Saturday, March 9, 2013

သမ္မတ ဦးသိန်းစိန် နိုဘယ်လ် ဆုရှင် စာရင်းပါသော်လည်း မာလာလာနှင့် ကလင်တန်တို့ ထိပ်ကပြေးနေ

၂၀၁၃ ခုနှစ် နိုဘယ်လ် ဆုရှင်အဖြစ် အဆိုပြုခံရသူ စာရင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန် ပါဝင်နေသော်လည်း  ပါကိစ္စတန် ကျောင်းသူ မာလာလာနှင့် အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန်တို့မှာ  ရွှေးချယ်ခံရမည့် စာရင်းတွင် ရှေ့ဆုံးကနေ ပြေးနေကြောင်း သိရသည်။

နိုဘယ်လ် ဆုရှင် ဒေါ်စုနှင့် နိုဘယ်လ်ဆု ရှင် အမည် စာရင်း တင်သွင်းခံရသူ သမ္မတ ဦးသိန်းစိန်။

တာလီဘန်ကို ဆန့်ကျင်သူ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် ကျောင်းသူ မာလာလာမှာ နိုဘယ်လ်ဆုရွေးချယ်သူများ အကြား ရေပန်းစားနေသော်လည်း သူမ၏ အသက်ငယ်ရွယ်မူကို တချို့က ထောက်ပြ ပြောဆိုနေကြသည်ဟု ဆိုသည်။

ယခုနှစ်တွင် နိုဘယ်လ်ဆုရှင်များ အဖြစ် အမည်တင်သွင်းခံရမူမှာ စံချိန်တင်ခဲ့ပြီး စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း  ၂၅၉ ထိ ရှိခဲ့သည်။ ထိုအထဲတွင် လူပုဂ္ဂိုလ် ၂၀၉ ဦးနှင့် အဖွဲ့အစည်း ၅၀ ပါဝင်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများကြောင့် အမည်စာရင်း တင်သွင်း ခံခဲ့ရသည်။ အကယ်၍ မြန်မာ သမ္မတ ဦးသိန်းစိန် နိုဘယ်လ်ဆုရှင် အဖြစ် ရွှေးချယ်ခံရပါက မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုဘယ်လ်ဆုရှင် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုဘယ်လ် ဆုရှင် ဖြစ်သည်။

အမည်စာရင်း တင်သွင်းနိုင်သူ လူထောင်ပေါင်းများစွာ၏ စာရင်းထဲမှ နိုဘယ်လ်ဆု ချီမြှင့်ခံရသူအား များမကြာမှီ ရွေးချယ်မည်ဟု သိရသည်။

သို့သော်လည်း ရွေးချယ်ခံရသူ အမည်အား လျို့ဝှက်ထားပြီး  ယခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ထုတ်ပြန် ကျေညာမည် ဖြစ်သည်။  ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် နိုဝေးနိုင်ငံတွင် ဆုချီးမြှင့်မည် ဖြစ်သည်။

ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုဘယ်လ်ဆုကို တီထွင်သူ Philanthropist Alfred Nobel ၏ ကွယ်လွန် သည့်နေ့ ဖြစ်သည်။

တအာင်းပလောင်ဒေသ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုစိပ်လာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့နံက် (၉) နာရီ အချိန်က ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်း၌ ရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုး တာဘုန်း ကျော်က ဆိုသည်။

"နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။" ဟု ဆိုသည်။

ကျောက်မဲ အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၁ တပ်ဖွဲ့မှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း(၂) ကြောင်း ဖွဲ့ကာ လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး  အစိုးရ တပ်ဖွဲ့ ဘက်မှ တစ်ဦး ကျဆုံးကြောင်းနှင့်TNLA ဘက်မှ ထိခိုက် ဒဏ်ရာ ရမှုမရှိ ဟုTNLA က ဆိုသည်။  

အလားတူ ယနေ့နံနက် (၁၀) နာရီ အချိန်ကလည်း နမ့်ဆန်မြို့နယ် ဆာမ်ငါမ်ရွာ အနီး တပ်ချထားသော TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲစခန်း တခုကို အစိုးရ၏ ခမရ ၅၀၂ တပ်ရင်းမှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း (၂) ကြောင်း ခွဲ၍ လာရောက် တိုက်ခိုက်ရာ (၁) နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

ထို့အပြင် မတ်လ (၇) ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ အနောက်ဘက် ရူရှိကျေးရွာရှိ TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲတပ်စခန်းကို အစိုးရတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်း (၂) ကြောင်းဖွဲ့၍ လာရောက်တိုက် ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အစိုးရ တပ်များသည် နမ့်ဆန်မြို့နယ် အတွင်း၌ စစ်ကြောင်း (၄) ကြောင်းဖြင့် လှုပ်ရှားလျက် ရှိခဲ့ရာမှ နောက်ထပ် စစ်ကြောင်း (၂) ကြောင်း ထပ်မံတိုးချဲ့ ချထားခဲ့ရာ စုစုပေါင်း အင်အား (၆၀၀) ခန့် ရှိပြီး စစ်ကြောင်း (၆) ကြောင်းဖြင့် လှုပ်ရှား နေကြောင်း သိရသည်။

ထိုစစ်ကြောင်း များသည် နမ့်ဆန်မြို့ မြောက်ဘက်ရှိ လွယ်တောင်ကျော သတ္တုတွင်းကို လုံခြုံရေး ယူထားသော တပ် ဖွဲ့များမှ ဖြစ်ပြီး TNLA ကို မကြာမကြာ လာရောက် တိုက်ခိုက် နေခြင်း ဖြစ်သည်ဟု ဗိုလ်မှုး တာဘုန်းကျော်က ဆိုသည်။

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ

 မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။ 

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုညွှန်းကိန်း အဆင့်မြင့်မားမှုဟာ မြန်မာပြည် တောင်ပိုင်းဒေသမှာ ဒီနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်း မှာတော့ မြန်မာပြည်တာင်ပိုင်းဒေသအထိ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ ဒီလို မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က အခုလို ပြောပါတယ်။

"ခရမ်းလွန်ရောင်ခြည်မြင့်တာက မြန်မာပြည်တောင်ပိုင်းကနေ စလာတာ။ အခု အလယ်ပိုင်းလောက်အထိ မြင့်လာတယ်။ အဆင့်က ပုံမှန်ကတော့ ၁၁ ကျော်ကျော်လောက်ပေါ့။ အခုက အလယ်ပိုင်းလောက် တချို့နေရာတွေမှာ ၁၄ လောက်အထိ ရှိပါတယ်။ ကော့သောင်း ကနေပြီးတော့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေက ၁၂ ကနေ ၁၄ ကြားမှာ ရှိပါတယ်။ ၈ ရဲ့အထက်ရောက်ရင် အန္တရာယ်ရှိပါတယ်။ ခုတော့ မိုးပြန်အုံ့ရင်တော့ ပြန်သက်သာပါတယ်ဗျ။"

နေရောင်ခြည်မှာ ပါဝင်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ လူ့တွေအတွက် ဗိုက်တာမင်ဒီ ထုတ်လုပ်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပေမဲ့ လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင် လူရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အခုလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာတာကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေနဲ့ ကာကွယ်ဖို့အတွက်ကိုတော့ ဒေါက်တာထွန်းလွင်က အခုလို ဆက်ပြောပါတယ်။

"လူတွေမှာ အဓိကကတော့ အရေပြားဆိုင်ရာ ရောဂါပါပဲ။ နေလောင်တာတို့ ၊ အရွယ်ကျတာတို့ ၊ မျက်စေ့တိမ်စွဲတာတို့၊ နောက် ကိုယ်ခံအား ကျပြီးသားသမီးမရနိုင်တာတို့၊ နောက် အရေပြား ကင်ဆာတို့ အဲဒါတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ မနက် ၁၀ နာရီ- ၁၁ နာရီကနေ နေ့ ၁ နာရီကြားမှာ နေရောင်ထဲထွက်တာကို လျှော့ဖို့ပါပဲ။ ထွက်ရင်လည်း အကာအကွယ်ယူထွက်ဖို့ပါပဲ။ "

