Wednesday, May 1, 2013

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

မနေ့တုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်ရဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့သူတွေကို ဆု အမျိုးအစားပေါင်း ၁၄ မျိုးကို ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။
 
မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆု ချီးမြှင့်ပွဲမှာတော့ ဆုအမျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အဘက်ဘက်က နောက်ကျ
နေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတဦးသိန်းစိန်က ဆုချီးမြှင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
 
"ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန်မနှောင်းသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိပက္ခဖြစ်မယ့်နေရာတွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမယ်ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။"
 
အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။
 
"နိုင်ငံတော်က ချီးမြှင့်တဲ့ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။"
 
နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက်လုပ်ကိုင်နိုင်ဖို့အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။
 
"မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေးဈေးကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့အတွက်ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်းပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင်တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။"
 
အရင်တုန်းကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ်လေ့ရှိပေမဲ့၊ ဒီတခေါက်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာကတော့ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။

မိတ္ထီလာအကြမ်းဖက်မှု နှစ်ဘက်လျှောက်လဲချက် တရားရုံးကြားနာ

ဝမ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာ အကြမ်းဖက်မှုမှာ သံဃာတပါး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့အတွက် မေလ ၃ ရက်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွဲဆိုခံထားရသူ ၃ ဦးနဲ့ ပတ်သက်လို့လည်း တရားခံတွေဘက်ကနေ ခရိုင်တရားရုံးကို အယူခံတင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။
 
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင်းက အကြမ်းဖက်မှု အဓိကရုဏ်းအတွင်း ၀မ်းတွင်းမြို့နယ် ဒုံးကုန်းကျေးရွာအုပ်စုက ဦးဇင်း ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ တရားခံလို့ စွပ်စွဲခံရသူ ၁၁ ဦးကို စွဲချက် တင်သင့် မတင်သင့်ကိစ္စ နှစ်ဘက် တရားလို တရားခံရှေ့နေတွေက လျှောက်လဲချက် ပေးပြီးနောက် ဆုံးဖြတ်ချက်ချရမယ့်နေ့မှာပဲ တရားရုံးက သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။
 
ဒါ့အပြင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားတဲ့ တရားခံအဖြစ် စွပ်စွဲခံရသူ ၃ ဦးနဲ့ပတ်သက်လို့လည်း တရားခံတွေဘက်က ခရိုင်တရားရုံးကို အယူခံ တင်မယ်လို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် သေဆုံးမှုမှာ သံဃာတပါးဖြစ်တဲ့ ဦးသောဘိတ ဟာ ပျံလွန်တော် မူခဲ့တာပါ။ သံဃာတော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ၁၁ ဦးကတော့ အများစုက သီရိမင်္ဂလာ ရပ်ကွက်သားတွေ ဖြစ်ကြပါတယ်။
 
မျက်မြင်သက်သေတွေအပါအ၀င် လူ ၄၀ ခန့် သက်သေတွေကို စစ်ချက်ယူပြီးတဲ့နောက်မှာတော့ မိတ္ထီလာခရိုင် တရားရုံးက စွဲချက် တင်သင့် မတင်သင့် ပြန်ပြီး သေချာစိစစ်နိုင်ဖို့အတွက် မေလ ၃ ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ကြောင်း တရားခံတွေဘက်က အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။
 
"မိတ္ထီလာခရိုင် တရားသူကြီးက မေတ္တာရပ်ခံပါတယ်။ အမှုကို သူ နှစ်ခေါက် ဖတ်ပြီးပါပြီ။ သက်သေက ၃၉ ယောက်ပါတယ်ဗျ။ ၃၉ ယောက်ပါတဲ့အခါကျတော့ အမှုနဲ့ပတ်သက်ပြီးတော့ နစ်နာမှာစိုးလို့၊ တရားရုံးက ဒါ ကျနော်တို့ အမှန်အတိုင်း ပြောရမှာပါ။ မိတ္ထီလာခရိုင် တရားရုံးက အတော်လေးကို တရားမျှတမှုရှိပါတယ်။ ဥပဒေနဲ့အညီ ကျနော်တို့ အခွင့်အရေး အကုန်လုံးလည်း ရပါတယ်။ ကျနော်တို့ တင်ပြချက်တွေကိုလည်း အသေးစိတ် ကြားနာပြီးတော့ စွဲချအမိန့်ကို အမှန်တော့ သူက ၂ ရက်နေ့ ပေးတာပေါ့နော်။ မနက်ဖြန် မေဒေး ပိတ်တဲ့အတွက်ကို။ ၃ ရက်နေ့ကို ကျနော်တို့ကို ပြန်ချိန်းထားတယ်။"

