Sunday, April 21, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား  ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ် ခလရ ၁၄၅ စစ်ကြောင်းက KIA ၏ တပ်ရင်း ၁၇ နယ်မြေ မနောင်ဘွမ် (Manau Bum) ဘက်လှုပ်ရှား လာသောကြောင့် နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အရာရှိ တစ်ဦးကပြောသည်။

"ကျနော်တို့နေတဲ့နေရာမှာ အစိုးရတွေလာခဲ့တာလေ။ ကျနော်တို့ရှိတဲ့နေရာမှာလာခဲ့တော့ ကျနော်တို့ပစ်လိုက် တာပေါ့။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်က အရမ်းနာသွားတာထင်တယ်။ သူတို့ဒဏ်ရာရတဲ့ လူတွေကို အမြန်လာသယ်ယူဆိုပြီး သူတို့တိုင်းဌာနကို အကြောင်းကြားနေ တာကြားတယ်။ ဒီမနက်တော့ အချင်းချင်းပြန်စောင့်နေကြတယ်" ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းအစိုးရတပ်ဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ်အတွင်း တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၄ နယ်မြေ သို့ နေရာယူလာခြင်းဖြစ်ပြီး ယခုချိန် ၃ နေရာတွင် အစိုးရတပ်စခန်းချထားလိုက်ပြီ ဖြစ်ကြောင်း အထက်ပါအရာရှိကပြောသည်။

"သူတို့စခန်းပြန်ချတာတွေက မန်တုန် (Mandong) အောက် ဟူတုန်းမှာ စခန်းတစ်ခု၊ ခွန်ခါးမှာတစ်ခု ပြီးတော့ ဟူမုန်းဆိုတဲ့နေရာမှာ စခန်းတစ်ခုချထားပြီ။ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ သူတို့က နေရာတိုင်းမှာ နေရာယူ စခန်းချလာတဲ့သဘောပဲ"

ဧပြီ ၁၉ ရက် ၂၀၁၃ ယနေ့ ၁၁ နာရီဝန်းကျင်ကလည်း လားရှိုးဘက်မှ မူစယ် ၁၀၅ မိုင်ဘက်သို့ စစ်သည်များ၊ မြင်း နှင့် လားများပါတင်ဆောင်သော ကား ၁၀ စီး က ထပ်ရောက်လာကြောင်း သိရသည်။

၎င်းသည် အစိုးရတပ်ဖက်မှ  လူအလဲအလှယ်လုပ်ခြင်းမဟုတ်ပဲ အင်အားတိုးချလာခြင်းသာဖြစ်သည်ဟု KIA အရာရှိကပြောသည်။

"ခုနကပဲ စစ်သားတွေတင်ထားတဲ့ စစ်ကား ၁၀ စီး ၁၀၅ မိုင်ကိုဝင်လာတယ်လို့ သတင်းရောက်တယ်။ အဲဒီကနေ ကချင်ပြည်နယ်ဘက်ကိုသွားမလား။ မဟုတ်ရင် မုန်ဂိုဘက်ကို ထိုးစစ်ဆင်မလား အဲဒါက ကောင်းကောင်းမသိဘူး။ သူတို့က လူအပြောင်းအလဲ လုပ်သလားဆိုရင်လဲ မဟုတ်ပြန်ဘူး။ လာတိုးချထားတာ။ မြင်းတွေပါတယ်ဆိုတော့ တောင်ပေါ်တွေမှာ ၀င်ဖို့စီစဉ်တာပေါ့"

ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေတွင် သင်္ကြန်ရက်ကာလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း သင်္ကြန်အပြီး ယမန်နေ့မှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အစိုးရနှင့် KIO ကြား မတ်လ ရွှေလီဆွေးနွေးပွဲတွင် ဧပြီလ ၁၀ ရက်နေ့မတိုင်မီ ပြန်လည်တွေ့ဆုံရန်သဘောတူထား မှု ပျက်ပြားပြီးနောက် သင်္ကြန်နောက်ပိုင်းတွေ့ဆုံရန် ပြောဆိုမှုရှိနေသော်လည်း သေချာမှုမရှိသေးကြောင်း KIO အရာရှိများကပြောသည်။

 

မြစ်ကြီးနား မလိယန်စခန်း ဒုက္ခသည်များစားဝတ်နေရေးအခက်ကြုံနေဆဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဇီးလွန်ကျေးရွာ မလီယန် (Mali Yang) ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်တွင် ခိုလှုံနေသော  ဒုက္ခသည်စခန်းတွင် နေ့စဉ်စားရေးသောက်ရေးအတွက်အခက်အခဲကြုံနေရဆဲဖြစ် ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးများ ထောက်ပံ့ပေးနေသော်လည်း ဒုက္ခသည်များ ချက်ပြုတ်စားသောက်ရန် ထင်းများဝယ်ယူဖို့ခက်ခဲနေသည်ဟု မလိယန်ဒုက္ခသည်စခန်းမှ သိရသည်။

"ကျနော်တို့က အုပ်စုလိုက် အုပ်စု လိုက် အဖွဲ့ ၄ ဖွဲ့ထားပြီးတော့ စုပေါင်းပြီးချက်စားတယ်။ အဖွဲ့တစ်ဖွဲ့က အချိန်တစ်ပါတ်စီချက်တယ်။ ကျနော်တို့အသင်းတော်က အသင်းတော်အသစ်ဆိုတော့ ဘတ်ဂျတ်လဲမရှိ တော့ခက်တာပေါ့နော်" ဟု ဒုက္ခသည်စခန်းကိုကြည့်ရှုနေသူ တာဝန်ရှိသူတစ်ဦးပြောသည်။

ဘူးဂါး (Buga) ကုမ္ပဏီမှ ဖြန့်ဝေပေးနေသည့်မီးသည်လည်း အချိန်မှန်မရခြင်းနှင့် အားမရှိသောကြောင့် ချက်ပြုတ်ရန် အခက်ခဲရင်ဆိုင်နေရသကဲ့သို့ ရေသုံးရန်လည်း မီးစက်မရှိသောကြောင့် အရာရာခက်ခဲနေသည် ဟု ပြောသည်။

မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင် World Concern မှပြုလုပ်ပေးသည့် ရေတွင်းတခုရှိသော်လည်း ရေတင်ဖို့ရန် မီးစက်မရှိသောကြောင့်လည်း နေ့စဉ် ခက်ခဲနေသည်ဟု ဆိုသည်။

"ကျနော်တို့ Camp မှာ မီးစက် ၁ ခုတော့ အလှူရှိတယ်။ ဒါမဲ့ အဲဒီစက်လည်းပျက်နေတော့ ခက်နေတယ်။ ၀ယ်ထားတဲ့ ရေမြုပ်မော်တာက အားကြီးတော့လေ။ ဘူးဂါး မီးကလည်း အားလုံးကိုင်တယ်ဆိုတော့ ညဘက်ဆိုပိုဆိုး အားက ၁၁၀၊ ၁၂၀ သာရှိတဲ့ကြောင့်ခက်တယ်" ဟု ဒုက္ခသည် စခန်းမှဆရာ တဦးက KNG ကချင်သတင်းဌာနသို့ပြောသည်။

ယခုချိန် ဒုက္ခသည်စခန်းတွင် အယောက် ၃၀၀ ကျော်ခိုလှုံနေပြီး ထမင်းချက်ရန် ရေးတွင်းမှလက်ဖြင့် ဆွဲယူနေရသကဲ့သို့ အိမ်သာလည်း ၆ လုံးသာရှိသောကြောင့် ထပ်ဖြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

၎င်းဒုက္ခသည်စခန်းတွင် အစာအိမ်သွေးကြောပေါက်ပြီး မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁ ဦးလည်းရှိသည်။

အဆိုပါစခန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး KBC နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ ဟင်းဖိုးအတွက် ကူညီပေးနေသော်လည်း လုံလောက်မှုမရှိဖြစ်နေခြင်းဖြစ်သည်။

မြန်မာအစိုးနှင့် KIO စစ်ပွဲများ စတင်ဖြစ်ပွားလာချိန်မှ KIO ထိန်းချုပ်နယ်မြေ ဂါးရာယန် (Ga Ra Yang)၊ ဂျာပူ (Ja Pu)၊ ဒဘတ် (Dabak)၊ ပန်ဒေါင် (Pandawng)၊ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာများမှ ဒေသခံများ အဆိုပါ မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းသို့ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ


ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင် (ဓာတ်ပုံ – tripadvisor.co.uk)

စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ၀င်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။

မင်းသတ္တိ ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

"ကျနော့်ကို ခုတ်တာ။ ခေါင်းမှာ ၂ ချက်ချုပ်ထားရတယ်။ အဲဒါ ဓားနဲ့ခုတ်တာ။ သံပိုက်နဲ့လည်း ရိုက်တယ်။ လုပ်တဲ့သူ တွေ က သန့်ဇင်လှိုင်၊ သူက ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ သား၊ ၀င်းထေွးလှိုင်၊ သူက ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့ သား။ သူတို့အဖွဲ့က ကင်ဒို ဓား နဲ့ ခုတ်တာ။ ကျနော်နဲ့က ရန်စလည်း မရှိဘူး၊ လုံးဝ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး"ဟု ဖုန်းမြင့်ဝင်းက ဧရာဝတီ ကို ပြောသည်။

သို့သော် ဖုန်းမြင့်ဝင်း၊ မင်းသတ္တိတို့ သူငယ်ချင်း အုပ်စုထဲမှ ဘိုလေးဆိုသူနှင့် ၀င်းထွေးလှိုင် တို့ အမှုဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

ဝင်းထွေးလှိုင်သည် ဦးပိုင် လီမိတက် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏ သားဖြစ်ပြီး သန့်စင်လှိုင်သည် လယ်/ဆည် ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၏သား ဖြစ်ကြောင်း ဖုန်းမြင့်ဝင်းက ပြောဆိုသည်။

ဓားဒဏ်ရာများ ရခဲ့သူ အသက် ၂၃ နှစ်ရှိ မင်းသတ္တိ ကလည်း ဦးခေါင်းဒဏ်ရာ ချုပ်ရိုး မဖြေရသေးကြောင်း၊ အခင်းဖြစ် သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်၍ ရဲတပ်ဖွဲ့ကို ဖြစ်ရပ်စုံ ပြောပြခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

"ကျနော်က ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်"ဟု သူက ပြောပြသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓားဖြင့်အခုတ်ခံရသူတို့က အခင်းဖြစ်သည့်နေ့က ၎င်းတို့စခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒဂုံရဲစခန်းမှ တယ်လီဖုန်း လက်ခံဖြေကြားသူ ရဲ ၀န်ထမ်း တဦးက အတည်ပြုပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ၄င်းတို့အား ဓားဖြင့် ခုတ်သွားခဲ့သူ အုပ်စုထဲမှ တဦးကို ဖမ်းမိထားသည်ဟု ရဲစခန်းမှူးက မင်း သတ္တိအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးထားသူ မည်သူ ဆိုသည်ကို မသိရှိကြောင်း မင်းသတ္တိက ဧရာဝတီကို ပြောပြသည်။

ဖုန်းမြင့်ဝင်းက"လူတယောက်ကို ဘာရန်ငြိုးမှ မရှိဘဲ အသေလုပ်တာ။ လက်သီးနဲ့ ထိုးတယ်ဆိုလည်း ဖြေသိမ့်နိုင်တယ်။ အခုဟာက ဓားတွေနဲ့ရော၊ တုတ်တွေနဲ့ရော လုပ်တာ။ သူတို့က ရမ်းကားသလိုဖြစ်နေတယ်"ဟု ဆိုသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်သူများဘက်က ယခုအထိ တောင်းပန်ခြင်း မရှိသကဲ့သို့ တောင်းပန်ခဲ့လျှင်လည်း တရား ဥပဒေအရသာ ဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။

"အဓိက ကျနော်တို့ သွားချင်တဲ့ပုံစံကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တမ်း တရားဥပဒေအရ အရေးယူပေး တာကိုပဲ ဖြစ်စေချင်တာပါ"ဟု ဖုန်းမြင့်ဝင်းက ဆိုသည်။

မြန်မာစစ်တပ် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ၏ သားသမီးတချို့သည် မိဘများ၏ အရှိန်အ၀ါကို အသုံးချ၍ အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုများ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားကြောင်း၊ ည အချိန်မတော်တွင် လောင်းကြေးဖြင့် ကားပြိုင်မောင်းခြင်းနှင့် တာဝန်ကျ အစိုးရ၀န်ထမ်းများကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုများ ပြုလုပ်မှုများလည်း ရှိကြောင်း ရန်ကုန်မြို့က လူငယ်များအကြေားတွင် ပြောဆိုနေကြသည်။

 

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ 'အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်"ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

"ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ"ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

" စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ"ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

"ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်"ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

"ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်"ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

"အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ" ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

"ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ"ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

"ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး"ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

 

တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး

တရုတ်ငလျင် ဒဏ်ရာရသူများကို ကယ်တင်နေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
တရုတ်ငလျင် ဒဏ်ရာရသူများကို ကယ်တင်နေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ စနေနေ့က ပြင်းထန်တဲ့ငလျင်လှုပ်သွားလို့ သေဆုံးသူအရေအတွက်က ၁၅၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကတော့ ၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ငလျင်ဘေးသင့်သူတွေကို ကယ်တင်ဖို့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့နည်းအောင် လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့နည်းပေါင်းစုံ အသုံးပြုပါလို့ သမ္မတ ရှီကျင်းဖျင်က အမိန့်ထုတ်ထားကြောင်း တရုတ်အစိုးရရဲ့ Xinghua သတင်းဌာနက ဖော်ပြပါတယ်။
 
ငလျင်ပြင်းအားက ၇.၀ ရှိတယ်လို့ တရုတ်အရာရှိတွေက ကြေညာပြီးတော့ အမေရိကန် ဘူမိတိုင်းတာရေးဌာနကတော့ ပြင်းအား ၆.၆ ရှိတယ်လို့ ပြောပါတယ်။ ငလျင်က အနက် ၈ မိုင်ကို ဗဟိုပြုပြီးတော့ လှုပ်သွားတာဖြစ်ပါတယ်။
 
တရုတ် ကြည်းတပ်နဲ့ လေတပ်တို့က ဝေဟင်ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို အစိုးရ ရုပ်မြင်သံကြားမှာပြသတော့ လုံးချင်းအိမ်တွေ ပျက်စီးနေတာတွေ့ရပြီး အိမ်လုံးကျွတ် ဘာမှမကျန်အောင် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။

ဇီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်ကလည်း ငလျင်ကြီးတခါ လှုပ်ခဲ့ပြီး အဲဒီတုန်းကတော့ လူပေါင်း ခုနှစ်သောင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်

ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

"လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။"

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

"အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။"
 
တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
"အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။"

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

"တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။"

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။
 
"ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။"

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။

တရုတ်ဇီချွမ်ငလျင် လူပေါင်းရာကျော်သေဆုံး

ဇီချွမ် ငလျင်အပျက်အစီးတချို့ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။

