတွင် Kachin Relief and Development Committee (KRDC – KIO), အင်္ဂလန်အခြေစိုက် Health Unlimited (HU) Kachin project ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) , ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဂရုဏာ၊ မေတ္တာဖောင်ဒေးရှင်း အဖွဲ့အစည်းများက ကူညီထောက်ပံ့နေသော်လည်း အကူအညီဆက်လက်လိုအပ် နေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲများကြောင့် KIO အုပ်ချုပ်ရေး နယ်မြေအတွင်း တိမ်းရှောင်လာသူ စုစုပေါင်း ၆၆၀၀၀ ကျော်နှင့် အစိုးရအုပ်ချုပ်မှု နယ်မြေတွင် ၃၆၀၀၀ ကျော် ရှိကြောင်း KIO ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ပြောသည်။

ဟံသာဝတီကားဝန်းမှပြည်သူများ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ (၂၀)ရက်နေ့၌ ပြောင်းရွှေ့ရမည်ဟု သတင်းများထွက်ပေါ်နေသည့် ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းများနှင့်အဆိုပါကားဝန်းအားမှီ၍ လုပ်ကိုင်စားသောက် နေသူ (၁၀၀)၀န်းကျင်မှ ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့ကြသည်။

 

မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအား  မြို့ပြစီမံကိန်းလုပ်ငန်းများ တည်ဆောက်ရန်အတွက်ဟုဆိုကာ ဖေဖော်ဝါရီလ (၁၆)ရက်တွင် အကြောင်း ကြားစာပေးပို့ခဲ့ပြီး (၂၀)ရက်နေ့တွင် သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။

 

 "ကျွန်တော်တို့က မသွားဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ ပထမမြို့တော်ဝန်ပြောထားတဲ့ စကားရယ်၊ အတွင်းရေးမှူး ဦးကျော်စိုး ပြောထားတဲ့စကားအရ ကျွန်တော်တို့ အရောင်းအ၀ယ်တွေ မပျက်အောင် ဒီမှာပဲ ထိုင်ပြီးတော့ တစ်ဖက်က ယာဉ်ရောင်းဝယ်ရေးစခန်း ဆောက်၊ တစ်ဖက် အရောင်းအ၀ယ်လုပ်ဆိုတဲ့ သူတို့ပြောတဲ့စကား အတိုင်း လိုက်နာမှာ။ ဒါကို သူတို့က ဖျက်တာ။ တာကြောင့် ခုလို ဆန္ဒထုတ်ဖော်မှုတွေဖြစ်ရတာ"ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးအသင်း ဗဟို (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

 

ဆန္ဒထုတ်ဖော်သူများအနေဖြင့် နိုင်ငံတော်သမ္မတထံသို့ ကားဝင်းအတွင်းလုပ်ကိုင်စားသောက်သူများ၏ လတ်မှတ်ပေါင်း (၂၀၀၀)ကျော်နှင့် စာတင်ထားကြောင်းကိုလည်း သိရသည်။ 

 

"နိုင်ငံတော်သမ္မတကလည်း ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ သဘောထားမပါပဲ ဘာတစ်ခုမှ လုပ်လို့မရဘူးဆိုတဲ့ ပြောကြားချက်ရှိတယ်။ ဒီပြောကြားချက်ကို လစ်လျူရူတဲ့ သဘောဖြစ်နေတယ်၊ ဒါကိုမခံနိုင်တာ။ တစ်နေရာ မှာ စီးပွားအခြေချထားတာဟာ ဒီမှာသူဟာနဲ့ အဆင်ပြေနေတာ ဒါတောင် တစ်ခါတစ်လေအလုပ်ပါးရင် အိမ်ပြန်ဖို့ စရိတ်တောင် မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။

 

မြို့တော်စည်ပင်သာယာအနေဖြင့်လည်း သီရိမင်္ဂလာဈေးဟောင်းနေရာမှာ ကားရောင်းဝယ်ရေးစခန်း ပြုလုပ်လျှင် အဆင်ပြေနိုင်မည်ဟု ထင်မြင်ချက်ကြောင့် ပြောင်းရွှေ့ခိုင်းရခြင်းဖြစ်သည်ဟု သိရှိရသည်။