"ဘယ်သူမှ မလိုက်ဝံ့၊ မလိုက်နိုင်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီး ဥပဒေချုပ်က မေတ္တာရပ်ခံပြီးတော့ အဲ့ဒီမေတ္တာရပ်ခံချက်အရ ကျနော်တို့ အားလုံး ပါတဲ့ရှေ့နေအားလုံး ၀င်ပြီး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အမှန်တရား ဖော်ထုတ်ဖို့အတွက်ပေါ့နော်။ တရားခံအစစ်က ဘယ်သူလဲ။ ဥပဒေနဲ့အညီ ကျနော်တို့ တိုင်းပြည်မှာ ဒါမျိုးဖြစ်တဲ့အခါ တရားစီရင် ဆောင်ရွက်တာဟာ တရားမျှတမှု ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် ကျနော်တို့ ၀မ်းသာတာပါ။ ဒါပေမဲ့ တရားရုံးကတော့ ကျနော်တို့ မျှော်လင့်ထားတာထက်ကို ကောင်းနေပါသေးတယ်။"
 
ပြီးခဲ့တဲ့ဧပြီလ ပထမအပတ်ထဲမှာပဲ မိတ္ထီလာ အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ နေရာအဖြစ် စွပ်စွဲခံရတဲ့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမား ၁ ဦးကိုတော့ မိတ္ထီလာမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ကြပါတယ်။ ဒီအတွက် တရားခံအဖြစ် စွပ်စွဲခံရသူတွေဘက်ကတော့ ခရိုင်တရားရုံးအထိ အယူခံ ဆက်တက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
 
"အယူခံဆက်တက်မယ်ပြောပါတယ်။ မိတ္ထီလာခရိုင်ကို ပြန်ပြီးတော့ အယူခံ တက်ရမှာပေါ့နော်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိ - မရှိရယ်၊ နောက်တခုက ဥပဒေနဲ့ ကိုက်ညီမှု ရှိ - မရှိရယ် သူတို့က အယူခံ ဆက်တက်ပါမယ်။ ၁၄ နှစ်ကတော့ နည်းနည်း များတယ်ပေါ့နော် ပြစ်ဒဏ်က။ ပုဒ်မ ၃၈၂ ဆိုရင် ဒါ အငြင်းပွားဖွယ် ဖြစ်တာပေါ့ဗျာ။ တရားရုံးကတော့ သူ့ရဲ့ စီရင်ပိုင်ခွင့်အရ ချတာ။ ကျနော်တို့က ဥပဒေလမ်းကြောင်း အရပဲ အယူခံ ၀င်ရောက်ဖို့ ရှိပါတယ်။ ကာယကံရှင်တွေကတော့ မိတ္ထီလာခရိုင်ကို အယူခံ ဆက်ဝင်မယ်လို့လည်း ကြားပါတယ်။"
 
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာများ ရရှိခဲ့ကြသလို သောင်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။
 
လက်ရှိမှာတော့ မိတ္ထီလာအကျဉ်းထောင်ထဲမှာ မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ လူ ၇၀ ကျော်ကို ထိန်းသိမ်းထားပြီး သူတို့ကိုတော့ ပုဒ်မ ၃၀၂  လူသတ်မှု အပါအ၀င် ပုဒ်မ ၈ခုနဲ့ စွပ်စွဲထားပြီး မကြာခင်မှာ ရုံးတင်စစ်ဆေးဖို့တွေ ရှိနေပါတယ်။

ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ


w1-5-1

ပဋိပက္ခဖြစ်စဉ်ကြောင့် ဥက္ကံမြို့တွင်းရှိ အပျက်အစီးများကို ဧပြီ  ၃၀  ရက်  ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီးလမ်းအတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ်ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်းငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်သည့် ကိုရင် အရှင်ပုည (၁၁ နှစ်) ဘ-ဦးမျိုးသည် ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မ၀င်းဝင်းစိန် (၃၄နှစ်) နှင့် ၀င်ရောက်တိုက်မိပြီး သပိတ်လွတ်ကျကာ အဖုံး ကျကွဲသွားသည်။ ယင်းအတွက် အချင်းများကြရာမှ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင် (၆၂နှစ်) သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး မ၀င်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ဗုဒ္ဓဘာသာဝင် ၂၀၀ ဦးခန့်မှ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာကာ လူ ၁၀ ဦးခန့်မှ အုတ်နီခဲများဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြသည်။ ထို့အတွက် ဗလီရှေ့ရှိ ၃×၃ ပေခွဲခန့်ရှိ မှန် ၆ ချပ် ကွဲသွားပြီး လျှပ်စစ်မီတာပုံး နှစ်ပုံးကျိုးပဲ့ ပျက်စီးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးအနီးဆိုင်ခန်း ၂၅ ခန်းအတွင်းရှိ ပစ္စည်းများကို လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ကြသည်။ ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သေနတ်လေးချက် ခြောက်လှန့် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။

မြို့ပေါ် ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံအချို့က ဥက္ကံမြို့ပေါ်ရှိ ဗလီအချို့၊ ဆိုင်ခန်းများနှင့် နေအိမ်များအား အုပ်စုဖွဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း ဥက္ကံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲဇာနည် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းနောက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက် လယ်ကွင်းထဲရှိ ကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဥက္ကံမြို့နယ်အတွင်းရှိ ကျွဲပုန်းကြီး၊ ကျွဲပုန်းလေး၊ ပနီပင်ကျေးရွာတို့တွင် မီးလောင်ကျွမ်းမှုများရှိခဲ့ပြီး ည ၇ နာရီထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ အဆိုပါဒေသသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က သတင်းပေးပို့သည်။ 
ည ၇ နာရီ အချိန်ထိ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းပဋိပက္ခဖြစ်စဉ်အတွင်း မွတ်စလင်နေ အိမ်အချို့အတွင်းမှ လှောင်ထားသော ဓာတ်ဆီများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒေသ(၂) ရဲကွပ်ကဲမှု ဌာနစုမှူး ရဲမှူးကြီးဇော်ထွန်းအောင်က ''ပြဿနာက ဘာမှမဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဥပဒေဘောင်ထဲကပဲ သည်းခံပြီး ဖြေရှင်းသင့်တယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုနှင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုအား ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်သူများကို လိုက်လံဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။ 
ဥက္ကံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ကိုးဦးရှိပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန် ဒဏ်ရာရရှိသူ ခြောက်ဦးကို ဥက္ကံတိုက်နယ် ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ '' ၆ နာရီ ၄၅ မိနစ်လောက်မှာ ဥက္ကံမြို့ပေါ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကျေးရွာတွေဘက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရ၀င်းနိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဥက္ကံမြို့တွင် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဥကံ္ကဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း၊ ကျန်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေနေကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဥက္ကံမြို့၏ ပဋိပက္ခအခြေအနေမှာ တည်ငြိမ်မှု ရရှိသွားပြီဖြစ်ကြောင်း ည ၈ နာရီတွင် ထုတ်လွှင့်သည့် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအရ သိရသည်။
''ကျွန်တော်က ဥက္ကံမြို့မှာ နေလာတာ မွေးကတည်းကပါ။ ဖြစ်စဉ်ဖြစ်ပွားတုန်းက ၀င်ရောက်ဖျက်ဆီးသူတွေထဲမှာ ကျွန်တော်မသိတဲ့လူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်အထင်ကတော့ မြို့ခံအချို့နဲ့ ကျေးရွာတွေက ဒေသခံအများစုလို့ ထင်ပါတယ်''ဟု ဥက္ကံဈေးရှေ့တွင် ကုန်စိမ်းရောင်းချသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတိုင်း တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က    ''အခုချိန်ထိတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေရတုန်းပါပဲ။ လက်ရှိအချိန်မှာ မြို့ပေါ်ကျေးရွာတွေအားလုံး တည်ငြိမ်နေပါသေးတယ်''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ''ကျွန်တော်တို့အနေနဲ့ မြို့နယ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၀ နာရီအချိန်က စပြီး အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတဲ့သူတွေနဲ့ နောက်ကွယ်က လူတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါပြီ''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်က Eleven Media Group သို့ ပြောသည်။