တရုတ်နိုင်ငံ ဇီချွမ်ဒေသအနောက်ပိုင်းမှာ စနေနေ့မနက်ပိုင်းက လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် လူ ၁၁၃ ဦးထက်မနည်း သေဆုံးပြီး ၂,၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်မှု တိုးလုပ်နေပြီး ရုပ်အလောင်းတွေ ရှာတွေ့လာတာနဲ့အမျှ သေဆုံးသူဦးရေ တိုးလာတယ်လို့ အစိုးရအာဘော် Xinghua သတင်းဌာနက ပြောဆိုပါတယ်။
 
ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ခံရတဲ့ Lushan ဒေသမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်တာကြောင့် ခုထက်ထိလက်လှမ်းမမီသေးဘူးလို့ အစိုးရသတင်းတွေက ဖော်ပြပါတယ်။ လူနေအိမ်တွေပျက်စီးပြီး တချို့ရွာတွေနဲ့ မြို့နယ်တွေမှာ ပြိုကျပျက်စီးပြီး အဆောက်အဦးတွေ ပြားချပ်ကုန်တာကို  တရုပ်စစ်တပ်ကထုတ်ပြန်တဲ့ ဒေသ ဧရိယာ ဓာတ်ပုံတွေနဲ့ အစိုးရရုပ်မြင်သံကြားမှာ တွေ့မြင်ကြရပါတယ်။ 
 
ကယ်ဆယ်ရေးလုပ်ငန်းတွေကို စောင့်ကြပ်ကြည့်ရှုဖို့ ငလျင်ဘေးသင့်ဒေသတွေကို တရုတ်ဝန်ကြီးချုပ် Li Keqiang သွားရောက်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒ လေ့လာရေး စစ်တမ်းအရ ပြင်းအား ၆.၆ ရှိတယ်လို့ဆိုပြီး တရုတ် ငလျင်တိုင်းထွာရေး စစ်တမ်းအရ ပြင်းအား ၇ ရှိတဲ့ငလျင်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မြေအောက် ၇ မိုင်အနက်လောက်ထိ ငလျင်ဒဏ်ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။

အရှေ့ဘက် မိုင် ၇၀ ကျော်လောက်မှာရှိတဲ့ ပြည်နယ်မြို့တော် Chendu မှာ လည်း အဆောက်အဦးတော်တော်များများ ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း တရုတ်နိုင်ငံ ဇီချွမ် ဒေသမှာ ပြင်းအားကြီး ငလျင်ကြောင့် လူ ခုနှစ်သောင်းကျော် အသက်ဆုံးခဲ့ရပါတယ်။

 

ဆယ်စုနှစ်အတွင်း သြဇာ အကြီးဆုံးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာကျော်Times မဂ္ဂဇင်းကြီးက ကမ္ဘာတလွှား ထင်ပေါ် ကျော်ကြားသူ အယောက် ၁၀၀ ရဲ့ အမည်စာရင်း စတင်ထုတ်ပြန်တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် မဲပေး ရွေးချယ်တာ မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က စုစုပေါင်း မဲအရေအတွက် ၆၁ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားပါတယ်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ၃ ကြိမ် တိုင်တိုင် ရွေးချယ်ခံရဖူးသူလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းအနေနဲ့ ကမ္ဘာတလွှား ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် ဦးဆောင်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေး၊ နည်းပညာ၊ အနုပညာနဲ့ တခြား လူမှုနယ်ပယ်အသီးသီးက ထင်ပေါ် ကျော်ကြားသူ၊ သြဇာရှိသူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ခဲ့တဲ့အကြောင်း မဂ္ဂဇင်း အယ်ဒီတာချုပ် Redhika Jones က ရှင်းပြသွားတာပါ။

ဒီ ၁၀ ပြည့် အထိမ်းအမှတ် အထူး ရွေးချယ်မှုကိုတော့ ဧပြီလ ၁ ရက်နေ့နဲ့ ၁၇ ရက်နေ့ အကြား ကျင်းပခဲ့တာဖြစ်ပြီး စိတ်ဝင်စားသူ ပရိတ်သတ်တွေက အွန်လိုင်းပေါ်မှာ မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Barack Obama တို့ ဇနီးမောင်နှံ၊  နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton ၊ Oprah Winfrey ၊ Facebook လူမှုကွန်ယက် ကို စတင် တည်ထောင်သူ Mark Zuckerberg နဲ့ တခြား ကမ္ဘာတလွှားက ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို အသာစီးရပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ဖိုင်နယ် အဆင့်ကို ရောက်လာတဲ့ အချိန်မှာတော့ မြန်မာလူထုအကြား ဒီ အွန်လိုင်း မဲပေးမှုအပေါ် ပိုပြီး စိတ်စားမှု များပြားလာတာပါ။

တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရတဲ့ သူဟာလည်း ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးသမားမဟုတ်ပဲ အနုပညာ နယ်ပယ်က ကမ္ဘာကျော် အဆိုတော် Lady Gaga ဖြစ်နေတဲ့အတွက် ရင်တထိတ်ထိတ်နဲ့ပဲ မဲပေးခဲ့ရတယ်လို့ အွန်လိုင်းမှာ ကိုယ်တိုင် မဲပေးတဲ့အပြင် တခြား မိတ်ဆွေတွေပါ မဲပေးဖို့ စည်းရုံး လှုံ့ဆော်ခဲ့တဲ့ အဆိုတော် သံသာဝင်းက ပြောပါတယ်။

"မနေ့က ညကတည်းက တောက်လျောက်၊ ဒီနေ့တနေ့လုံးပဲ ဘယ်အချိန် ပိတ်မယ် မှန်းမသိတော့၊ သူကလည်း ကြိုက်သလောက် Vote နိုင်တယ်ဆိုတော့ အားရင် အားသလို တောက်လျောက် ပေးနေတာပဲ၊ ဒီဟာက စိတ်ဝင်စား ဖို့ကောင်းတယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ သူယှဉ်ပြိုင်ရတဲ့ သူက နိုင်ငံရေးသမားမဟုတ်ပဲ၊ ပေါ့ပ်စတားဖြစ်နေတဲ့အခါကျတော့
 နောက်တခုက လေဒီဂါဂါ့ရဲ့ တွတ်စ်တာ Fun တွေပေါ့နော်။ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရှိတဲ့ လူတွေ ပေါင်းလိုက်မယ်ဆိုရင် များတယ်လေ အဲ့တော့ နည်းနည်းတော့ ကြောက်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လေဒီဂါဂါက အခုလက်ရှိလည်း အရမ်းအောင်မြင်နေတဲ့သူဆိုတော့ နောက်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဂရိတ်ချင်းကလည်း မတူဘူးလေ။ ယှဉ်တာဆိုတော့ စိုးရိမ်စိတ်တော့ နည်းနည်းရှိတယ်။ မနေ့က မဲစပေးတော့ သံသာတို့ ပေးတုန်းက ညနေပိုင်းမှာ ၈၀% အန်တီက နိုင်နေပြီးတော့ ညပိုင်းကျတော့ သူတို့အမေရိကားက လူတွေ မနက်ပိုင်းရောက်တဲ့အချိန်အခါမှာ ဗုတ်ဒ်က သိသိသာသာ ရသွားတယ်။ နောက်ဆုံး ၅၀- ၅၀ လောက်အထိ ညီသွားတဲ့အထိကို သံသာတို့ တွေ့တယ်လေ။ သံသာလည်း ညဘက် မိုးချုပ်တဲ့အထိ တော်တော်လေးပေးတယ်။ နည်းနည်း မနေနိုင်တော့ အိပ်သွားတာပေါ့နော်။ မနက်ကျတော့ ပြန်ကြည့်တော့ အန်တီက ၅၂ လောက် ပြန်ဖြစ်တယ်ဆိုတော့ ဟာ တခြားသူတွေကိုလည်း ရှယ်ပေါ့နော် လင့်တွေ ရှယ်တော့ တော်တော်များများ ပါဝင်လာတယ်။"

