Sunday, April 28, 2013

လှိုင်မြို့နယ်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထားသော Myanmar Asia Express ကုမ္ပဏီပိုင် သစ်လုံးများ မီးလောင်မှုဖြစ်ပွား


4.27.1

မီးလောင်ကျွမ်းနေသော သစ်လုံးများကို မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်နေစဉ်

ဧပြီလ၂၇ ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်၊ လှိုင် (၂) ရပ်ကွက်ရှိ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ပုံထားသော Myanmar Asia Express ပိုင် သစ်လုံးများအား မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

မီးမှာ ၉ နာရီ ၁၀မိ နစ်ဝန်းကျင်က စတင်လောင်ကျွမ်းကာ မီးသတ်မှ မီးသတ်ကား ၁၆ စီး၊ အုပ်ချုပ်ရေးယာဉ် ၃ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ၉ နာရီ ၄၀ ခန့်တွင် ငြိမ်းသွားခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် နေရာမှာ သိန်းဦးကုမ္ပဏီ ၀န်းအတွင်း ဖြစ်ပြီး မီးလောင်ကျွမ်းသည့် သစ်လုံးများမှာ Myanmar Asia Express မှ မြေနေရာ ငှားရမ်းကာ လာရောက်ပုံထားခြင်း ဖြစ်ကြောင်း သိန်းဦးကုမ္ပဏီ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

''မီးစလောင်တာက ဆေးလိပ်မီးတို ပစ်ချခဲ့ရာကနေ မြက်ခြောက်ကနေတဆင့် သစ်တုံးတွေကို ကူးစက်လောင်ကျွမ်းတာ ဖြစ်ပါတယ်'' ဟု လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သစ်လုံးများမှာ ၅ နှစ်ခန့် ကြာပြီဖြစ်ပြီး ဆွေးမြေ့နေပြီ ဖြစ်ကြောင်း သိန်းဦးကုမ္ပဏီ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

 

တောင်ဒဂုံစက်မှုဇုန်(၂)ရှိ သံရည်ကျိုအလုပ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား

southdagonfire1-april28

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် အပိုင်း(၂) ၆၄ ရပ်ကွက် မိုးမခလမ်းရှိ စူပါသောင်းမြင့် သံရည်ကျိုအလုပ်ရုံတွင် ဧပြီလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၂ နာရီ ၀န်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ယင်းသံရည်ကျို အလုပ်ရုံတစ်ခုသာ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် အခြားနေရာများသို့ ကူးစက်ခြင်း မရှိကြောင်း သိရသည်။

southdagonfire2-april28

"မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ လူထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး" ဟု မီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ည ၁၂ နာရီ ခွဲလောက်မှာ သံရည်ကြို စက်ရုံဘေးက ထမင်းဆိုင်က အမျိုးသမီးက မီးလောင်နေတယ်လို့ အော်လို့ သိရတာပါ။ မီးသတ်ကို သူပဲ ဖုန်းဆက်တယ် ထင်တယ်။ ကျွန်တော်တို့ ဆီမှာက ညနေ ငါးနာရီ လောက်ကတည်းက လျှပ်စစ်မီး ပျက်နေတာ။ ဘယ်က စလောင်တယ်ဆိုတာတော့ မသိဘူး။ အဲဒီမှာက ညအစောင့် မရှိဘူး။ ပိုင်ရှင်တွေက အခြားနေရာမှာနေတာ" ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ် အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

 

တောင်ကိုရီးယားစက်ရုံ လုပ်သားတွေ မြောက်ပိုင်းမှထွက်ခွာ

မြောက်ကိုရီးယားနယ်မြေအတွင်းမှာရှိပြီး ပိတ်ပစ်လိုက်တဲ့ စက်မှုဇုံအတွင်းက လက်ကျန် တောင်ကိုရီးယား နိုင်ငံသား အလုပ်သမားတွေ စတင်အိမ်ပြန်နေကြပြီဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ကားတန်းတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို စနေနေ့မှာ ဖြတ်ကူးလာခဲ့ကြပါတယ်။ ကေဆောင်း စက်မှုဇုံမှာရှိတဲ့ အလုပ်သမား စုစုပေါင်း ၁၇၅ ယောက်ထဲက ၁၂၇ ယောက်ဟာ စနေနေ့မှာ ပြန်လည်ရောက်ရှိလာကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနကပြောပါတယ်။ ကျန်လူတွေဟာလည်း နောက်ရက်တွေမှာ ပြန်လာကြလိမ့်မယ်လို့ ဆိုပါတယ်။

စက်မှုဇုံပြန်လည် လည်ပတ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက ညှိနှိုင်းမှုပြုလုပ်ဖို့ ပြောတာကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်ပြီးတဲ့နောက် အလုပ်သမားတွေ ပြန်လာရေးကိစ္စကို သောကြာနေ့က ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားက ဆွေးနွေးမှုပြုလုပ်ဖို့အတွက် သဘောတူညီမှုရဖို့ ၂၄ နာရီ အချိန်ပေးကြောင်း သောကြာနေ့က ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယားဘက်က သဘောမတူခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုပြီးတော့ သတိပေးခဲ့တာပါ။

သတိပေးထားတဲ့ အချိန်ကျော်လွန်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ အဆိုကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဘက်က နယ်စပ်မြို့ရဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လာမယ်ဆိုရင် သူတို့ဘက်က အရင် အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

 

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြားနာပွဲတစ်ခုမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဆီးနိတ်အမတ် Cardin က ခုလိုပြောခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုတွေ လုပ်သင့်မသင့်ကိုလည်း ဆွေးနွေးသွားခဲ့တဲ့ ဆီးနိတ်လွှတ်တော်ကြားပွဲ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အာရှဒေသဘက်မှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စိန်ခေါ်မှုတွေအကြောင်းကို ကြာသပတေးနေ့က ကြားနာပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ အာရှဒေသဘက်မှာ အမေရိကန်ရဲ့မူဝါဒ ကို ပြန်လည်ချိန်ခွင်လျှာညှိမှုနဲ့ ပတ်သက်ပြီး ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ Pacific ရေးရာကော်မတီခွဲမှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ကြားနာပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုကို သတိထားသင့်တယ်လို့ ကြားနာပွဲ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ Maryland ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် Benjamin Cardin က ခုလို ပြောသွားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာတိုးတက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ မြန်မာ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှု လုပ်မယ်ဆိုရင် သတိထားရမယ်၊ တွက်ချက်ရမယ်၊ အရိပ်အခြေကြည့်ပြီး ဆက်ဆံရပါမယ်၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့၊ လူနည်းစုတိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ အခွင့်အရေး ကို လေးစားဖို့နဲ့ ကာကွယ်ဖို့အတွက် ကျနော်တို့အနေနဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး တွန်းအားပေးသွားရပါမယ်။"

ကြာသပတေးနေ့က ဆီးနိတ်လွှတ်တော်ကြားနာပွဲမှာ အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာမူဝါဒနဲ့ ဆောင်ရွက်မှုတွေကို အရှေ့အာရှနဲ့ Pacific ရေးရာ ယာယီလက်ထောက်နိုင်ငံခြာရေးဝန်ကြီး Joseph Yun က ထွက်ဆိုရှင်းပြခဲ့ ပါတယ်။ မြန်မာစစ်တပ်နဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ် ပြောမသွား ခဲ့ပေမဲ့ နိုင်ငံခြားရေးဌာန Website မှာဖော်ပြထားတဲ့ သူ့ရဲ့ ကြိုတင်မှတ်ချက်ထဲ မှာတော့ ဆယ်စုနှစ်နဲ့ ချီ ဖိနှိပ်အုပ်ချုပ်လာတဲ့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး ကိုလေးစားတဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် အမေရိကန်က ကူညီပေးဖို့ လူမှုအခြေပြုအဖွဲ့တွေ၊ ပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံး လှုပ်ရှားသူတွေ ပိုပြီးပြောလာကြတယ်လို့ဆိုထားပါတယ်။

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားရေး အားပေးတဲ့ အနေ နဲ့ မြန်မာနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အားပေးနိုင်မလဲဆိုတာကို အမေရိကန်အစိုးရက လေ့လာနေတယ်လို့ လည်း ပြောထားပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေရှိလာအောင်လုပ်ပြဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ အမေရိကန်က ဆက်ပြီး တောင်းဆိုတယ်လို့ Mr. Yun ရဲ့မှတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မဟာဗြူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက အာရှနဲ့ ဂျပန်ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ Michael Green ကတော့ အမေရိကန် အနေနဲ့ မြန်မာ စစ်တပ်ကို စစ်ဖက်ဆိုင်ရာ သင်တန်းတွေ မပေးသင့်သေးဘူးလို့ ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။

"မြန်မာစစ်တပ်ဟာ လက်နက်ကိုင်သူပုန်အဖွဲ့ ၁၁ ဖွဲ့နဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါ တယ်။ မြန်မာစစ်တပ် အရာရှိတွေကို နိုင်ငံတကာ စစ်ဖက် ပညာရေးနဲ့ လေ့ ကျင့်ရေးပေးတဲ့နေရာမှာ အမေရိကန်ကပါ ပါဖို့ တော်တော်လေးခက်ခဲတဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။ သူပုန်တွေကို နှိမ်နှင်းတယ်လို့ပဲ ခေါ်ခေါ်၊ ဖိနှိပ်တယ်လို့ပဲ ပြောပြော၊ အတင်းအကြပ် နေရာရွှေ့ပြောင်းတယ်လို့ပဲဆိုဆို ရက်ရက်စက်စက် လုပ်ရပ်တွေမှာ ပတ်သက်မှုကင်းတဲ့ အရာရှိရယ်လို့ ရှာဖို့ ခက်ပါတယ်။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ အဲဒါကြောင့် မြန်မာနိုင်ငံကို အမေရိကန်အနေနဲ့ စစ်ဖက် ပညာရေးနဲ့ လေ့ကျင့်ရေး မပေးသင့်ဘူးလို့ ကျနော်ကတော့ ထင်ပါတယ်။"

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံကို သွားရောက်လေ့လာခဲ့တဲ့ Mr. Green က မြန်မာ စစ်တပ်ကို တခြား နည်းလမ်းတွေနဲ့ ကူညီလို့ ရတယ်ဆိုတာကိုလည်း ကြားနာပွဲမှာ ခုလို ပြောသွားခဲ့ပါတယ်။

"စစ်ဖက် ပညာရေးနဲ့ လေ့ကျင့်ရေးပေးတာမျိုး ဒါမှမဟုတ်လည်း သမားရိုးကျ လမ်းကြောင်းတွေက မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လို့ရမယ်လို့ ထင်ပါ တယ်။ စစ်တပ်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လေ့ကျင့်ရေး အစီအစဉ်တွေ ကို ဘယ်လိုလုပ်သလဲ ဘယ်လိုလေ့ကျင့် သင်တန်းပေးသလဲ ဆိုတဲ့ဖက်မှာ ကူညီနိုင်ပါတယ်။"

