Thursday, February 28, 2013

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန် စက်လှေဖြင့် လိုက်ပါလာသည့် ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန်ဟုဆိုကာ လိုက်ပါလာသော ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိထားပြီး ကျန်နေသည့် သူများအား လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖေ၀ါရီလ ၃ ရက်နေ့ ည ၈ နာရီတွင် စစ်တွေမြို့၊ သက်ကယ်ပြင်ရွာနေ ဦးရှော်ဘီ၏ စက်လှေဖြင့် ဘင်္ဂါလီ ၆၈ ဦးအား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုပြောကာ အခကြေးငွေဖြင့် တောင်းခံကာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးဆောင်ရပြီး တစ်သိန်းအောက်သာ ပေးနိုင်သူများကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါစက်လှေသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ည ၁၂ ကျော်ခန့်တွင် မြိတ်မြို့အနီး ရေပြင်သို့ရောက်ရှိလာကာ သာကေတရပ်ကွက်၊ သဲကွင်းကုန်တိုက်အနီးတွင် လှေရပ်နားခဲ့ပြီး ဘင်္ဂါလီ ကျား - ၃၈ ဦး၊ မ -၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ည ၁ နာရီ ၄၅ မိနစ်တွင် ကန်ခေါင်းရပ်၊ ရှေးဟောင်းဗလီလမ်းဆုံ အနီး၌ ဘင်္ဂါလီ ကျား- ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တဖန် ထားဝယ်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆားတံတားဟောင်းရှေ့တွင် ဘင်္ဂါလီ ကျား-၁၇ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်အရ အခုကျွန်တော်တို့ဆီမှာ တွေ့ရှိထိန်းသိမ်းထားတာ အားလုံး ၄၁ ဦး ရှိပါပြီ။ တခြားသတင်းတွေအရ နောက်ထပ် ဘယ်နေရာနားမှာ ဖမ်းမိတယ်ဆိုတာတွေက အခုထိ သေချာမှု မရှိသေးသလို ကျွန်တော်တို့ဆီကိုသော် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း ဘာမှဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးပါဘူး၊ အခုလက်ရှိ ထိန်းသိမ်းထားတာ ၄၁ ဦးပဲဖြစ်ပြီး ကျန်နေတဲ့သူတွေကိုလည်း မြန်မာ့ရေတပ်၊ ပူးပေါင်းရဲတပ်ဖွဲ့တွေ၊ ဒေသခံတွေ ဆက်လက်ရှာဖွေနေပါတယ် သတင်းအတိအကျရရင် ဆက်လက်ထုတ်ပြန်ပေးသွားပါ့မယ်" ဟု ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

သတင်းများအရ စက်လှေပေါ်တွင် ဘင်္ဂါလီ ၆၈ ဦး လိုက်ပါလာပြီး မြိတ်မြို့သို့ မရောက်မီ ၃ ဦး ရေထဲခုန်ချ သေဆုံးသွားခဲ့ကြောင်း ကျန် ၆၅ ဦးအနက် ၄၁ ဦးအား ဖမ်းဆီးရမိပြီးဖြစ်ကာ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဘင်္ဂါလီ ကျား -၁၁ ဦး၊ မ ၇ ဦးနှင့် ကလေး ၃ ဦး၊ စုစုပေါင်း ၂၁ ဦးအား ကျွန်းစုမြို့နယ်၊ တောပြားရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဘင်္ဂါလီ ၂၁ ဦးအား ရေတပ်မှ ကမ်းခြေစောင့် စစ်ရေယာဉ် (၁၁၄) သို့ ဒေသခံများက လွဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် တာဝန်ရှိသူများက အတည်ပြုချက် တစ်စုံတရာ မပေးခဲ့ကြောင်း သိရသည်။