ကမ္ဘာ့ခေါင်းဆောင်တွေထက် ကျော်လွန်ပြီး မြန်မာနိုင်ငံသားတဦး အခုလို ရွေးချယ်ခံလိုက်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ သံသာဝင်းက ဆက်ပြောပါတယ်။

" သံသာတို့ကတော့ ဂုဏ်ယူဆုံးပေါ့။ ကိုယ့်မြန်မာကို ကမ္ဘာကနေပြီးတော့ ပိုပြီးတော့ သိသွားတာပေါ့။"

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်ရောက်နေတဲ့ အဆိုတော် မီမီဝင်းဖေကလည်း ဒေါ်အောင်ဆန်းစုကြည် အခုလို အနိုင်ရလိုက်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

" မဲပေးဖို့အခွင့်အရေး ရှိနေတဲ့အချိန်ပေါ့နော်။ မမီ မဲပေးရတာတွေ ဘာတွေ သိပ်ကြိုက် တယ်ပေါ့နော်။ ကိုယ်ကြိုက်တာလေးတွေ ကို ရွေးချယ်ခွင့်ရှိတယ် ဆိုတဲ့ ဟာလေးကို ကြိုက်တယ်လေ။ စဉ်းစားကြည့်လိုက်တော့လည်း မမီ
အပေါ်မှာ လွှမ်းမိုးမှုက ဒေါ်အောင်ဆန်းစုကြည် ရှိပါတယ်။ အဲ့တာကြောင့် မမီက ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ပါလက်ပါပဲ ဗုတ်ဒ်ပါတယ်။ အများကြီးပေးလိုက်တယ်။ ရသွားတော့ တခြား မမီတို့ မြန်မာတွေ အားလုံး ခံစားသလိုပါပဲ။ မမီ ဝမ်းသာတယ်။ ပျော်တယ်။ ဂုဏ်ယူတယ်ပေါ့နော်။

Lady Gaga က သူ့ပရိတ်သတ်တွေအနေနဲ့ သူ့ကို မဲပေးကြဖို့ Twitter ကတဆင့် စည်းရုံးလှုံ့ဆော်လိုက်ပြီးတဲ့နောက် သူ့ကိုထောက်ခံသူ အရေအတွက် သိသိသာသာ တက်လာပေမယ့်လည်း အဆုံးသတ် မှာတော့  ဒေါ်အောင်ဆန်းစုကြည် က အနိုင်ရသွား တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Times မဂ္ဂဇင်းကြီးရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ၂၀၀၄ ၊ ၂၀၀၈ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ သုံးကြိမ် ဖော်ပြခံ ခဲ့ရပြီး ဖြစ်ပါတယ်။ အခုနှစ်မှာ ပြုလုပ်တဲ့ Time 100 Face Off လို့ခေါ်တဲ့ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ရဲ့ ဆယ်စုနှစ်အတွင်း သြဇာအရှိဆုံး ရွေးချယ်မှုရဲ့ အကြို ၁၅၃ ဦးစာရင်းကို မတ်လ ၂၈ ရက်နေ့မှာ အွန်လိုင်းက တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရတဲ့သူကိုတော့ ဧပြီလ ၁၇ ရက်နေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မနက် ၇ နာရီ နောက်ဆုံး မဲပေးပြီးတဲ့အချိန် အွန်လိုင်းမှာ တပါတည်း ကြေညာတာပါ။

 

လက်နက်တင်ပို့မှုမှလွဲ၍ ပိတ်ဆို့ထားမှုများအားလုံး အီးယူ ရုပ်သိမ်းမည်

လာမည့်ရက်သတ္တပတ်မှ စတင်ပြီး ဥရောပသမဂ္ဂ(အီးယူ)သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှ လက်နက်တင်ပို့မှုမှ လွဲ၍ အခြားတင်ပို့မှု အားလုံးပိတ်ဆို့မှုကို ရုပ်သိမ်းသွားရန် စီစဉ်လျက်ရှိကြောင်း အင်တာနက်၊ ရိုက်တာ သတင်းဋ္ဌာနမှ သိရှိရသည်။

 

အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၏ ဖော်ပြချက်တွင် ပါဝင်သည်။

 

ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အီးယူသံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့အတွင်း ၀န်ကြီးအဆင့် သဘောတူအတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများအစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ချက်များအရသိရှိရသည်။

 

အီးယူသည် ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို လက်နက်တင်ပို့မှုမှလွဲ၍ တစ်နှစ်တာကာလ ဆိုင်းငံ့ပေးခဲ့ပြီး၊ ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံအပေါ် ယမန်နှစ်ကကဲ့သို့ ယာယီဆိုင်းငံ့ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက်တင်ပို့မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်္ကြန်အတတ်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့န၀င်းရပ်ကွက်ရှိ နေအိမ်အချို့ ပျက်စီးပြိုကျ


4.19.7

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသော ဆန်စက်နှင့် လူနေအိမ်များအား တွေ့ရစဉ်

သင်္ကြန်အတတ်နေ့ဖြစ်သော ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၀င်းကျင်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့ န၀င်းရပ်ကွက် အပိုင်အတွင်းရှိ ဖိုးခေါင် (၁)၊ ဖိုးခေါင်(၂)၊ ဖိုးခေါင် တိုးချဲ့ကွက်သစ်၊ ချောင်းနားတန်း၊ မာကလာကုန်း၊ ဘောဂကွက်သစ်၊ န၀င်းမြောက်၊ န၀င်းအလယ်အုပ်စုများ အတွင်းရှိ လူနေအိမ် ၁၁၁ လုံး မှာ အမိုးလန်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၂ လုံးမှာမူ လုံးလုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိသည်။ ထို့အပြင် ရှမ်းစုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းဆောင် ခေါင်မိုးများမှာလည်း လွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အဲဒီနေ့က ပထမက မိုးလေးက တဖျောက်ဖျောက်နဲ့ နောက်တော့ တဖြည်းဖြည်းလေက ကြမ်းလာပြီး ခေါင်မိုးတွေအကုန် ပွင့်ထွက်ကုန်တာပဲ။ အနီးနားက ဆန်စက်ကို ကြည့်လိုက်တော့ ဘာမှမရှိတော့ဘူး။ ဆန်စက်က ဒိုင်းတွေ၊ သွပ်တွေ အကုန်လုံးက လွင့်ပြီး ကျနော်တို့ အိမ်နားကို လာဆောင့်တာ မိနစ် ၂၀ လောက်ပဲ တိုက်ပြီးတော့ နေတွေဘာတွေ ပြန်ထွက်လာပြီး ချက်ခြင်း ငြိမ်သွားပါတယ်" ဟု လေပြင်းတိုက်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖိုးခေါင်အုပ်စုမှ ကိုဘိုဘိုက ဆိုပါသည်။

