Tuesday, April 30, 2013

လက်ပံတောင်းတောင် ၀န်းကျင်ဒေသ တည်ငြိမ်ရေး ပျက်ပြားအောင် လုပ်ဆောင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လူ ၈ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူ

လက်ပံတောင်းတောင် ၀န်းကျင်ဒေသ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး အကြောင်းပြကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်သည် ဟူသော စွပ်စွဲချက်ဖြင့် လူရှစ်ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထားကြောင်း ကြေညာချက်ကို ဧပြီ ၂၈ ရက်နေ့တွင် ဖြန့်ချိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြေညာချက်ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးတင်ယု၏ လက်မှတ်ဖြင့် လက်ပံတောင်းတောင် ဒေသများသို့ ဖြန်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အမှုဖွင့် အရေးယူထားသော လူရှစ်ဦးအနက် ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ သောင်းထိုက်ဦးမှာ အမှု ၁၈ မှုဖြင့် အများဆုံး အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုးက ၁၄ မှု၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ၅ မှု၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဗထူးက ၉ မှု၊ သားကြီးက ၆ မှု၊ ကိုလတ်က ၈ မှု၊ ကိုသော်ဇင်က ၅ မှု၊ ကိုသူက ၁ မှုတို့ဖြင့် အသီးသီး အမှုဖွင့်ခံထားရကြောင်း သိရသည်။

''အမှုဖွင့် ခံထားရတယ်လို့သာ သိရတယ်။ အမှုဖွင့်ခံရတဲ့သူတွေဟာ အကြောင်းကြားခြင်းလည်း မခံရသလို ရဲလုပ်ထုံးလုပ်နည်းအရ ခေါ် ယူမေးမြန်းပြီးမှ အမှုဖွင့်တာလည်း မဟုတ်ဘူး။ တဖက်သတ် စွပ်စွဲခံရတာမို့ စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေက မေးစရာဖြစ်နေတယ်။ အကျိုးဆောင် ကွန်ယက်တို့၊ အခြားကူညီတဲ့ အဖွဲ့ တွေမပါလည်း ဒေသခံတောင်သူတွေ ကတော့ အမှန်တရားအတွက် ဆက် လက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော် ယုံကြည်ပါတယ်'' ဟူ၍ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမှု ၅ မှုနှင့်အမှု ဖွင့်ခံရသူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ပြောကြားခဲ့သည်။

''ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီ လောက်မှာ လုံထိန်းတွေပါတဲ့ ကားအစီး ၂၀ လောက် ညောင်ပင်ကြီးကနေ ဦးပိုင်ဘက်ကို ဆက်လက်သွားတာ တွေ့ရတယ်။ ဆည်တည်းရွာဟောင်း အရှေ့ဘက်က တရုတ်ဆိုက်မှာလည်း လုံထိန်းတွေချထားသလို ဆည်တည်း ရွာကနေထွက် လမ်းနှစ်ခုဖြစ်တဲ့ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းမ နံဘေးက တုံရွာမ အရှေ့ဇရပ်နဲ့ မုံရွာ-ပုသိမ် လမ်းမကြီးပေါ်က မိုးကြိုးပြင်ရွာ ဇရပ်တို့မှာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ၇ ယောက်လောက် ချထားတာကို တွေ့ရတယ်'' ဟု ဧပြီ ၂၈ ရက် နေ့က လက်ပံတောင်းတောင် အနီးရှိ အခြေအနေများနှင့် ပတ်သက်၍ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် အမှုဖွင့်ခံရသူများကို သတင်းပေး တိုင်ကြားရန် ပျက်ကွက်သူများအား ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရနိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ်ထောင်ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃ နှစ်အထိ၊ တစ်နှစ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက ပြဋ္ဌာန်းကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ပေးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

ဧပြီလ ၂၅ ရက်နေ့က ယာထွန်ခြင်း၊ ယာတဲဆောက်လုပ်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများပြန်လည် ဖြစ်ပွားခဲ့သည်။

 

ပြည်မြို့၊ နဝဒေး တံတားအနီး သောင်ပြင်ပေါ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် စပ်လျဉ်း၍ ရေလုပ်သား တံငါသည် ၃ ဦးအား ရဲနှင့်စစ်တပ်မှ ခေါ်ယူစစ်ဆေး