ပြီးခဲ့တဲ့ နှစ် နွေရာသီတုန်းက မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အချိန်တော်တော်ကြာကြာ လေ့လာခဲ့တယ်လို့ ပြောတဲ့ ဒေါက်တာ Michael Green  က မြန်မာစစ်တပ်အနေနဲ့ သူ့ရဲ့ တပ်တွေကို လေ့ကျင့်သင်တန်းတွေ ရရှိနိုင်ဖို့ စိတ်ဝင်တစားရှိကြတယ်လို့ ဆီးနိတ်လွှတ်တော်မှာ ကြာသပတေးနေ့ က လုပ်ခဲ့တဲ့ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ၊ စိန်ခေါ်မှုတွေ ဆိုင်ရာကြားနာပွဲမှာ ပြောသွားခဲ့ပါတယ်ရှင်။

လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ

အခုရက်ပိုင်း လက်ပံတောင်းတောင်ဒေသတွင်း တားမြစ်နယ်မြေထဲ လယ်ဝင်ထွန်ခဲ့တဲ့ ဒေသခံလယ်သမားတွေနဲ့ အာဏာပိုင်တွေကြား သေနက်နဲ့ပစ်ခတ်တဲ့အထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က ဒေသခံတွေကို တရားဝင် ဆန္ဒပြခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန္ဒပြသူ ကန့်သတ်ဦးရေ ၅၀၀ နဲ့ ဆန္ဒပြချိန် သုံးနာရီ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။
 
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရားဝင် ဆန္ဒပြခွင့်ပြုဖို့ ဒေသခံလယ်သမားတွေဘက်က တာဝန်ရှိသူတွေကို ခွင့်ပြုမိန့်တောင်းခံခဲ့ပြီးတဲ့ တစ်ပတ်အကြာမှာ အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချပေးလိုက်တာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် တုံရွာကနေ ပုသိမ်-မုံရွာလမ်းဆုံ ဦးပိုင်ကုမ္ပဏီရုံးရှေ့အထိ ဆန္ဒပြကြမှာဖြစ်ပါတယ်။ ဆန္ဒပြပွဲခွင့်ပြုချိန် သုံးနာရီတိတိ အတွင်းမှာ ဆန္ဒပြသူဦးရေ ၅၀၀ အထိ ကန့်သတ်ခွင့်ပြုထားတယ်လို့ လက်ပံတောင်းတောင် အရေးတက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။
 
"ကျနော်တို့ ၂၉ ရက်နေ့ကို စာတင်ထားတဲ့ဟာ ကျပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ ၂၉ ရက်နေ့မှာ ဆန္ဒပြမယ်။ အယောက် ၅၀၀။ ကန့်သတ်အင်အား အယောက် ၅၀၀။ အချိန်အားဖြင့် သုံးနာရီ။ အဓိက ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည် လွှတ်ပေးရေး ဆိုတာတွေနဲ့ တုံရွာရှေ့ကနေ ပုသိမ်-မုံရွာ လမ်းဆုံ ဦးပိုင်ကုမ္ပဏီ ရုံးရှေ့အထိကို ကျနော်တို့ ဆန္ဒပြပွဲ ဆက်လုပ်မယ်။ နောက်နှစ်တွေမှာ ကျနော်တို့က မြေယာမယူထားတဲ့ လယ်သမားတွေဟာ သူတို့မြေသူတို့ပိုင်တယ်ဆိုတဲ့ သဘောထား ထုတ်ပြန်မှုတွေနဲ့ ရွာတွင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမှာဖြစ်ပါတယ်။ "
 
တုံရွာကနေ စတင်ဆန္ဒပြကြမယ့် ဒီဆန္ဒပြပွဲမှာတော့ မိမိတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ကိုင်ခွင့်ပြန်ရရေးအတွက် ဒေသခံပြည်သူတွေဘက်က ရွာလုံးကျွတ် ဆန္ဒပြကြမှာဖြစ်ပြီး တားမြစ်နယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာလည်း ပြန်ပြီးထွန်ယက်စိုက်ပျိုးဖို့ စီစဉ်နေတယ်လို့ ဆည်တည်ရွာက တောင်သူဦးကြီး ဦးသန်းမောင်ကပြောပါတယ်။
"ကျနော်တို့ကတော့ ရွာလုံးကျွတ်လိုက်နေကြပါတယ်။ ကျနော်တို့ရွာတွေက။ ကျနော်တို့ရဲ့ဘ၀ဟာ မြေကြီးပါ။ မြေကြီးက ကျနော်တို့ဘ၀ပါ။ အဲဒီတော့ ကျနော်တို့လယ်မြေတွေ အတွက်ကို ကျနော်တို့ဒီလိုပဲ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ရွာလုံးကျွတ်လိုက်မှာပါ။"

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လယ်ယာသိမ်းခံထားရတဲ့ ဒေသခံတောင်သူလယ်သမားတွေက သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေထဲမှာ ဝင်ထွန်ယက်ခဲ့တာမှာ တားမြစ်နယ်မြေဖြစ်တဲ့အတွက် အာဏာပိုင်တွေနဲ့ လယ်သမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှု၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းဆီးခံ ကျောင်းသားလူငယ်တွေနဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ တားမြစ်နယ်မြေရုပ်သိမ်းရေး အပါအဝင် တောင်းဆိုချက်တွေကို လယ်သမားတွေက ဝိုင်းဆန္ဒပြခဲ့ကြရမှာတော့ အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပြီး တင်းမာမှုတွေရှိခဲ့ပါတယ်လို့ တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ကပြောပါတယ်။

"လက်ပံတောင်းအခြေအနေကတော့ဗျာ လယ်ယာမြေဆုံးရှုံးပြီးတော့ လျော်ကြေးမယူထားတဲ့ လယ်သမားတွေ တော်တော်များများရှိတယ်။ အဲဒါတွေကို ထွန်ယက်ဖို့လုပ်တော့ ၂၅ ရက်နေ့က သေနတ်နဲ့ပစ်၊ ဖမ်းတာတွေဖြစ်တဲ့အခါကျတော့၊ အဲဒါမနေ့က ဆန္ဒပြတဲ့အခါကျတော့လည်း ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်းတွေနဲ့ သတ်မယ်ဖြတ်မယ်ပုံစံမျိုးတွေ လုပ်ကြတယ်။ ညတုန်းကလည်း ဆည်တည်းရွာက တရုပ်ဆိုက်ထဲကို လုံထိန်းတွေ ထပ်ရောက်လာတာတို့။ ညပိုင်း မုံရွာမြို့ပေါ်မှာရှိတဲ့ ရဲတွေကို တောက်လျှောက် ကားတွေနဲ့ဒီဘက်လွှတ်တယ်။ မနက်ကျတော့လည်း ဟိုဘက်မှာ လုံထိန်းတွေ၊ ရဲတွေ ကျနော်တို့ မုံရွာဘက်ကူးတဲ့ဘက်မှာလည်း တောက်လျှောက် ထပ်ချထားတယ်။

"ဒီနေ့မနက် ၉ နာရီလောက်မှာ မိုးကြိုးပြင်ကျေးရွာက ထွန်တုံး တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သူတို့ဘက်လူတွေက တဘက်သတ် ကောလာဟလတွေနဲ့ မိုးကြိုးပြင်ကျေးရွာကို ရဲတွေ ထောက်လှမ်းရေးတွေ အက်စ်ပီတွေ အပြည့် ဒီနေ့မနက် ၉ နာရီလောက်မှာ ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာဝမှာ ၀ုန်းဝုန်းနဲ့လာပြီးတော့လုပ်တယ်။ ရွာသားတွေကို ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ သူတို့ ပြန်တယ်။ ပြန်ပြီးတဲ့အခါကျတော့ မြေယာလျော်ကြေးတွေ ထုတ်ယူဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ လော်စပီကာတွေနဲ့ အော်တယ်။ ရွာသားတွေက လက်မခံဘူး။ လယ်သမားတွေရဲ့အခွင့်အရေး ဆုံးရှုံးနေတဲ့ဟာကို ဘာတခုမှ ဖော်ထုတ်ခွင့် လုပ်ခွင့်မရဘဲနဲ့ တကယ့်ကို စစ်မြေပြင်ကြီးတခုအလား၊ ထောက်လှမ်းရေးတွေ စစ်တပ်တွေ လုံထိန်းတွေနဲ့ မဲမှောင်နေအောင် တောက်လျှောက်လုပ်နေတယ်။ အဲဒီအတွက် ရွာသားတွေအနေနဲ့လည်း ဒေသတည်ငြိမ်ရေးနဲ့ သူတို့တွေ အကြမ်းဖက်မခံရရေးကို သတိကြီးစွာနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားတွေ ရှိပါတယ်။"

ဒီကနေ့ ဧပြီလ ၂၇ ရက်မနက်ပိုင်းမှာတော့ မူလစီစဉ်ထားတဲ့ လယ်ယာမြေတွေမှာ လယ်ထွန်ဖို့ ထွန်တုံးချချိန်မှာတော့ အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားတဲ့အတွက် ဒေသခံလယ်သမားတွေ ထပ်ပြီး အထိခိုက်အနာတရ သွေးမြေကျမှာ မလိုလားတဲ့အတွက် လယ်သမားတွေက ထွန်တုံးရုပ်ပြီး ပြန်လာခဲ့ကြတယ်လို့လည်း ဆည်တည်းရွာက လယ်သမားကြီး ဦးသန်းမောင်ကပြောပါတယ်။

"ဘိုးဘွားပိုင် ကျနော်တို့ သမဦးကျမြေတွေကို ကျနော်တို့က ပုံမှန်ထွန်ယက်စားသောက်လာတာ ဆိုတော့ ကျနော်တို့မြေကို ကျနော်တို့က ဆက်ပြီးတော့ ထွန်မှာပါ။ ဒါပေမဲ့ သူတို့က ကျနော်တို့ရဲ့ မြေပေါ်မှာ ကျနော်တို့ထွန်တာကို ဒီလိုလာပြီး အကြမ်းဖက်ဖို့အဆင်သင့်။ ထောင်နဲ့ချီတဲ့အင်အားနဲ့ပြင်တယ်ဆိုတော့ နောက်ဆုတ်ထားတာ။ ဒါပေမဲ့ ကျနော်တို့ဘက်ကနေပြီးတော့ ဒီလိုမျိုး ကျနော်တို့ကိုလာပြီးတော့ အကြမ်းဖက်တာတို့၊ မတရားလာလုပ်တာတို့ ဒီလိုထိပ်တိုက်မတိုးချင်လို့ ကျနော်တို့က နောက်ဆုတ်ထားတာပါ။"
အခုလက်ရှိအခြေအနေမှာတော့ မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေထဲမှာ  အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပါတယ်။  

ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီးတော့ ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံတောင်သူလယ်သမား အများစုကတော့ အသိမ်းခံထားရတဲ့ သူတို့ လယ်မြေတွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကပေးတဲ့ လျော်ကြေး နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကိုသာ ဆက်လက် တောင်းဆိုတိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