"ကျွန်တော်တို့ ချောင်းနားတန်းမှာကတော့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၃၄ လုံး ပျက်စီးသွားပါတယ်။ အဲဒီအထဲက အိမ် ၈ လုံးကတော့ လုံးလုံးပြိုကျ ခဲ့ပါတယ်။ ပြိုကျတဲ့အိမ် အများစုက အိမ်သေးလေးတွေ ဖြစ်ပါတယ်။ မနေ့က နှစ်ဆန်း တစ်ရက်နေ့မှာတော့ စုပေါင်းရှင်ပြု အသင်းကနေ အိမ်ပြိုကျတဲ့ လူတွေကို ဆန် ၁၂ ပြည်နဲ့ ငွေငါးထောင်ကျပ် လာပြီးလှူသွားပါတယ်" ဟု ချောင်းနားတန်းအုပ်စု ရာအိမ်မှူးဖြစ်သူ ဦးဇော်ထွန်းက ဆိုပါသည်။

လက်ရှိတွင် လေပြင်ဒဏ် ခံစားရသည့် နေရာများသို့ ပြည်မြို့ရှိ လူမှုရေးအဖွဲ့ အစည်းအချို့မှ သွားရောက် ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရပြီး ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ် များမှလည်း သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရကာ အုပ်ချုပ်ရေးဆိုင်ရာ ဘက်မှ ဧပြီလ ၁၈ ရက်နေ့အထိ မည်သည့် အကူအညီ အထောက်အပံ့မှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ နီးပါး နေထိုင်သည့် ဒလမြို့နယ် ကျောင်းစုရပ်ကွက်၌ ကမ်းပါးပြိုကျမှုများ ဧပြီလ ၁၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ သမ္ဗန်ဆိပ်နေရာ၌ ဧပြီလ ၁၆ ရက်နေ့မှ စ၍ ၁၇ ရက်နေ့အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေကာ တည်ဆောက်ဆဲ ရေထိန်းနံရံမှာ ဧပြီလ ၁၇ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့ထိ ကမ်းပါးပြိုကျမှုကြောင့် စက်တပ်သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းနှင့် လက်ခတ်သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းတို့ ပျက်စီးခဲ့ပြီး ကမ်းပါးမှာလည်း ပေ ၂၀၀ နီးပါးခန့် ပြိုကျနေကြောင်း သိရသည်။

ယင်းသို့ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နေမှု၊ ဆောက်လက်စ ရေထိန်းနံရံ ပြိုကျခဲ့မှုနှင့် လက်ရှိအချိန်ထိ အရေးပေါ် ကာကွယ်မှုများ လုံလောက်ခြင်း မရှိသည့်အတွက် ဒေသခံများမှာ များစွာစိုးရိမ်နေကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဖြူဖြူလွင်က "ဧပြီလ ၁၇ ရက်နေ့မှာ မြစ်ကမ်းတစ်လျှောက် ပေ ၃၀ လောက် ထပ်ပြိုသွားတယ်။ မွန်းလွဲ ၁ နာရီမှာတော့ ဆိုးဆိုးဝါးဝါး ပြိုကျလာတယ်။ အိမ်တွေရွှေ့ဖို့၊ ပြောင်းဖို့တော့ ရပ်ကွက်နေထိုင်သူတွေက သဘောမတူဘူး၊ ထပ်မပြိုအောင် ကာကွယ်မှုတွေ ပြုလုပ်ပေးဖို့ပဲ လိုလားနေပါတယ်" ဟု ပြောသည်။

ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်လင်းက "ကမ်းပါးပြိုကျမှု ဖြစ်စဉ်တွေကတော့ ထပ်ဖြစ်နေပါတယ်။ ဒီနေ့မနက်တော့ ရေအရင်းမြစ် ဌာနကနေပြီး သဲအိတ်တွေနဲ့ ရေတိုက်စားတာကို ကာကွယ်မှု ပြုလုပ်ခဲ့ပေမယ့် ထပ်မံပြိုကျနေဆဲပါ" ဟု ဧပြီလ ၁၇ ရက်နေ့က ပြောကြားသည်။

ယခုဖြစ်စဉ် ဆက်လက်ဖြစ်ပွားမည် ဆိုပါက လူနေအိမ်များအတွက် အန္တရာယ် ရှိလာနိုင်ကြောင်း၊ ကာကွယ်ရန်အတွက် အထက်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ရှိကြောင်း ဦးကျော်လင်းက ထပ်မံပြောကြားသည်။

ပြိုကျသွားသော ရေထိန်းနံရံအား ပြန်လည်တည်ဆောက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ၌လည်း ကာကွယ်မှုများအား ပြုလုပ်ရန် စီစဉ်နေကြောင်း ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာမှာ တွံတေးတူးမြောင်းနှင့် ခနောင်တို ချောင်းဆုံရာတွင် တည်ရှိပြီး ၀ဲဂယက်များ ဖြစ်ပေါ်ပြီး ကမ်းပါးအောက်ခြေ လှိုက်စားကာ ယခုကဲ့သို့ပင် မြစ်ကမ်းပါးပြိုကျမှု မကြာခဏ ဖြစ်ပွားနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထိုကြောင့် ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ ရေထိန်းနံရံများ တည်ဆောက်ခဲ့ပြီး လက်ရှိ အနေအထားအရ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်အတွင်း အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ နီးပါးရှိကြောင်း သိရသည်။

 

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး

ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်က Park Royal ဟိုတယ်၏ အင်ဂျင်နီယာဌာန၏ အဲယားကွန်းပြင်ဌာနမှ ဝန်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဟိုတယ်၏ အနောက်ဘက်ခြမ်း ရှစ်လွှာအမြင့်က ပြုတ်ကျသေဆုံးခဲ့ကြောင်းနှင့် ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူသည် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Park Royal ဟိုတယ် ဝန်ထမ်းတစ်ဦးက "ကျွန်တော်နဲ့ သူနဲ့က အလုပ်အတူ တွဲလုပ်နေတာ ၁ နှစ်ကျော်ပါပြီ။ သူ့မှာ စိတ်ညစ်စရာ ရှိတယ်ဆိုတာမျိုးတော့ မကြားမိပါဘူး။ သူက ပျော်ပျော်နေတတ်တဲ့ ဝန်ထမ်းတစ်ဦးပါ။ သူက သင်္ကြန် ၃ ရက် နားထားပါတယ်။ ရုံးချိန်က ၉ နာရီ ဆိုပေမယ့် ဒီနေ့ရုံးကို စောစောလာပြီး အခုလိုမျိုး ဖြစ်သွားတာကို စိတ်မကောင်းပါဘူး" ဟု ပြောကြားခဲ့သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၁၉၀ ဦှးရှိ

ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကဲပြီး စည်ကမ်းလိုက်နာမှု အားနည်းသူများကြောင့် မှုခင်းပေါင်း ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးရှိကာ ဒဏ်ရာရရှိသူမှာ ၁၉၀ ဦး ရှိကြောင်း ဧပြီ ၁၉ ရက်နေ့တွင် မြန်မာရုပ်မြင်သံကြား သတင်းမှ ထုတ်လွှင့်ကြေညာခဲ့သည်။

ယခု သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့ထိ သင်္ကြန်ကာလတွင် ဖြစ်ပွားခဲ့သော မှုခင်းများထဲတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄ ဦးနှင့် လူသတ်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။