ဒီလို အကာအကွယ်ယူဖို့ဆိုရင် နေပူထဲထွက်ရင် အင်္ကျီထူထူဝတ်ဖို့၊ ထီးဆောင်းဖို့ နဲ့ နေကာမျက်မှန်တပ်ဖို့ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့်ဟာ ၁၁ လောက် အထိသာ ရှိခဲ့တာဖြစ်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ညွန်းကိန်းအဆင့် မြင့်မားလာနေတယ် ဆိုတာနဲ့ပတ်သက်ပြီး  မြန် မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးကို မေးမြန်းရာမှာတော့  သူတို့ဌာနမှာ တိုင်းတာတဲ့ စက်ကိရိယာမရှိသလို ဒီလိုကျရောက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာလည်း ကြောင်း ဖြေဆိုပါတယ်။

အခုလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းအဆင့်မြင့်မားလာတာကတော့ စက်မှုထွန်းကား လာတာနဲ့အတူ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု များပြားလာတဲ့နောက် ခရမ်းလွန်ရောင်ခြည်ကို စစ်ယူတဲ့ ကမ္ဘာ့အိုဇုံးလွှာပေါက်ပြဲလာမှုကြောင့် ဖြစ်ပါတယ်။

မှန်ကန်သည့်ခေါင်းဆောင်များအား ရွေးချယ်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့နှင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခဲ့သည်။

 

`တာဝန်ယူတဲ့စိတ်နဲ့အလုပ်လုပ်ရမှာ၊ နေရာယူတဲ့စိတ်နဲ့မဟုတ်ပါဘူး၊ ဒီလိုဘာလို့ပြောတာလည်း ဆိုရင် ၂၅နှစ်အတွင်းမှာ ကျွန်မတို့အဖွဲ့ဝင်တွေအနေနဲ့ သင်ခန်းစာယူစရာရှိခဲ့တယ်၊ ပြည်သူတွေကိုကျွန်မတို့ ဘယ်လိုကတိတွေပေးခဲ့လည်းဆိုတာ မမေ့သင့်ဘူး`ဟု တော်ဝင်နှင်းဆီ၊ရွှေဂုံတိုင် ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပသော ညီလာခံဖွင့်ပွဲမိန့်ခွန်း၌   ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ညီလာခံပြီးဆုံးပါကစမ်းသပ်မှုများအား ဖြတ်သန်းရဦးမည် ဖြစ်ကြောင်း၊ အဆိုပါကာလ၌ ထင်သလိုမဖြစ်တာတွေလည်း ရှိလာနိုင်သည့်အတွက် အနာဂတ် အတွက် ခေါင်းဆောင်မှာ ဘယ်လိုခေါင်းဆောင်ဖြစ်သင့်တယ် ဆိုတာကိုသေချာစဉ်းစားရွေးချယ်ကာ အဘက်ဘက်မှ သင့်လျော်သည့် ခေါင်းဆောင်များအားရွေးချယ်သင့်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

ညီလာခံကိုယ်စားလှယ်များရွေးချယ်ရာ၌ ကိုယ်ကျိုးစီးပွားအတွက်၊ မိတ်ဆွေအတွက် ကိုယ့်အသိုင်းအ၀ိုင်းအတွက်ဆိုပြီး မစဉ်းစာပဲ ဒီမိုကရေစီအရေးနှင့်တိုင်းပြည်နှင့်ပြည်သူအတွက်ပဲ စဉ်းစားရွေးချယ်သင့်ကြောင်းမှန်ကန်သည့်ခေါင်းဆောင်များအား   ရွေးချယ်သင့်ကြောင်းကိုလည်း   ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် စက်တင်ဘာလ၌ဗဟိုဦးစီးစနစ် ကျင်သုံးခဲ့သည်မှာ (၂၅)နှစ်ပြည့်မြောက် မည်ဖြစ်ကြောင်း၊ယခုညီလာခံပြီးစီးသွားပါက ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားသောခေါင်းဆောင်များဖြင့် ပါတီကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၂၅)နှစ်တာ သုံးစွဲလာသည့်စနစ်အား ရွေးချယ်ခံစနစ်သို့ ပြောင်းလဲမှုနှင့်ပတ်သက်၍"ဒီမိုကရေစီဆိုတာခြောက်ပြစ်ကင်းသဲလည်းစင်တော့ မဟုတ်ပါဘူး၊ လက်ရှိစနစ်ထဲမှာတော့အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်မလက်ခံတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် အဖွင့်မိန့်ခွန်းအား နံနက်(၈း၅၀)တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါတီနာယက ဦးတင်ဦးမှအဖွင့်အမှာ စကားပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှမိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦးနှင့် ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြောင်းကိုလည်း သိရသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သဘာပတိအဖြစ် မွန်ပြည်နယ်မှ နိုင်သောင်းညွှန်မှဆောင်ရွက်ကာ အဖွင့် အမှာစကားအား ပါတီနာယက ဦးတင်ဦးမှ ယခုကဲ့သို့ဆိုသည်။

 

"ခရီးကြမ်းကိုဆက်လက်ပြီး အခက်အခဲများစွာနဲ့လျှောက်ကြရဦးမှာဖြစ်တယ်၊ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး တစုတစ်စည်းထဲ စည်းစည်းလုံးလုံးနဲ့တိုင်းပြည်အတွက် ဆောင်ရွက်ပေးနိုင်မဲ့သူများကို ဆက်လက်ရွေး ချယ်ကြပါမယ်"ဟုဒီချုပ်ပါတီနာယက ဦးတင်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည့် USDP ပါတီမှ ဦးဋ္ဌေးဦးကလည်းဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ်ယခုကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့သည်။

 

"နိုင်ငံရေးပါတီတွေ အားလုံးပေါင်းပြီး နိုင်ငံနဲ့ ပြည်သူအတွက်ဆောင်ရွက်မယ်ဆိုတာ ကောင်းတဲ့ မိန့်ခွန်းပါ၊ တိုင်းပြည်အတွက်တကယ်ကိုဆောင်ရွက်ကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်"ဟု ၄င်းက ဆိုသည်။

 

နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှ ယနေ့ မတ်လ(၉)ရက်နေ့တွင် အရံဗဟိုဦးစီး(၃၀)ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီဥက္ကဋ္ဌ အနေဖြင့် ဆက်လျက်ရွေးချယ်ခံခြင်းပြုမပြု ဆိုသည်ကိုလည်း မသိရသေးသော်လည်းစိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ ညီလာခံသည် NLD ပါတီ၏ ပထမဆုံးအကြိမ်ကျင်းပသောတစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံဖြစ်ပြီး ပါတီ၏ ဖွဲ့စည်းပုံနှင့်မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဒီချုပ် ညီလာခံ ပထမဆုံးနေ့အဖြစ် တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီးပြည်နယ်နဲ့ တိုင်းအသီးသီးကနေ တက်ရောက်လာခဲ့တဲ့ ညီလာခံကိုယ်စားလှယ်များကလျှို့ဝှက်မဲပေးစနစ်နဲ့ဗဟိုကော်မတီဝင်အများစုကို  ရွေးချယ်ပေးခဲ့ကြောင်းသိရှိရသည်။

 

`၈၀% ကို ဗဟိုညီလာခံကိုယ်စားလှယ်တွေကနေ မဲစနစ်နဲ့ရွေးချယ်တင်မြှောက်ပြီးပါပြီ၊ ၂၀%ကိုတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ခန့်အပ်ဖို့မူလကတည်းက သတ်မှတ်ထားပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒီချုပ်ညီလာခံမှာ ဗဟိုကော်မတီဝင်(CC)အများစုကို ရွေးချယ်ပြီး

ဒီချုပ် ညီလာခံ ပထမဆုံးနေ့အဖြစ် တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးကနေ တက်ရောက်လာခဲ့တဲ့ ညီလာခံကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးစနစ်နဲ့ဗဟိုကော်မတီဝင်အများစုကို   ရွေးချယ်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယနေ့ ပြည်နယ်နှင့်တိုင်းများမှ တက်ရောက်လာသော ဗဟိုညီလာခံ ကိုယ်စားလှယ်၈၆၂ ဦးမှ ဗဟိုကော်မတီဝင် အများစုကို လျှို့ဝှက်မဲပေး စနစ်ဖြင့်ရွေးချယ်ခဲ့ပြီး၊ မနက်ဖြန်မတ်လ ၉ ရက်နေ့တွင်လည်း ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

`၈၀% ကို ဗဟိုညီလာခံကိုယ်စားလှယ်တွေကနေ မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်ပြီးပါပြီ၊ ၂၀%ကိုတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ခန့်အပ်ဖို့ မူလကတည်းက သတ်မှတ်ထားပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်းမရှိသော်လည်း ပါတီ၏ နာယကများနှင့် ကျန်စီအီးစီများအားလုံး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

`ပြည်သူ့လွှတ်တော်တက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ စနေနေ့မှ တက်ရောက်ပါမယ်။ ဒီနေ့တော့ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး`ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ပြောသည်။

  

ပထမနေ့ညီလာခံကို နံနက် ၉နာရီတွင်အခမ်းအနား စတင်ခဲ့ပြီး နာယက ဦးတင်ဦး၊ ဦးဝင်းတင် စသည့် နာယက ကြီးများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းများမှ ဗဟိုညီလာခံ ကိုယ်စားလှယ်ပေါင်း ၈၆၂ဦး ကျော် တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနား အဖွင့် မိန့်ခွန်းကို နာယကကြီး ဦးတင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဖွင့်မိန့်ခွန်းမှာ ပါတီစည်းလုံးရေး မပျက်ပြားဖို့ လိုအပ်ကြောင်းကို အဓိကထားပြီး ပြောကြားသွားကြောင်း အန်အယ်ဒီပါတီ၊ ဗဟိုညီလာခံ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

 

ညီလာခံတွင် ပထမအဆင့်အနေဖြင့် ဗဟိုကော်မတီဝင်များ(CC) ၁၂၀ ဦးနဲ့ အရံ ၃၀ ဦးကို မတ်လ ၈ ရက်နေ့မှာ ရွေးချယ်ကြမှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)ကိုတော့ မတ်လ ၉ ရက်နေ့မှာ   ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

`ညီလာခံမှာတော့ပါတီရဲ့ စီစီတွေနဲ့ စီအီးစီတွေကို ရွေးကြမှာဖြစ်ပြီး၊ ပါတီရဲ့ မူဝါဒ ပိုင်းကိုလည်း ဦးစားပေးဆောင်ရွက်ကြမယ်လို့တော့ ခန့်မှန်းမိပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

လုံးခင်းနှင့် ကန်စီး စစ်ဘေးရှောင် စခန်းများအတွက် ထောက်ပံ့ပစ္စည်းလိုအပ်လျက်ရှိနေ

ကချင်ပြည်နယ် လုံးခင်းမြို့မှ ဆယ်မိုင်ခန့်ကွာဝေးသည့် ကန်စီးရွာတွင် ကချင်စစ်ဘေးရှောင်တိမ်းနေသူများအတွက် ဖွင့်လှ စ်ထားသည့် ကယ်ဆယ်ရေးစခန်း၌  ထောက်ပံ့ပစ္စည်း လိုအပ်ချက်များရှိကြောင်းသွားရောက်လှူဒါန်းခဲ့သည့် The Action Times Foundationမှ သိရသည်။

 

အဆိုပါအဖွဲ့မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အ၀တ်အထည် ၊ စောင် နှင့် ဆေးဝါးများအား ကချင်ပြည်နယ် လုံးခင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာများသို့ သွားရောက်လှူဒါန်းခဲ့သော်လည်း ဒေသခံများအနေဖြင့် လိုအပ်ချက်များ ရှိဆဲဖြစ်ကြောင်း သိရှိရသည်။

 

 "ကန်စီးရွာနဲ့ အနီးအနားရွာတွေမှာ အခုအချိန်အထိ အခြေအနေတွေက မငြိမ်သက်သေးပါဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့တိုင်းလည်း ၀င်လို့မရပါဘူး။ ကျွန်မတို့အဖွဲ့ပဲ ၀င်လို့ရတယ်၊ ယူနီဆပ်(ဖ်) တောင် လုံခင်းမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ သူတို့လှူမယ့်ပစ္စည်းကို ထားခဲ့ရတာ နောက်တော့မှ ဘုန်းကြီးတွေကနေတစ်ဆင့်  ကယ်ဆယ်ရေး စခန်းကို သွားလှူပေးမှာတဲ့။ ''ဟု The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ်က ပြောသည်။

 

ကချင်ပြည်နယ် လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာမှ ကယ်ဆယ်ရေးစခန်း မှာ နှစ်ဘက်တပ်များ၏ တားမြစ်နယ်မြေ ဖြစ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်းကိုမှ လာရောက်လှူဒါန်းခြင်းမပြုဘဲ The Action Times Foundation တစ်ဖွဲ့ကသာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


 

အဆိုပါ အဖွဲ့အစည်းမှာ နာဂစ်မုန်တိုင်းတိုက်ခတ်သည့် အချိန်ကတည်းက စတင်ဖွဲ့စည်းပြီး မည်သည့် ဒုက္ခသည်ပြည်သူများကိုမဆို သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။

 

ကန်စီးရွာတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများ နှင့် Church (ချက်)ကျောင်းများ၌ နေထိုင်ရပြီး အဆိုပါရွာတွင် ကယ်ဆယ်ရေးစခန်း(၃)ခုရှိကာ၊ လုံးခင်းမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၃)ခုရှိကြောင်း သိရှိရသည်။ ကန်စီးရွာရှိ ကယ်ဆယ်ရေးစခန်း (၃)ခုမှာ ကန်စီးတောရကျောင်း၊ ဓမ္မလင်္ကာ ရကျောင်းနှင့် နှစ်ချင်းမူကြိုကျောင်းတို့ ဖြစ်သည်။

 

လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အစားအစာ ၊ အ၀တ်အထည်များအတွက် စိုးရိမ်စရာ မလိုသော်လည်း ဆေးဝါးများ လိုအပ်ချက်ရှိနေသည်ဟု လုံခင်းဒေသခံ တစ်ဦးက ဆိုသည်။ 

 

"အ၀တ်အထည် သိပ်မလိုအပ်ဘူး ၊ ဆေးတို့ ဆန်တို့ပဲ အဓိက လိုအပ်တာပါ ၊ အပြင်ကုမ္မဏီတွေ NGO တွေက ကူညီကြပါတယ်။ " လုံခင်းမြို့ တွင် နေထိုင်သည့် ဒေါ်ကြီးကြီးညွှန့်က ပြောသည်။

 

ကန်စီးရွာသည် လုံခင်းမြို့နှင့်ဆယ်မိုင်ခန့်ကွာဝေးပြီး လမ်းတစ်လျှောက်တွင် မဇွတ်ယန်၊ ဆန်ခါ၊မှော်ပုံ၊ စိုင်းရာ (ခေါ်)လဂျောင်နှင့် အောင်ဘာလေရွာများ အား ဖြတ်သန်းသွားရပြီး ၊အဆိုပါဖောင်ဒေးရှင်းမှ ကန်စီးရွာခံများနှင့်ရွာခံ ဆရာတော်များ၏ အကူအညီဖြင့် စောင်၊ အ၀တ်အထည်၊ဆေးဝါးများကို ဖေဖော် ၀ါရီလ နောက်ဆုံးပတ်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

"လုံးခင်းအပိုင်ရွာတွေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း ခုနစ်ရာကျော်ခန့် ရှိပါတယ်။ အခုအချိန်မှာဆိုရင် အားလုံးကိုရပ်တန့် ထားရတဲ့အတွက် ဒီလုပ်ငန်းကို မှီခိုရတဲ့ ဒေသခံပြည်သူတွေအဖို့ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ လိုအပ်နေပါတယ်''ဟု  The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ် က ပြောသည်။

 

စိုင်းရာ(ခေါ်)လဂျောင်ရွာမှာ ကေအိုင်အေစစ်ဌာနချုပ် အမှတ်(၆)အခြေစိုက်သည့် နေရာမှရွာဖြစ်ပြီး အဆိုပါဒေသတွင်  မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် နီးစပ်ရာကန်စီးရွာနှင့် လုံခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့   ပြောင်းရွှေ့ နေထိုင်ခြင်းဖြစ်သည်။

ပြည်သူများ နေ့စဉ်ဂါရ၀ပြုနိုင်ရန် အာဇာနည်ဗိမာန်အား နိုင်ငံတော်အဆင့်နှင့်အညီပြုပြင်မွန်းမံနေ

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အား အများပြည်သူနေ့စဉ်ဂါရဝ ပြုနိုင်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြင်ဆင်မွန်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၌   ပြောကြားသွားသည်။

 

 "၂၀၁၃ ဖေဖော်ဝါရီ (၁၉) ရက် နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွဲပြောင်းပေးခဲ့ပြီး အာဇာနည်ဗိမာန်ကို   နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထားရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။" ဟု ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ၀န်ကြီး   ဒေါ်စန္ဒာခင်က ပြောကြားသွားသည်။

 

အာဇာနည်ဗိမာန်ကြီးအား ယခုကဲ့သို့ပိတ်ထားခြင်းအားဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ယခုခေတ် လူငယ်များအနေဖြင့် မေ့လျော့နိုင်ကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ သားသမီးတို့က ဆိုသည်။

 

 "ဒီလိုဖွင့်ပေးလိုက်ရင်တော့ ကောင်းတယ်လို့မြင်ပါတယ်။ အခု ပိတ်ထားတော့ လူငယ်တွေက မကြည့်ရဘူး၊ ဂါရ၀ပြုချင်လည်း မပြုရဘူး။ တချို့တွေဆို အာဇာနည်ဗိမာန်ဆိုတာ ရှိမှန်းတောင် မသိတော့ဘူး။ ကြားဖူးသယောင်ယောင် ဖြစ်ကုန်ကြတယ်။ အထူးသဖြင့် နယ်တွေကလာတဲ့သူတွေ သွားလို့မရ လိုက်ပို့လို့ မရဖြစ်ကုန်တယ်။ ဘာကြောင့် ပိတ်ထားတာလဲ၊ ဘယ်သူပိတ်ထားတာလဲ။ ဒါကြီးက ဘာမှ အန္တရယ်မရှိပါဘူး။" ဟု ဦးရာဇတ်၏သား ဦးလှကြည်က ဆိုသည်။

 

"အများပြည်သူတွေ ကြည့်ရှုခွင့်ရမှာဖြစ်လို့ ဖွင့်လှစ်ပေးရင်တော့ ကောင်းတာပေါ့။" ဟု ဒီဒုတ် ဦးဘချိုသမီး ဒေါ်ချိုကပြောသည်။

 

နိုင်ငံတကာမှနိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ လာရောက်သည့်အခါ ၎င်းတို့ စိတ်ဝင်စားသည့် နေ့ရာများကို လည်ပတ်သည့် အစီအစဉ်မှာ မြန်မာနိုင်ငံက ကန့်သတ်ရေးဆွဲပေးခြင်းမဟုတ်ပဲ ၎င်းတို့ သဘော ဆန္ဒတောင်းဆိုမှုအရ စီစဉ်ဆောင် ရွက်ပေးခြင်း ဖြစ်သောကြောင့် ဧည့်သည်အဖွဲ့များအနေဖြင့် သွားရောက်ဂါရဝပြု လိုပါက နိုင်ငံခြားရေး ဝန်ကြီးဌာနမှညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းကို လည်း ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသွားသည်။

 

ယခင်က နိုင်ငံတကာမှ နိုင်ငံခြားသံတမန်များ ၊ ဧည့်သည်တော်များ မြန်မာနိုင်ငံသို့ လည်ပတ်သည့် အခါများနှင့် အာဇာနည်နေ့ ဖြစ်သည့် ဇူလိုင်လ(၁၉)ရက်နေ့၌သာ ပြည်သူများအား ၀င်ရောက် ဂါရ၀ ပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

 

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ တောင်ကိုရီးယား သမ္မတလာရောက် ဂါရ၀ပြုချိန် ဗုံး ပေါက်ခွဲမှု   ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားဧည်သည်တော်များ လာရောက်ဂါရ၀ပြုသည်ကို မတွေရ တော့ပေ။

 

၎င်း ဗုံးပေါက်ကွဲမှုကြောင့် ဒု - ၀န်ကြီးချုပ်အပါအ၀င် အစိုးရခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ သတင်းသမားများ အပါအ၀င် စုစုပေါင်း (၁၇)ဦး သေဆုံးခဲ့သည်။

 

ယနေ့ လူငယ်အားကစားသမားများ မြင်စေချင်ပါသည်

၁၉၆၄ ခုနှစ် ဂျပန် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာပြည်မှ တင်ထွန်းနှင့် အင်္ဂလန်နိုင်ငံမှ ဂျွန်စမစ်တို့ ထိုးသတ်နေကြသည့် မှတ်တမ်းပုံများ

ကွယ်လွန်သူ အငြိမ်းစား အား/ကာ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးထွန်းငြိမ်းသည် မောင်နေထွန်း ဟူသော ကလောင် အမည်ဖြင့် မြန်မာ့အားကစား တခေတ်တခါက အောင်မြင်မှုများကို အား/ကာ ဂျာနယ်တွင် ရေးသားခဲ့သည်။ ယခင်တပတ်က ၅၄ အာရှ အားကစားပွဲတွင် အလေးမ အားကစားသမား ထွန်းမောင် ရွှေတံဆိပ်ရယူခဲ့ပုံကို ဖော်ပြခဲ့သည်။

တပ်ကြပ်ကြီး ထွန်းမောင်နှင့် အတူ ၅၄ မနီလာ အာရှအားကစားပွဲတွင် မောင်မောင်လွင် (၅၀ အာရှအားကစားပွဲတွင် အလေးမပြိုင်ပွဲ၌ ကြေးတံဆိပ်ရခဲ့သူ) ကလည်း ရွှေတံဆိပ် ဆွတ်ခူးခဲ့သေးသည်။

လက်ဝှေ့

အာရှအားကစားပွဲတွင် အလေးမပြီးသည့်နောက် ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် အားကစားနည်းမှာ လက်ဝှေ့ အားကစားနည်းပင် ဖြစ်သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှအားကစားပွဲတွင် ဖြစ်သည်။ မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် တခုထဲသာ ဆွတ်ခူးနိုင်သည်။ ယင်းရွှေတံဆိပ်ကို လက်ဝှေ့အားကစားနည်းကသာ ရရှိခဲ့ခြင်း ဖြစ်သည်။ တခုတည်းသော ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည့် လက်ဝှေ့သမားမှာ သိန်းမြင့် ဖြစ်သည်။ သိန်းမြင့်သည် ၁၉၆၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် ရောမ (အီတလီ) အိုလံပစ်တွင်လည်း ကွာတားဖိုင်နယ် အဆင့်သို့ရောက်ခဲ့ပြီး ပဉ္စမအဆင့် သတ်မှတ် ခံခဲ့ရသေးသည်။

ရေကူး

မြန်မာရေကူးလောက၏ အဆင့်မြင့် အအောင်မြင်ဆုံးနှစ်မှာ ၁၉၆၂ ခုနှစ်ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။ အာရှအားကစား လောကတခုလုံး တုန်လှုပ်သွားအောင် မြန်မာရေကူးသမား တင်မောင်နီက အစွမ်းပြသနိုင်ခဲ့သည်။

ဂျပန်ရေကူးသမားတို့သည် ရေကူးအားကစားနည်းတွင် အာရှသာမက ကမ္ဘာ့အဆင့်မှာပင် ထိပ်တန်းမှ နေရာယူခဲ့သူများ ဖြစ်ကြသည်။ အာရှအားကစားပွဲ၊ ရေကူးပြိုင်ပွဲတိုင်းတွင် ရေကူးပြိုင်ပွဲ၌ ချီးမြှင့်သည့် ရွှေတံဆိပ်၊ ငွေတံဆိပ်တို့ကို ဂျပန် ရေကူးသမားများကသာ ဆွတ်ခူးလေ့ရှိကြသည်။ ကျန်နိုင်ငံများက ကြေးတံဆိပ်သာ ရယူနိုင်ကြသည်။

"သို့သော် လူဆိုသောသတ္တ၀ါကား ပုံသေတွက်ကိန်းနှင့် တွက်ချက်၍ အမြဲတမ်း မရစကောင်းပေ၊ လူ၏စိတ်စွမ်းအင် ကိုယ်တွင်း၌ အောင်းနေသော ကာယစွမ်းအင်တို့သည် တခါတရံတွင် မမျှော်လင့်သော အကြိုအကြားမှ ပေါ်ပေါက်လာလျှက် မဖြစ်နိုင်ဟု ယူဆထားသော အရာများသည် ဖြစ်နိုင်လာလျှက်၊ နိုင်မည်မဟုတ်ဟု ယူဆထားသော ပြိုင်ပွဲများတွင် အောင်နိုင်မှုများ ရတတ်လေသည်" ဟု အစချီကာ ဆရာမောင်နေထွန်းက မြန်မာရေကူးသမား တင်မောင်နီ၏ အောင်မြင်မှုကို မှတ်တမ်းတင်ထားခဲ့သည်။

မြန်မာရေကူးသမား တင်မောင်နီသည် မီတာ ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ဂျပန်တို့အားအနိုင်ယူလျက် ရွှေတံဆိပ် ဆွတ်ခူးခဲ့လေသည်။

ထိုပြိုင်ပွဲတွင် အနိုင်ရလိုက်ခြင်းမှာ မတော်တဆ ကံစွပ်၍ အနိုင်ရခြင်းမဟုတ်ကြောင်းကို နောက်တနေ့ မီတာ ၄၀၀ အလွတ်ကူး ပြိုင်ပွဲတွင်လည်း တင်မောင်နီသည် ထပ်ဆင့်၍ ဂျပန်ရေကူးသမားတို့အား အနိုင်ယူကာ ရွှေတံဆိပ် ဆွတ်ခူးပြ လိုက်သည်။

ဂျကာတာမြို့တော် ရေကူးပြိုင်ပွဲတွင် တင်မောင်နီ ဆုတံဆိပ်ရပြီးနောက် မြန်မာနိုင်ငံတော် အလံတော်လွှင့်ထူလျှက် အမျိုးသားသီချင်း တီးမှုတ်လိုက်သည့်အခါတွင် "ဒါ ဗမာကွ၊ အာရှတိုက်မှာ ဗိုလ်စွဲနေတဲ့ ဂျပန်တွေကို သူတို့အစွမ်းပြတဲ့ ရေကူးပြိုင်ပွဲမှာတောင် ငါတို့ အနိုင်ယူပြခဲ့ပြီ မဟုတ်လား" ဟု ရင်ကော့လျှက် ဂုဏ်ယူခဲ့သော အဖြစ်မျိုးကို ယနေ့ မြန်မာ အားကစားသမားများ၊ နည်းပြဆရာများ၊ စီမံခန့်ခွဲ အုပ်ချုပ်သူများအပါအ၀င် မြန်မာအားကစားရှင် ပြည်သူလူထုကြီး တရပ်လုံးအား မြင်တွေ့စေလိုပါသည်။

ကမ္ဘာ့အိုလံပစ်

၁၉၆၄ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကြီး ကျင်းပခဲ့သည်။ တိုကျိုအိုလံပစ်သို့ ရှင်ဗွေဂန် (မာရသွန်)၊ တင်မောင်နီ (ရေကူး)၊ တင်ထွန်းနှင့် ဂျိတ်ဘာဝါး (လက်ဝှေ့)၊ ကျော်ရှိန်နှင့် ကျော်အေး (သေနတ်ပစ်)၊ ချစ်မြ၊ မြသိန်းနှင့် ဖေအေး (အလေးမ) တို့ ဖြစ်သည်။

လက်ဝှေ့ပွဲအတွက် မဲနှိုက်၍ လူတွဲရာတွင် အင်္ဂလန်မှ ဂျွန်စမစ်နှင့် ထိုးရသည်။ အင်္ဂလန်မှ ဂျွန်စမစ်မှာ ဗြိတိသျှ ချန်ပီယံ ပူပူနွေးနွေးဖြစ်သည်။ အင်္ဂလိပ် အားကစားအဖွဲ့ကမူ ဂျွန်စမစ်တယောက် မြန်မာလက်ဝှေ့သမားလေး တင်ထွန်းနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဆိုသောကြောင့် စိတ်သက်သာမှု ရရှိနေကြသည်။

မြန်မာဆိုသောလူမျိုးသည် တခါတုန်းက အင်္ဂလိပ်တို့ လက်အောက်ကျွန်ဘ၀သို့ ရောက်ခဲ့ဖူးသည် မဟုတ်ပါလား။ အထင် သေးလျှင်လည်း သေးလောက်ပါသည်။ အနောက်တိုင်း လက်ဝှေ့ထိုးနည်းကို အင်္ဂလိပ်တို့ကပင် သင်ပေးခဲ့ခြင်း မဟုတ်ပါလား။ အင်္ဂလန် အားကစားအဖွဲ့က လွယ်လွယ်နှင့်အနိုင်ရမည်ဟု ယူဆလျှင်လည်း ယူဆလောက်ပါသည်။

တွေ့ကြပြီ

မြန်မာနိုင်ငံမှတင်ထွန်းနှင့် အင်္ဂလန်နိုင်ငံမှ ဂျွန်စမစ်တို့သည် တိုကျိုမြို့ရှိ ကာရာကူမွန်ရေခဲပြင် အားကစားရုံကြီး၌ရှိသော လက်ဝှေ့ကြိုးဝိုင်းထဲတွင် တွေ့ကြပါပြီ။

တင်ထွန်းကညာသန်၊ ဂျွန်စမစ်ကဘယ်သန်။ ဂျွန်စမစ်၏ မျက်နှာပေါ်တွင် နိုင်ရမည်ဟူသော ယုံကြည်ချက် အပြည့်အ၀ ရှိကြောင်း ပေါ်လွင်နေသည်။ သူသည် တိုကျိုအိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်ရနိုင်သူဟု အင်္ဂလန်အားကစားအဖွဲ့က ယုံကြည်ထားသူလည်း ဖြစ်သည်။ သူတို့နှစ်ဦး၏ ထိုးသတ်ယှဉ်ပြိုင်ပွဲကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရသည့် ဆရာမောင်နေထွန်းက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

ဂျွန်စမစ်သည် ညာခြေညာလက်ရှေ့ထိုးခင်း၍ သူကပင် စတင်တိုက်စစ်ဆင်သည်။ တင်ထွန်းသည် ခြေရွှေ့ပြောင်းရာတွင် ကမ္ဘာကျော် ရှူးဂါးရေး ရော်ဘင်ဆင်တို့လောက် အရွှေ့အပြောင်း ညက်နေသူဖြစ်၍ ဂျွန်စမစ်၏ တိုက်စစ်ကို အလွယ်တကူ ဆုတ်ကာ၊ တိမ်းကာ၊ ယိမ်းကာ ရှောင်နိုင်လေသည်။

မိမိ၏တိုက်စစ်ကို မိမိရရလိုက်၍ မရသည့်အခါ ဂျွန်စမစ်သည် အနည်းငယ် လောကြီးလာလျှက် သူ၏ အားအထားဆုံး ဖြစ်သော ဘယ်လက်သီးဖြင့် အတင်းဖြတ်၍ ထိုးလွှတ်လိုက်သည်။

ဤအချက်ကို စောင့်နေသော တင်ထွန်းသည် နောက်သို့အသာ ယိုင်လိုက်ပြီး စမစ်၏လက်သီးထက် ပို၍မြန်သော ညာဖြတ် လက်သီးကို ထိုးလွှတ်လိုက်သည်။ နှစ်ဦးပြိုင်ထိုးလွှတ်ရာ၌ မြန်သူကစားစမြဲ၊ အ၀င်နှင့် အထိုး နှစ်အားပြိုင်သော အထိမျိုးဖြင့် ဂျွန်စမစ် အထိုးခံရပြီး ဖင်ထိုင်လျက်သား လဲကျသွားသည်။

အင်္ဂလိပ်အဖွဲ့မှ ဆူညံစွာ အားပေးနေသော အသံများသည် မီးကိုရေဖြင့် ငြိမ်းသတ်လိုက်သလို ရှဲကနဲဖြစ်ပြီး တိတ်ဆိတ် သွားတော့သည်။

ဂျွန်စမစ်သည် ကြိုးဝိုင်းဒိုင်လူကြီးက တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်နေခြင်းကို ဂရုမပြု၊ ဥပဒေကခွင့်ပြုထားသော အမှတ် ရှစ်အထိ ရေတွက်ခြင်းကို မစောင့်တော့ဘဲ ရှေ့လောတကြီး ဒရီးဒယိုင်ထ၍ ရပ်လိုက်သည်။

အမှန်မှာ စမစ်သည် အတော်ကြီးလည်း အံ့အားသင့်သွားပုံရသည်။ ရှက်လည်း ရှက်သွားပုံရသည်။ ထို့ကြောင့် အမူးပြေအောင်ပင် မစောင့်တော့ဘဲ ဒယီးဒယိုင် ထ၍ရပ်လိုက်ခြင်းဖြစ်သည်။

အမှတ် ရှစ် ထိအောင် ရေတွက်ပြီးနောက် ဆက်ထိုးရန် အချက်ပေးလိုက်သည်။ တင်ထွန်းသည် ဂျွန်စမစ်အနီးသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။ ဂျွန်စမစ်သည်ပင်လျှင် ဘယ်လက်သီးဖြင့် စတင်ထိုးလွှတ်ပြန်သည်။ သို့သော် တင်ထွန်း၏ ညာဖြတ် လက်သီးက ဦးနေလေပြီ။ ဂျွန်စမစ်သည် ဒုတိယအကြိမ်လဲကျသွားပြန်သည်။

ယခုအကြိမ်တွင်မူ ဒိုင်လူကြီးက အမှတ်စဉ် ၁၀ အထိ ရေတွက်ပါသော်လည်း ထမလာတော့ပါ။ ပထမအချီ တမိနစ် လေးစက္ကန့် (၀ါ) ၆၄ စက္ကန့်တွင် မြန်မာနိုင်ငံမှ တင်ထွန်းသည် အင်္ဂလန်နိုင်ငံသား လက်ဝှေ့ကျော် ဂျွန်စမစ်ကို အလဲထိုး၍ အနိုင်ယူလိုက်နိုင်သည်။

ဆရာထွန်းငြိမ်း (စာရေးဆရာမောင်နေထွန်း) က ယင်းသို့သော အောင်မြင်မှုမျိုးကို မြန်မာပြည်သူတရပ်လုံးအား မြင်တွေ့ သွားစေချင်သည်။

အင်္ဂလိပ်လူမျိုးများအပေါ်တွင် မစ္ဆေရစိတ် မည်သို့မျှမရှိသော်လည်း၊ တခါကအုပ်စိုးသူလူတန်းစားကို လှလှကြီးတရားမျှတစွာ အနိုင်ယူခဲ့ခြင်းကိုမူ ဂုဏ်မယူဘဲ မနေနိုင်ပါဟု သွားလေသူ အဘိုးအဘွားများကို တမ်းတပြောဆိုခဲ့သည်။

စာရေးသူကတော့ ၁၉၆၄ ကမ္ဘာ့အိုလံပစ်လက်ဝှေ့ပွဲတွင် ဂရိတ်ဗြိတိန်ချန်ပီယံ အင်္ဂလိပ်လူမျိုး လက်ဝှေ့သမားကို မြန်မာလက်ဝှေ့သမား တင်ထွန်းက အလဲထိုးအနိုင်ယူခဲ့ပုံကို မြင်တွေ့စေချင်ပါသည်။ ကြားသိစေချင်ပါသည်။

မြန်မာလက်ဝှေ့သမား တင်ထွန်းသည် တိုကျိုအိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် မည်သည့်ဆုတံဆိပ်မှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါ။ သို့သော် ယှဉ်ပြိုင်ဘက် အင်္ဂလိပ်လက်ဝှေ့သမားကို ၆၄ စက္ကန့် အတွင်း အလဲထိုးအနိုင်ယူခဲ့ခြင်းက ဆုတံဆိပ် တဆု ရသည်ထက် ပိုမို၍ နိုင်ငံ့ဂုဏ်ကို နိုင်ငံတကာအလယ်တွင် မြင့်တက်လာခဲ့စေပါသည်။


ဆီးဂိမ်း ကစားနည်း အပြောင်းအလဲများ အတွက် ဝေဖန်ခံနေရတဲ့ မြန်မာ

အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) ကို ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလအလွန်မှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြန်မာနိုင်ငံဟာ ကိုယ့်အတွက် အကျိုးအရှိဆုံးဖြစ်မယ့် အားကစားနည်းတွေကို ပြိုင်ပွဲမှာ ထည့်ထားတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

"ခမ်ပို (Kempo)၊" "ဗိုဗင်နမ် (Vovinam) နဲ့ "ခြင်းလုံး" စတာတွေက အာဆီယံနိုင်ငံ အနည်းငယ်မှာပဲ ရှိကြတဲ့ ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေပါ။ ဒါပေမယ့် လာမယ့် ဒီဇင်ဘာ ဆီးဂိမ်းမှာ အဲဒီ အားကစားနည်းတွေကို ဆုတံဆိပ်တွေ တမူထူးခြားပြီး ပေးနိုင်ဖို့အတွက် ကိုယ်လက်ကြံ့ခိုင်ရေး (Gymnastics)၊ တင်းနစ် (Tennis) နဲ့ သဲသောင် ဘော်လီဘော (Beach Volleyball) ကစားနည်းတွေကို မြန်မာနိုင်ငံက ဖယ်ထုတ်ထားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံ ၁၁ နိုင်ငံအကြား အစည်းအဝေးတွေဟာ အငြင်းအခုံတွေနဲ့ ပြည့်နေတာပဲလို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ တချို့ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဆုတံဆိပ်ဇယားမှာ ပုံမှန် သာမညောင်ည အဆင့်ကနေ ခုန်ပေါက်ပြီး မြင့်တက်လာဖို့အတွက် ပိုထူးချွန်တဲ့ နိုင်ငံတွေကို အားလျော့သွားအောင် လုပ်နိုင်ဖို့ မြန်မာနိုင်ငံက တချို့နိုင်ငံတွေနဲ့ အပေးအယူ လုပ်ခဲ့တယ်ဆိုတဲ့ သံသယတွေ နက်နက်ရှိုင်းရှိုင်းနဲ့အတူ အခုလို ငြင်းခုံကြတာလို့ သူတို့က ဆိုပါတယ်။

အပြီးသတ် မရေးဆွဲရသေးပေမယ့် ပြိုင်ပွဲအစီအစဉ် အားကစား (၃၃) မျိုးထဲမှာ အများစုကတော့ အိုလံပစ် အားကစားနည်းတွေ ဖြစ်တဲ့ ပြေးခုန်ပစ်၊ လက်ဝှေ့နဲ့ ရေကူးအားကစားနည်းတွေပါ။ ဒါပေမယ့် ဆုတံဆိပ်တွေရဲ့ သုံးပုံတပုံလောက် အထိကို ကိုယ်ခံပညာနဲ့နွှယ်တဲ့ ကစားနည်းတွေအတွက် ဝေပုံခွဲထားပါတယ်။

အခုလို မြန်မာနိုင်ငံက ပြိုင်ပွဲကို ခုတုံးလုပ်ပြီး ကိုယ့်ဖက်ပါအောင် လုပ်နေတာတွေ၊ ကိုယ့်ပြိုင်ဖက်ကို စိတ်ဓာတ် ပျက်ပြားအောင်လုပ်ပြီး အနိုင်ယူဖို့ ဆောင်ရွက်နေတာတွေဟာ ၁၉၆၉ ခုနှစ်ကစလို့ ပထမဆုံး နိုင်ငံထဲမှာ ပြန်ကျင်းပတဲ့ ဆီးဂိမ်းကို အထင်သေးစရာ ဖြစ်စေတယ်လို့ တချို့နိုင်ငံတွေက ပြောကြပါတယ်။

"တကယ့် ဟာသပဲဗျာ။ သူတို့ ထည့်ချင်တဲ့ ကစားနည်းတွေ ထည့်တယ်၊ ပြီးတော့ အဲဒီ ကစားနည်းတွေအတွက် ဆုတံဆိပ်တွေကလည်း သိပ်များတယ်" လို့ ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီဝင် ကျရိန် ဝပ်သနာစင် (Charoen Wattanasin) က ပြောပါတယ်။