ဒေါ်စု မွန်ဂိုလီးယားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ နိုင်ငံများ အသိုင်းအဝိုင်းအဖွဲ့ရဲ့ (၇) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံကို တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံ့အကြီးအကဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ လူထုခေါင်းတောင်တွေနဲ့ အစိုးရတွေ လူထုအခြေပြု အဖွဲ့အစည်းတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒီညီလာခံကို ဧပြီလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ Ulaanbaatar မြို့တော်မှာကျင်းပတာပါ။

ဒီမိုကရေစီအတွက် လွတ်လပ်ပွင့်လင်းတဲ့ အုပ်ချုပ်မှုကို ကိုင်တွယ်မှု၊ ဒီမိုကရေစီနည်းလမ်းကျ အကူးအပြောင်းကို ထောက်ခံမှုလို အကြောင်းအရာတွေကို ဆွေးနွေးကြမှာဖြစ်တဲ့အပြင် အမျိုးသမီးအရေး၊ လွှတ်တော်အရေး၊ လူထုအခြေပြု အဖွဲ့အစည်းတွေအရေး၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူငယ်တွေနဲ့သက်ဆိုင်တဲ့ နှီးနှောဖလှယ်ပွဲတွေလည်း ကျင်းပသွားမှာပါ။
 
ဒီညီလာခံကို လူထုအခြေပြုအဖွဲ့အစည်းနဲ့ ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ Tomicah Tillemann လည်းတက်ရောက်မှာဖြစ်ပြီး သူက ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ အပါအဝင် အကြောင်းအရာ အများအပြားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဆွေးနွေးပွဲတခုမှာလည်း အတူ ဝင်ရောက်ဆွေးနွေးမှာပါ။ မစ္စတာ Tillemann ဟာ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

 

ကော်မရှင်က အရပ်ဘက် လူ့အဖွဲ့စည်းများနှင့် ပူးပေါင်းင မဲရုံမှူး သင်တန်းပေးမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတ၍ အမှားနည်းသော
ရွေးကောက်ပွဲဖြစ်ရန်အတွက် မဲရုံမှုးများအပါဝင်၊ မဲရုံစောင့်များအား အရပ်ဘက် လူ့အဖွဲ့စည်းများနှင့် ပူးပေါင်း၍ ပညာပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ဧပြီလ ၂၅ ရက်က ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့စည်း ခေါင်းဆောင်များ တွေ့ဆုံရာတွင် ထိုသို့ ပြောကြားခြင်း
ဖြစ်သည်။

"အရင်ကဆို ကျနော်တိုက အရပ်ဘက် အဖွဲ့စည်းတွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ၂၀၁၄ က စပြီး အရပ်ဘက် အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး မဲ ဘယ်လိုပေးရမယ်၊ ဘယ်လို အမှန်ခြစ်ရမယ် စတဲ့ (voter education) တွေကို ပေးသွားပါမယ်" ဟု ဦးတင်အေး က ပြောသည်။

မဲဆန္ဒရှင်များ နိုးကြားမှု ရှိစေရန် ရပ်ကွက်အဆင့်ထိ ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော
စောင့်ကြည့်ရေး ကွန်ယက်မှ တာဝန်ခံ ဒါရိုက်တာ က ပြောသည်။

"တချို့မဲ့ဆန္ဒရှင်တွေက register လုပ် (မှတ်ပုံတင်)ရကောင်းမှန်းတောင် မသိဘူး။ ဒီမှာ ဘာအားနည်းချက်
တွေ့ရသလဲဆိုတော့ ရပ်ကွက် ကော်မရှင်တွေအနေနဲ့ နှိုးဆော်မှု အားနည်းတာ တွေ့ရပါတယ်။ အနည်းဆုံး
ရွေးကောက်ပွဲ နီးတဲ့အခါ တအိမ်တက် တအိမ်ဆင်း လုပ်တာမျိုး၊ အသံချဲ့စက်နဲ့ အော်တဲ့ကိစ္စမျိုးတွေကို လုပ်သင့်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက မဲဆန္ဒရှင်တွေကို ပညာပေးဖို့ လိုပါတယ်" ဟု ဦးမျိုးရန်နောင်သိမ်း က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ကြိုတင်မဲ ပေးရာတွင် ပွင့်လင်းမြင်သာမှု၊
ကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကိစ္စများ၊ ရွေးကောက်ပွဲကာလတွင် ဆူပူမှု မဖြစ်ပွားအောင် ထိန်းသိမ်းရန် လိုအပ်ကြောင်းတို့ကို အရပ်ဘက် လူ့အဖွဲ့စည်းများဘက်မှ ဆွေးနွေးခဲ့ကြသည်။

"ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွေံကြုံတွေအရ voter education ပေးထားတဲ့ နေရာနဲ့ ပေးမထားတဲ့ နေရာကို စစ်တမ်းကောက်တဲ့အခါမှာ သင်တန်းပေးထားခံရတဲ့ လူတွေက မှန်ကန်စွာ မဲပေးတတ်တာ တွေ့ရပါတယ်" ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စူစန္ဒာလှလှစိုး က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အထူးသဖြင့် ကြိုတင်မဲ မသမာမှုများ မဲဆန္ဒနယ်မြေ အများအပြားတွင် ကျူးလွန်ခဲ့သည်ဟု လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီအပေါ် စွပ်စွဲမှုများ ရှိထားသည်။

ကယားပြည်နယ်မှ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း မိုးအကုန်တွင် ဖွင့်လှစ်ဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ)။   ။ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ပြည်နယ် အကြားတွင် ဖွင့် လှစ်မည့် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းကို မိုးရာသီ အကုန်တွင် ဖွင့်လှစ်နိုင်ချေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှတဆင့် သိရသည်။

"မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ဖို့ကို သမ္မတရုံးအထိ တင်ထားပြီးသွားပါပြီ။ မိုးအကုန်လောက်မှာ ဖွင့်နိုင်မယ်လို့ မှန်းဆရပါတယ်။ ဖွင့်လှစ်ဖြစ်ပါက ကယားပြည်နယ်က ဒေသထွက်ကုန်တွေ သိပ်မရှိတော့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ရင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာနိုင်ပါတယ်" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ် ကုန်သွယ်ရေးစခန်းများ  ဖွင့်လှစ်ဆောင်ရွက်ထားရှိ မှုမှာ တရုတ်နယ်စပ်တွင် ၄ ခု၊ အိန္ဒိယ နယ်စပ်တွင် ၂ ခု၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ၂ ခုနှင့် ၄ ခု ဖွင့်လှစ်လုပ်ကိုင် လျက် ရှိသည်။

"မယ်စဲ့ နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လိုက်ပြီဆိုကတည်းက ကယားပြည်နယ်က အနှေးနဲ့ အမြန် တိုးတက်မှု ရှိလာမှာပါ။ ဒေသခံတွေက ကုန်သွယ်မှု မလုပ်တက်ဘူး ဆိုရင်တောင် ကာလတခုအတွင်းမှာ တဘက်နယ်စပ်က ကုန်သွယ်မှုတွေကြောင့် အမြင်ကျယ်လာပြီး လုပ်နိုင်စွမ်းတွေ ရှိလာနိုင်ပါတယ်" ဟု လွိုင်ကော်မြို့မှ
ကျောင်းဆရာမ ဒေါ်လှလှသိန်း က မျှော်လင့်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ပါက ၅ ခုမြောက် နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်လာမည်သည်။

လက်ရှိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မြိတ်တို့တွင် ရှိနေပြီး နဘုလယ် စခန်း ဆိုသည်မှာမူ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများအတွက် သွင်းကုန်သာ ခွင့်ပြုထားခြင်း ဖြစ်သည်။

26.4.2013 မှ 2.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ကံဇာတာကောင်းမည်။ နှစ်သစ်ကူးမှာ မြူးစရာ တွေ ကြုံမည်။ အချစ်သစ်တွေ့မည်။ အလုပ်အကိုင် သစ်ရမည်။ အလုပ်နှင့် နေရာဒေသ ပြောင်းမည်။ ခရီးဝေး တစ်ခုရောက်မည်။ မရွယ်ဘဲ စော်ကဲ မင်းဖြစ် ကိန်းမျိုးကြုံမည်။ ခြေ နှင့် လက် ခိုက်မိမည်။ ကြီးသောသူ၏ အထင်လွဲခြင်းခံရမည်။

 

အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - ကံကောင်းခြင်းတွေရမည်။

ယတြာ - အိမ်ဘုရားကို ရေအေးလှူပါ။

 

တနင်္လာ

          အားလုံးအဆင်ပြေမည်။ ပြောသမျှအောင်မြင်မည်။  လုပ်သမျှ အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ မင်္ဂလာဆောင်ဖြစ်မည်။ တစ်ခါတရံ တယူသန် လုပ်ရပ်က အဆင်ပြေသွားမည်။ စီးပွားရေး စပ်တူ လုပ်လျှင် အောင်မြင်မည်။ ထီစပ်တူထိုးလျှင် ပေါက်မည်။ တောင်အရပ်က ထီဆိုင်ကို ထိုးပါ။ ဗုဒ္ဓဟူးနေ့ နံနက်  ၆ နာရီမှ ၈ နာရီ အတွင်း ထိုးပါ။ ပေါက်ကိန်းရှိသည်။ ငွေစုလိုက် ၀င်လာလျှင် ယတြာကျေတတ်သည်။ သူများအ ရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ ဂရုစိုက်ပါ။ ဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။

 

အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။

အထူးဟော - အတိုက်အခံတွေကျော်၍ အောင်မြင်မည်။

ယတြာ - တနင်္လာနေ့ တွင် အရှေ့အရပ်သို့ ငါး (၁၅) ကောင် လွှတ်၍ ဆုတောင်းပါ။

 

အင်္ဂါ

          ဤတစ်ပတ်မှာ အထစ်အငေါ့ လေးတွေ ဖြစ်တတ်သည်။ ပထမအကြိမ်တွင် အဆင်မပြေသော်လည်း ဒုတိယအကြိမ်မြောက်တွင် အဆင်ပြေလာမည်။ ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်၏ ယုံကြည်မှုတွေပြန်ရမည်။ သို့သော် သင်၏ လျှို့ဝှက် ကိစ္စတွေ သင့်အိမ်ထောင်ဖက်ကို လာပြောသူပေါ်မည်။ စက်ပစ္စည်း ချို့ယွင်း တတ်၍ ဂရုစိုက်ပါ။ အများအကျိုး ဆောင် ကိုယ့်အကျိုးအောင်မြင်မှု့ရမည်။ ရာထူးမုချတတ်မည်။ ၀င်ငွေကောင်းလာမည်။   

 

အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - ဇွဲရှိဖို့လိုပါသည်။

ယတြာ - အင်္ဂါနေ့နံနက်တွင် အောင်သပြေ (၁၉) ညွန့်ဘုရားလှူပါ။

 

ဗုဒ္ဓဟူး

          ကံကောင်းသော ရက်တွေ ဖြစ်နေပါမည်။ အချစ်ရေး ၊ ပညာရေး ၊ စီးပွားရေး တွေ မုချအောင်မြင်လာပါမည်။ အကြောင်းကြောင်းတွေကြောင့် ခရီးသွားများမှာပါ။ အပေါင်းအသင်းအသစ်တွလည်း ရပါမည်။ အဟောင်းတွေကလည်း ကူညီမှု့ ပြုလာကြမည်။ လက်ဆောင်များရမည်။ အောင်ဘာလေထီကို ၇ ဂဏန်းများများဖြင့် ထိုးပါ။ ပေါက်မည်။ မိဘဆွေမျိုးသားချင်းတို့ကလည်း သင့်ကိုချစ်လာကြမည်။ အားလုံး အခြေအနေကောင်းမည်။ အဆင်ပြေမည်။  