သင်္ကြန်ကာလအတွင်း အပျော်လွန်ကဲပြီး စည်းကမ်းလိုက်နာမှု အားနည်းသူ တစ်ချို့ကြောင့် လူသတ်မှု ၃ မှု၊ ယာဉ်တိုက်မှု ၂၂ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၅၆ မှု၊ ၀တ္တရား နှောင့်ယှက်မှု ၃ မှု၊ မူးယစ်ရမ်းကားမှု ၂၂မှု၊ ခါးပိုက်နိုက် ခိုးမှု ၃၉ မှု၊ ကာအိနြေ္ဒ ဖျက်စီးမှု ၅ မှု၊ သေမှုသေခင်း ၁၀မှု၊ မီးရှို့မှု ၁ မှု၊ လက်နက်ကိုင်ဆောင်မှု ၆ မှုနှင့် အခြားမှု ၁၀မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှုမှာ ၅၆ မှု ဖြစ်ပွားခဲ့ပြီး ယင်းခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅ ဦး ရှိခဲ့ကြောင်း သိရပြီး ယာဉ်တိုက်မှု ၂၂ မှုတွင် သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်း သိရသည်။

ယခုသင်္ကြန် ကာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများသည် ယခင်နှစ်ထက် မှုခင်းဖြစ်ပွားမှု လျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာ့သင်္ကြန် ပွဲတော်ကာလ မရောက်မီ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဆူပူလုယက်မှု ပဋိပက္ခများကြောင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လုံခြုံရေး တိုးမြှင့်ချထားမှုများကြောင့် အကြမ်းဖက်မှုများ မရှိခဲ့ဘဲ သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။

 

တရားရုံး အမှုများကို အကြောင်းပြ၍ မြန်မာတိုင်း(မ်)၏ မန်းနေဂျင်း ဒါရိုက်တာ ရော့စ်ဒန်ကလေကို ပြည်ပသို့ ခရီးသွားခွင့် မပေးဘဲ ရန်ကုန်လေဆိပ်၌ တားဆီးထားခဲ့

မြန်မာတိုင်း(မ်) ဂျာနယ်ကို ထုတ်ဝေနေသော Myanmar Cons-olidated Media ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ ရော့စ်ဒန်ကလေအား တရားရုံး အမှုများကို  အကြောင်းပြ၍ ပြည်ပသို့ ခရီးသွား မပေးဘဲ ရန်ကုန်လေဆိပ်၌ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တားဆီးခဲ့ကြောင်း ဧပြီလ ၁၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၁၇ တွင် ဖော်ပြထားသော သတင်းအရ သိရှိရပါသည်။

မစ္စတာ ရော့ဒန်ကလေနှင့် စွယ်စုံမီဒီယာဂရု၏ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်ခင်မိုးမိုး (မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်နှင့် စာတည်းမှူးချုပ် ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည်) တို့သည် ပုဂ္ဂိုလ်ချင်းအရ ဖြစ်သော မကျေနပ်မှုနှင့် ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုထားမှု ရှိနေချိန်တွင် ရော့ဒန်ကလေကို ပြည်ပသို့ ခရီးသွားခွင့် မပေးဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ရော့ဒန်ကလေ အနေဖြင့် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း  ကမ္ဘာဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လုပ်ငန်းကိစ္စနှင့် ခေတ္တသွားခွင့် ပြုရန်နှင့် ရုံးချိန်းနေ့အမီ ပြန်လာမည်ဖြစ်ကြောင်း တင်ပြလျှောက်ထားခြင်းကို သက်ဆိုင်ရာ တရားရုံးက ခွင့်ပြုခဲ့သော်လည်း ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနက ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

ရော့စ်ဒန်ကလေ၏ ပြည်ပသို့ ခရီးသွားခွင့်ကို ဧပြီလ ၈ ရက်နေ့က သက်ဆိုင်ရာ တရားရုံးမှ ခွင့်ပြုခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ခရီးသွားရန် ပြင်ဆင်ခဲ့သော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ တားဆီးခဲ့ရသည့် အကြောင်းရင်းမှာ အထက်ဝန်ကြီးရုံး၏ စာအရဖြစ်ကြောင်း၊ သို့သော်တား ဆီးရသည့် အကြောင်းရင်းကို လေဆိပ်ဝန်ထမ်းများက တိတိကျကျ မဖြေနိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ထပ်မံသွားရောက်ခဲ့ပြီး တရားရုံး၏ ခွင့်ပြုစာကို တင်ပြခဲ့သည့်အပြင် သက်ဆိုင်ရာ ၀န်ကြီးထံသို့ လိပ်မူထားသည့် မေတ္တာရပ်ခံစာကို တင်ပြခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့အထိ မည်သည့် အကြောင်းပြန်စာမှ မရရှိဘဲ ခရီးသွားခွင့်ကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးရုံးသို့ ဧပြီလ ၁၆ ရက်နေ့က မူရင်း အထောက်အထားများ ပေးပို့ခဲ့သည့်တိုင် ထူးခြားမှု မရှိခဲ့ကြောင်း သိရပါသည်။

qtnapril20

မစ္စတာ သောမတ်စ်အိုဟေး ကွင်တားနားနှင့် မစ္စတာရော့စ်ဒန်ကလီတို့ မြန်မာတိုင်းမ် ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - လွင်ကိုတိတ်/မြန်မာတိုင်းမ်)

သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ) နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ်ထုတ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၅ ခုနှစ် အချိန်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ဇနီး ဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရု ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းရောင်းချပေးရန် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းက ရော့စ်ဒန်ကလေကို ဖိအားပေးမှုများ ရှိခဲ့ပြီး လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။ ထိုအချိန်မှ စတင်ပြီး နှစ်ဦးသဘော တူညီချက်အရ မြန်မာတိုင်းမ်၏ စီမံခန့်ခွဲမှု အပိုင်းကို ရော့စ်ဒန်ကလေက အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ် စီမံခန့်ခွဲမှုများကို မစ္စတာ ရော့စ်ဒန်ကလေက တာဝန်ယူခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့ဒ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ်  ၉၁/၂၀၁၃ နှင့် ၉၂/၂၀၁၃ တို့ဖြင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄/၃၂၃ နှင့် ၄၄၇/၂၉၄/၅၀၆ အရ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။  

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူထားသော ရော့စ်ဒန်ကလေကို ကမာရွတ်မြို့နယ် ရဲစခန်းက လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)၊ ၁၄ တို့ဖြင့် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးပြီး သုံးရက်မြောက်နေ့တွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပါသည်။

ထို့နောက် ရော့စ်ဒန်ကလေသည် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်းပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားရင်ဆိုင်ခဲ့ရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရော့စ်ဒန်ကလေ၏ အမှုကို အပြီးသတ် စီရင်ချက် ချခဲ့ပြီး  မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေ (၁) သိန်း သို့မဟုတ် ထောင်ဒဏ် (၆) လနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် (၁)လ ချမှတ်ခံခဲ့ရပါသည်။ သို့သော် အမှုရင်ဆိုင်နေစဉ် ကာလအတွင်း ၄၅ ရက် အချုပ်ကျခဲ့သဖြင့် ဒဏ်ငွေသာ ပေးဆောင်ခဲ့ရပြီး အကျဉ်းကျခံရခြင်းမှ ကင်းလွတ်ခဲ့ပါသည်။

စွယ်စုံမီဒီယာဂရု၏ ဥက္ကဋ္ဌနှင့် မြန်မာတိုင်းမ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ဒေါက်တာတင်ထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း) သည် ဦးမျိုးအောင် (တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း)၊ ဒေါက်တာ သာထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများ အသင်း) တို့နှင့်အတူ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ထောက်ခံသူဖြစ်ပြီး ထိုသူများသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပါသည်။