 

"လက်ရှိ လုပ်နေတဲ့လုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားတယ်။ ကျွန်တော် တို့နေရာ ရှာတော့ သီရိမင်္ဂလာဈေးဟောင်းကိုတော့ ယာဉ်ရောင်းဝယ်ရေး စခန်းအဖြစ် ပီပီ ပြင်ပြင် ဆောင်ရွက်မယ် ဆိုရင်တော့ ရလောက်တယ်။ မြေညီထပ်ကို ပြင်ထားပြီး သားဖြစ်တယ်။ လိုအပ်တာတွေ ဆောင်ရွက်ပေးမယ်ဆိုရင် အဆင်ပြေသွားမယ်။ လုံခြုံရေး အတွက်လည်း CCTV ကင်မရာတွေ တပ်ဆင်ပေး လိုက်မယ်ဆိုရင် ယာဉ်ရောင်းဝယ်ရေး အတွက် အဆင်ပြေမယ်ဆိုတာကိုတွက်ပြီး ပြောင်းခိုင်းတာပါ"ဟု မြို့တော် စည်ပင်သာယာရေးကောမတီမှ ဋ္ဌာနခွဲမှူး ဦးကျော်မင်းက ပြောသည်။

 

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀) ခန့် ကတည်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါကားဝင်းအား မှီခိုနေသည့် လူဦးရေ သုံးသောင်းခန့်ရှိကြောင်း သိရှိရသည်။

 

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းအတွင်း မြို့တော်စည်ပင်မှတည်ဆောက်မည့် မြို့ပြစီမံကိန်းတွင် အများပြည်သူ ရပ်နားနိုင်မည့်နေရာများ၊ ယာဉ်ရောင်း ၀ယ်ရေးလုပ်နိုင်သည့်နေရာများ၊ Car Show room၊နှင့် ကွန်ဒိုများ ပါဝင်မည်ဖြစ်သည်။

 

လင်ဇင်းကုန်သုဿန်၌ ထိုင်းဘုရင်အုပ်ဂူတူးဖော်လိုမှုအတွက် ထိုင်းပညာရှင်များ လေ့လာမှုစတင်

အယုဒ္ဓယနောက်ဆုံးဘုရင် ဘုန်းတော်ကြီးပျံလွန်သည့်အခါတွင် လင်းဇင်းကုန်းသုဿန်တွင် သဂြိုလ်ကာအုပ်ဂူ တည်ထား ခဲ့သည့်ဟု ထိုင်းလူမျိုးများမှ ယူဆသည့်အတွက် ထိုင်းနိုင်ငံမှ ဗိသုကာပညာရှင်များက လေ့လာမှုများ အား ဖေဖော်ဝါရီ(၂၀) ရက်နေ့မှ စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။

 

ထိုင်းဘုရင်အုပ်ဂူတည်ထားကိုးကွယ်ထားရှိခဲ့သည်ဟု သမိုင်းပညာရှင်များက ရေးသားခဲ့ခြင်းမျိုးရှိသော်လည်း လက်ရှိတွေ့မြင်နေရသော ထိုင်းဘုရင်သင်္ချိုင်းမှာ ခမ်းနားထည်ဝါမှုလျော့နည်းနေခြင်း၊ သေချာစီစစ် လေ့လာ ပြီးမှသာ အကောင်အထည်ဖော်ဆောင်ရွက်လိုခြင်းကြောင့် ယခု ကဲ့သို့လေ့လာမှုများကို သမိုင်းပညာရှင်များ အပါအ၀င် ဗိသုကာပညာရှင် ( ၂၁)ဦးဖြင့် ပြုလုပ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