ပြည်မြို့၊ နဝဒေးတံတားအနီး သောင်ပြင်ပေါ်တွင် ဧပြီလ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် စပ်လျဉ်း၍ ပြည်မြို့၊ ဧရာဝတီမြစ် တစ်ဖက်ကမ်း သစ်စိမ့်ပင် ကျေးရွာအနီး ရေလုပ်သား တံငါသည် ၃ ဦးအား ဧပြီလ ၂၇ ရက်ညနေမှ ၂၈ ရက်နေ့ ညနေအထိ ပြည်မြို့၊ မြို့မရဲစခန်းနှင့် ခ.လ.ရ ၇၅ တပ်ရင်းတို့မှ တာဝန်ရှိသူများမှ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရသည့် တံငါသည် ၃ ဦးမှာ ရွှေဘုံသာအုပ်စု၊ သစ်စိမ့်ပင်ရွာနေ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ခ.လ.ရ ၇၅ တပ်ရင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့မှ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားခဲ့ပြီး ပြည်မြို့၊ မြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့မရဲစခန်းဝင်း အတွင်း၌ပင် ညအိပ်ခဲ့ရကာ ဧပြီလ ၂၈ ရက်နေ့ နံနက်တွင် ခ.လ.ရ ၇၅ တပ်ရင်းမှ တာဝန်ရှိသူများက ကားဖြင့် လာရောက်ခေါ်ဆောင်ကာ တပ်အတွင်း၌ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ညနေ ၃ နာရီခန့်တွင် ၎င်းတို့ ၃ ဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်၍ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးဖြစ်သူမှ ၎င်းတို့အား သက်သေအဖြစ်သာ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

"ကျွန်တော်ရယ် ကိုရဲနိုင်နဲ့ ကိုမြင့်ရွှေတို့ ၃ ဦးကို ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ တပ်ရင်းမှူး၊ G-1 နှင့် ရဲတွေက စစ်ဆေးမေးမြန်းစရာ ရှိလို့ဆိုပြီး လာခေါ်သွားပါတယ်။ ကျွန်တော်တို့ကို မနေ့ညက မြို့မရဲစခန်းမှာ ရဲတွေက စစ်ဆေးပါတယ်။ ပြီးတော့ ရဲစခန်းမှာပဲ ညအိပ်ခဲ့ရပါတယ်။ အချုပ်ထဲမှာတော့ မဟုတ်ဘူး။ အပြင်မှာ ကုတင်နဲ့ အိပ်ရပါတယ်။ ဒီနေ့မနက်ရောက်တော့ ၇၅ တပ်က G-1 က ကျွန်တော်တို့ကို ကားနဲ့ လာခေါ်သွားပါတယ်။ ဟိုရောက်တော့ တပ်ထဲမှာ တပ်ရင်းမှူးရော တပ်မှူးရော ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်ကို စာရွက်စာတမ်းနဲ့ သူတို့ ရေးမှတ်ယူထားလိုက်တယ်။ ကျွန်တော်တို့ကို ထမင်းကျွေးပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ပြီးတော့ နေ့ခင်းပိုင်းမှာ ပြန်ခွင့်ပြုမယ်လို့ ပြောတဲ့အတွက် ရွာကလူကြီးတွေနဲ့ မိသားစုဝင်တွေပါ လာကြိုကြပါတယ်။ နောက်ထပ် လိုအပ်ရင် စစ်ဆေးမေးမြန်း ဦးမယ်လို့လည်း ပြောတယ်" ဟု တံငါသည် ကိုအေးထွေးမှ ပြောကြားခဲ့ပါသည်။

ရွှေဘုံသာအုပ်စု သစ်စိမ့်ပင်မှ ဦးထွန်းဝေကလည်း "သူတို့ကို ခေါ်ယူစစ်ဆေးတာနဲ့ ပတ်သက်ပြီး သိရတာက ပြည်တစ်ဖက်ကမ်းက သောင်ပြင်မှာ တဲလေးတစ်တဲ ရှိတယ်။ ခုနက ၃ ယောက်က အဲဒီ တဲလေးမှာ လှေဆိုက်ပြီး ပုရစ်ကောက်တဲ့ အခါကျတော့ တဲလေးကို စစ်ဆေးလိုက်တာမှာ သူတို့ကိုပါ ခေါ်စစ်တာလို့ သိရတယ်။ တပ်က G-1 ဖြစ်သူကလည်း ကျွန်တော်တို့ ရွာကို ဖုန်းဆက်ပြီး ဒီလို မေးမြန်းစစ်ဆေးတာကလည်း သူတို့မြင်မိ ကြားမိတာများ ရှိသလားလို့ စစ်ဆေးတာပါလို့ ပြောပါတယ်" ဟု ဆိုပါသည်။

ထိုသို့ တံငါသည် ၃ ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းမှုနှင့် ပတ်သက်၍ သစ်စိမ့်ပင်ရွာနေ ဒေသခံများနှင့် မိသားစုဝင်များက စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စစ်တပ်မှ ယခုကဲ့သို့ ခေါ်ယူမေးမြန်းမှုသည် ရဲအရေးပိုင်သည့် ကိစ္စဖြစ်၍ ရဲမှသာ သက်သေအဖြစ် ခေါ်ယူစစ်ဆေး မေးမြန်းသင့်ကြောင်းနှင့် သက်သေရရှိရန် ယခုကဲ့သို့ ပြည်သူအား တပ်မှခေါ်ယူ မေးမြန်းခြင်းမှာ လျော်ညီမှု မရှိကြောင်း ယခုမှုခင်းဖြစ်ရပ်နှင့် ပတ်သက်၍ မသင်္ကာဖွယ် တရားခံအဖြစ် တပ်အချုပ်အတွင်း၌ ဖမ်းဆီးထားသည့် တပ်သား၃ ဦး၏ ဓာတ်ပုံအားလည်း သက်ဆိုင်ရာ တပ်ရင်းမှနေ၍ ပြည်သူသို့ ထုတ်ပြန်ပေးသင့်သည်ဟု ပြည်ခရိုင် ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးမှ ပြောကြားခဲ့ပါသည်။