ဒေါက်တာ တင်ထွန်းဦးသည်  နိုင်ငံတော် သမ္မတ၏ ခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူ တစ်ဦးဖြစ်ပြီး ယခင်ပြန်ကြားရေးဝန်ကြီး အဆက်ဆက်မှ ယခုအချိန်အထိ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။  ထို့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် ပုစွန်တောင် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါသည်။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခရီးသွားခွင့် ရရှိသော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိမှ ခရီးသွားခွင့်ကို တားမြစ်ခဲ့သော ရော့စ်ဒန်ကလေ၏ ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်  မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။

"ခဲခဲယဉ်းယဉ်း ရှာဖွေစုဆောင်းထားရတဲ့ ငွေတွေကို ဒီနိုင်ငံထဲ ယူဆောင်လာရတဲ့ အကြောင်းက ဒီနိုင်ငံထဲကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် လာနိုင်တယ်။ ဥပဒေနဲ့အညီ မျှမျှတတ ဆက်ဆံကြလိမ့်မယ်လို့ ယုံကြည်ကြလို့ လာကြတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို တွေ့ရလို့ အလွန် အံ့သြမိပါတယ်" ဟု မြန်မာနိုင်ငံ၌ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံရန် ဆွေးနွေးနေသည့် မိုက်ကယ်စတောက်က ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ် ဂျာနယ်သတင်းတွင် ဖော်ပြထားပါသည်။

ထို့အတူ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံရေး နယ်ပယ်မှ နိုင်ငံရေး သမားများ၊ ဂျာနယ်လစ်များကို အကြောင်းအမျိုးမျိုးပြ၍ လေဆိပ်၌ တားဆီးခြင်း၊ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ လေဆိပ်ရောက်မှ ဖမ်းဆီးခြင်းများ၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ရှိခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် ယခုကဲ့သို့ ပြည်ပခရီး သွားခွင့်ကို လေဆိပ်၌ တားဆီးခဲ့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် ဂျာနယ်လစ် အချို့၏ နိုင်ငံကူး လက်မှတ်များကို အလွယ်တကူ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။

 

မြန်မာယူ-၁၈ (ခ) အသင်းကို ဂျပန်ယူ-၁၅ အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ယူ

မြန်မာနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ဂျပန်ယူ-၁၅ အသင်း၏ ပထမဆုံး ခြေစမ်းပွဲအဖြစ် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က မြန်မာယူ-၁၈ (ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာယူ-၁၈ အသင်းမှာ MNL-2 ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး ဂျပန်အသင်းကို ဘောလုံးပညာနှင့် တစ်ဦးချင်း ကျွမ်းကျင်မှုများတွင် ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဂျပန်ယူ-၁၅ အသင်းမှာ ပွဲချိန်မိနစ် ၂၀ အထိ မြန်မာအသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကစားအား ကျသွားခဲ့သည်။ ဂျပန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၅ မိနစ်တွင် အီကာမာက သွင်းယူပေးခဲ့သည်။

ဂျပန်ယူ-၁၅ အသင်းသည် ဧပြီလ ၂၁ ရက်တွင် မြန်မာယူ-၁၆ အသင်း၊ ဧပြီ ၂၃ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ယူ-၁၈ (က)အသင်း၊ ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် ယူ-၁၈ (ခ) အသင်းတို့နှင့် ထပ်မံခြေစမ်းမည် ဖြစ်သည်။

လှိုင်သာယာ လမ်းမပေါ် ရေဆိုးစွန့်ပစ်မှု ဖြေရှင်းပေးသူ မရှိသေး


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ် အိမ်ယာရှေ့ရှိ အများပြည်သူသွား လမ်းမကြီးပေါ်တွင် ကေတီဗွီဆိုင်တခုမှ နေ့စဉ် ရေဆိုးစွန့်ပစ်နေမှုကိစ္စ ဖြေရှင်းပေးမည့်သူ မရှိသေးကြောင်း သိရသည်။

Sweet-Love-KTV

Sweet Love ကာရာအိုကေဆိုင်မှ ရေဆိုးများအား စည်းကမ်းမဲ့စွာ လမ်းမပေါ်သို့ စွန့်ထုတ်နေအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)


"ကေတီဗွီ ဆိုင်ထဲက ရေဆိုးတွေကို နေ့စဉ် မီးသတ်ပိုက်နဲ့ စုပ်ပြီး အများပြည်သူသွား လမ်းပေါ်ကို တနေကုန် စွန့်ပစ်နေတာ သုံးလလောက် ရှိနေပါပြီ။ လမ်းမပေါ် ရေဆိုးတွေ လွှမ်းနေတဲ့အတွက် လမ်းပေါ် ဖြတ်သွားတဲ့ သူတွေ ချော်လဲသူတွေလည်း ရှိပါတယ်။ ရေရဲ့ အနံ့ဆိုးက ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြား တင်ပြပေမယ့် ဖြေရှင်းပေးမယ့်သူ မရှိ ဖြစ်နေပါတယ်" ဟု ယင်းလမ်းအနီးတွင် နေထိုင်သူ ဦးမွန်သောင်း က ပြောသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ နေရာအကွက်များ ဖေါ်ဆောင်ရောင်းချသူ ချင်စု ကုမ္ပဏီနှင့် နဝဒေး ဥယျာဉ်အိမ်ယာ စီမံခန့်ခွဲရေးရုံးတို့သို့ ဧပြီလ ၂ ရက်နေ့က ၎င်းက စာဖြင့် တင်ပြခဲ့သည်ဟု ဆိုသည်။

"ဒီကိစ္စကို စည်ပင်ကို အရင်တင်ပြပါတယ်။ စည်ပင်ကလည်း သူတို့နဲ့ မဆိုင်ဘူး။ ချင်စုရဲ့ စီမံကိန်း နယ်မြေမှာ ရှိနေလို့ နဝဒေး ဥယျာဉ်အိမ်ယာ ဖေါ်ဆောင်သူနဲ့ပဲ ဆိုင်တယ် ပြောတယ်။ Developer ကလည်း ဆိုင်ရှင်ကို ပြောတယ်။ ဆိုင်တာဝန်ခံကလည်း တာဝန်ယူ ဖြေရှင်းပေးမှု မရှိဘူး" ဟု ၎င်းက ဆက်ပြောသည်။

ကေတီဗွီ ဆိုင်တဆိုင်ဖွင့်မည် ဆိုပါက သက်ဆိုင်ရာ စည်ပင်သာယာသို့ လိုင်စင်လျှောက်ထား တင်ပြပြီးမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်ရသည်ဟု ဆိုသည်။

"ကေတီဗွီဆိုင် လိုင်စင်ရဖို့ဆိုတာ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိရဘူး ဆိုတာ ပါပြီးသားပါ။ အခု ဆိုင်က ထွက်တဲ့ အညစ်အကြေးတွေကို မြောင်းတွေကနေ စနစ်တကျမသွားဘဲ မီးသတ်ပိုက်နဲ့ လူအများသွားနေတဲ့ လမ်းပေါ် စွန့်ပစ်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ မှာ အလုပ်ဆင်းနေတဲ့ သူတွေလည်း ကျန်စစ်သား အိမ်ယာဘက်ကို ပြန်ရင် ဒီလမ်းက ဖြတ်သွားနေရတာ" ဟု လှိုင်သာယာစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသူ ဦးမြတ်ခိုင် က ဆိုသည်။

စီမံကိန်း နယ်မြေများမှာလည်း ရေဆိုးထုတ် မြောင်းများကို စီမံချက် တင်သည့်အခါတိုင်း ပါဝင်ရသည်ဟု ဆိုသည်။

"ဒီကိစ္စက Developer တွေနဲ့ ပဲဆိုင်တယ်ဆိုရင်လည်း စီမံကိန်း ဖေါ်ဆောင်သူတွေဟာ ဒီစီမံကိန်းထဲမှာ လူတွေနေပြီဆိုရင် ရပ်ကွက်တခုရဲ့ လိုအပ်ချက်တွေကို စီမံကိန်း ရေးဆွဲ တင်ပြထားတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ရေဆိုးက ထွက်တဲ့ အနံ့ကြောင့် လူအများ ကျန်းမာရေး ထိခိုက်စေပါတယ်" ဟု ယင်းလမ်းကို ဖြတ်သန်းသွားလာ၍ အလုပ်ဆင်းနေရသူ နဝဒေး ဥယျာဉ်အိမ်ယာနေ ဦးလှမျိုး က
ပြောဆိုသည်။

CNPC အား ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် မဒေးကျွန်းသားအချို့ အရေးယူခံရ


CNPC-1

(ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

စစ်တွေ(မဇ္ဈိမ)။   ။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအား ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့၍ ကျောက်ဖြူမြို့နယ်၊ မဒေး (မြဒေး)ကျွန်းသား အနည်းဆုံး ၁၁ ဦးအား မဒေးကျွန်းရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်ပေးရန် ပါဝင်သည့် တောင်းဆိုချက်များ ရရှိရေးအတွက် ဧပြီ ၁၈ ရက်နေ့ ညနေက
မဒေးကျွန်း၌ ရုံးစိုက်လျက်ရှိသော CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ဒီနေ့မနက် ၈ နာရီမှာ သုံးဦးကို မဒေးရဲစခန်းက ခွင့်ပြုချက်မဲ့ဆန္ဒပြလို့ စတင်အရေးယူပါတယ်။ သူတို့တွေ အပါအဝင်
အားလုံး ၁၀ ဦးကို အရေးယူမယ်လို့ စခန်းမှူးက ပြောလိုက်တယ်။ အဲဒီမှာ ကျောက်တန်းရွာမှ သုံးဦး၊ ပြိန်ရွာမှ သုံးဦး၊
ရွာမမှ လေးဦးနှင့် ပန်းထိမ်ဆည်မှ တဦး ပါတယ်။ ကျနော့်ကိုတော့ ကျနော်မရှိတုန်း ရဲတွေက အိမ်မှာ လာရှာသွားတယ်။ ပြန်ရောက်ရင် စခန်းကို လာခဲ့ဖို့ မှာသွားတယ်။ အခု အားလုံးနီးပါး ပုဒ်မ ၁၈ နဲ့ အရေးယူခံ ထားရပြီးတော့ အာမခံနဲ့ ပြန်လွှတ်ထားတယ်" ဟု မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည် က မဇ္ဈိမကို ပြောသည်။

အရေးယူခံရသူ ၁၀ ဦးမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ ကိုမောင်မောင်မြင့်၊ ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုဆန်းအေး၊ ကိုမောင်မောင်စိုး၊ ကိုမြင့်စိုး၊ ရွာမရွာမှ ဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နုနှင့် ပန်းထိမ်ဆည်ရွာမှ ကိုတင်ဦးကျော် တို့ ဖြစ်ကြသည်။

ကိုအောင်မြင့်စိုးမှာ ဆန္ဒပြမှုဖြစ်ပွားချိန်တွင် မဒေးကျွန်း၌ ရှိမနေခြင်းကြောင့် အရေးယူခံရမည့် မူလစာရင်း ၁၁ ဦးထဲမှ ၎င်းအားဖယ်ထုတ်လိုက်ကြောင်း ရဲဌာနမှအကြောင်းကြားလာသည်ဟု ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။

ဆန္ဒမပြမီ တရက်အလို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတရက်) နေ့ကလည်း  ဆန္ဒပြမှုကို တားဆီးရန် ကြိုးပမ်းချက် တရပ်
အနေဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒမပြပါ ဟူသော ခံဝန်ချက်ကို CNPC က အလုပ်သမားများအား လက်မှတ်ရေးထိုး
စေခိုင်းခဲ့ရာ အချို့မှာ လက်မှတ်ထိုးရန် ငြင်းဆန်ကြ၍ မဒေးကျွန်းမှ အလုပ်သမား ၅၀ ကျော်အား ထိုနေ့၌ပင် အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟုလည်း ဒေသဖွံ့ဖြိုးရေး ကော်မတီက ပြောဆိုသည်။

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်

ရန်ကုန်(မဇ္ဈိမ)။     ။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင်
ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။

CNPC

တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းနေ ဒေသခံများက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) ကျောက်ဖြူမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်နေသည့် CNPC အနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးရန်နှင့် အသိမ်းခံမြေများအတွက် လျော်ကြေးပေးရန် စသည်တို့ကို တောင်းဆိုကြသည်။


၎င်းက " ပိုက်လိုင်းလမ်းကြောင်းမှာ ရှိတဲ့တိုင်းရင်းသားပါတီတွေ ခေါ်တာပဲလေ။ ရခိုင်ရှိမယ်။ ရှမ်းရှိမယ်။ ပြီးတော့
ပြည်မမှာရှိတဲ့ အနိုင်ရတဲ့ NDF နဲ့ တစညကို ခေါ်တာပါ" ဟု ဆိုသည်။

ထိုသို့ ဖိတ်ကြားထားခြင်းခံရသော ပါတီများမှာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ ပါဝင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအနေဖြင့် စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်စ၍ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းခြင်း စီမံကိန်းကြီးအား စတင်ဆောင်ရွက်ခဲ့ကာ ရခိုင်ပြည်နယ်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တဆင့်တရုတ်ပြည်သို့ ပိုက်သွယ်တန်းကာပေးပို့မည် ဖြစ်သည်။

ယခုတရုတ်အစိုးရဘက်မှ ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသား ဒေသအတွင်းရှိ စီးပွားရေး စီမံကိန်းများ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးရေးအား ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

အဆိုပါ အဖွဲ့သည်ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၁၂နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင်
လေးရက်နှင့် ပီကင်းတွင် လေးရက် သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ သွားရောက်ခြင်းမှာလည်း လေ့လာရန်သာဖြစ်ကြောင်း၊ သံတမန်အနေဖြင့် သွားရခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

၎င်းက " လွှတ်တော်နဲ့ သိပ်ဆက်စပ်မှု မရှိပါဘူး။ သံတမန်ပတ်စ်ပို့နဲ့ မဟုတ်ဘူး။ အခုက ကိုယ် ကိုင်ပတ်စ်ပို့နဲ့ ကိုလေ့လာရေးအနေနဲ့ ဖိတ်လို့ သွားကြမှာပါ " ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးပါတီများ၏ တရုတ်ပြည်ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေး အမြင် လွဲမှားခြင်းအား တရုတ်နိုင်ငံဘက်မှ ပြန်တည့်ချင်သည့် ပုံပေါ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။

ဦးခင်မောင်ဆွေက " အစဉ်အဆက် ကျင့်သုံးခဲ့သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီတွေ့ခြင်းဟာ ပြည်သူနဲ့
ပြည်သူတွေ့တဲ့ သဘောပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်သူတွေကို ပိုပြီး ဆက်ဆံဖို့ ငြင်းပယ်လို့မရဘူး ဆိုတာ တွေ့ရပါတယ် " ဟု သုံးသပ်သည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၌ ရုံးစိုက်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေသော တရုတ်နိုင်ငံ CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ကြာသပတေးနေ့ ညနေတွင် စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
၎င်းတို့၏ တောင်းဆိုချက်များထဲတွင် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊
လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ မပြုရေး တို့ပါဝင်သည်။