 

အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - ပျော်ရွှင်ရမှာပါ။

ယတြာ - သက်ကြီးရွယ်အိုတွေကို ရေလှူပါ။ 

 

ကြာသပတေး

          ဇွဲရှိခြင်း ၊ ကွက်ကျော်မြင်ခြင်း ၊ ရည်ရွယ်ချက်ကြီးခြင်း တို့ကြောင့် အဆင်ပြေလာလိမ့်မည်။ နေရာဒေသသစ် (သို့မဟုတ်) အိမ်အသစ် အလုပ်အကိုင် အသစ်ကူးပြောင်းမည်။ မမျှော်လင့်သောခရီး တွေရောက်မည်။ မင်္ဂလာရက် ၊ အလုပ်အကိုင် ရက်တို့ ရက်ရွှေ့မှု တစ်ခုခု ဖြစ်တတ်သည်။ သို့သော် အောင်မြင်မည်။ ကျန်းမာရေး ၀မ်းဗိုက်ဂရုစိုက်ပါ။ ၀မ်းပျက် ၊ ၀မ်း လျှော ၊ ၀မ်းကိုက်တတ်သည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိနေသည်။  

 

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၁။

အထူးဟော - တိုးတက်မှု့ရှိသည်။

ယတြာ - အိမ်ဘုရားကို နှင်းဆီပန်း အဖြူ ၉ ပွင့် ကပ်ပါ။ 

 

သောကြာ

          အတွေးတခြား အလုပ်တခြား တွေဖြစ် နေတတ်သည်။ တစ်ယောက်သောသူ အပေါ်သိပ်ပြီး မယုံစား သင့်ဘူး။ တယူသန်ဖြစ်နေသော သင့်ရဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်သင့်ပါတယ်။ မမျှော်လင့်သော ခရီးတွေ ရောက်လိမ့်မည်။ စွန့်စားသော အလုပ် တွေမလုပ်သင့်ပါ။ ကံစမ်းသော အလုပ်လည်း ဆင်ခြင်ပါ။ သေချာပြီဆိုသော အလုပ်ကို ဆက်လုပ်ပါ။ သူများစကားယုံပြီး အလုပ်မပြောင်းလိုက်ပါနှင့်။ သင်ထင်ရာမလုပ်လိုက်ပါနှင့်။ သင့်နောက်က မိသားစုကို သနားလိုက်ပါ။ စဉ်းစားပြီးမှ ဆုံးဖြတ်သင့်သည်။   

 

အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၉။

အထူးဟော - လူယုံမထားရ။

ယတြာ - သောကြာနေ့တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။ 

 

စနေ

          ကံကောင်းသော ကာလကို သင်ရောက်နေပြီ။ သင့်ဆန္ဒတွေ ပြည့်မည်။ ကြိုးစားခဲ့သော ရလာဒ်တွေ   ပေါ်မည်။ အထင်အမြင်သေးနေသော သင့်သူငယ်ချင်း တစ်ချို့ ၏ ပြောဆို ဆက်ဆံမှု့ကို ကျော်ဖြတ်နိုင်မည်။ စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) ကုမ္ပဏီ ကြီးတစ်ခု ၏ ကူညီမှု့ အားပေးမှု့ (သို့မဟုတ်) ခန့်ထားမှုရမည်။ ကိုယ်ပိုင်လုပ်ငန်း နှင့် လစာရသော လုပ်ငန်းတို့အားပြိုင်ဝင်ရောက်လာမည်။ စွမ်းဆောင်နိုင်မည်။ အချစ်ရေး အဆင်ပြေမည်။ လက်ထပ်ရန် ချစ်သူ၏ တောင်းဆိုမှုကို ဂရုမစိုက်နိုင်ဘဲ ဆိုင်းငံ့ပစ်မည်။ လုပ်ငန်းတစ်ချို့ အကောင်အထည်ဖော်ဖြစ်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၈ ထိပ် ၈ ပိတ်နှင့် ထိုးပါ။ ငွေကြေးပစ္စည်း အခိုးခံရမည်။ ပြန်မရနိုင်ပါ။ ရှယ်ယာလုပ်ငန်းမလုပ်သင့်ပါ။ လူယုံမထားရ။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်ပြေမည်။   

 

အကျိုးပေးဂဏန်း - ၈ ၊ ၉ ၊ ၀။

အထူးဟော - ကံကောင်းမည်။

ယတြာ - စနေနေ့တွင် စနေနံဘုရားကို ထီးနီ (၇)လက် လှူပါ။

 

ဇွန်လမှစ၍ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်(GSP) စနစ် စတင်ကျင့်သုံးမည်

ဥရောပယူနီယံ(EU)နိုင်ငံများ အနေဖြင့် ၂၀၁၃-၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပို့ကုန်များကို ကန့်သတ် ထိန်းချုပ်မှု မရှိပဲ အထွေထွေကုန်သွယ်ခွန် ကင်းလွတ်ခွင့် (GSP) စနစ်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။     

 

အထွေထွေကုန်သွယ်ခွန်ကင်းလွတ်ခွင့်စနစ်(GSP)ကို ၂၀၁၃ခုနှစ်၊ ဇွန်လပိုင်းမှစတင်၍ ကျင့်သုံးနိုင်မည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦးက ဆိုသည်။   