ပြည်မြို့၊ န၀ဒေးတံတားအနီး၊ ရှုခင်းသာကော်ဖီဆိုင် အောက်ခြေ၊ သောင်ပြင်သို့ လာရောက်သော သမီးရည်းစား စုံတွဲအား ပြည်မြို့၊ ခ.လ.ရ (၇၅)မှ တပ်သားသုံးဦးမှ ပစ္စည်းလုယူ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့်ဖြစ်စဉ် ဧပြီလ ၂၃ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူများမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ သောင်ပြင်တစ်ဝိုက်နှင့် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းဟောင်းတစ်လျှောက် နေရာများအား ၀ိုင်းဝန်းရှာဖွေခဲ့ရာ ပြည်မြို့အထွက် ခ.လ.ရ (၇၅)မှ တပ်သားသန်းထိုက်အောင်၊ တပ်သားရဲကိုဦးတို့နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်၌ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တပ်သားတစ်ဦးမှာမူ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးဦးမြင့်ဦးက "ညက ဖမ်းမိထားတဲ့ တရားခံနှစ်ယောက်အပြင် လွတ်သွားတဲ့သူ တစ်ဦးကိုပါ ဖမ်းဆီးထားပါပြီ။ သူတို့ကို လောလောဆယ် သက်ဆိုင်ရာ တပ်ရင်းရုံးက အချုပ်မှာပင် ထိန်းသိမ်းထားပါတယ်" ဟု ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ ကာလအတွင်း ပြောကြားထားခဲ့ပါသည်။

 

လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်


4.29.3

၂၀၁၃ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်မှုကို ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ဦးစီး၍ ဧပြီ ၂၉ ရက်နေ့တွင် ညနေ ၄ နာရီမှ စတင်ကာ သံဃာတော်နှင့် လူဦးရေ စုစုပေါင်း ၅၀ ခန့်နှင့်အတူ ၂ နာရီကြာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့နှင့် လွတ်လပ်ရေး ကျောက်တိုင်အားပတ်ကာ အချက်ငါးချက်အား တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

"လက်ပံတောင်းတောင် ဖြစ်စဉ်နဲ့ ပတ်သတ်လို့လက်ရှိအချိန်ထိ ဘယ်သူကိုမှ အရေးယူနိုင်မှု မရှိသေးတဲ့အပြင် ပါဝင်ကူညီနေတဲ့ အဖွဲ့အစည်းက လူတွေကိုလည်း ဖမ်းဝရမ်းတွေထုတ် ဖမ်းဆီးမှုတွေ ပြုလုပ်နေတာဟာ မတရားမှုတွေ ဖြစ်ပါတယ်'' ဟု ရန်ကုန်ပြည့်သူ အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠုက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဆန္ဒပြသူများက ဖမ်းဆီးထားသော ဒေသခံ (၂)ယောက်နှင့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးတို့၏ လက်ရှိကျန်းမာရေး အခြေအနေနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ချက်ခြင်းသတင်း ထုတ်ပြန်ပေးရန်နှင့် ချွင်းချက်မရှိ လွှတ်ပေးရေး။ ပုဒ်မ (၁၄၄) နှင့် စီမံကိန်း လုပ်ငန်းများအား လယ်ယာမြေ ပြသာနာများ ညှိုနှိုင်းမှု ကြားကာလများအတွင်း ရပ်စဲထားရေး။ ပဋိပက္ခ ဖြစ်ပွားနိင်သော အခြေအနေများနှင့် အကြမ်းဖတ် ၀င်ရောက်ဖမ်းဆီးမှုများ ဒေသအတွင်း မည်သူ့ကိုမှ ထပ်မံမပြုရန်။ လက်ပံတောင်းအရေးနှင့် ပါတ်သက်၍ အမှုဖွင့် တရားစွဲ ၀ရမ်းထုတ်ခံထားရသော ဒေသခံများနှင့် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီအရေးအတွက် ဒေသခံများအား ၀န်းရံကူညီသူများအား ချွင်းချက်မရှိ လွှတ်ပေးရေး။ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်းများအား အကြမ်းဖတ် ဖြိုခွဲခံရမှုအား တာဝန်ရှိသူမှ ဥပဒေအရ တာဝန်ယူရေး စသည့်တို့ ပါဝင်သော အချက်ငါးချက်ကို တောင်းဆိုခဲ့သည်။

4.29.3

ယင်းဆန္ဒထုတ်ဖော်မှုအတွင်း လက်ပံတောင်းတောင် သံဃာများမှ လက်ပံတောင်းတောင်တွင်၂၀၁၂ ခုနှစ် ၁၁ လပိုင်း ၂၉ ရက်နေ့တွင် မီးသတ်ကားများဖြင့် ရေပက်၍ မီးလောင်ဗုံးများဖြင့် ကြေးနီစီမံကိန်းအား ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ခဲ့ကြသော သံဃာများ အား မီးလောင်းဗုံးဖြင့် အကြမ်းဖက်ခဲ့ကြသော အဖွဲ့အစည်းများအား ဖော်ထုတ် အရေးယူပေးပါရန်၊ သိမ်းဆည်ထားသော လယ်မြေများအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ကို ပြည်လည်ရုပ်သိမ်း၍ လယ်မြေများအား ပြန်လည် လုပ်ကိုင်ခွင့်ပြုရန်၊ စုံစမ်းရေး အဖွဲ့သည် ပွင့်လင်းမြင်သာစွာ ရပ်ရွာသားများနှင့် အများပြည်သူ မြင်သာအောင် ချပြပေးရန်နှင့် ပြည်ထောင်စုဝန်ကြီး အဆင့် လက်ပံတောင်းတောင် သံဃာများအား ၀န်ခံတောင်းပန်သော တောင်းပန်ချက်ကို ခွင့်လွှတ်သည်မှာ ကိုရင်လေး ကစ္စဏအား ထိုင်နိုင်ငံမှာ ဆေးကုသခွင့်ပြုခြင်းကြောင့် ခွင့်လွှတ်ခဲ့ခြင်း ဖြစ်သော်လည်း ကိစ္စအ၀၀ကိုမူ ခွင့်မလွှတ်နိုင်ပါဟု အချက် လေးချက်အား လက်ပံတောင်း ကြေးနီစီမံကိန်း ၅ လပြည့် သဘောထား ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။

ယခုဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သော ရန်ကုန်ပြည့်သူ့ အကျိုးဆောင်ကွန်ရက်မှာ လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်၍ လက်ရှိအချိန်ထိ ၄င်းအဖွဲ့အစည်းမှ ဖမ်းဝရမ်းထုတ် ခံထားရသူ ၁၅ ဦးနှင့် ဖမ်းဆီးထားခံရသူ တစ်ဦးတို့ရှိကြောင်း ကိုဝေဠုထံမှသိရသည်။

 

ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်

ရခိုင်ကမ်းဝေ ငါးဖမ်းခွင့်ကို ဇွန်လ တစ်ရက်နေ့မှ စတင်ပြီး Closing Season အဖြစ်သတ်မှတ်ကာ ရက်ပေါင်း (၄၅) ရက် တိတိ ပိတ်ထားမည်ဟု ငါးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Fishing-Boat-Arakan

" ဇွန်လ ၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိတ်မှာပါ။ ကျွန်တော်တို့ ၃လ  တောင်းဆိုထားတာကို တစ်လခွဲဘဲ ဗဟို အစိုးရက သတ်မှတ်ပေးပါတယ်" ဟု ဆိုသည်။

ယခု ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်ရခြင်းမှာ ငါးမျိုး မပြုန်းတီးရေနှင့် ငါးများ ရှင်သန်ကျက်စားမူ တိုးလာရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

" အခု သတ်မှတ်ချက်က ကမ်းနီး မပါဝင်ပါဘူး။ ဒါကြောင့် ဒေသအတွင်းက ငါးဖမ်းသမားတွေ အတွက် မထိခိုက်နိုင်ပါဘူး။ အခု ကမ်းဝေး ပင်လယ်ပြင်မှာ ဖမ်းနေတဲ့ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြား ကုမ္ပဏီ အတွက် တားမြစ်ထားတာပါ" ဟု ဆိုသည်။

ယခုကဲ့သို့ ကမ်းဝေး ငါးဖမ်းခွင့်အား ယာယီ ပိတ်ထားမည့် အစီစဉ်ကို ရခိုင် ကမ်းရိုးတန်းတွင်သာမက ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတို့တွင်ပါ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပင်လယ်ပြင်သည် ကျောက်ဆောင်များ ပေါများပြီး ငါးများခိုအောင်းရန် သန္တာကျောက်တန်းများကြောင့် ငါးပေါများကြောင်း သိရသည်။ သို့သော် ရခိုင်ပင်လယ်ပြင်တွင် အမျိုးအမည်မသိသော ငါးဖမ်း သင်္ဘောများဖြင့် နေ့စဉ် ၀င်ရောက် ဖမ်းဆီးနေသဖြင့် ငါးများမှာ တဖြည်းဖြည်းနှင့် ရှားပါးလာသည်ဟု သိရသည်။

 

စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်

ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့နယ်တွင် ပြုလုပ်ခဲ့သော ဆွဲတင်စစ် လူဦးရေ စာရင်းကောက်ခံသူများအား အနှောင့်အယှက် ပြုလုပ်ခဲ့သူများ၊ လူထု ဆူပူ အုံကြွမူ ဖြစ်အောင် လူံ့ဆော်  ဖန်တီးခဲ့သူများအား ဥပဒေနှင့် အညီ အရေး ယူသွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်တွင် ဖေါ်ပြသည်။

U-Hla-Maung-Tin

ဧပြီလ ၂၆ ရက်နေ့က အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူမူကို စာရင်း ကောက်ယူရေး အဖွဲ့ (၁၈) ဖွဲ့ဖြင့် စစ်တွေမြိ့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည် စခန်းများတွင် စာရင်း ကောက်ယူခဲ့ရာ တည်ငြိမ်အေးချမ်းမူကို ပျက်ပြားစေမည့် အပြုအမူများ၊ လူထု ဆူပူအုံကြွမူ ဖြစ်စေမည့် လူံ့ဆော်မူများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

သို့အတွက် အိမ်ထောင်စု စာရင်းကောက်ယူမည့် အစီအစဉ်ကို ယာယီ ရပ်နားခဲ့ရသည်။

၎င်းနောက်ပိုင်း ညနေ ၃ နာရီတွင် ရခိုင်ပြည်နယ် အစိုးရရုံးတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ အရာရှိကြီးများသည် အစည်းအဝေး တစ်ရပ် အရေးပေါ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းမှ အဆိုပါ လုပ်ရပ်သည် တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေပြီး ဥပဒေနှင့် မညီသည့် လုပ်ရပ်ဖြစ်သဖြင့် လိုအပ်သလို ထိန်းသိမ်းပေးကြရန်နှင့် လုံခြုံရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ဦးဆောင်ပါဝင်သူများကို စိစစ်ဖေါ်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခု စစ်တွေမြို့နယ်တွင် ဆွဲတင်စစ် လူဦးရေ စာရင်း ကောက်ခံရခြင်းမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အပြီးတွင် လူဦးရေ စာရင်း ဇယား အတိုး အလျှော့ တိကျ မှန်ကန်စွာ ရရှိရေး၊ မွေးဖွားခြင်း သေဆုံးခြင်းများကို လိုအပ်သလို စာရင်း အတိုး အလျှော့ ပြုလုပ်နိုင်ရေး၊ ဒုက္ခသည်များအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ပုံမှန် စားဝတ်နေရေးနှင့် ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည် စခန်းများသို့ အခြားဒေသများမှ တရားမ၀င် ရောက်ရှိလာမူ ရှိမရှိကို စစ်ဆေးနိုင်ရေးတို့ အတွက် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ဒုက္ခသည်စခန်းများသို့ စစ်ဆေးရေးအဖွဲ့များ ရောက်ရှိပြီးနောက် ဆူပူမူများနှင့် အတူ စာရင်းစစ် အဖွဲ့များအား အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။ သို့အတွက် တချို့နေရာများတွင် ရော်ဘာ ကျည်ဆံများ အသုံးပြု ပစ်ခတ်ခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်မှ ထိုသို့ တိုက်ခိုက်မူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဘင်္ဂလီ လူငယ် တစ်ဦး ရော်ဘာကျည်ဆံ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။

အဆိုပါ ဆွဲတင်စစ် လူဦးရေ စာရင်းစစ်ဆေးမူကို ၂၀၁၃ ခုနှစ် မတ်လ အတွင်း မောင်တောမြို့နယ်တွင် ပြုလုပ်ရာ အောင်မြင်စွာ ပြီးစီးခဲ့သည်ဟု သိရသည်။

 

လက်ပံတောင်း ဒေသခံများ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ တောင်သူလယ်သမား ၅၀၀ ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေးအတွက် တနင်္လာနေ့ မွန်းလွဲပိုင်းက ချီတက်ဆန္ဒပြ ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ မစန္ဒာ က ပြောသည်။

"တုံရွာ ကနေ ညောင်ပင်ကြီး(ဆိပ်ကမ်းရွာ) အထိ၊ ရွာတွေက အများကြီးရှင့် ၂၆ ရွာက ရွာသားတွေရှင့်။ နေ့လည် ၂ နာရီက စပြတာ အခု ညောင်ပင်ကြီး ရောက်နေပြီရှင့်။ လုံခြုံရေးက ဆားလင်းကြီးနဲ့ မုံရွာက ရဲတွေပါပဲရှင့်။ သူတို့က တုံ့ပြန်မှု မရှိပါဘူးရှင့်။ ကျမတို့က တရားဝင် ဆန္ဒပြခွင့် အမိန့်နဲ့ ပြတာရှင့်" ဟု မဇ္စျိမကို ပြောဆိုသည်။

ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရေး တောင်းဆိုကြပြီး
ကြေးနီစီမံကိန်းအတွက် အသစ်ပြင်ဆင်ချုပ်ဆိုသော စာချုပ်၊ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီ အလိုမရှိကြောင်းလည်း ဆန္ဒပြ ကြွေးကြော်ကြသည်။ လျော်ကြေး မယူရသေးသော လယ်ယာ မြေများပေါ်ရှိ ကုမ္ပဏီပိုင် အဆောက်အဦနှင့်
မြေစာပုံများ ဖယ်ရှားရန်လည်း တောင်းဆိုကြသည်။

စိုးရိမ်မှုများ ရှိထားသလို လုံခြုံရေး အာဏာပိုင်များမှ အကြမ်းဖက်ဖြေရှင်းမှု တစုံတရာ မရှိသေးကြောင်း မဇ္စျိမကို
ပြောဆိုသွားသည်။

အမေရိကန်နှင့် မြန်မာ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု ပြန်လည်စတင်

မြန်မာနိုင်ငံတွင် သြဇာအာဏာအပြည့်ရှိသည့် တပ်မတော်နှင့် စစ်တပ်ချင်းပြန် လည်ဆက်ဆံရေး ပြုလုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက သတိကြီးစွာဖြင့် ပြန်လည်စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ပင်တာဂွန် အရာရှိများက ပြောကြားလိုက်သည်။

ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် စစ်တပ်၏ အရေးပါသော အခန်းကဏ္ဍကို သိရှိသည့်အားလျော်စွာ ထိုသို့ ဆက်ဆံခြင်းဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူအား ကိုးကား၍ ဝါရှင်တန်မှ ပေးပို့သည့် PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တပ်မတော်က ကျူးလွန်ခဲ့သည်ဟုဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များ ရှိနေသည်ကို အလွန်စိုးရိမ် ပူပန်သည့်အလျောက် ထိုသို့ ပြန်လည်ထိတွေ့ဆက်ဆံမှုကို စစ်ရေးနှင့် မသက်ဆိုင်သော အပိုင်းတွင်သာ အဓိကအားဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

"အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ ပြန်လည်ကိုက်ညှိထားသော ကာကွယ်ရေးအရ ထိတွေ့ဆက်ဆံမှု ကနဦး အဆင့်ကာလမှာ ရောက်ရှိနေပြီဖြစ်ပြီး ဒီလိုပြုလုပ်ရ ခြင်းကလည်း တိုင်းပြည်တွင်း ဆောင်ရွက်လျက် ရှိတဲ့ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်စေရေး အားပေးဖို့ ဖြစ်ပါတယ်" ဟု ပင်တာဂွန်
ပြောရေးဆိုခွင့်ရှိ သူ မစ္စ ကေသီ ဝီလ်ကီဆန် (Ms Cathy Wilkinson) က PTI သတင်းဌာနအား စနေနေ့က
ပြောကြားခဲ့သည်။

"ဒီလို ထိတွေ့ဆက်ဆံမှု အစီအစဉ်မှာ ပါရှိတဲ့ ဆောင်ရွက်မယ့် လုပ်ငန်းအားလုံးမှာ အသေအချာ ပြန်လည် ကိုက်ညှိထားတာ ဖြစ်ပြီး ဆောင်ရွက်မယ့် အတိုင်းအတာမှာလည်း မြန်မာစစ်တပ်နဲ့ အစိုးရရဲ့ ဒီမိုကရေစီရေး
ဆောင်ရွက်မှု လုပ်ငန်းများ တိုးတက်မှုအရသာ ဖြစ်ပါလိမ့်မယ်။ အခုအထိ ဆောင်ရွက်လျက်ရှိတဲ့ ကနဦး လုပ်ငန်းအားလုံးမှာ အာရှပစိဖိတ်ဒေသ ကာကွယ်ရေး လေ့လာမှု ဗဟိုဌာန (APCSS) က ကမထပြု စီစဉ်တဲ့ လုပ်ငန်းများ အတွင်းသာ ကန့်သတ် ပြုလုပ်နေတာ ဖြစ်ပြီး ဆောင်ရွက်လိုတဲ့ ပူးပေါင်းပါဝင်မှု လုပ်ငန်းအားလုံးမှာ မူဝါဒရေးရာနဲ့ ဥပဒေရေးရာ ဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟု မစ္စဝီလ်ကီဆန် က ဆက်လက်ပြောဆိုသွားသည်။

၂၀၁၂ ခုနှစ်၊ နှစ်လယ်လောက်မှစ၍ အမေရိကန်နှင့် အနောက်နိုင်ငံများမှ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှု များ ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုသို့ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခဲ့ရာ ထိုအထဲတွင် အမေရိကန်အပြင် သြစတြေးလျ၊ အိန္ဒိယ၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့လည်း ပါဝင်သည်။

KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက
မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု "KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့" ဟု ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။

"ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့်မယ်လို့ လုပ်နေတယ်" ဟု မဇ္စျိမကို ပြောသည်။

ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။

ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။

သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်
ဖော်ပြခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေဆဲ ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒုက္ခသည် တဦး သေဆုံး၊ ကျန်သူများ လဝကမှုဖြင့် အရေးယူထား

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ဒုက္ခသည်စခန်းမှ ကမန်လူမျိုး ၁၇ ဦးကို တင်ဆောင်လာသည့် ကားတစီးသည် သံတွဲမြို့မှ ၁၆ မိုင်အကွာရှိ တံတားခုံတခုအား တိုက်မိရာမှ တိမ်းမှောက်သွားပြီး ဒုက္ခသည်တဦး
နေရာတွင် သေဆုံး၍ ကျန်ဒုက္ခသည်များအား လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ 

Car

၂၀၁၃ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ မနက် ၅း၅၅ နာရီက ရမ်းဗြဲဒုက္ခသည်စခန်းမှ ကမန်ဒုက္ခသည် ၁၆ ဦး တင်ဆောင်လာသောကား သံတွဲမြို့နယ်အတွင် တိမ်းမှောက်ရာ ဒုက္ခသည် တဦး သေဆုံး၍ ၆ ဦးဒဏ်ရာရခဲ့သည်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

ရမ်းဗြဲမှ ထွက်လာသော အဆိုပါကားမှာ ယဉ်အမှတ်-၂ခ/၁၆၃၇ ရှိ အဖြူရောင် Kenta14' အမျိုးအစား
ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နံနက် ၅း၅၅ နာရီ အချိန်၌ တောင်ကုတ်-သံတွဲ ကားလမ်းမပေါ်ရှိ သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာ အုပ်စု၊
ကျောင်းကုန်းကျေးရွာအနီး တံတားအမှတ် ၅၂၈ အုတ်ခုံ၏ ညာဘက်အစွန်းကို ဝင်ရောက်တိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲ လူမှုကွန်ယက်မှ ဦးမြင့်မိုး က ပြောသည်။ 

"စီးနင်းလိုက်ပါ လာသူတွေဟာ ကမန် မူဆလင်ခရီး သည် ၁၇ ဦး ပါတယ်။ ရခိုင်အမျိုးသား ယာဉ်မောင်းနဲ့ ကားပိုင်ရှင်တို့ ပါတယ်ဆိုတော့ ကားပေါ်မှာ စုစုပေါင်း ၁၉ ဦး ပါလာတယ်။ သေဆုံးသူကိုတော့ ကမန် တိုးတက်ရေးပါတီဝင်တွေက သဂြိင်္ုလ်လိုက်ပြီး၊ တချို့ကိုတော့ စစ်ဆေးနေတယ်လို့ သိရတယ်" ဟု မဇ္ဈိမကို ပြောသည်။ 

သေဆုံးသူမှာ ရမ်းဗြဲမြို့အမှတ် ၆ ရက်ကွက်မှ အသက် ၃၅ နှစ်အရွယ် ဦးတင်လှိုင် (ဘ) ဦးဘိုးကြည် ဖြစ်ပြီး ဒဏ်ရာရသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး ဖြစ်သည်။ 

ဒဏ်ရာများမှာ သာမန်ပွန်းပဲ့ဒဏ်ရာရရှိခြင်းဖြစ်၍ အနီးရှိ ရွှေလှေဆေးရုံတွင် ဆေးကုသခံယူပြီး ကျန်းမာရေး
ကောင်းမွန်သွားခဲ့ပြီဖြစ်သော်လည်း ဒုက္ခသည် ၁၆ ဦးမှာ လိုရာခရီးသို့ ဆက်လက် ထွက်ခွါခွင့်မရဘဲ ရှိနေသည်ဟု
လည်း သိရသည်။

"ယာဉ်မောင်းကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က) နဲ့ သီးခြား အရေးယူ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းက လူတွေကို အခကြေးငွေ ယူပြီးတော့ တရားမဝင် သယ်ဆောင်တဲ့ အပေါ်မှာတာဝန်ရှိတဲ့ ကားပိုင်ရှင်နဲ့ ယဉ်မောင်း နှစ်ဦးလုံးကို ပုဒ်မ ၃၆၇ နဲ့ အရေးယူထားပါတယ်။ ကျန်တာက ခရီးသွားလာရာမှာ နိုင်ငံသား ကတ် မပါဘဲ ခရီးသွားလာသူတချို့ကိုတော့ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၆၂၊ ၆၃ နဲ့ လောလောဆည် အရေးယူ စစ်ဆေးနေပါတယ်" ဟု ရွှေလှေကျေးရွာ ရဲစခန်းမှ စခန်းမှူး ဦးတင်မောင်လွင်က ပြောသည်။ 

ယာဉ်မောင်းမှာ ရမ်းဗြဲမြို့၊ အမှတ် ၄ ရပ်ကွက်၊ အောင်စေတီရပ်နေ ကိုသန်းဗိုလ် (ဘ) ဦးဘလူးအောင် ဖြစ်ပြီး ကားပိုင်ရှင်မှာ ရမ်းဗြဲမြို့နယ်၊ တရားရုံးစာရေးကြီး ဦးမောင်ဝေတင် (ဘ) ဦးမောင်သိန်း တို့ဖြစ်ကြောင်း သိရသည်။ 

"ကျနော်တို့နိုင်ငံမှာ ဥပဒေအရ ဘယ်သူမဆို နိုင်ငံသား ကတ် မပါဘဲ ခရီးသွားလာခွင့် မရှိဘူး။ အခုကိစ္စဟာ သိသာထင်ရှားတဲ့ဖြစ်စဉ် ဖြစ်နေလို့ ကျနော်တို့ အထူး ဂရုစိုက် စစ်ဆေးရာမှာ အချို့မှာ နိုင်ငံသား စီစစ်ရေးကတ်တွေ ပါမလာတာတွေ့ရလို့ ဥပဒေနဲ့အညီ ဆောင်ရွက်နေရတာပါ" ဟု သံတွဲမြို့နယ် လဝက ဦးစီးမှူး ဦးကံကောင်း က ပြောသည်။ 

ကမန်တိုင်းရင်းသားများမှာ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ပါဝင်ပြီး လွတ်လပ်စွာ သွားလာခွင့်ရထားကြောင်း ၁၉၉၀ နိုင်ငံရေးပါတီတခု ဖြစ်သည့် ကမန် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ငွေ က ဆိုသည်။ 

"ရမ်းဗြဲမြို့နယ်မှာ မနှစ်က ဇွန်လ နဲ့အောက်တိုဘာလဖြစ်စဉ်တွေမှာ ကမန်တိုင်းရင်းသား စုစုပေါင်း ၄၈၀ လောက် ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ ရန်ကုန်အပါအဝင် အခြား ဒေသတွေမှာရှိတဲ့ ဆွေမျိုး၊ မိသားစုတွေ
ဆီကို ခေတ္တပြောင်းရွှေ့ ခိုလှုံသွားကြလို့ ခုအခါ ရမ်းဗြဲ ဒုက္ခသည်စခန်းမှာ ကမန်တိုင်းရင်းသား ၁၈၀ လောက်ပဲ ကျန်ပါတော့တယ်။ မကြာခင် မိုးရာသီ ရောက်တော့မှာရယ်၊ ကျန်းမာရေး မကောင်းတာရယ်၊ ရာသီဥတု ပြင်းထန်မှု
တွေကြောင့် ဒီလို ယာယီ ရွှေ့ပြောင်းနေထိုင်ကြတာပါ" ဟု မဇ္ဈိမကို ပြောသည်။ 

ဒုက္ခသည်များအား အရေးယူဆောင်ရွက်မှုအနေဖြင့် သံတွဲမြို့ရဲစခန်း၌ ကမန် သုံးဦးဖြစ်သော ဦးဝင်းဌေး (ခ) ဦးညီပုချေ (ပုဒ်မ၃၆၇)၊ ကိုပြည့်ဖြိုးအောင် (အမတအက် ၆၂၊ ၆၃)၊ မညိုညိုဝင်း (အမတအက် ၆၂၊ ၆၃) တို့အား ချုပ်နှောင်ထားပြီး ကိုသန်းဗိုလ် (ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)၊ ၃၆၇)၊ ဦးမောင်ဝေတင် (ပုဒ်မ ၃၆၇)ဖြင့် ချုပ်နှောင်
စစ်ဆေးလျက်ရှိသည်။ ကျန် ဒုက္ခသည် ၁၃ ဦးမှာ မြို့ပေါ်ရှိ မူဆလင်ဘာသာဝင်တို့၏ အိမ်တွင် နေထိုင်လျက်ရှိပြီး သွားလာခွင့် မရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ကော်မတီဝင် ဦးကျော်လင်း က ပြောသည်။ 

"လက်ရှိအနေအထားမှာ သူတို့က သာမန်အခြေအနေနဲ့ လာတာ မဟုတ်ဘူးလေ။ သူတို့က ဒုက္ခသည် အနေအထားနဲ့ လာတာဖြစ်တယ်။ အဲဒီတော့ ပထမက ဒုက္ခသည်၊ ဒုတိယ အနေအထားက Accident (မတော်တထ ထိခိုက်မှု) ဖြစ်
တယ်။ အခု သူတို့က ဒုက္ခရောက်သွားပြီ။ ဒုက္ခရောက်သွားတဲ့နေရာမှာ နိုင်ငံသားလည်း ဖြစ်တယ်၊ တိုင်းရင်းသား
လည်း ဖြစ်တယ်။ သူတို့ကို တရားမဝင် ဝင်ရောက်မှု မှတ်ပုံတင် ဥပဒေတွေနဲ့ တရားစွဲဖို့လုပ်ထားတယ်ဆိုတော့ ဒါ
နိုင်ငံသားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ပဲမြင်တယ်" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ 

သံတွဲမြို့နယ်သို့ တရားမဝင် ဝင်ရောက်နေသူများနှင့် ယင်းကို အကြောင်းပြု၍ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်
လာနိုင်၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းချက် တစောင်ကို သံတွဲမြို့နယ် သံဃာ့ကွန်ယက်မှ ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းက ပေးပို့ထား
သည်ဟု အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လ (ဂဝေသီ)က အမိန့်ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်အစိုးရကလည်း  မိုးမကျမီ မူလနေရာများ၌ နေအိမ်များ အပြီးဆောက်လုပ်ကာ ဒုက္ခသည်အားလုံးကို
နေရင်းအရပ်တွင် ပြန်လည်နေရာချပေးတော့မည်ဟု ဧပြီလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။