 

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူ အချို့အား ဖမ်းဆီး


5.1.1

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ်       

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေအား စစ်ဆေးခြင်းအပေါ် လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီးအမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီးအမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီအရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စုအဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရရှိခဲ့သည်အထိ ဖြစ်ပွားခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း သိရသည်။

ယင်းအတွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ်ဟာရှိန်းနှင့် ဆော်လီမာန်တို့အား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။ ယင်းအမှုအား လ၀ကမှူး ဦးရန်အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာနယ်မြေဟု ဆေးများဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရသည်။

 

မိုးခေါင်နေခြင်းကြောင့် အင်းလေးကန်အတွင်း ရေမရှိတော့


innlay-may1

နန့်ပန်ဈေး လှေဆိပ်တွင် ရေနည်းပါးနေသည်ကို  ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုအနေဖြင့် မိုးခေါင်ခြင်းအပြင် သစ်တောပြုန်းတီးမှု၊ နုန်းပို့ချမှု များပြားခြင်းတို့ကြောင့် အင်းလေးဒေသရှိ ချောင်းအများစုတွင် ရေနည်းပါးခြင်းကို ဆက်လက်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

ရေနည်းပါးကျဆင်းမှုကို ယခုနှစ် မတ်လဝန်းကျင်မှ စတင်ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာများသို့ ဆက်သွယ်သော ချောင်းများ၌ ရေနည်းပါးမှုကြောင့် သွားလာရေးခက်ခဲမှု၊ သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

"သုံးရေကတော့ စက်လှေတွေမသွားတဲ့ ညပိုင်းဆို ရေကြည်သွားတော့ အဲဒီရေပဲသုံးတယ်။ သောက်ရေကတော့ အရှေဘက်ကမ်း ညောင်ဝန်းရွာက ရေဝယ်သုံးရတယ်။ ငါးဂါလံပါတဲ့ တစ်ပုံးကို ကျပ်သုံးရာပေးဝယ်ရတယ်" ဟု အင်းလေးဒေသ နန့်ဟူးကျေးရွာမှ ဦးဝင်းနိုင်က ဧပြီ ၃၀ ရက်က ဆိုသည်။

"ရေလျော့တာ သုံးနှစ်လောက်ရှိပြီ။ တန်ခူး၊ ကဆုန်လလောက်ဆို ရေကျတာပဲ။ ဝါဆို၊ ဝါခေါင်မှပဲ ရေပြန်ပြည့်တယ်။ မိုးမကောင်းဘူးလေ။ ရွာလည်း တစ်ပေါက်၊ နှစ်ပေါက်ပဲ။ ၂၀၁၀ ခုနှစ်ရဲ့ ရှေ့တုန်းကတော့ ရေဒီလို အရမ်းခန်းတာ မရှိဘူး။ နည်းတော့ နည်းတယ်။ စက်လှေ ၀င်မရဘူး ဆိုတာမျိုး မရှိဘူး" ဟု ၎င်းက ဆက်လက်ပြောပြသည်။