 

"ဇွန်လမှာ လုပ်မယ့် ILO အစည်းအဝေးဆုံးဖြတ်ပြီးတာနဲ့ EU က ဒီစနစ် စတင်မယ် ထင်တယ်။ EU ကို ပို့လို့ ရတာ မရတာက GSP စနစ်နဲ့မဆိုင်ဘူး။ အမှန်က ဒီကစက်ရုံက ပို့တဲ့ ပစ္စည်းက အရည်အသွေးကောင်းမှ သူတို့ လက်ခံတာ။ GSP လွတ်သည်ဖြစ်စေ မလွှတ်သည် ဖြစ်စေ သူတို့ သတ်မှတ်ထားတဲ့ စံနဲ့ညီမှ လက်ခံတာ"  ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦးက ပြောသည်။     

 

အဆိုပါစနစ်အား စတင်ကျင့်သုံးပြီဆိုပါက လုပ်ငန်းရှင်များအနေဖြင့် ကုန်တင်ပို့မှုအပိုင်း၌ ပိုမိုတိုးတက်လာ နိုင်ကြောင်း ယခင်တင်ပို့မှုမရှိသည့် ထုတ်ကုန်ပစ္စည်းများလည်း တိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။

 

မြန်မာနိုင်ငံတွင် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် အအေးခန်းစက်ရုံပေါင်း(၁၅၀)ကျော်ရှိသော်လည်း လက်ရှိ၌ EU နိုင်ငံသို့ တင်ပို့ခွင့်ရသည့် စက်ရုံမှာမူ (၁၃)ရုံသာရှိကြောင်း၊ အဆိုပါနိုင်ငံသို့ ကုန်သွယ်မှု အများဆုံးပြုလုပ် လျက်ရှိသည့်လုပ်ငန်းများမှာ ငါးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတို့ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။  

 

"GSP စနစ်ရဲ့ အားသာချက်က ဘာလဲဆိုတော့ အဲ့ဒီစနစ်လာရင် လုပ်ငန်းရှင်တွေ ဈေးပိုရလာမှာပေါ့။ အမြတ်အစွန်း ပိုလာမယ်။ အခွန်လျော့ချပေးတဲ့အတွက် ဈေးပိုရလာမယ်။ အရင်က တင်ပို့ငွေ ဒေါ်လာ ၁၀၀ ဆိုရင်ကို (၁၃.၇)% ဆောင်ရတာ။ အဲ့ဒီစနစ်ရဲ့ အားနည်းချက်ကတော့ မရှိပါဘူး" ဟု ဦးနှင်းဦးက ဆက်ပြော သည်။

 

မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ဥရောပနိုင်ငံအဆင့်မီကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အကူအညီ အထောက်အပံ့များ လိုအပ်နေသေးကြောင်း အဆိုပါနိုင်ငံမှ သတ်မှတ်အဆင့်နှင့် ကိုက်ညီမှုရှိမရှိကို သက်ဆိုင်ရာအာဏာပိုင်များက စနစ်တကျ စစ်ဆေးပေးရန် လိုအပ်နေသေးကြောင်း လုပ်ငန်းရှင်တို့က သုံးသပ်ပြောဆိုကြသည်။ 

 

"EUက နိုင်ငံတကာကုန်သွယ်မှုနဲ့ ပတ်သတ်တဲ့နည်းပညာတွေ စွမ်းဆောင်ရည်တိုးမြှင့်တာတွေကို ရေတိုရေရှည် ပရောဂျက်တွေကို အစိုးရဌာနနဲ့ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ အများကြီးအလားအလာ ကောင်းနိုင်တယ်" ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

EUနိုင်ငံသည် ၂၀၁၂ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံ၏ကုန်သွယ်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူငွေ(၅.၂)သန်းလျာထားကာ International Management Group အဖွဲ့ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့်ပတ်သက်၍ လိုအပ်သည့်နည်းပညာများကို ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းက သုတေသနပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

 

EU နိုင်ငံသည် ၂၀၁၃ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံသို့ လက်နက်ရောင်းဝယ်ခြင်းကိစ္စမှလွဲ၍ စီးပွားရေးပိတ်ဆို့ထားမှုများအား ရုပ်သိမ်းပေးခဲ့သည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/27-04-13-2(1).JPG

NLD အယောင်ဆောင်ပြီး တရားမ၀င်ခွေရောင်းသူ ဖမ်းဆီး

ဧပြီလ ၂၅ ရက်နေ့ နံနက်၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝတ်စုံနှင့် လူငယ်တစ်ဦး  မိတ္တိလာ ပဋိပက္ခဖြစ်ပွားပုံများပါဝင်သော ဗွီဒီယိုခွေများ ရောင်းချနေသည်ကိုတွေ့ရှိရ သဖြင့်  ကျောက်တံတားမြို့နယ်မှ အဖွဲ့ချုပ်ဝင်များက စုံစမ်းမေးမြန်းခဲ့သည်။

 

ထို NLD အဖွဲ့ဝင် မဟုတ်ဘဲ ပါတီဝင်မဟုတ်ဘဲ ပါတီဝတ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ဦးသားဖြစ်ကြောင်း   မြောက်ဥက္ကလာပမြို့နယ် တွင်နေထိုင်သူ ဇော်မင်းထွန်းဖြစ်ကြောင်း သိသိရှိရသည်။

 

ထိုလူငယ်အား ရဲတပ်ဖွဲ့မှ မည်သို့ဆက်လက်အရေးယူဆောင်ရွက်မည်ကို ကျောက်တံတားမြို့နယ်၊ ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် ရန်ကုန်တိုင်း တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းသိရှိရသည်။