Monday, April 29, 2013
၁၂၀ မဂ္ဂါဝပ် အလုံဓာတ်အားပေး စက်ရုံသစ် ဖွင့်လှစ်လိုက်ပြီဖြစ်
အလုံဓာတ်အားပေး စက်ရုံဝင်း အတွင်း ထိုင်းနိုင်ငံ Toyo Thai Power Myanmar Co., Ltd မှ တည်ဆောက် လျက်ရှိတဲ့ ၁၂၀ မဂ္ဂါဝပ် Combined Cycle
ဓာတ်အားပေး စက်ရုံ အသစ်ကို ဧပြီလ ၂၇ ရက်နေ့က ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုံ ဓာတ်အားပေး စက်ရုံဝင်း အတွင်း ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ အသစ်ကို Toyo Thai Power Myanmar Co.,Ltd ရဲ့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုနဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့ ကုမ္ပဏီတို့ အကြား BOT စနစ် အခြေခံပြီး တည်ဆောက်တာ ဖြစ်ပါတယ်။
အဲ့ဒီ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ အသစ်မှာ ဓာတ်ငွေ့ တာဘိုင်စက် (၁) ၄၁ မဂ္ဂါဝပ်ကို စတင် လည်ပတ် ဓာတ်အား ထုတ်လုပ် နိုင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် ဒုတိယ တာဘိုင်စက်မှ ၄၁ မဂ္ဂါဝပ်ကို လာမယ့် မေလ အတွင်း ဆက်လက် ဓာတ်အား ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ စီမံကိန်းကို Toyo Thai Power Myanmar Co.,Ltd နဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနက နှစ်ဦးနှစ်ဖက် အကျိုးသင့်တင့် မျှတတဲ့ အခမဲ့ ဓာတ်အား ၇.၁ ရာခိုင်နှုန်း၊ မြေငှားရမ်းခနှုန်း ၁ မီတာ ပတ်လည် အတွက် တစ်နှစ်ကို အမေရိကန် ၁ ဒေါ်လာ အရင်းကျေ ကာလ ၁၀.၃၂ နှစ်နဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် ကာလ နှစ် ၃၀ တို့ အတွက် နှစ်ဖက် သဘောတူညီမှု စာချွန်လွှာ MOA ကို လက်မှတ် ရေးထိုး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ၁၂၀ မဂ္ဂါဝပ် Combined Cycle ဓာတ်အားပေး စက်ရုံအသစ် ဖွင့်ပွဲမှာ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး စွမ်းအင် ၀န်ကြီး ဌာန ပြည်ထောင်စုကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နဲ့ တာဝန် ရှိသူများ၊ Toyo Thai မှ တာဝန် ရှိသူများနဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျပ်သန်း လေးထောင်ကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့
နယ်စပ်ရေးရာ ၀န်ကြီးဌာန အနေနဲ့ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် ပထမဆုံး အကြိမ်
တင်ဒါစနစ်နဲ့ ဆောင်ရွက် နိုင်ဖို့ ၀န်ကြီး ဌာန တင်ဒါစိစစ် ရွေးချယ်ရေး ဗဟို အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို တင်ဒါ စည်းမျဉ်း စည်းကမ်းများ နဲ့အညီ စနစ်တကျ ခွဲဝေ တာဝန် ပေးအပ်ခဲ့ ပါတယ်။
အခုလို တာဝန်ခွဲဝေပေး ရာမှာလည်း တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ကျေးလက်လမ်း၊  တံတား လုပ်ငန်းများ ဖြစ်တဲ့ ကတ္တရာလမ်း မိုင် ၁၉၀ ၊ ကျောက်လမ်း ၂၅၂ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၅၂၅ မိုင် စုစုပေါင်း ၉၆၇ မိုင် ၆ ဖာလုံနဲ့ တံတား လုပ်ငန်း အတွက် သစ်သား တံတား အရှည်ပေ ၇၂၄၀ ၊ ရေပြွန် ၄၃၉၅ ပေ တို့အား ကုမ္ပဏီ ၂၂ ဖွဲ့ကို လုပ်ငန်း တန်ဖိုး ငွေကျပ် ၃၆၄၅၉.၆၈ သန်းဖြင့် လည်းကောင်း၊ ကျေးလက် ရေပေးဝေရေး လုပ်ငန်း တွေဖြစ်တဲ့ တွင်းတိမ် ၃၉ တွင်း၊ တွင်းနက် ၁၁၀ တွင်း၊ လက်တူးတွင်း ၆၇ တွင်း၊ မိုးလှောင် ရေကန် ၁၁၃ ကန်၊ စိမ်းစမ်းရေ သွယ်ယူခြင်း ၉၁ ခု ဆောင်ရွက်ဖို့ အတွက် ကုမ္ပဏီ ၁၅ ဖွဲ့ကို လုပ်ငန်း တန်ဖိုး ငွေကျပ် သန်း ၆၄၅၇.၈၀ဖြင့် လည်းကောင်း၊ ကျေးလက် မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ဖို့ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် ဓာတ်အား ထုတ်ယူတဲ့ စနစ် Solar System လုပ်ငန်းပေါင်း ၁၂၃ ခုကို ကုမ္ပဏီ ၉ ဖွဲ့ကို လည်းကောင်း၊ ကျေးလက် အိမ်ရာ လုပ်ငန်း ၃ ခုကို ကုမ္ပဏီ ၂ ဖွဲ့မှ လုပ်ငန်း တန်ဖိုး ငွေကျပ်သန်း ၂၆၀ နဲ့ လည်းကောင်း ဆောင်ရွက် စေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ကုမ္ပဏီ ၄၈ ဖွဲ့တို့မှ လုပ်ငန်း ၁၇၁ခု တို့ကို စုစုပေါင်း ငွေကျပ် ၄၅၉၇၄.၂၀ သန်းဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ် ဆက်ဆံရေးရုံးအား မေလလယ်တွင် ဖွင့်လှစ် သွားမည်
UNIAP မှ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမယ့် မေလလယ် လောက်မှာ တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ် ဆက်ဆံရေး အရာရိုရုံးကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန်းမြို့ တို့မှာ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ အကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးကိုတော့ ၂၀၀၈ ခုနှစ်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နဲ့ ယူနန်ပြည်နယ် ရွှေလီ မြို့တို့မှာ ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယမြောက် ကိုတော့ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ယူနန်ပြည်နယ် ကျန်းပုန်းမြို့ တို့မှာ ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နယ်စပ် ဆက်ဆံရေး အရာရှိ ရုံးများ ဖွင့်လှစ်တဲ့ အတွက် သတင်း အချက်အလက်များ၊ အချိန်နဲ့ တပြေးညီ ဖလှယ်နိုင်ခြင်း၊ လူကုန်ကူး သူများအား ပူးပေါင်း ဖော်ထုတ် ဖမ်းဆီး နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် လူကုန်ကူး ခံရသူများအား ပူးပေါင်း ကယ်တင်နိုင်ခြင်း၊ လူကုန်ကူးမှုနှင့် စပ်လျဉ်းပြီး ပူးတွဲ စုံစမ်းရေး သက်သေ အထောက် အထားများ ရရှိနိုင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် မေလ ၂၁ ရက်နဲ့  ၂၂ ရက်နေ့ မှာလည်း မန္တလေး မြို့မှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာ-တရုတ် အဆင့်မြင့် အရာရှိကြီးများ နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြုလုပ် သွားဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။
ချင်းပြည်နယ် မြို့တော်၌ ကျပ် ၁၅၀၀ တန်ဖုန်းကတ် စတင်ရောင်းချ
၂၀၁၃ခုနှစ် ဧပြီလ (၂၃)ရက်နေ့ မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည် နယ် မြို့ တော် ဟားခါးတွင် ၁၅၀၀ ကျပ် တန်ဖိုးရှိ ဖုန်းကတ် များ ရောင်း ချပေးနေပြီဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ ပြည်နယ် ဆက်သွယ်ရေးရုံး တွင် လျှောက်ထားလို သူများသည် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံ တင် မိတ္တူ (၂) ခုစီ၊ လျှောက်လွှာများဖြင့် လျှောက် ထားနေပြီဖြစ်ကြောင်း ဧပြီလ ၂၆ ရက်စွဲဖြင့် ထုတ်ဝေ သည့် The Hakha Post သတင်းစာ တွင်ဖေါ်ပြထားသည်။
ဟားခါးမြို့တွင် ဖုန်းကတ် ၇၅၀ သာချပေးသောကြောင့် အိမ်ထောင်စု တစ်စုမှ လူတစ်ဦး စီသာ လျှောက် ထားနိုင်ပြီး အစိုးရ၀န်ထမ်းများ လျှောက်ထားခွင့်မရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA 800 MHZ မိုဘိုင်းလ်ဖုန်း Sim card ကို မြန်မာကျပ်ငွေ ၁၅၀၀ ဖြင့် ဧပြီလ ၂၄ ရက်နေ့ မှ တနိုင်ငံလုံးတွင် စတင်ရောင်းချ မည်ဖြစ်ကြောင်း အစိုးရ ပိုင် မြန်မာ့ရုပ်မြင်သံကြားက တဆင့် သတင်း ထုတ်ပြန်ခဲ့ဖြစ်သည်။
ထိုမိုဘိုင်းလ်ဖုန်းကတ်တွင် ကျပ်ငွေ ၃၀၀ ပါရှိမည်ဖြစ်ပြီး ကျပ်ငွေ ၅၀၀၀ ဖိုး ကြိုတင် ငွေသွင်းကာ စသုံးနိုင် မည်ဖြစ်ကြောင်း၊ တစ်လလျင် အနည်းဆုံး ကျပ်ငွေ ၂၅၀၀ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
၁၅၀၀ ကျပ်တန် ဖုန်းကတ်ဝယ်ယူသူများက ဖုန်းကတ် ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံး မပြုနိုင်ပါက ဖုန်းလိုင်းပိတ်မည်ဖြစ်ကြောင်း၊ ဤသို့ ပြုလုပ်ခြင်းသည် မှောင်ခိုဈေး ကွတ်ကာကွယ်နိုင် ရန်အတွက်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် CDMA 800 MHz ဖုန်းကတ် အမျိုးအစားကို ရောင်းချ မည်ဖြစ်သော် လည်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် အထူးဦးစားပေးသည့်အနေဖြင့် WCDMA 3G ဖုန်းကတ် အမျိုးအစားကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ချင်းပြည်နယ် ဟားခါးမြို့ တွင်သာ WCDMA 3G ဖုန်းကတ်ကို စတင်ရောင်း ချနေကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မှ နှစ်ပေါင်း ၄၀ တိတိ ပြည့်ချိန်၌ပင် မြန်မာနိုင်ငံတွင် ကျပ် ၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်း ကတ်များကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်း ချပေးသည်ကို တွေ့ ရသည်။
ကရင်နီ လူငယ်သုံးဦးထံ စိတ်ကြွဆေးပြားများဖမ်းမိ
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒီ/ကျေးအုပ်စု တနန်းဥကွယ်ရပ်ကွက်တွင် စိတ်ကြွမူးယစ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ လူငယ် ၃ ဦးဖမ်း မိထားကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့တွင် ဒီးမော့ဆိုရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိန်သောင်းပါ ရဲတပ်ဖွဲ့ဝင်များက တနန်းဥကွယ်ရပ်ကွက်နေ အိမ်အမှတ် (တ/၆၉)တွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြရမှာ လူငယ် ၃ ဦးနှင့် စိတ်ကြွမူးယစ်ဆေးပြားများ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
နေအိမ်မှ အိမ်ရှင် ရိုဘဲတိုနှင့်အတူ ကာလစ်စတို (ခ) အားညောင် ထံတွင် ဘောင်းဘီရှည် ယာဘက်ဘေး အပေါ်အိတ်ကပ်အတွင်းမှ အဖြူရောင် ပလပ်စတစ်ဖြင့်ထုတ်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇ ပြား (၁.၇) ဂရမ် နှင့် စောဇာခရီးစေးအူ ထံတွင် ခရီးဆောင်အိတ်အတွင်းမှ အဖြူရောင်ပလပ်စတစ်နှင့် ထုတ်လျက် WY စာတမ်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ပြား (၀.၅ ) ဂရမ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပလပ်စတစ်ပိုက်တစ်ချောင်း၊ နိုင်ငံသားစိစစ်ရေး ကဒ်တခု၊ ဂက်စ်မီးခြစ်တလုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အိမ်ရှင်ရိုဘဲတို အသက် ၂၄ နှစ် (ဘ) ဦးလယု၊ ကာလစ်စတို (ခ) အားညောင် အသက် ၂၄ နှစ် (ဘ) ဦးရိုဘဲတို နှင့် ဒီးမော့ဆိုမြို့ စည်ပင်သာယာရပ်ကွက်နေ အမှတ် ( စ/၉၅ ) စောဇာခရီးစေးအူ(ခ) စပရယ်ဒီသတ် (ခ) ဖိုးခွားဒို အသက် ၂၂နှစ် ၊  (ဘ) ဦးဂျာရောလာ တို့အား ဒီးမော့ဆိုရဲစခန်းမှ မူးယစ်(ပ) ၂ /၂၀၁၃ ၊ မူးစိတ် ပုဒ်မ ၁၅ / ၁၆ (ဂ) / ၂၁ ဖြင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားလျက် ရှိတယ်လို့ သိရပါတယ်။
မြေပုံမြို့နယ်မှ ဂီရိ မုန်တိုင်းသင့် ကျေးရွာ တချို့တွင် ရေရှားပါးနေ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ ဂီရိမုန်တိုင်းသင့် ကျေးရွာ အချို့တွင် ရေရှားပါးနေသဖြင့် သောက်သုံးရေ အခက်ကြုံနေရသည်ဟု NLD အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက နိရဉ္စရာသို့ ပြောသည်။
ရေရှားပါးနေသောကျေးရွာများမှာ အငုံ အုပ်စု တွင် တည်ရှိသော အောင်လယ်ပြင်၊ ပြိန်တောချေ၊ အငုံရွာသစ်၊ အငုံ ရွာဟောင်း၊ နတ်ချောင်းတို့ ဖြစ်ပြီး ခေါင်း ဖြူအုပ်စုတွင် ကံသာ ရွာသစ် (ခေါင်းဖြူရွာ) ၊ ကံသာ ရွာဟောင်း၊ ဒဂုံ၊ ၀က်ခေါင်းကျေးရွာတို့ ဖြစ်ကြသည်။
၎င်းပြင် မိုသီးနတ်တောင် အုပ်စု တောင်ကြီးရင်းရွာတွင် ရေရှားပါးနေသဖြင့် မိသားစု တစ်စု ကို ကန်ထဲမှ တစ်နေ့ ရေအိုးခပ် သုံးလုံးသာ ခပ်ယူခွင့် ရသည်ဟု ဆိုသည်။
ယခုကဲ့သို့ ရေရှားပါးနေသဖြင့် ထွေလာဂျီများဖြင့် ရေများ ပို့ပေးနေရသည်ဟု ဒေါ်မပုချေက ဆိုသည်။
" ရေရှိတဲ့ နေရာတွေက သူတို့ ရွာသားတွေကိုယ်တိုင် လာသယ်တာလည်း ရှိတယ်။ မြေပုံမြို့ပေါ်က စေတနာရှင်တွေက ထွေလာဂျီတွေနဲ့ သွားရောက် လှူဒါန်း ကူညီတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လှူတဲ့သူကနည်းပြီး ရေလိုနေတဲ့ ကျေးရွာက အများကြီးဆိုတော့ မလောက်ဌဘဲ ဖြစ်နေပါတယ်" ဟု သူမက ပြောသည်။
ယခုကဲ့သို့ ရေအခက်အခဲကြောင့် မိသားစုများမှာရေကိုဘဲ လုံပန်းစိုက်နေရသဖြင့် တစ်ခြား အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရသည်ဟု ဆိုသည်။ ကျန်းမာရေးအရလည်း ရောဂါများ ရရှိလာမည်ကို စိုးရိမ်နေရသည်ဟု သူမက ပြောသည်။
ရခိုင်ဒေသသည် မြန်မာနိုင်ငံတွင် မိုးများသော ဒေသ တစ်ခု ဖြစ်သော်လည်း နေရာ အနှံ့အပြားတွင် နွေရာသီ ရောက်တိုင်း ရေရှားပါးလေ့ရှိကြောင်း သိရသည်။ ယခုကဲ့သို့ ရေရှားပါးရခြင်းမှာ မိုးရေကိုသာ အဓိက အားကိုးအားထား ဒေသတွင် ရေတွင်း ရေကန်များကို အလုံအလောက် မတူးဖေါ်နိုင်၍ ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။
မြေပုံမြို့နယ် ကျေးရွာတချို့တွင် သောက်သုံးရေ အခက်အခဲကြုံနေရသည်မှာ ဟုတ်မှန်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း အတည်ပြု ပြောကြားပြီး ယခုကဲ့သို့ ရေရှားပါးရခြင်း၏ အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။
" မြေပုံမြို့နယ်က လူတွေ ဂီရိ မုန်တိုင်းပြီးတဲ့ နောက်ပိုင်းမှာ အလွန်ဘဲ ဆင်းရဲ သွားကြပါတယ်။ အလုပ်မရှိ အကိုင်မရှိ၊ အဲသလို ဖြစ်တော့ သူတို့ဝမ်းစာကိုတောင် အနိုင်နိုင် လုံပန်းနေရတဲ့ အခြေအနေမှာ ရေတွင်း ရေကန်တွေကို တူးဖေါ်ဖို့၊ ထိန်းသိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တနယ်လုံးမှာ သောက်ရေ သုံးရေ ပြတ်လပ်နေရတာ ဖြစ်ပါတယ်" ဟု ဆိုသည်။
မြေပုံမြို့နယ်သည် ပင်လယ်ကမ်းစပ် ကျွန်းစုများဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခု ဖြစ်သဖြင့် ဒီရေများ မကြာမကြာ သောက်ရေကန်များထဲသို့ ၀င်ရောက်ရာမှ ကန်များ ပျက်စီးသွားသဖြင့် ကန်ဘောင် တာရိုးများကို ခိုင်ခန့်အောင် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဦးဖေသန်းက ပြောသည်။
ရိုးမတောင်အောက်ရှိ တောင်စိုင်ကမ်းတွင် တည်ရှိသော ကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေကြသော်လည်း ပင်လယ် ကမ်းစပ်နှင့် နီးစပ်သော ကျေးရွာများတွင် နှစ်စဉ် ရေရှားပါးမှု နှင့် ကြုံတွေ့နေရသည်ဟု သူက ဆိုသည်။
ဒုတိယကမ္ဘာစစ်ကျန်ဗုံးကြီးကျောက်ဖြူတွင်တွေ့ရှိ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက တိုက် လေယာဉ်ကျဲချခဲ့သည်ဟု ယူဆရသော စစ်ကျန် ဗုံးကြီး တစ်လုံးကို လယ်ကွင်း တစ်ခုတွင် တွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။
ကျောက်ဖြူတွင် တွေ့ရှိခဲ့သော စစ်ကျန် ဗုံးကြီး (ဓါတ်ပဲု- ကြေးမုံ)
ကျောက်ဖြူတွင် တွေ့ရှိခဲ့သော စစ်ကျန် ဗုံးကြီး (ဓါတ်ပဲု- ကြေးမုံ)
အဆိုပါ ဗုံးကြီးမှာ အရှည် ၂၇ လက်မ၊  လုံးပတ် ပတ်လည် ၃၀ လက်မ၊အလေးချိန် ၄၀ ပိဿာခန့် လေးကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။
ဗုံးအား တွေ့ရှိရသော နေရာမှာ ကျောက်ဖြူမြို့နယ် အုန်းတော ကျေးးရွာအုပ်စု ၀တ်ဆံကျေးရွာမှ လယ်သမားကြီး ဦးထွန်းတင် အသက် (၅၆) နှစ် ၏ လယ်ကွက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျောက်စရစ် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုမှ Back Hole ယာဉ်ဖြင့် ကျောက်ထုတ်ယူစဉ် ဧပြီလ အတွင်းက တွေ့ရှိခဲ့သော ဗုံးဖြစ်ပြီး လယ်ပိုင်ရှင်မှ လူသူမရောက်နိုင်သော နေရာတွင် ၀ှက်ထားခဲ့သည်ဟု ဆိုသည်။
သက်ဆိုင်ရာမှ သတင်းရသွားပြီး ယခုအခါ ဗုံးကြီးကို လုံခြုံရာသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
ဗုံးကြီးမှာ သံချေးတက်နေသဖြင့် ရေးထိုးထားသော စာတန်းများမှာ ပျောက်ကွက်နေပြီး ထိပ်ဖူးနှင့် နောက် ထိန်း ပန်ကာ ဒလက်မပါရှိဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် ဒုတိယ ကမ္ဘာ စစ်အတွင်းက ဂျပန်နှင့် အင်္ဂလိပ်တို့၏ ရှေ့တန်း စစ်မြေပြင် ဖြစ်ခဲ့သဖြင့် စစ်အတွင်းက လက်ကျန် ဗုံးဟောင်းများကို မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။
အလုံဓာတ်အားပေး စက်ရုံအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ဓာတ်အားပေးစက်ရုံဖွင့်လှစ်၊ စက်ရုံမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ၁၁၃ ကျပ်ဖြင့် ပြန်ဝယ်ကာ အများပြည်သူသို့ ဖြန့်ဖြူးမည်
အလုံဓာတ်အားပေး စက်ရုံအတွင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ဧပြီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
၎င်းဓာတ်အားပေး စက်ရုံကို ထိုင်းနိုင်ငံ Toyo Thai Power Myanmar Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား BOT စနစ်ကို အခြေခံကာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
BOT စနစ်ကို အခြေခံကာ ချုပ်ဆိုခဲ့သော စာချုပ်အရ ၎င်းဓာတ်အားပေး စက်ရုံမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား၏ ၇ ရာခိုင်နှုန်းကို အခမဲ့ ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခနှုန်း ၁ မီတာ ပတ်လည်အတွက် တစ်နှစ်လျင် အမေရိကန် ၁ ဒေါ်လာ ရရှိမည်ဖြစ်သည်။ အရင်းကျေကာလ ၁၀.၃၂ နှစ်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ကာလ နှစ် ၃၀ ဖြင့် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူစာချုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခု စီမံကိန်း တစ်ခုလုံးအတွက် အမေရိ ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျပြီး ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနမှ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း သိရှိရသည်။
<p''ဒီစီမံကိန်း လုပ်ငန်းတွေကို Phase(1) ဓာတ်ငွေ့ တာဘိုင်စက် နှစ်လုံးနှင့် Phase(2) စွန့်ပစ်အပူသုံး ရေနွေးငွေ့ဘွိုင်လာနဲ့ တာဘိုင်စက်တို့မှ ဓာတ်အားထုတ်လုပ်နိုင်ဖို့ နေ့ရော ညပါ ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် Phase(1) မှာပါဝင်တဲ့ ဓာတ်ငွေ့တာဘိုင် စက်နှစ်လုံးအနက် ပထမ တစ်လုံးကနေ ၄၁ မဂ္ဂါဝပ်ကို စတင်လည်ပတ်ကာ ဓာတ်အားထုတ်လုပ် နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒုတိယတာဘိုင်စက် နောက်ထပ် ၄၁ မဂ္ဂါဝပ်ကိုလည်း ၂၀၁၃ခုနှစ် မေလအတွင်း ဆက်လက်ဓာတ်အား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု လျပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းစက်ရုံရှိ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်၏ ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၁၃ ကျပ် ၀န်းကျင်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် စာချုပ်အရ အခမဲ့ ရရှိမည့် ဓာတ်အား ၇ ရာခိုင်နှုန်းအပြင် အခြားထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို တစ်ယူနစ်လျင် ကျပ်ငွေ ၁၁၃ ကျပ်ဝန်းကျင်ဖြင့် ၀ယ်ယူဖြန့်ဖြူးရမည် ဖြစ်ကြောင်း
သိရှိရသည်။ ယခု ဓာတ်အားပေ စက်ရုံမှ ထွက်ရှိမည့် လျပ်စစ်ဓာတ်အားများကို ရန်ကုန်မြို့ရှိ အများပြည်သူသို့ ဦးစားပေးဖြန့်ဖြူး ပေးမည်ဖြစ်ပြီး ကျန်လျှပ်စစ်ဓာတ်အားများကို ပြည်ထောင်စု လျှပ်စစ်ဓာတ်အားစနစ် (National Grid) သို့ ပူးပေါင်းစေကာ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ဖြန့်ဖြူးပေးမည်ဟု သိရသည်။ နွေရာသီဖြစ်သဖြင့် ရေအား လျှပ်စစ်စက်ရုံများတွင် ရေနည်းပါးလျက်ရှိနေပြီး လျှပ်စစ်ထုတ်လုပ်နိုင်မှု ပမာဏများ ကျဆင်းကာ ရံဖန်ရံကာ လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်လုံး အမွှေးတိုင် ထွန်းရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
4.29.1
ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ အမှတ် ၅၄ ရှိ ဆေးရုံသုံးပစ္စည်းများ ပြုပြင်သည့် RC ၂ ထပ်တိုက် နေအိမ်အပေါ်ထပ်၌ အမွှေးတိုင်ထွန်းရာမှ ဆိုဖာပေါ်သို့ မီးစကျပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
4.29.1
အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် စတင်သတင်းရရှိခဲ့ကြောင်းနှင့် ၇ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၇ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုသို့ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၂ စီး၊ မီးသတ်ယာဉ် ၄၁ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပေ ၈၀ အကျယ် နေအိမ်အဆောက်အဦ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၆ သိန်းကျော် ရှိကြောင်း မီးသတ်ဌာနမှ ရရှိသော သတင်းများအရ သိရသည်။
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးနေ၍ ပုဂ္ဂလိက အလှူရှင်များ စုပေါင်းပြီး ရေလှူဒါန်းမှုများပြုလုပ်
4.28.7
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာများ၌ ရေလှူဒါန်းမှု ပြုလုပ်နေသည်ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါးနေသည့်အတွက် ပုဂ္ဂလိကအလှူရှင်များ စုပေါင်းပြီး ရေလှူဒါန်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သပြေကုန်းအုပ်စု ရေအိုးစင်ကျေးရွာ၊ ရန်အောင်ရွာ၊ ရေပြာရွာ၊ တဲကုန်းကျေး ရွာများသို့ ဧပြီလ ၂၈ ရက်နေ့မှစ၍ စေတနာရှင်များမှ သောက်ရေနှင့် သုံးရေများကို နေ့စဉ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အဖွဲ့အနေနဲ့ နွေရာသီမှာ ရေရှားပါးနေတဲ့ ကျေးရွာတွေကို ရေလှူဒါန်းသွားမှာပါ။ တချို့ရွာတွေဆိုရင် ချိုးရေတောင် မရှိဘူးဖြစ်နေတယ်။ သောက်ရေအတွက်တော့ ရေသန့်တွေ ၀ယ်ယူလှူဒါန်းပါတယ်။ သုံးရေအတွက်တော့ တိုင်ကီတွေနဲ့ သယ်ယူပြီး လှူဒါန်းနေပါတယ်။ ကျွန် တော်တို့ လှူတာကတော့ လှူတာပဲ။ နိုင်ငံတော်ပိုင်းကလည်း ရေတွင်းတွေ တူးပြီးကူညီဖို့ လိုအပ်နေသေးတယ်။ အခုဟာက နှစ်စဉ်နီးပါး ကြုံတွေ့လာနေရတယ်။ ကူညီမှုတွေ များများလိုအပ်နေပါတယ်'' ဟု ပျဉ်းမနားမြို့နယ် ပြန်ကပြေးကျေးရွာမှ ရေအလှူရှင် ဦးစံရှိန်က ပြောကြားခဲ့သည်။
4.28.7
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာများ၌ ရေလှူဒါန်းမှု ပြုလုပ်နေသည်ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်
ရန်အောင်ရွာမှ ရွာသားများကလည်း ''ကျွန်တော်တို့ရွာဆိုရင် တပေါင်းလဆန်းကတည်းက ရေပြတ်နေတယ်။ ရေတွင်းတွေ၊ ရေကန်တွေ ရေခန်းကုန်တော့ အခက်အခဲ ဖြစ်နေရတယ်။ ရေတွင်းတူးတော့လည်း ကျောက်ဖျာခံနေတော့ တူးမရဘူး။ ပေ ၁၀၀ ကျော်အထိ ရေကမရဘူး။ အခုလိုလှူဒါန်းသူတွေရှိတော့ တော်သေးတာပေါ့။ အခုဆိုရင် နှစ်တိုင်းနီးပါး ရေပြတ်လပ်မှု ကြုံနေရတယ်။ အရင်တုန်းကတော့ ရေပြတ်လပ်မှု မရှိခဲ့ပါဘူး။ ဒီနှစ်ကတော့ အပူချိန်မြင့်မားတော့ ရေ အခက်အခဲ အရမ်းကြုံတွေ့နေရတယ်'' ဟု ပြောပြခဲ့သည်။
ရေပြတ်လပ်မှု ကြုံတွေ့နေရသည့် ရန်အောင်ရွာသည် အိမ်ခြေ ၃၂၉ အိမ်၊ လူဦးရေ ၁၀၀၀ ကျော်၊ ရေအိုးစဉ်ရွာ တွင် အိမ်ခြေ ၁၄၇ အိမ်၊ လူဦးရေ ၃၃၀ ခန့်၊ ရေပြာရွာတွင် အိမ်ခြေ ၅၀၀၊ တဲကုန်းရွာတွင် အိမ်ခြေ ၃၀၀ ရှိပြီး တစ်ရွာအတွက် တစ်နေ့လျင် သောက်ရေလိုက်ထရပ် ၃ စီး၊ တီအီး ဘောက်ဆာ ၂ စီးဖြင့် သုံးရေဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလကုန် ရုပ်သိမ်းမည်၊ ပဋိပက္ခ ဖြစ်စဉ်အတွင်း လှုံ့ဆော်ပါဝင်ခဲ့သူအချို့ ဖမ်းဆီးရန်ကျန်ရှိ
4.28.9
မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း အပျက်အဆီး အချို့အား တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလကုန်တွင် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးမှ ဥပဒေရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ပြောသည်။
ထို့ပြင် မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း လှုံ့ဆော်ရန် ပါဝင်ခဲ့သူ အချို့ကိုလည်း ဖမ်းဆီးရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက Eleven Media Group သို့ ပြောသည်။
မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန် ဖြစ်ပွားမှုမှစ၍ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက မတ် ၂၀ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး လက်ရှိတွင် အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ဥပဒေ ရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ''လက်ရှိမှာ တည်ငြိမ်အေးချမ်းမှုတွေ အပြည့်အ၀ ရရှိလာပြီ ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ ကို မေလအတွင်း ရုပ်သိမ်းသွားမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့်ကိုတော့ ဆက်ထားသွားမှာပါ'' ဟု ဆိုသည်။
ထိုသို့ ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက် ဖွဲ့စည်းခဲ့သော စုံစမ်းရေး ကော်မရှင်၏ နှစ်ပတ်ကျော်ကြာ စစ်ဆေးချက်များအရ ပြည်တွင်းအဖွဲ့အစည်း အချို့မှ ဤဖြစ်စဉ်ကို ဖန်တီးခဲ့သည်ဟု ယူဆနေကြပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်းတွင် ပါဝင်သူဟု ယူဆသူ ဦးရေ ၅၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
''ကွင်းဆက်တွေတော့ ကျန်သေးတယ်။ အဲဒီအတွက်ကြောင့် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေပါတယ်။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ ဖမ်းဆီးမှုတွေ အလုံးစုံ ပြီးသွားရင်တော့ အသိပေးသွားမှာပါ'' ဟု မန္တလေးတိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်အပင်ခံ တစ်ဦးကမူ မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်တွင် ဗကသသြဇာခံများ ပါဝင်လှုံဆော် ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြခဲ့သည်။
လူမျိုးရေး အသွင်ဆောင် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ သုံးရက်သာ ကြာမြင့်ခဲ့သော်လည်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံရသော အိမ်အလုံးရေ ၁၆၀၀ နီးပါး၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒုက္ခသည်ဦးရေ ၁၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ၀န်းကျင်ဒေသ တည်ငြိမ်ရေး ပျက်ပြားအောင် လုပ်ဆောင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လူ ၈ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူ
လက်ပံတောင်းတောင် ၀န်းကျင်ဒေသ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး အကြောင်းပြကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်သည် ဟူသော စွပ်စွဲချက်ဖြင့် လူရှစ်ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထားကြောင်း ကြေညာချက်ကို ဧပြီ ၂၈ ရက်နေ့တွင် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကြေညာချက်ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးတင်ယု၏ လက်မှတ်ဖြင့် လက်ပံတောင်းတောင် ဒေသများသို့ ဖြန်ဝေခြင်းဖြစ်ကြောင်း သိရသည်။
အမှုဖွင့် အရေးယူထားသော လူရှစ်ဦးအနက် ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ သောင်းထိုက်ဦးမှာ အမှု ၁၈ မှုဖြင့် အများဆုံး အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးက ၁၄ မှု၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ၅ မှု၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဗထူးက ၉ မှု၊ သားကြီးက ၆ မှု၊ ကိုလတ်က ၈ မှု၊ ကိုသော်ဇင်က ၅ မှု၊ ကိုသူက ၁ မှုတို့ဖြင့် အသီးသီး အမှုဖွင့်ခံထားရကြောင်း သိရသည်။
''အမှုဖွင့် ခံထားရတယ်လို့သာ သိရတယ်။ အမှုဖွင့်ခံရတဲ့သူတွေဟာ အကြောင်းကြားခြင်းလည်း မခံရသလို ရဲလုပ်ထုံးလုပ်နည်းအရ ခေါ် ယူမေးမြန်းပြီးမှ အမှုဖွင့်တာလည်း မဟုတ်ဘူး။ တဖက်သတ် စွပ်စွဲခံရတာမို့ စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေက မေးစရာဖြစ်နေတယ်။ အကျိုးဆောင် ကွန်ယက်တို့၊ အခြားကူညီတဲ့ အဖွဲ့ တွေမပါလည်း ဒေသခံတောင်သူတွေ ကတော့ အမှန်တရားအတွက် ဆက် လက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော် ယုံကြည်ပါတယ်'' ဟူ၍ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှု ၅ မှုနှင့်အမှု ဖွင့်ခံရသူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ပြောကြားခဲ့သည်။
''ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီ လောက်မှာ လုံထိန်းတွေပါတဲ့ ကားအစီး ၂၀ လောက် ညောင်ပင်ကြီးကနေ ဦးပိုင်ဘက်ကို ဆက်လက်သွားတာ တွေ့ရတယ်။ ဆည်တည်းရွာဟောင်း အရှေ့ဘက်က တရုတ်ဆိုက်မှာလည်း လုံထိန်းတွေချထားသလို ဆည်တည်း ရွာကနေထွက် လမ်းနှစ်ခုဖြစ်တဲ့ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းမ နံဘေးက တုံရွာမ အရှေ့ဇရပ်နဲ့ မုံရွာ-ပုသိမ် လမ်းမကြီးပေါ်က မိုးကြိုးပြင်ရွာ ဇရပ်တို့မှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ၇ ယောက်လောက် ချထားတာကို တွေ့ရတယ်'' ဟု ဧပြီ ၂၈ ရက် နေ့က လက်ပံတောင်းတောင် အနီးရှိ အခြေအနေများနှင့် ပတ်သက်၍ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံတစ်ဦးက ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် အမှုဖွင့်ခံရသူများကို သတင်းပေး တိုင်ကြားရန် ပျက်ကွက်သူများအား ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရနိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ်ထောင်ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃ နှစ်အထိ၊ တစ်နှစ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက ပြဋ္ဌာန်းကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။
ဧပြီလ ၂၅ ရက်နေ့က ယာထွန်ခြင်း၊ ယာတဲဆောက်လုပ်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများပြန်လည် ဖြစ်ပွားခဲ့သည်။
တာမိုးညဲချမ်းသာကုမ္ပဏီနှင့်တရုတ်ကုမ္ပဏီတို့ပူးပေါင်း၍ သဘာဝလောင်စာရည်စက်ရုံလေးရုံ တည်ဆောက်မည်
တာမိုးညဲချမ်းသာအုပ်စု ကုမ္ပဏီနှင့် တရုတ်နိုင်ငံရှိ Sunshine KAIDI new energy Group co,Ltd တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သဘာဝ လောင်စာရည် စက်ရုံလေးရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ စီမံကိန်းအား လေးနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါစီမံကိန်း လုပ်ဆောင်နိုင်ရန် မြေဧက ခြောက်သိန်းခွဲခန့် ၀ယ်ယူမည်ဖြစ်ကာ အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော စီမံကိန်းသာ ဖြစ်ကြောင်း တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်စုလတ်သန့်ဇင်ဝင်းက ပြောပါသည်။
အဆိုပါ စီမံကိန်းတွင် စွမ်းအင် ထုတ်လုပ်နိုင်မည့် သစ်တောများ စိုက်ပျိုးမည်ဖြစ်ပြီး လေးနှစ်အတွင်း စက်ရုံလည်ပတ်နိုင်ရန် ကြီးထွားမှု မြန်ဆန်ကာ သဘာဝလောင်စာရည် ထုတ်လုပ်နိုင်မည့် သစ်ပင်များ စိုက်ပျိုးမည် ဖြစ်ကြောင်းလည်း ဒေါ်စုလတ်သန့်ဇင်ဝင်းက ပြောသည်။
''ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အာမခံချက် ပေးနိုင်တဲ့အပြင် သဘာဝလောင်စာရည် စက်ရုံဖြစ်တဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။ လောင်စာရည်ထုတ်ဖို့သစ်ပင်တွေ ခုတ်တဲ့အခါမှာလည်း သစ်ပင်တစ်ပင်လုံး မခုတ်ဘဲ ပြန်လည်ကြီးပြင်းနိုင်အောင် စနစ်တကျ စီမံကိန်းချ လုပ်မှာပါ''ဟု ဒေါ်စုလတ်သန့်ဇင်ဝင်းက ရှင်းလင်းပြောကြားသည်။
အဆိုပါ စီမံကိန်းအတွက် လိုအပ်သည့် မြေပမာဏ ဖြစ်သည့် မြေဧက ခြောက်သိန်းခွဲအား ၀ယ်ယူမရပါကလည်း စက်ရုံတစ်ရုံ ဆောက်လုပ်နိုင်မည့် မြေဧက တစ်သိန်းခွဲ ၀ယ်ယူ၍ စက်ရုံတစ်ရုံအား ကနဦး လည်ပတ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
''စက်ရုံတည်ဆောက်ပြီးရင် biomass ဓာတ်ဆီ၊ biomass ဒီဇယ်ဆီ၊ biomass လေယာဉ်ဆီတွေကို နိုင်ငံတကာ အဆင့်မီထုတ်လုပ် သွားမှာပါ၊ ကျွန်မတို့နဲ့လက်တွဲလုပ် ကိုင်တဲ့ ကုမ္ပဏီကလည်း ဗီယက်နမ် နိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ ပူးပေါင်း ပြီး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ခဲ့ပြီး ဗီယက်နမ်ဗဟို အစိုးရအဖွဲ့ရဲ့ ဂုဏ်ပြုမှတ်တမ်းတွေ ရထားပါတယ်'' ဟု တရုတ်ကုမ္ပဏီ တစ်ခုနှင့် လက်တွဲလုပ်ကိုင်သည့် အနေအထားပေါ် ၎င်းက သုံးသပ်ပြောဆိုသည်။
တာမိုးညဲချမ်းသာအုပ်စု ကုမ္ပဏီတွင် တာမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ သတ္ထုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီလီမိတက်၊ ချမ်းသာ ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်၊ စီမံကိန်းအားလုံး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် စုစုပေါင်း ကုမ္ပဏီခြောက်ခုဖြင့် လည်ပတ်နေပြီး Sunshine KAIDI new energy Group co,Ltd နှင့် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီခွဲမှာ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင်ဒေသ၌ လယ်ထွန်ရာမှပြန်လည်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အတွက် ဥပဒေအရ ပြင်းထန်စွာအရေးယူမည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်ခဲ့သော်လည်းသံဃာတော်များအား ဖော့စဖားရပ်စ်ဗုံးဖြင့် နှိမ်နင်းခဲ့မှုအတွက် ပြန်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား အရေးယူထားခြင်းမရှိသေး
4.28.5
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်နေသည့် သပိတ်စခန်းများအား ဖြိုခွင်းခဲ့စဉ်
ဧပြီ ၂၅ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူ သွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန် ကြေညာမှုအပေါ် စီလျော်မှုမရှိဟု ဝေဖန်သုံးသပ်ချက်များ ပေါ်ထွက်လာခဲ့သည်။
ယခုကဲ့သို့ ထုတ်ပြန်ခဲ့မှုသည် ယခင်က သံဃာတော်များ အပါအ၀င် ဒေသခံ လက်နက်မဲ့ ဆန္ဒပြ သပိတ်စခန်းအား အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် အဓိက တာဝန်ရှိသူတို့အား ဖော်ထုတ် အရေးယူခဲ့ခြင်း မရှိဘဲ ယခုမှ တရားဥပဒေအတိုင်း တိကျစွာ အရေးယူမည်ဟု ဆိုလာခြင်းအပေါ် ရှေ့နောက်ညီညွတ်မှု မရှိဟု သုံးသပ် ဝေဖန်ချက်များ ရှိလာခဲ့သည်။
အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်းဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေးဆိုသည့်အချက်ကို အဓိကထား၍ တောင်းဆိုခဲ့  . . .
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှမပြောရဲခဲ့ကြဘူး။ အခုအတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။ လက်ပံတောင်းတောင်ကြီး ပျောက်သွားမှာကို စိုးရိမ်ကြတာတွေ ရှိတယ်'' ဟု ဆိုသည်။
ထို့အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းအပေါ် ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အကြမ်းဖက်ခြင်းမျိုး မဖြစ်သင့်ကြောင်း၊ သံဃာတော်များ အကြမ်းဖက်ခံရစဉ်က အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ယခုကျမှ ဒေသခံ အချို့အပေါ် အရေးယူမည် ဆိုသည်မှာ မမျှတဟု ယူဆမိကြောင်း၊ အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာသော နည်းလမ်းနှင့် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်၍ ဝေဖန်အကြံပြုခဲ့သည်။
ရှေ့နေများ ကွန်ရက်မှ ဦးသိန်းသန်းဦက''အုပ်ချုပ်ရေးဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်ဆိုတော့ ဥပဒေအရတော့ ပြောစရာ ရှိနေတယ်။ ကျွန်တော့်အမြင် ပြောရရင် နှစ်ဖက်စလုံး ထိန်းသိမ်းသင့်တယ်လို့ ထင်တယ်။ ပြဿနာကို ပိုကြီးမလာအောင် လယ်သမားတွေ ဘက်ကလည်း ကော်မရှင် အစီရင်ခံစာအတိုင်း ကိုယ်ရသင့်တာ ကိုဥပဒေထဲကအတိုင်း ရနိုင်ဖို့အတွက် အတင်းရှေ့ကို မတိုးစေချင်ဘူး။ ဖြစ်ခဲ့ရင်ခံစရာရှိ လယ်သမားပဲခံကြရမှာ။ ခံစရာရှိရင် တစ်သက်လုံး ခံလာရတဲ့ ပြည်သူတွေပဲ ခံရမှာပါ။ ကော်မရှင် အစီရင်ခံစာ အရဆိုရင်ပဲ ဒေသခံ ပြည်သူတွေ မတရား အလုပ်ခံထားရတယ် ဆိုတာပေါ်ပါတယ်။ ဥပဒေအတွင်းကပဲ တောင်းဆိုတာမျိုး ဖြစ်စေချင်ပါတယ်။ ဒါကိုပိုပြီးကြီးထွား မလာစေချင်ဘူး။ ဒီစီမံကိန်းကို ဆက်လုပ်ပါလို့လည်း မတိုက်တွန်းဘူး။ ရပ်ပစ်လိုက်ပါလို့လည်း မတားဘူး။ နိုင်ငံတော်အစိုးရရယ်၊ ဦးပိုင်ရယ်၊ ၀မ်ပေါင်ရယ်၊ ဒေသခံ ပြည်သူတွေရယ် အကုန်လုံးပါတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက အစိုးရက ခေါင်းခေါက်ရွေးတာ မဟုတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါတဲ့အဖွဲ့တစ်ခုကပဲ ဆုံးဖြတ်သင့်ပါတယ်'' ဟု သုံးသပ်သည်။
4.28.6
ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် ဒေသခံအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားစဉ် မြင်ကွင်းတစ်ခု
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ''ကျွန်တော်တို့က တရားဥပဒေ အောက်က ဖြေရှင်းမယ်ဆိုရင် အစစ်အမှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျှတမှု ကိုလုပ်ပါ။ အားလုံးအပေါ်မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု တိကျသေချာစွာ ဝေဖန်ထောက်ပြသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က ထောက်ပြခဲ့ရာ၌ ''လက်ပံတောင်းတောင် အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ရေးထားပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲရှိတယ်။ ဗုံးမှာ ဖော့စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည်သူတွေကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင်ဒါက Criminal ဖြစ်တယ်။ သုံးခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကိုသူတို့က ဘာမှမဟုတ်သလိုလိုနဲ့ ခပ်တည်တည် နေနေကြတယ်'' ဟု ထောက်ပြခဲ့သည်။
ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ကေအိုင်အို၊ ကေအိုင်အေ စသည့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းပေါင်းစုံတို့က တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ထို့ပြင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံသုံး၍ ယခုအကြမ်းဖက် နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
သို့သော် အစိုးရအနေနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် သင့်-မသင့် စိစစ်ရန်သာ အဓိကထားသည့် အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် ဖွဲ့စည်းဆောင်ရွက် စေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုအဖွဲ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ၎င်းအဖွဲ့ကိုပင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုနှင့်ပက်သက်၍ ဒီဇင်ဘာ ၁ ရက်နေ့တွင် မုံရွာမြို့ ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် သြ၀ါဒ ခံယူပွဲ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ လိုချင်သည့် တောင်းပန်မှုမျိုး မဟုတ်သဖြင့် ထေရ်ကြီးဝါကြီး သံဃာတော်အချို့ တက်ရောက်ခဲ့ခြင်း မရှိသဖြင့် အထမမြောက်ခဲ့ချေ။ သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် ၀န်ချတောင်းပန်ပွဲ ပြုလုပ်ပေးရန် ဒေသခံများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ သံဃာတော်များက တောင်းဆို ခဲ့ကြသည်။ တောင်းဆိုမှု မရလျင် ဆန္ဒထုတ်ဖော်မည်ဟုလည်း အထက်မြန်မာပြည် သံဃာတော်များအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် သံဃာတော်များနှင့်အတူ ပြည်သူများက ဆန္ဒပြခဲ့ကြသည်။
လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်သည် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီစီမံကိန်းဆိုင် ရာတာဝန်ရှိသူ တစ်ဦးကလည်း စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော် မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းနေ့မှာပင် ကတိပြု ပြောကြားခဲ့သည်။
သို့ရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပုသိမ်၊ ကလေး စသည့်မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အချက်ငါးချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းအချက်များအနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး ဆိုသည့်အချက်ကို အဓိကထား၍ တောင်းဆိုခဲ့သည်ကို တွေ့ရသည်။
၎င်းအခြေအနေအပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ)က သုံးသပ်ခဲ့ရာ၌ ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်ကတည်းက အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲသိတယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းခြင်း မရှိရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့မရဘူး။ အလုပ်လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေမှာ အစိုးရ အနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရအနေနဲ့ နူးညံ့စွာ ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့်အဖွဲ့က မုံရွာ၊ ပခုက္ကူ၊ မန္တလေး ဒေသများမှ သြ၀ါဒစရိယ ဆရာတော်ကြီးများနှင့် လက်ပံတောင်းတောင်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဟန်းသာမဏေ အပါး ၁၀၀ ကျော်တို့ရှေ့တွင် လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် အပြစ်ရှိကြောင်း ၀န်ချတောင်းပန်ခဲ့သည်။
လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံ ရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ယင်းနေ့က ဖြစ်စဉ်အပေါ် ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာတွင် လက်ပံတောင်းတောင် ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသော်လည်း ဒေသခံတို့ကမူ ၎င်းတို့မှ စတင်ကျူးလွန်ခြင်း မဟုတ်ဟု ငြင်းဆိုခဲ့ကြသည်။
ထိုဖြစ်စဉ်တွင် ရှိနေခဲ့သည့် ဆည်တဲရွာဟောင်းမှ ဒေသခံ ကိုစန်းမောင်က ''ဧပြီ ၂၅ ရက်ကဖြစ်တဲ့ ပြဿနာမှာ ရွာသားတွေကစပြီး ကျူးလွန်တာ မဟုတ်ဘူး။ မိုးဦးမကျခင်မှာ ထွန်ယက်စိုက်ပျိုးတာ သဘာဝပဲ။ နေ့ကောင်းရက်မြတ်ရွေးပြီး ထွန်ယက်စိုက်ပျိုး သီးနှံချခဲ့တာ ဘိုးစဉ် ဘောင်ဆက် လုပ်လာခဲ့တဲ့ အစဉ်အလာပဲ။ လျော်ကြေးရယူခြင်း မရှိတဲ့ မြေပေါ်မှာ ထွန်ယက်စိုက်ပျိုး ကြတာကို လုပ်လို့မရဘူး။ ပုဒ်မ ၁၄၄ နယ်မြေ လို့ပြောတယ်။ ပုဒ်မ ၁၄၄ ဆိုတာဟာ ဒေသခံရွာသူရွာသားတွေကို မျိုးသုဉ်းစေတဲ့ လုပ်ရပ်တစ်ခုလို့ပဲ မြင်တယ်။ ဆည်တဲရွာဟောင်းက မရီရီဝင်းရဲ့ ယာကွက်ထဲမှာထွန်ရင်း ကိုအောင်စိုးကို ၀င်ဆွဲတော့ ပြန်ဆွဲရင်း တုတ်နဲ့အရိုက်ခံခဲ့ရတာ။ ကိုဝင်းကျော် စိုက်ခင်းထဲမှာ ကိုသောင်းထိုက်ကို အဆွဲခံခဲ့ရပြီး ခေါင်းကိုတုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက အေးအေးချမ်းချမ်း ထွန်ယက်နေသူတွေကို စပြီးလုပ်တာကိုတော့ဘာမှ မပြောကြဘဲ အပြန်အလှန် ခဲတွေနဲ့ ထုသူ တွေကိုတော့ ပြောတယ်'' ဟု ဆိုသည်။
၎င်းကပင် ဥပဒေအထက်တွင် မည်သူမျှမရှိဟု ပြောခဲ့ပြီး မီးလောင်ဗုံး အသုံးပြုခဲ့သည့် ကိစ္စအပေါ် မဖော်ထုတ်ခဲ့ဘဲ ဧပြီ ၂၅ ရက်အရေးကိုမူ ရှာဖွေဖော်ထုတ်ဖို့ ပြောခြင်းသည် မတရားဟု ယူဆရမည်ဖြစ်ကြောင်း ပြောသည်။
ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူဦးကို ပြန် လွှတ်ပေးရန် ဒေသခံရွာသားတချို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လုံခြုံရေး တာဝန်ရှိသူတို့က ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမပေါ်တွင် လုံခြုံရေးအထပ်ထပ် ချက်တားဆီးခဲ့သော ကြောင့်ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့် တွင်လူစုခွဲသွားကြောင်း သိရသည်။
ယင်းနေ့တွင်ပင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ်အကောင်အထည်ဖော်ေ ဆာင်ရွက်မည့် ကော်မတီညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်အရေးတွင် ဒေသခံတို့လိုလားသည့် အခြေခံကျသော အကြောင်းအရင်းကို မဖြေရှင်းနိုင်သေးသရွေ့ လက်ပံတောင်း တောင်အရေးသည်ပြီး ပြတ်နိုင်ဖွယ် မရှိဟု လက်ပံတောင်းတောင်အရေးကိစ္စကို စိတ်ဝင်စားေ လ့လာနေသူ အားလုံးက သုံးသပ်ထင်မြင် ထားကြသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အလှည့်ကျ မီးပေးစနစ် ပြန်လည်စတင်ရန် မရှိ
နွေရာသီတွင် ရေအားလျပ်စစ် ထုတ်လုပ်နိုင်မှု လျော့နည်းနေသောကြောင့် လျပ်စစ်ဓာတ်အား အပြည့်အ၀ ဖြန့်ဖြူးနိုင်ရန် လုံလောက်မှု မရှိသော်လည်း အလှည့်ကျ မီးပေးစနစ် ပြန်လည်စတင်ရန် အစီအစဉ် မရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သင်္ကြန်ပြီး နောက်ပိုင်းကာလတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များ၌ မကြာခဏ လျပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေသည့်အပြင် ရန်ကုန်ဆေးရုံကြီးကဲ့သို့ လျှပ်စစ်မီး မဖြစ်မနေ ရရှိရန် လိုအပ်သည့် နေရာအချို့၌ပင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
''ဓာတ်အားစနစ်ထဲကို ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အများစုရတယ်။ ရွှေလီကနေ၀ယ်တဲ့ ဓာတ်အားရှိတယ်။ နိုင်ငံပိုင် ရေအားလျှပ်စစ် စက်ရုံတွေရှိတယ်။ နွေရာသီမှာ သူတို့တွေဆီမှာ ရေခန်းနေတယ်။ မိုးတွင်းမှာ ရေရတယ်။ အဲဒီရေကို ဆောင်းတွင်းမှာ ထုတ်သုံးတယ်။ မိုးကျတော့ ရေမရှိဘူး။ သို့သော် နွေရာသီမှာ ပူတဲ့အတွက် လူနေအိမ်တွေက အဲယားကွန်းပိုသုံးတယ်။ လျှပ်စစ်ပိုသုံးတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့မှာရှိတဲ့ လူနေအိမ်တွေမှာ နေ့ခင်းဘက်တွေ မီးပျက်တာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အလှည့်ကျ စနစ်တော့ ပြန်လုပ်ဖို့ မရှိပါဘူး'' ဟု ၎င်းက ဆိုသည်။
ရွှေလီရေအားလျှပ်စစ် စက်ရုံမှ လျပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် သင်္ကြန်မတိုင်ခင် ကာလတွင် မဂ္ဂါဝပ် ၂၈၀ မှ ၃၀၀ ကြားထုတ် လုပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် မဂ္ဂါဝပ် ၁၂၀ မှ ၁၈၀ ကြားသာ ထုတ်လုပ်နိုင်တော့ကြောင်း၊ ထိုသို့ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု လျော့နည်းချိန်တွင် လူနေရပ်ကွက်များကို ညအချိန်တွင် လျပ်စစ်ဓာတ်အား ပုံမှန်ပေးနိုင်ရန် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများအား ယာယီဖြတ်တောက် ထားထားရကြောင်း၊ နေ့အချိန်တွင် စက်မှုလုပ်ငန်းများသို့ လျပ်စစ်ဓာတ်အား ပြန်လည်ပေးရသည့် အတွက် လူနေ ရပ်ကွက်အချို့တွင် မကြာခဏ မီးပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။
ယခင်နှစ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နေ့ခင်းဘက်တွင် ၇၈၆ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၇၅၄ မဂ္ဂါဝပ်သုံးစွဲခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး၏ နှစ်စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက အလုံဓာတ်အားပေး စက်ရုံဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံတကာအကူအညီများ တောင်းပေးမည်ဟု တောင်သူများအား ဒေါ်အောင်ဆန်းစုကြည်ကတိပြု
ဒေါ်အောင်ဆန်းစုကြည်က အတိုးနည်းသည့် နှစ်ရှည်ချေးငွေများနှင့် လယ်ယာသုံး
 စက်ကိရိယာ များအတွက် အကူအညီ တောင်းပေးမည်ဟု လယ်သမားများအား ကတိပေးထားကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ သတင်း ရရှိသည်။ လယ်သမားများက အကြွေးပြဿနာ ဖြေရှင်းပြီး စိုက်ပျိုးစရိတ် ရရှိရန် ရိတ်သိမ်းခြွေလှေ့ စက်ကဲ့သို့ လယ်ယာသုံး စက်ကိရိယာများကို နိုင်ငံတကာမှ အကူအညီများ ရအောင် တောင်းပေးမည်ဟု ဧပြီ ၂၄ က ၎င်းနေအိမ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။
"လယ်မြေသိမ်းမှု တွေကတော့ သူတိုက်ရိုက် မကူညီနိုင်ဘူး။ ကူညီနိုင်သူတွေကို တစ်ဆင့်ပြောပေးမယ်လို့ ပြောတယ်"ဟု ဦးသိန်းအောင်က ဆိုသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ လယ်သမား ကိုယ်စားလှယ်ပေါင်း ၂၀ ဦး တက်ရောက်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လယ်သမားအများစု တင်ပြသည်မှာ အကြွေးကိစ္စ အဓိကဖြစ်ပြီး လယ်မြေသိမ်းမှုများလည်း ပါဝင်သည်။ လယ်သမားများ တောင်းဆိုမှုမှာ နိုင်ငံတော် အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် အချိန်ပိုမိုတိုးမြှင့်ရေး၊ ပဲနှမ်းစိုက်ပျိုးသည့် ယာမြေများကိုလည်း စိုက်ပျိုးစရိတ် ချေးငွေကို ယခုထက်ပိုမိုးတိုးမြှင့်ပေးရေး၊ ဥယျာဉ်ခြံစိုက်ပျိုး သူများကိုလည်း ချေးငွေပေးနိုင်ရေး လယ်သမားများက တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။ 
ဆိုင်ကယ်ဖယ်ခိုင်းသည့် ယာဉ်ထိန်းရဲကို လူနှစ်ဦးရိုက်နှက်
ဒေါပုံမြို့နယ် သင်္ဘောကျင်း မီးပွိုင့်အနီး ဆိုင်ကယ်မှောက်၍ လမ်းပိတ်နေသည်ကို  လမ်းဘေးသို့ ဖယ်ရှားခိုင်းသည့် ရဲအရာရှိအား ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က ဆိုင်ကယ်မောင်းသူ နှစ်ဦးက သံတုတ်ဖြင့် ဝိုင်းရိုက် နှက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ အရက်သောက်ထားပြီး လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးနင်းလာသူနှစ်ဦး အရှိန်မထိန်းနိုင်ဘဲ လဲကျခဲ့ကာ လမ်းပိတ်နေ၍ တာဝန်ကျ ယာဉ်ထိန်းရဲ အရာရှိက လမ်းဘေးသို့ ရွှေ့ပေးရန် ပြောဆိုခြင်းကို ၄င်းတို့ နှစ်ဦးက ဆဲဆို၍ ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၄င်းလူနှစ်ဦးက ဆိုင်ကယ်မပါဘဲ ပြန်ရောက်ရှိလာပြီး ရဲအရာရှိကို ဆဲဆိုကာ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ငါနဲ့ကိုင်တုတ်ပြီး လိုက်ရိုက်နေတာ။ လူအများကြားမှာ ယူနီဖောင်းနဲ့ ထွက်ပြေးရတာတော့ မသင့်တော်ဘူး ပေါ့ဗျာ" ဟု ရိုက်နှက်ခံရသူ ယာဉ်ထိန်းရဲအရာရှိ ရဲအုပ်ဦးဇော်ဝင်းက ဆိုသည်။ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဒေါပုံမြို့နယ်တွင် နေထိုင်သည့် ဦးရဲထိုက်က ယူလာသော သံတုတ်ဖြင့် ရဲအုပ်ဦးဇော်ဝင်း ၏ ညာဘက်ပခုံးနှင့် ရင်ဘတ်ကို ရိုက်နှက် ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ဦးဇော်နိုင် က လက်သီးဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
ရဲအရာရှိသည် လိုင်စင်မဲ့ ဆိုင်ကယ် ကို ဖမ်းဆီးခြင်း မဟုတ်ဘဲ ဖယ်ခိုင်းခြင်းသာ ဖြစ်ပြီး မောင်းသူနှစ်ဦး မှာလည်း မူးနေသောကြောင့် ရမ်းကားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲ အရာရှိမှာ လိုက်ရိုက်ခံရသဖြင့် ထွက်ပြေးစဉ် ချော်လဲခဲ့ပြီး ပြန်လည်တုံ့ပြန် ခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြား သည်။
ရန်ကုန်မြို့ ကားလမ်းမ များပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသည့် သူများထဲမှ လူငယ်အများစုသည် ဆိုင်ကယ် စီးနင်းခွင့် ပြုထားခြင်းမရှိသော နယ်မြေတွင် စီးနင်းရုံ သာမက အခြားအပြစ်များ ထပ်မံကျုးလွန်ရန် ဝန်မလေးဘဲ ယာဉ်မောင်းသူများကို ရန်စမှုများပင် ရှိကြောင်း အငှားယာဉ်မောင်း ဦးပေါက်က ပြောကြားသည်။ အဆိုပါ ယာဉ်ထိန်းရဲကို ရိုက်နှက်မှု နှင့်ပတ်သက်၍ ရိုက်နှက်သူ နှစ်ဦးကို (ပ) ၁၄၇/၁၃၊ ပုဒ်မ-၃၃၂၊ ၂၇၉ ၊ ၂၉၄၊ ၅၀၆၊ ၁၁၄ တို့ဖြင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်း သိရှိရသည်။ 
မန္တလေး-တရုတ်ပြည်ခရီးစဉ် တိုးချဲ့ပြေးဆွဲရန် MAI စီစဉ်
ဂျပန်နိုင်ငံ Saiyu ခရီးသွားကုမ္ပဏီ၏ ကမ်းလှမ်းမှုဖြင့် ဂျပန်- မန္တလေး လေယာဉ်စင်းလုံးငှား ခရီးစဉ်တစ်ခု ဖြစ်သည့် ဂန်ဇိုင်း-မကာအို-မန္တလေးခရီးစဉ်ကို ပြေးဆွဲခဲ့ကြောင်း မန္တလေး MAI ရုံးခွဲတာဝန်ခံ ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
MAI အနေဖြင့် နောက်ပိုင်းတွင် ယခုလိုခရီးစဉ်များကို ပြေးဆွဲရန်စီစဉ်လျှက်ရှိသည့်အပြင်
မန္တလေး-ကွမ်ဇိုး ၊ မန္တလေး-ဟောင်ကောင် ခရီးစဉ်များကိုလည်း ပြေးဆွဲရန်စီစဉ်နေသည်ဟု သိရသည်။
" ကျွန်တော်တို့ခရီးစဉ်ကို Carrer လုပ်ပေးတာပါ ၊ ဂျပန်တိုးကုမ္ပဏီဖက်ကနေ ငှားခဲ့တဲ့အတွက် ပြေးဆွဲပေးခဲ့ ပါတယ်၊ မြန်မာပြည်ဘက်ကတော့ Tour Mandalay က စီစဉ်တာပါ " ဟု ဦးဇော်ဝင်းက ပြောကြားသည်။
လက်ရှိပြေးဆွဲနေသော ခရီးစဉ်များနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်အပြင် မန္တလေး - ဘန်ကောက် - မန္တလေး
( Round Trip ) ခရီးစဉ်ကိုလည်း ပြေးဆွဲလျက်ရှိပြီး လူအများစိတ်ဝင်စားလျှက်ရှိသည်ဟု သိရသည်။
" ကျွန်တော်တို့အခု မန္တလေး - ဘန်ကောက် - မန္တလေး ခရီးစဉ်ကို 174$ ဒေါ်လာနဲ့ ပြေးဆွဲနေပါတယ် ၊ အဲဒီခရီးစဉ်မှာ ၀န်ဆောင်မှု အားလုံးပေးထားပါတယ်ဆိုပေမဲ့ ခရီးသည်နဲ့ တစ်ပါတည်းပါမယ့် ပစ္စည်းဖိုးတော့ ကီလိုနဲ့ဝယ်ရမှာဖြစ်ပါတယ်၊ ကျန်တဲ့ဟာတော့ ( Full Service ) ပေးပါတယ်"ဟု ဦးဇော်ဝင်းကပြောကြားသည်။
MAI မှ ယခုလိုပြေးဆွဲနေသည့်ခရီးစဉ်များနှင့်ပတ်သက်၍ မန္တလေးမှ တရုတ်နိုင်ငံသို့သွားရောက်နေသည့် ကုန်သည်များက တရုတ်နိုင်ငံသို့ ပြေးဆွဲမည့်ခရီးစဉ်များကိုလည်း နှစ်သက်ကြောင်းသိရသည်။
" အရင်တုန်းကတော့ ဒီပြင့် လေကြောင်းလိုင်းစီးပြီးသွားရတော့ပေါ့ အသွားအပြန်ကို ခရီးစရိတ်ကြီးပဲ မြန်မာငွေ ၆သိန်းနီးပါးကုန်တယ် ။ ပြီးတော့ ရန်ကုန်ကနေ တစ်ဆင့်သွားစီးရတယ်လေ၊ ခုလိုပြေးဆွဲဖို့စီစဉ်တယ်ဆို
မန္တလေးကနေပဲ တန်းသွားရတဲ့အတွက် အချိန်ကုန်သက်သာသွားတာပေါ့ " ဟု မန္တလေးမှ ကုန်သည်တစ်ဦးက ပြောသည်။
MAI လေယာဉ်လိုင်း၏ ဂျပန် - မန္တလေး စင်းလုံးငှားလေယာဉ်ခရီးစဉ်များအား မေလ(၁)ရက်၊ (၆)ရက်နေ့နှင့် (၁၁)ရက်နေ့များ၌ ထပ်မံလာရောက်မည်ဟု သိရသည်။
http://www.myitmakhamediagroup.com/administratorpanel/image/29-04-13-1.jpg