"ဒီလိုကိစ္စမျိုးတွေက မဖြစ်သင့်ပါဘူး။ ဆီးဂိမ်းရဲ့ ကျက်သရေက ပြီးခဲ့တဲ့ နှစ်တွေမှာ သိသိသာသာကို ယုတ်လျော့လာခဲ့တာပါ။ အရင်တုန်းကဆိုရင် ဆီးဂိမ်းဆိုတာ တဦးကိုတဦး လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေနဲ့ မိသားစု ပြိုင်ပွဲတခုလိုပါပဲ" လို့လည်း သူက ဆိုပါသေးတယ်။

ဖိလစ်ပိုင်နိုင်ငံက အားကစားရေးရာ တာဝန်ရှိသူတွေကတော့ သူ့ထက်ပို ဒေါသထွက်ကြတဲ့အပြင် ဆီးဂိမ်းကို သပိတ် မှောက်မယ်လို့တောင် တချို့က မကြားတကြား ခြိမ်းခြောက်ကြပါတယ်။ တချို့ကလည်း သပိတ် မမှောက်ရင်တောင် ပြိုင်ပွဲ
စီစဉ်မှုအပေါ် သဘောမတူဘူး ဆိုတာကို ပြတဲ့အနေနဲ့ သိပ်အရာမရောက်တဲ့ အားကစားအဖွဲ့တဖွဲ့ကို လွှတ်လိုက်နိုင်တယ်လို့ ပြောကြပါတယ်။

"ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေအတွက် ဆုတံဆိပ် ၆၀ ရှိလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်၊ ဒီ ဆုတံဆိပ် ၆၀ ထဲမှာ ကျနော်တို့ သုညအကြီးတလုံးပဲ ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ အားကစားနည်းတွေထဲက ဘယ်နည်းမှာမှ ကျနော်တို့ မပါဘဲကိုး" လို့ အမည်မဖော်လိုတဲ့ ဖိလစ်ပိုင် အိုလံပစ် ကော်မတီဝင်တဦးက ဆိုပါတယ်။

"အခုလို ရှင်းရှင်းလင်းလင်း အခွင့်မသာတဲ့ အနေအထားမျိုးမှာ ကျနော်တို့အနေတဲ့ ဘာဖြစ်လို့ အားကစားအဖွဲ့ အကြီးကြီး လွှတ်ပြီး ငွေအများကြီး သုံးရမှာလဲဗျ" လို့ သူက မေးခွန်းထုတ်ပါသေးတယ်။

၂ နှစ်တခါ ကျင်းပပြီး လူသန်းပေါင်းများစွာ စောင့်ကြည့်ကြတဲ့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မှုတွေက အလွန်အမင်း ပြင်းထန်လှပါတယ်။ ပြိုင်ပွဲတွေဟာ အမြဲတမ်းလိုလိုပဲ မပြေလည်မှုတွေ ဖြစ်လုနီးနီးနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ပြိုင်ပွဲကနေ ထွက်သွားတာ၊ ပြိုင်ပွဲကို ဆန္ဒပြတာနဲ့ စည်းကမ်းချိုးဖောက်တယ်လို့ စွပ်စွဲတာ၊ ပြီးတော့ ဒိုင်လူကြီး ဘက်လိုက်တာနဲ့ ပြောင်လိမ်တာတွေဟာ ဆီးဂိမ်းမှာ မဆန်းတော့တာတွေပါပဲ။

ဒါပေမယ့် လူသိနည်းလှတဲ့ ဒေသဆိုင်ရာ မိရိုးဖလာ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး အခုလို ကျယ်ကျယ်လောင်လောင် အသံထွက်လာရတာကတော့ ဒီကစားနည်းတွေကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာပဲ ကစားကြလို့ ဖြစ်ပါတယ်။

ဗိုဗင်နမ်ဆိုတာက ဗီယက်နမ် ကိုယ်ခံပညာဖြစ်ပြီး ဒီကစားနည်းကို လက်နက်သုံးပြီး ကစားတာရော လက်နက်မဲ့ကစားတာရော ပါဝင်ပါတယ်။ ခမ်ပိုဆိုတာကတော့ ကွန်ဖူးကနေ ဆင်းသက်လာတဲ့ ကစားနည်းဖြစ်ပြီး လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူကြိုက်များတဲ့ အားကစားပါ။ ဆုတံဆိပ်ဇယားရဲ့ ထိပ်ဆုံး ၃ နိုင်ငံထဲ ပါနိုင်အောင် မြန်မာနိုင်ငံက လုံးပမ်းတဲ့နေရာ မှာ ဒီနိုင်ငံ ၂ နှစ်နိုင်စလုံးက အနှောက်အယှက် နည်းနည်းပဲ ပေးနိုင်ပါလိမ့်မယ်။

ဝိုင်းခြင်းခတ်တဲ့ ကစားနည်းကတော့ မြန်မာနိုင်ငံ တခုထဲမှာပဲ ကစားကြတာမို့ အခြားသူတွေကို အမျက်ရှစေပါတယ်။ ဝိုင်းခြင်း ကစားနည်းက အခြားကစားနည်းတွေနဲ့ အတော်လေးကွဲပြားပါတယ်။ အမှတ်ပေးတဲ့ နေရာမှာလည်း နည်းစနစ်နဲ့ ခြင်းပေါက်ပေါ် မူတည်ပြီး အမှတ်ပေးတာပါ။

ဘယ်လိုပဲဖြစ်နေနေ ၁၉၆၂-၂၀၁၁ စစ်အစိုးရ အုပ်ချုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံတကာရဲ့ ဆယ်စုနှစ်ချီ ဖိအားပေးတာတွေ၊ ဝိုင်းကျဉ်ထားတာတွေကို တောင့်ခံခဲ့တာမို့ ဝေဖန်မှုဆိုတာက မြန်မာနိုင်ငံအတွက် မစိမ်းတော့ပါဘူး။ အခုလည်း အရင်တုန်းကလိုပဲ လုပ်ချင်တာ လုပ်ပါလိမ့်ဦးမယ်။

"ကျနော်တို့အနေနဲ့ ဆီးဂိမ်းအဖွဲ့ချုပ်ရဲ့ ပြန်တမ်း (Charter) အတိုင်း ဆောင်ရွယ်နေတာဆိုတော့ ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး" လို့ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန ထိပ်တန်းအရာရှိ ဦးသက်လွင်က ပြောပါတယ်။

တချိန်တည်းမှာလည်း ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတွေ စိတ်သက်သာရာ ရစေဖို့ မြန်မာနိုင်ငံက တစုံတရာ လိုက်လျောခဲ့ပြီး ကြက်တောင်၊ ပင်ပေါင်နဲ့ တချို့အားကစားနည်းတွေကို ပြိုင်ပွဲအစီအစဉ်ထဲမှာ ပြန်ထည့်သွင်း ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ထည့်သွင်းပေးခဲ့တာမို့ အဲဒီနိုင်ငံတွေက ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ရွှေပြည်အေး စကားတွေ ပိုပြောလာကြပါတယ်။

"သူတို့ရဲ့စွမ်းရည်အပေါ် မူတည်ပြီး ဘယ်ကစားနည်းတွေ ကစားမယ်ဆိုတာကို အိမ်ရှင်နိုင်ငံ အနေနဲ့ ရွေးချယ်ခွင့် ရှိပါတယ်။ အဲဒီ ကစားနည်းတွေအတွက် ကိုယ့်ဖက်ကိုယ် ယက်တာလည်း သဘာဝပါ" လို့ အင်ဒိုနီးရှား လူငယ်နဲ့ အားကစားဝန်ကြီး ရွိုင်ဆာရို (Roy Suryo) က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းကို ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ ကျင်းပကြပါလိမ့်မယ်။ ပြိုင်ပွဲကျင်းပမယ့် အဆောက်အအုံနဲ့ နေရာအများစုကိုလည်း မြန်မာအစိုးရရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေက အကူအညီ အများအပြားနဲ့ အသစ်တည်ဆောက်ခဲ့တာပါ။

ဆီဂိမ်းအတွက် မြန်မာနိုင်ငံက ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူ အိုလံပစ်ကောင်စီ အထွေထွေ အတွင်းရေးမှူး ခရစ်ချန် (Chris Chan) က မြန်မာနိုင်ငံကို ချီးမွမ်းပါတယ်။ အခုလို ချောချောမွေ့မွေ့ ပြင်ဆင်မှုတွေဟာ အရင် အိမ်ရှင် နိုင်ငံတွေထက်စာရင် "ရှေ့ကို အများကြီး ပိုရောက်တယ်" လို့လည်း သူက ဆိုပါတယ်။

ကမ္ဘောဒီးယား အိုလံပစ်ကောင်စီ အထွေထွေ အတွင်းရေးမှူး ဗက် ချမ်ရူးအန် (Vath Chamroeun) ကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံတွေအကြား အငြင်းပွားနေတာကို အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပြီး ဆီးဂိမ်းကို သပိတ်မှောက်ဖို့ ပြောဆိုမှုဟာ "ဂုဏ်သိက္ခာမဲ့တဲ့" ပြောဆိုမှုမျိုး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့ပြင် မလေးရှားနိုင်ငံ အိုလံပစ်ကောင်စီ ဥက္ကဌ ရှိတ်ကိုး (Sieh Kok) ကလည်း ဗက် ချမ်ရူးအန်ရဲ့ ပြောဆိုမှုအပေါ် သံယောင်လိုက်ပြီး ဘာနားမား (Bernama) သတင်းဌာနက အခုလို ပြောဆိုခဲ့ပါသေးတယ်။

"သူတို့တွေ ဆီးဂိမ်း မကျင်းပဖြစ်တာ နှစ်ပေါင်း (၄၀) ကျော်ပြီလေ။ အခွင့်အရေး ပေးသင့်တာပေါ့" လို့ သူက ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်သင်္ကြန်က ရန်ကုန်မြို့ တော်ဝန်မဏ္ဍပ်တွင် ကရင်တိုင်းရင်းသားအကအဖွဲ့ များဖျော်ဖြေခဲ့စဉ်

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်တွင် ယခင်နှစ်များက ပါဝင်ဖျော်ဖြေခဲ့သည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့များအပြင် အခြားတိုင်းရင်းသား အကအဖွဲ့များ ကိုပါ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ အကအဖွဲ့များကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ယခုနှစ်မှ စတင်မဏ္ဍပ်ထိုးသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်များ စသည်တို့တွင် ဖျော်ဖြေယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်များကိုပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

အခြားတိုင်းရင်းသား အကအဖွဲ့များကို ဖိတ်ခေါ်ရန်အတွက် အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်မှ တိုင်းရင်သားများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရန်ကုန်သင်္ကြန်တွင် ရခိုင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ယခုနှစ် တိုင်းရင်းသား အကအဖွဲ့များအား ဖိတ်ခေါ်မည့်အပြင် ပုဂ္ဂလိက ရေကစား မဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း အဖွဲ့များ မဖြစ်မနေ ထည့်သွင်းရေးကိုလည်း စီစဉ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၀တ်စားဆင်ယင်မှု အပိုင်းကိုလည်း ပိုမိုထိန်းသိမ်း သွားမည်ဖြစ်ကာ အနုပညာရှင်များ အနေဖြင့်လည်း မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုများဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထွက်ပြေးမှု အလုံရဲစခန်းတွင်ဖြစ်ပွား

အလုံမြို့နယ် ရဲစခန်းအတွင်း တာဝန်ထမ်းဆောင်စဉ် ရဲတပ်သားတစ်ဦး ထွက်ပြေးမှု ယနေ့ မတ် ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ၎င်းစခန်းမှ သိရသည်။

ယင်းနေ့တာဝန်ကျ ရဲတပ်သား တစ်ဦးက "ထွက်ပြေးသွားတာ ရဲတပ်သားတစ်ဦးပါ။ အခုတော့ ရှာဖွေနေတုန်းပါ" ဟုသာ ဖြေကြားသည်။

ယခု ထွက်ပြေးသွားသူ ရဲတပ်သားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ မရှိသဖြင့် မဖြေဆိုနိုင်ကြောင်း တာဝန်ကျ ရဲတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသော ရဲပြေးစာရင်းတွင် ယခုဖြစ်စဉ် မတိုင်မီ အလုံမြို့နယ် ရဲစခန်းမှ ထွက်ပြေး ရဲတပ်သား ခုနစ်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ဥရောပငါးနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြိုဆို

w1-8-3-2

မတ် ၈ ရက်နံနက်က ဥရောပ ငါးနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များကရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယနေ့ မတ် ၈ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များတွင် နိုင်ငံတကာ အကူအညီများရရှိရေး၊  ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများ လုံးဝဖျက်သိမ်းနိုင်ရေးနှင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ ကဏ္ဍစုံ ကုန်သွယ်မှု အထူးအခွင့်အရေးများ ပြန်လည်ရရှိရေးတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကြိုဆိုသူများက ''နိုင်ငံတော် သမ္မတဦးသိန်းစိန် ကျန်းမာပါစေ''၊ ''ကွဲပြားမှုတွေရှိပေမယ့် ခွဲခြားမှုတွေမရှိတဲ့ မြန်မာနိုင်ငံတော်သစ်ကို ထုဆစ်ပုံဖော်မယ့် ဗိသုကာသမ္မတကြီးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်'' ''မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုများ ရုပ်သိမ်းသွားစေရန် ကြိုးပမ်းခဲ့တဲ့ သမ္မတကြီးကို ပြည်သူများက ကျေးဇူးတင်ပါတယ်''စသည့် ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြသည်။

သမ္မတကြီး၏ ဥရောပငါးနိုင်ငံ ပြည်တော်ပြန်ခရီးစဉ်ကို ကြိုဆိုကြသူများအနက် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်ခိုင်က '' လုပ်သင့်လုပ်ထိုက်တာကို ပြည်သူတွေအတွက် ရှေ့တန်းကနေ ရပ်တည်ပြီး သမ္မတကြီးဦးဆောင်တဲ့ အစိုးရအဖွဲ့က လုပ် ဆောင်ပေးမယ်လို့ ယုံကြည်တယ်။ အများယုံကြည်ထားတဲ့အတိုင်း သမ္မတကြီးအနေနဲ့ နောက်ကိုမလှည့်ဘူး ဆိုတာကိုလည်း ယုံကြည်တယ်။ပြည်သူတွေလိုလားတဲ့ သန့်ရှင်းတဲ့ အစိုးရ၊ မျှတညီညွတ်တဲ့ အစိုးရ အမြဲတမ်းဖြစ်ပါစေလို့ ဆုတောင်းပါ တယ်'' ဟု ပြောသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရွှေပြည်သာမြို့နယ် အတွင်းရေးမှူး ဦးကိုလတ်ကလည်း''အရင်တုန်းက ကျွန်တော်တို့ပါတီရဲ့ ဥက္ကဋ္ဌပဲ။သမ္မတကြီးက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဒီမိုကရေစီကို ဖော်ဆောင်နေတာ။ ဒါကြောင့်မို့ လာကြိုတာပါ'' ဟု ပြောသည်။

''ဥရောပနိုင်ငံတွေ သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အဓိကကျတဲ့ GSP ကိစ္စတို့ ဘာတို့ကို ပွင့်လင်းလာအောင် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် သမ္မတကြီးကို ပြည်သူလူထုအနေနဲ့ အထူးပဲ ကျေးဇူးတင်ပါတယ်'' ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်ကလည်း ပြောသည်။

သွားရောက် ကြိုဆိုခဲ့သူ YKKO ကြေးအိုးဆိုင်မှ Operation Manager ဦးကိုကိုအောင်ကလည်း ''အဓိက နိုင်ငံတော်သမ္မတရဲ့ လုပ်ရပ်တွေကို လေးစားလို့ပါ။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ဖယ်ရှားပေးအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရတယ်။အဲဒီရဲ့ အကျိုးသက်ရောက်မှုတွေကို ပြည်သူတွေ ခံစားရမယ်လို့လည်းယုံကြည်တယ်။ ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲရင့်ရင့်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ပါ။ပြည်သူတွေက လိုက်ဖို့ အဆင့်သင့်ပါလို့ နိုင်ငံတော် သမ္မတကြီးကို ပြောချင်ပါတယ်''ဟု ပြောသည်။

w1-8-3-1

ဥရောပငါးနိုင်ငံခရီးစဉ်မှ ယခုလို ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။