`သက်သေအထောက်အထားခိုင်လုံအောင် ပြုလုပ်ပြီးမှ တူးဖော်ဖို့အတွက်နှစ်နိုင်ငံ အဆုံးအဖြတ်ကို ယူပြီးမှ လုပ်ဆောင်ပါ့ မယ်၊ အခုလတ်တလောမှာတော့ ထိုင်းဘုရင်အုပ်ဂူလို့ယူဆရတဲ့ဟာကို လေ့လာမှုအဖြစ် ရက် ပေါင်း ၄၀ကျော် အချိန်ယူပြီး လေ့လာသွားမှာပါ´ဟု ထိုင်းဘုရင်သင်္ချိုင်းရှာဖွေရေးအဖွဲ့က Mr.Mickey Heartက ပြောသည်။

 

အဆိုပါလေ့လာမှုအတွက်  ထိုင်းနိုင်ငံရောက်သူများ လေ့လာနေစဉ်တွင် မြန်မာနိုင်ငံမှလုံခြုံရေးပိုင်းဆိုင်ရာများ၊ လိုအပ်သည့်အကူအညီများနှင့် လေ့လာရရှိသောပစ္စည်းများကို မပျောက်ပျက်စေရေး လုံခြုံရေးကဏ္ဍများကို လည်း ထားရှိဆောင်ရွက်သွားမည်ဖြစ်သည်။

 

`ထိုင်းနိုင်ငံက လာရောက်လေ့လာတဲ့သူတွေအတွက် လိုအပ်တာမှန်သမျှကို အကူအညီပေးပါ့မယ်၊ ဒါပဲကျွန် တော်တို့ဘက် က ပြောနိုင်ပါတယ်´ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသန၊အမျိုးးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ လေ့လာမှုဆောင်ရွက်ရန် နိုင်ငံခြားသားများက လုပ်ဆောင်နေမှုအပေါ် အမရပူရမြို့နေပြည်သူများက စိတ်ဝင်စားလျက်ရှိပြီး ပြည်သူများအကြား အယူအဆကွဲလွဲမှုများလည်း ရှိနေကြောင်း သိရသည်။

 

`ထိုင်းဘုရင်အုပ်ဂူဖော်တာတော့ ကောင်းပါတယ်၊သူတို့ဒီမှာရှိတဲ့ ရှေဟောင်းပစ္စည်းတွေကိုလေ့လာပြီး ဘာတွေ လုပ်မှာလဲလို့လည်း သိချင်ပါတယ်၊ နောက်ပြီးသေချာပေါက် သူတို့နိုင်ငံက ထိုင်းဘုရင်ဖြစ်တယ်ဆိုတာ ကလည်း ဟုတ်မဟုတ်သိချင်ပါတယ်၊ လင်းဇင်းကုန်သုဿန်ကို သူတို့လေ့လာမှုတွေပြီးသွားရင် ဘာတွေ ဖြစ်သွားမလဲဆိုတာကိုလည်း အတိအကျသိချင်ပါတယ်´ဟု အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ပြည်သူများအနေဖြင့် သေချာသိရှိလိုမှုတစ်ခုအတွက်သာ ကြိုးပမ်းခြင်း ဖြစ်ကြောင်း   ပြန်လည်တူးဖော်ပြီး ထိုင်းနိုင်ငံသို့ ယူဆောင်ရန်အတွက် မသေချာကြောင်း၊ သေချာလျှင် ခေတ်မီသပ်ရပ်သော အဆောက်အဦး တစ်ခုအဖြစ် တည်ထားကာ ထိုင်းနိုင်ငံမှပြည်သူများက လာရောက်ဂါရ၀ပြုလို ခြင်းကြောင့်ဖြစ်ကြောင်း Mr.Mickey Heart က ဖေဖော် ၀ါရီ၂၀ရက်နေ့ နံနက်၉နာရီက အမရပူရမြို့နယ် စွန်ပျံခန်းမတွင်ပြုလုပ် ခဲ့သော ရှေးဟောင်းသုတေသန ဌာနနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

 

လေ့လာမှုများစတင်တော့မည်ဖြစ်သောကြောင့် ဖေဖော်ဝါရီ၂၀ရက်နေ့နေ့လည်၂နာရီက ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ လင်းဇင်းကုန်းသုဿန်တွင် ပရိတ်ရွက်ဖတ်ခြင်းများကို ထိုင်းနိုင်ငံမှ ဗိသုကာပညာရှင်များက ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။