အင်းလေး ဒေသသည် ၂၀၁၀ ပြည့်နှစ် ဧပြီလကုန် မေလအတွင်းက နှစ်စဉ်နှင့် မတူဘဲ စံချိန်တင် ရေကျဆင်းခဲ့ပြီး အချို့သော ကျေးရွာများမှာ စက်လှေဖြင့် ယခင်ကဲ့သို့ ရွာအရောက် သွားလာနိုင်ခြင်း မရှိခဲ့ဘဲ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုလည်း များစွာရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ မိုးရွာသွန်းမှု မရှိခြင်းနှင့် မိုးနည်းပါးခဲ့ခြင်းနှင့် ရေဝေရေလဲ ဒေသများ၏ သဘာဝ ပတ်ဝန်းကျင် အပြောင်း အလဲကြောင့် ရေကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း ယင်းသို့ ရာသီဥတု ပူပြင်းခြောက်သွေ့ ချိန်များ၌ ရေနည်းပါးခြင်းကို ကြုံတွေ့လာရသည်။


ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေ . . .


အင်းလေးဒေသရှိ ကျေးရွာများတွင် ကန်အတွင်း စီးဝင်သော ချောင်းများတစ်လျှောက် စက်လှေ၊ လှေ စသည်တို့ဖြင့် ထွက်ကုန်များ ရောင်းဝယ်ရေး၊ လူမှုရေး စသည့်ကိစ္စရပ်များ အတွက် အသုံးပြု၍ သွားလာကြပြီး ယခုအခါ ချောင်းအများစု ရေကျဆင်း လာသည့်အတွက် ရေကြောင်းသွားလာရာတွင် အချိန် ပိုမိုပေးလာရသည်ဟု သိရသည်။ နတ်ပန်ရွာ အနီးရှိ ငါးရက်တစ်ဈေးသို့ သွားရာတွင် ယခင်က ဈေးပေါ်အထိ လှေများ ဆိုက်ကပ်နိုင်သော်လည်း ယခုအခါတွင် ဈေးနှင့် ကိုက်ငါးရာခန့် အကွာတွင်သာ လှေများရပ်နား၍ လမ်းလျှောက် သွားလာရကြောင်း သိရသည်။

အင်းလေးကန်တွင်း၌မူ လက်ရှိတွင် ရေနည်းပါးခြင်း မသိသာသေးသော်လည်း ကန်အတွင်းသို့ စီးဝင်သော ချောင်းများတွင် ရေကျဆင်း နည်းပါးလာမှုအပေါ် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ စံချိန်တင် ရေခန်းခြောက်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်မှု ရှိနေသည်။

အင်းလေးတွင် ကျေးရွာအုပ်စု ၅၀ ကျော်၊ ကျေးရွာ ၄၀၀ ကျော် တည်ရှိပြီး အင်းသား၊ တောင်ရိုး၊ ဓနု၊ ရှမ်း၊ ပအို့ဝ် တိုင်းရင်းသားများ နေထိုင်ကြကာ လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် အရောင်းအ၀ယ် လုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံ၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပြီးလျှင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားမှု များပြားသော၊ ကျော်ကြားသော ခရီးသွားဒေသ တစ်ခုလည်း ဖြစ်သည်။

 

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့


ye5.1.4

ဖမ်းဆီးစစ်ဆေးထားသည့် ၁၅ ဦးထံမှ သိမ်းဆည်းရမိသည့် ဂျင်ကလိအချို့မေ ၁ ရက်နေ့ နံနက် ၃ နာရီက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။

ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

5.1.4

ပို့ဆောင်ရန် ဥက္ကံရဲစခန်းအတွင်း စီစဉ်နေမှုမြင်ကွင်းကို မေ ၁ ရက်နေ့ နံနက် ၄ နာရီက မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွားပါမယ်။'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲစခန်းတွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။

5.1.4

လုံခြုံရေးဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မတော်သားများကို မေ ၁ ရက် နံနက် ၁ နာရီခွဲခန့်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဥကံ္ကမြို့အတွင်း ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက်ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

 

သီလ၀ါ အထူးစီးပွားရေးