Monday, February 25, 2013

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်တွင် ဓာတ်အားပြတ်တောက်မှု မရှိစေရန် နိုင်ငံပိုင်စက်ရုံများ အချိန်ပိုင်း ရပ်ဆိုင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ပြောကြား

၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများကို အချိန်ပိုင်း ရပ်ဆိုင်းမည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ဖေဖော်ဝါရီလ၂၁ ရက် နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က "ယခုလတ်တလော အခြေအနေမှာ မကြာမီ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြိုကာလနဲ့ ဖြေဆိုချိန်အတွင်း ဓာတ်အားပိုမို ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၈ သန်းနဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေ ၃၀ သန်းခန့် ဖြည့်ဆည်း ပံ့ပိုးပေးဖို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ညှိနှိုင်းလာပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ၁၃-၃-၂၀၁၃ ရက်နေ့ မှ ၂၂-၃-၂၀၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုဖို့ အနီးကပ် ပြင်ဆင်နေချိန်နဲ့ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်းမှာ ဓာတ်အားမပြတ်တောက်ဖို့ မတ်လ ၁ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ ညနေ ၀၅း၀၀ နာရီက နံနက် ၀၅း၀၀ နာရီအထိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းကို ရပ်တန့်ပေးဖို့ ၁၉-၂-၂၀၁၃ ရက်စွဲပါ စာဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ထပ်မံညှိနှိုင်း လာပါတယ်" ဟု ပြောကြားခဲ့သည်။

အများပိုင် ဘဏ်အဖြစ် ပြောင်းလဲခွင့် ရရှိထားသည့် AGD ဘဏ်၏ အစုရှယ်ယာ ရောင်းချမှုအား ၆ လအတွင်း ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိ လည်ပတ်ငွေများသည် လက်နက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်သည့်ငွေများ မပါရှိဟုဆို

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) အား အများပိုင် ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် ခွင့်ပြုလိုက်ပြီး နောက်သုံးလမှ ခြောက်လအတွင်း အများပြည်သူများထံ အစုရှယ်ယာများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်မှ ဥက္ကဋ္ဌဦးသန်းရီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ယင်း၏ ထုတ်ပြန်ချက်တွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အား မတည် တည်ထောင်ခဲ့သည့် ထူးကုမ္ပဏီများ အုပ်စုသည် လက်နက်ရောင်းဝယ်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး စသည့်လုပ်ငန်းများနှင့် ဆက်စပ်သည့် ၀င်ငွေမရှိဘဲ ဗဟိုဘဏ်မှ ချမှတ်ထားသည့် အချက်များနှင့် ကိုက်ညီကာ နိုင်ငံတကာ ချမှတ်ထားသည့် ဘဏ်စံနှုန်းများနှင့် ကိုက်ညီသဖြင့် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုများပင် လျှော့ချပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အပါအ၀င် ထူးကုမ္ပဏီများ အုပ်စု၏ လုပ်ငန်းများအား အမေရိကန စီးပွားရေး ပိတ်ဆို့မှုများ လျော့ကျစေရန် ထောက်ခံပေးခဲ့သည့် နိုင်ငံတော် အကြီးအကဲများ၊ ၀န်ကြီးများ၊ နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ခံမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဘဏ်ဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အများပိုင်အဖြစ် ပြောင်းလဲရန် စီစဉ်နေသည့် ဘဏ်ရှယ်ယာများကိုလည်း Valuation ကုမ္ပဏီများ၊ Law Firm များ၊ Audit Firm များနှင့် တိုင်ပင်၍ သုံးလမှ ခြောက်လအတွင်း ရောင်းချ ပေးမည်ဖြစ်ပြီး နိုင်ငံ့အကျိုးနှင့် ပြည်သူများ အကျိုးအတွက်သာ ဆောင်ရွက်သွားမည်ဟု သိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ကုမ္ပဏီ မှတ်ပုံတင်အမှတ် ၄၉၂၉/၂၀၁၂-၂၀၁၃ ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်က ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံရှိ ငွေကြေးအဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံရှိ ဘဏ်များ ငွေကြေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့အား စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့သည့် အနေဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်များအား တရားဝင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခေါင်က လုံဖို့လိုသည်

myanmar-governmentနိုင်ငံ တစ်နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ တစ်ရပ်လုံးအား အကျိုးပြုသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ပေါ်ထွန်းလာရေးသည် အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် များ၏ တာဝန်ပင်ဖြစ်သည်ဟု ယေဘုယျ သုံးသပ်နိုင်ပါသည်။ သို့ဖြင့် နိုင်ငံ တစ်နိုင်ငံသည် တစ်ရှိန်ထိုး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုသည်မှာလည်း ယင်း အခြေအနေ သုံးရပ်ကို ဟန်ချက် ညီညီ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့်သာ ဖော်ဆောင် နိုင်ပါလိမ့်မည်။

လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ် နေသည့် အခြေအနေ အရပ်ရပ်ကို အကြမ်းဖျင်း သုံးသပ်ကြည့်လျှင် ဤသို့ တွေ့ရ၏။ နိုင်ငံတော်က အကောင်အထည် ဖော်နေသည့် ဝန်ကြီးဌာန အချို့၏ လုပ်ငန်းများ တွင် ငွေကြေးအားဖြင့် ဘီလျံချီ၍ အလွဲသုံးစားမှုများ၊ အပို သုံးစွဲမှု များ၊ မရိုး မဖြောင့်သော သဘော ဖြင့် လုပ်ဆောင်ထားမှု စသည့် အခြေအနေ အမျိုးမျိုးဖြင့် ကြုံ တွေ့နေရ၏။ တရား စီရင်ရေးပိုင်း တွင် အချို့ တိုင်းနှင့် ပြည်နယ် ဒေသကြီးများ၌ လုံးဝ ပြိုလဲ ပျက်စီးသွား ပြီဟုဆို၏။ အများစုမှာလည်း မမှန် မကန် ဆောင်ရွက်မှုများ၊ လာဘ်စား မှုများဖြင့် ပြည့်နှက်နေကြောင်း၊ အကျဉ်းထောင် အသီးသီးသို့ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အဖွဲ့ သွားရောက် ကြည့်ရှုပြီးနောက် သတင်းများ ထွက်ပေါ်လာ၏။

မကြာသေးမီကပင် လောင်စာဆီ သယ်ဆောင်လာသော ရေယာဉ် တစ်စင်းအား စစ်ဆေးရာ ခွင့်ပြု တန်ချိန် တစ်သောင်းခွဲကျော်ခန့် ဖြစ်သော်လည်း တရားမဝင် တင်ဆောင်လာသော ဆီတန်ချိန် ပေါင်းမှာ ငါးသောင်းခွဲကျော်ခန့် ဖြစ်နေကြောင်း သတင်းများကြားရ၏။ ရန်ကုန်မြို့ပေါ်တွင် (Without) ဆိုင် ကယ်များ၊ ကားများ (စတေကာ ကပ်လျက်) စီးနေကြသည့် သတင်းများ ထွက်ပေါ်လာ၏။ ယင်း ပုဂ္ဂိုလ်များထဲတွင် ညွှန်မှူး/ညွှန်ချုပ် အဆင့်အထိပင် ပါဝင်ကြောင်း သိရပြန်၏။

ဤဖြစ်စဉ်များကို ကြည့်လျှင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ခရီးသို့ ရွေ့လျားနေပြီဟု ဆိုရမည်မှာ ရင်မောဖွယ် အတိဖြစ်ပါသည်။ အဘယ့်ကြောင့်မူ စည်းကမ်း ပျက်မှု၊ စည်းကမ်း မဲ့မှုများဖြင့် ဒီမိုကရေ စီစနစ်ကို မတည်ဆောက် နိုင်သောကြောင့် ဖြစ်ပါသည်။ သန်း ၆ဝ သော ပြည်သူ လူထုအား ဒီမိုကရေစီ လမ်းကြောင်းပေါ် သို့ လျှောက်လှမ်းစေသော အခါ 'တရား ဥပဒေ ဘောင်အတွင်း နေထိုင်ခြင်းဖြင့်' ဟူသည့် အဆို များ 'လာဘ်ပေး လာဘ်ယူ တို့ရန်သူ' ဟူသည့်အမှာများ 'သမ္မာအာဇီဝ စီးပွားရေး'ဟူ သည့် တရားများ၊ 'တရား ဥပဒေ အထက်တွင် မည်သူမျှ မရှိ'ဟူသည့် စကားများ၊ ယင်း အဆိုအမိန့် စကားများကား ပြည်သူ လူထုအတွင်း နားခါးစရာဖြစ်စေ ခဲ့၏။ မည်မျှပင် အပြောကောင်း အဟောကောင်းသော်လည်း နားဝင် မချို ဖြစ်ခဲ့ရပါသည်။

ကြည့်ပါဦး။ ပြည်သူများ အကျိုးဟုဆိုကာ စီမံကိန်း အမျိုးမျိုး ချမှတ်၍ ဆောင်ရွက်ခဲ့၏။ ဆောင်ရွက်နေသည့် ဝန်ကြီးဌာန လုပ်ငန်း များ စီမံကိန်း မအောင် မမြင်ဖြစ်၏။ ဖိတ်စင်ခဲ့သည့် နိုင်ငံ့ ဘဏ္ဍာများ၊ ကိုယ်ကျိုးစီးပွား ဖြစ်သွားသည့် ဘဏ္ဍာများ၊ နောက်ဆုံး နိုင်ငံ အကြွေးတင်သည်သာ အဖတ်တင် ၏။ ကြွေးတင် ရှင်ဘုရင် မဆပ်။ ပြည်သူ့သွး ပြည်သူ့ချွေးဖြင့်သာ ဆပ်ရပါလိမ့်မည်။

ပြည်သူအပေါင်းတို့ မည်သို့ ယုံကြည်နိုင်ကြအံ့နည်း။ တရားစီရင်ရေး လောကကြီး တစ်ခုလုံးကို ကြည့်သောအခါတွင်လည်း အရေးယူမှု၊ အပြစ်ပေးမှု များဖြင့် ထောင်းလမောင်း ထနေ၏။ ယူစရာ ရစရာ မရှိအောင် ပျက်စီးခဲ့သော တရားစီရင်မှု အောက်တွင် အလူးအလိမ့်ခံခဲ့ရ သည့် ပြည်သူများ အနေဖြင့် ရရှိ ခဲ့သော ဒဏ်ရာများကား မေ့ပျောက် နိုင်ကြဦးမည် မဟုတ်။ နာကြည်းနေဆဲပင် ဖြစ်ပါလိမ့်မည်။

ကား တင်သွင်းခွင့် ရစဉ်ကလည်း နည်းမျိုးစုံသုံးကာ ကွန်တိန် နာများဖြင့် တင်သွင်းခဲ့ကြ၏။ မည်မျှ ကာလကြာ အဆင်ပြေနေကြသည် မသိ။ နိုင်ငံတော် သမ္မတ၏ နိုင်ငံအခြေပြု မိန့်ခွန်း ပေါ်ထွက် ချိန်မှစ၍ ကွန်တိန်နာလိုက် ဖမ်းမိသည့် သတင်းများ ထွက်ခဲ့၏။ ယခုလည်း လောင်စာဆီ တင်သွင်းသည့် နာမည်ကြီး ကုမ္ပဏီတစ်ခု တနင်္သာရီ တိုင်းဒေသကြီးဘက်တွင် စစ်ဆေး အရေးယူခြင်း ခံခဲ့ရ၏။ ပြည်သူတို့ မေးခွန်းထုတ် မည်ဆိုလျှင် ထုတ်ထိုက်၏။

လောကတွင် ငွေကြေး ချမ်းသာလျှင်သော် လည်းကောင်း၊ လူကြီး သားသမီး ဖြစ်လျှင်သော် လည်းကောင်း လုပ်ချင်ရာ လုပ်လို့ရသည်ဆိုသည့် အတွေးမျိုး ယနေ့တိုင် လူတိုင်း၏ ရင်ထဲတွင် စွဲမြဲ နေဆဲဖြစ်၏။ အကြောင်းမှာ လက်တွေ့ မြင်နေရသည့် ပြယုဂ် များကား ဤသို့သော အတွေးအမြင်များကို ခိုင်မာနေဆဲဖြစ်စေ၏။

ရပ်ကွက်ထဲ မှ လူငယ်အချို့ ပြောသကဲ့သို့ 'ည အချိန်မတော် သွားလျှင် လူဆိုး သူခိုး မကြောက်ရဘူး။ ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်းနေတဲ့ လူကြီး သားတွေ၊ ကားတွေကို ကြောက်နေရတယ်'ဟူ၍ ဆို၏။ အမှန်လည်း ကြုံတွေ့နေရ၏။ မည်သို့ ဖမ်းဆီးလိုက်သည်၊ မည်သို့ အရေးယူလိုက်သည် ဆိုသည့် နောက်ဆက်တွဲ သတင်းကား မသဲ မကွဲ။ (ယခုအခါ စီမံချက်ချ၍ ဖမ်း ဆီးရမိနေကြောင်း သိရ) ဥပဒေကို မျက်ကွယ်ပြု၍ စည်းကမ်း ဖောက်ဖျက် နေသူများအနက် အရာရှိ ကြီးငယ် အချို့၏ သားသမီးများ ပါဝင်နေသည်မှာလည်း စဉ်းစား၍ မရ။ မိမိ ရာထူး ဌာနန္တရနှင့် နေရာ လုပ်ပိုင်ခွင့်ကို ခြိမ်းခြောက်နိုင်သည့် အမှုမျိုးကိုပင် ကျူးလွန်ရဲ ကြသည်။ မည်သို့သော အထောက်အခံ၊ မည် သို့သော အာမခံမှုမျိုးများ ရှိနေကြ သနည်း။ ထိုအခါ တရားဥပဒေဟူ သည်ကား အခိုင်အမာ တည်ရှိ၏။ သို့သော် ၎င်းအထက်တွင် ရှိသူများ ရှိနေဆဲဖြစ်သည်ကို ထောက်ပြ နေသကဲ့သို့ ရှိ၏။

စင်စစ်နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုကို ဖော်ဆောင်ရာတွင် ကျောသား ရင်သား ခွဲခြား၍ မရပါ။ အသားအရောင် အယူ ဝါဒ နယ်မြေ ခွဲခြား၍ မရပါ။ ဥပဒေ၏ ရှေ့မှောက် တွင် အားလုံးသာ တူညီမျှ ခံစား ကြရမည်သာ ဖြစ်သည်။ ဥပဒေ ဟူသည်ကား 'ဥပဒေကို မသိ နားမလည်ဟု ဆိုကာမျှဖြင့်ပင် ချိုးဖောက်၍ မရနိုင်သည့် သဘောခံယူ နားလည်ကြဖို့ လိုပါသည်။ ထို့ အတူ ပြည်သူ့ အကျိုးပြု ဥပဒေ လုပ်ထုံး လုပ်နည်းများကို အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်း အတည်ပြုခြင်း သည်လည်း ပစ္စက္ခ အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်ရန် လိုပါသည်။ နိုင်ငံတော် သမ္မတ၏ အကြံပေး ဒေါက်တာ နေဇင်လတ် ရေးသကဲ့သို့ 'အများ ညီရုံဖြင့် 'ဤ' ကို 'ကျွဲ' ဖတ်မိဖို့' အရေးကြီးပါသည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတကြီး မိန့်ကြားသကဲ့သို့ ခေါင်က မိုးမလုံလျှင် တံစက်မြိတ်လည်း မိုးမလုံ နိုင်ပါ။ ထို့ကြောင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး ခေါင်က လုံဖို့ လိုပါ သည်။ တရားစီရင် ဆုံးဖြတ်သူတို့က ဖြောင့်မတ် မှန်ကန်ပါမှ တရား ဥပဒေ၏ အကာအကွယ် ပေးမှုကို ပြည်သူ တစ်ရပ်လုံး ခံစားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် တရားစီ ရင်ရေးမဏ္ဍိုင်ကြီးလည်း ခေါင်က လုံဖို့ လိုပါသည်။

ပြည်သူ့ အကျိုး ပြုဥပဒေများ ပို၍ ပေါ်ပေါက်လာ သည်နှင့် မလိုလားအပ်သော ဥပဒေများ တစ်စစ ချုပ်ငြိမ်း ပျောက်ကွယ် ရမည်ဖြစ်သည်။ ထို့ကြောင့် ဥပဒေ ပြု လွှတ်တော်တွင် အမှန်ပင် ပြည်သူ့ အကျိုးပြု ဥပဒေများ ပေါ်ပေါက် လာစေရန် နိုင်ငံရေးနှင့် ဥပဒေ ရေးရာတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ပေါင်းစပ်နိုင်မည့်သူများ ပွားများနိုင်ပါစေ။ နိုင်ငံအတွင်း၌ သမ္မာအာဇီဝ ကျသည့် အသက်မွေးမှုမျိုး ထွန်း ကားနိုင်မှသာလျှင် အေးအတူပူ အမျှ အတူတကွနေ ထိုင်နိုင်ကြပါ လိမ့်မည်။ ထို့ကြောင့် အာဏာပါဝါ ရှိသူများနှင့် ပေါင်းကာ လုပ်ပိုင်ခွင့် တစ်စိတ်ကို တစ်အိတ်လုပ်ကာ ကြီးပွား ချမ်းသာနေသူများ၊ မသမာ နည်းမျိုးစုံဖြင့် စီးပွားချမ်းသာလွှမ်း မိုးခြယ်လှယ်သူများ ပပျောက်ဖို့ လို ပါသည်။