"သတင်းတွေ ထွက်နေပေမယ့် ကျွန်တော်တို့ဆီကို ဘာမှအကြောင်းကြားလာခြင်း မရှိသလို ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်။ သတင်းအတိအကျရရင် ထုတ်ပြန်ပေးပါမယ်။ အခုဖမ်းဆီးရမိထားတဲ့ သူတွေထဲမှာ အတော်များများကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်ကိုယ်တိုင် လာရောက်ပြီးစစ်ဆေး ကုသပေးထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားပါမယ်" ဟု လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြိတ်မြို့သို့ ရောက်ရှိလာသည့် ဘင်္ဂါလီများအားလုံးမှာ စစ်တွေမြို့မှဖြစ်ပြီး မြန်မာစကားကို ကောင်းစွာပြောတတ်ကြောင်း၊ ကျန်ရှိနေသည့်သူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့တွင် ယခင်ကလည်း အလားတူဖြစ်စဉ်များ ရှိခဲ့ကာ လွန်ခဲ့သည့် ၆ လခန့်ကလည်း ဘင်္ဂါလီ ၇၈ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ 

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့်ပတ်သက်ပြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာပြင်ပတွင် ဒေသခံများ ဆက်လက်စုဖွဲ့လျက်ရှိ


Biweekly-1-feb28

မအူပင်ဆေးရုံတွင် ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးနေသည်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များက ဒေသခံများအနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာများမှ ဆုတ်ခွာရန် သတိပေးမှုများပြုလုပ်ခဲ့ရာ ဒေသခံများသည် ပြန်လည်ဆုတ်ခွာခဲ့ပြီး ပုဒ်မ ၁၄၄ ဧရိယာပြင်ပတွင် ဆက်လက်စုဖွဲ့လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ရရှိသော သတင်းများအရ သိရသည်။                

ယင်းသို့ ဒေသခံလယ်သမားများ၏ လယ်မြေပြန်လည်ရရှိရေး တောင်းဆိုမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် လယ်သမားများ ဆန္ဒပြတောင်းဆိုနေသည့် နေရာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက လယ်သမားများအား လူစုခွဲရန် ဆောင်ရွက်စဉ် နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် လယ်သမား ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။          

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးထွန်းမင်းက "ဒီဒေသခံတွေက ငါးကန်တွေကို ဖောက်ချတယ်။ ပြီးတော့ ကုမ္ပဏီဝန်ထမ်းတွေကို ရန်ရှာတဲ့အတွက် ကုမ္ပဏီဝန်ထမ်းတွေ ထွက်ပြေးကြရတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အရမ်းကြမ်းလာတဲ့အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေက လိုက်နာခြင်း မရှိတဲ့အတွက် သက်မှတ်ထားတဲ့ နေရာက ဖယ်ပေးဖို့ နှစ်ကြိမ်သတိပေးခဲ့တယ်။ ဒေသခံ ရွာသူ၊ ရွာသားတွေကိုလည်းခေါ်ပြီး ညှိနှိုင်းခဲ့ပေမယ့် သူတို့ရဲ့ တောင်းဆိုချက်က လယ်မြေတွေကို ခုချက်ချင်းပြန်ပေးပါဆိုတဲ့အတွက် ဘယ်လိုမှ လိုက်လျောမပေးနိုင်လို့ ဒေသခံတွေက တုတ်တွေ၊ ဓားတွေနဲ့ ဂျင်ကလိတွေကိုင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ၀င်ရောက်အကြမ်းဖက်ခဲ့တယ်" ဟု ပြောကြားခဲ့သည်။                

ပဋိပက္ခ  ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ပလောင်ရွာသား လယ်သမားကိုငြိမ်းမောင်က "ကျွန်တော်တို့က ရဲတွေကို ပြန်လုပ်ဖို့မရှိပါဘူး။ ဒါပေမယ့် သူတို့က နှစ်ဖက်ပိတ်ပြီး ကျွန်တော်တို့ကို အင်အားသုံးခဲ့တယ်။ ပြီးတော့ရွာက အမျိုးသမီးနှစ်ယောက်ရဲ့ခေါင်းကို တုတ်နဲ့ရိုက်တာမြင်တော့ ရွာသားတွေက ပြန်ပြီးတော့ လက်တုံ့ပြန်ကြတာပါ။ ကျွန်တော့်ညီကတော့ သေနတ်ဒဏ်ရာရရှိခဲ့တယ်" ဟု ပြောပြခဲ့ပါသည်။        

လယ်သမားများ၏ လယ်မြေပြန်လည်ရရှိရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးငယ်လေးအား မေးမြန်းရာ "ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ကုမ္ပဏီကငါးကန် တာဘောင်ငါးခုကို ဖောက်ချလိုက်တယ်။ ဒီမြေက လန-၃၉ ကျပြီးသားပါ။ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုမ္ပဏီမှာ အပြည့်အစုံရှိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။   

"အဲဒီဘက်မှာ ဖြစ်တဲ့ကိစ္စတွေကို ကြားကတည်းက ဆေးရုံမှာ လူအင်အားစုပြီး တပ်လှန့်ထားပါတယ်။ ကျန်းမာရေးအဖွဲ့တစ်ဖွဲ့နဲ့ အရေးပေါ်လူနာတင်ယာဉ် ကားတစ်စီးကိုလည်း အခင်းဖြစ်တဲ့နေရာကိုသွားပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်စေပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဦးခေါင်းခွံရိုး အက်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု မအူပင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးက ပြောသည်။          

ဒဏ်ရာပြင်းထန်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သားရဲကျော်သူသည် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်ဆေးရုံကြီး၌ ဦးခေါင်းဓားခုတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။      

မလက်တိုကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံလယ်သမားများသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်က အသိမ်းဆည်းခံထားရသည့် လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ပြီး ၎င်းတို့၏ မြေနေရာအားပိုင်ဆိုင်ထားသည့် Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီပိုင် ငါးမွေးမြူရေးလုပ်ငန်း နေရာများတွင် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် ပလောင်ကျေးရွာမှ လယ်သမားကိုငြိမ်းမောင်က ပြောကြားခဲ့သည်။ 
  

ကျောက်တံတားမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်း၌ မီးလောင်မှု တစ်ကြိမ်စီ ဖြစ်ပွား


ကျောက်တံတားမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေမှုအား တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၇ ရက် တစ် ရက်တည်းမှာပင် ကျောက်တံတားမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ အတွင်း မီးလောင်ကျွမ်းမှု တစ်ကြိမ် စီဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ ၃၉ လမ်း (အောက်) ရှိ လယ်/ဆည် ဂိုဒေါင်ဟောင်းတွင် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားရာ မီးသတ်ကားသုံးစီး ရောက်ရှိ ငြိမ်းသတ်၍ မိနစ်ပိုင်းအတွင်း မီးငြိမ်းသွားခဲ့ ကြောင်း၊ ပျက်စီးမှုတန်ဖိုး အသေး စိတ်ကိုမူ မသိရသေးကြောင်း တာဝန်ကျဝန်ထမ်းတို့က ဆိုသည်။

2.27.12

ကျောက်တံတားမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေမှုအား တွေ့ရစဉ်

အလားတူ ဖေဖော်ဝါရီ ၂၇ မွန်းလွဲ ၁ နာရီခန့်က အင်းစိန်မြို့နယ်၊ နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေး စခန်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၁ နာရီ ခန့်က သရဖီလမ်း၊ ဆိုင်အမှတ် (၉) တွင် ၀ါယောရှော့ခ်ဖြစ်၍ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

2.27.14

အင်းစိန်မြို့နယ်၊နံသာကုန်းစက်ဘီးနှင့်ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုမြင်တွေ့ရစဉ်

အဆိုပါ မီးလောင်ကျွမ်းမှု ကြောင့် ဆိုင်ခန်းအမှတ် (၅၊ ၆၊ ၇၊ ၈၊ ၉) တို့မှာ လောင်ကျွမ်း ပျက်စီး ခဲ့ကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်ကမူ "ကျွန်တော့် ဆိုင်ခန်းက ၀ါယာရှော့ခ်ဖြစ်ပြီး မီးစလောင်တာ ဖြစ်ပါတယ်။ မွန်းလွဲ ၁ နာရီလောက်က စလောင်တာပါ။ ဆိုင်ခန်းအားလုံး ငါးခန်းလောက် ပါသွားတယ်။ ပျက်စီးမှုတန်ဖိုးက အတော်များမယ်ထင်တယ်" ဟု ပြောသည်။

2.27.14

အင်းစိန်မြို့နယ်၊နံသာကုန်းစက်ဘီးနှင့်ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုမြင်တွေ့ရစဉ်

"ကျွန်တော်တို့ သတင်းရရခြင်း လာပြီး ငြှိမ်းသတ်တာပါ။ မီးလောင်ကျွမ်းမှုက နာရီဝက်နီးပါး ကြာပါတယ်။ ခုတော့ မီးငြိမ်းသွားပါပြီ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက မခန့်မှန်း နိုင်သေးပါဘူး" ဟု အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့မှ ရေသယ်ယာဉ် အပါအ၀င် မီးသတ်ယာဉ် ၄၁ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ အရာထမ်း တစ်ဦးက ပြောသည်။

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား

မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သားတွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

AFC Cup ပြိုင်ပွဲတွင် ဗီယက်နမ်ကလပ် ဒါနန်းအသင်းကို ဧရာဝတီအသင်း အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်

2013 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (G) ပွဲစဉ်ဖြစ်သည့် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မြန်မာကလပ် ဧရာဝတီယူနိုက်တက် အသင်းတို့၏ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်က ဗီယက်နမ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ဒါနန်းအသင်းက ဧရာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် ၃ မှတ်စတင် ရရှိသွားသည်။ ဒါနန်းအသင်းအတွက် ဂိုးများကို နောက်ခံလူ ကော်စမင်က (၄၂) မိနစ်နှင့် (၅၅) မိနစ်တို့တွင်  သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်းအတွက် ချေပဂိုးကိုမူ (၈၈) မိနစ်တွင် နေလင်းထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီအသင်းတွင် နိုင်ငံခြားသား ကစားသမားများဖြစ်သည့် လီအန်ဒရို၊ ဒိုမီနစ်၊ မာဂျန်တို့ အပါအ၀င် စိုးကျော်ကျော်၊ နိုင်လင်းဦး၊ ဇော်ဇော်ဦး၊ ဟိန်းသီဟဇော်၊ နန္ဒလင်းကျော်ချစ်တို့ဖြင့် လူစုံအသုံးပြုခဲ့ကြောင်း သိရသည်။ ဒါနန်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ V -လိဂ် အမှတ်ပေးချန်ပီယံ ဖြစ်ကြောင်းလည်း သိရသည်။

AFC Cup အုပ်စုအဖွင့် ပွဲစဉ်များကို လာမည့်မတ်လ (၅) ရက်တွင် စတင်ကျင်းပမည်ဖြစ်သော်လည်း AFC Challenge Cup ခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ၊ အိန္ဒိယ ကလပ်အသင်းများ၏ ပွဲစဉ်များကို တစ်ပတ်စော၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

အုပ်စုအဖွင့် ပွဲစဉ်ရလဒ်များ

ရန်ကုန် ၃-၀ ပါဆီဘို အုပ်စု(F)
ဒါနန်း ၂-၁ ဧရာဝတီ အုပ်စု(G)
အရှေ့ဘင်ဂေါ ၁-၀ ဆီလန်ဂေါ အုပ်စု(H)
ကစ်ချီ ၃-၀ ချာချီဘရားသား အုပ်စု(E)

မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင် ရွက်ရန် တောင်းဆို