စင်စစ် နိုင်ငံ တစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဥပဒေ အရပ်ရပ်သည် စာအုပ်ထဲတွင် ခံ့ညားစွာ တည်ရှိရုံဖြင့် မပြည့်စုံနိုင်။ လက်တွေ့ဘဝတွင် မှန်ကန် တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်း၊ ထိရောက်စွာ အပြစ်ပေး အရေးယူခြင်း၊ 'စံ' အဖြစ် ပေါ်လွင်စေရန် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်း ကျောင်းနိုင်မှသာလျှင် မိမိတို့ မျှော်မှန်းထားသည့် ဒီမိုကရေစီ ခရီးသည် ချီတက်နိုင်ရုံသာ ရှိပါ လိမ့်ဦးမည်။

ခင်မောင်ဌေး (ပညာရေး)

မြန်မာ မက်ခရိုင် အင်ဒတ်(စ်)ထရီ ကုမ္ပဏီ လီမိတက်မှ တရားစွဲဆိုတော့မည်

ရယ်ဒီ အေ၀မ်း ငါးသေတ္တာ ထုတ်လုပ်သော မြန်မာ မက်ခရိုင် အင်ဒတ်(စ်)ထရီ ကုမ္ပဏီ လီမိတက်မှ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန လက်အောက်ရှိ မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းအား တရားစွဲဆိုတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 

"ဥပဒေအရ တန်ပြန် အရေးယူမှု လုပ်လို့ရပြီ။ အမှုကတော့ ရင်းနှီးမြှုပ်နှံမှု အနှစ် နှစ်ဆယ် စာချုပ်ကို မြွတ်ဟ ပေးစေလိုမှုပါ။ အဲဒီလို တရားစွဲထားတုန်းမှာ ဌာနကနေ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ကျွန်တော်တို့ကို ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်ဖို့ လုပ်ရင် အယူခံလည်း တင်မယ်။ တရားရုံးကို မထေမဲ့မြင် ဥပဒေ ပုဒ်မ သုံးနဲ့ ထပ်စွဲဖို့ အစီအစဉ် ရှိပါတယ်" ဟု ကုမ္ပဏီ၏ တရား လွှတ်တော် ရှေ့နေ ဦးထွန်းအေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

ရန်ကုန် တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ စက်မှုဇုန်၊ မြမာလာလမ်း၊ အမှတ် ၈၂ ရှိ ဌာနပိုင် သာကေတ စည်သွတ် စက်ရုံနှင့် မြေဧရိယာ ၄ ဒသမ ၇၀ ဧကအား ၁၉၉၇ ခုနှစ် မေ ၁၅ ရက်မှ စတင်ကာ အထက်ပါ ဌာနနှင့် ကုမ္ပဏီကြားတွင် တစ်နှစ်လျှင် ငှားရမ်းခ ၉ ဒသမ ၀၄၃ သန်းဖြင့် စတင်ကာ ငှားရမ်းခြင်း သဘောတူ စာချုပ်ကို ကနဦး အနှစ် နှစ်ဆယ် နှင့် ငါးနှစ်စီ တစ်ကြိမ် သက်တမ်း တိုးနိုင်ကြောင်း နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ၂၀၀၈ ခုနှစ်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ၎င်းစက်ရုံအား လေလံ တင်သောအခါ ကုမ္ပဏီမှ ကန့်ကွက်ခြင်း မရှိဘဲ လေလံ အပြိုင် ၀င်ဆွဲရာ မရဘဲ ဒေါ်မေအေးမွန်မှာ ကျပ်သန်းပေါင်း ၃,၂၉၀ ဖြင့် ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အဆိုပါ ဌာနမှ အထွေထွေ မန်နေဂျာ ဒေါက်တာပြည့်စုံက ပြောသည်။

"လေလံ အောင်တဲ့ သူကလည်း ငွေအကြေ ပေးသွင်းပြီးသားမို့ အစိုးရ ဌာန အနေနဲ့ လွှဲပေးရတော့မှာမို့လို့ နောက် နှစ်လ အတွင်းမှာ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်တော့မယ်" ဟု ၎င်းက ပြောသည်။

ရယ်ဒီ အေ၀မ်း ငါးသေတ္တာ ထုတ်လုပ်သော မြန်မာ မက်ခရို အင်ဒတ်(စ)ထရီ ကုမ္ပဏီ လီမိတက်၏ စက်ရုံတွင် ၀န်ထမ်း ၂၁၄ ဦးရှိပြီး ကုမ္ပဏီဘက်မှ ဌာနအား တရား မစွဲမီ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်နှင့် သမ္မတထံ တိုင်စာများ ထပ်မံ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဂံကျောက်ဂူဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား ပြန်လည်လွဲပြောင်းပေးအပ်

အာဖဂန် အမေရိကန် တပ်တခိျု့ ထွက်ခိုင်း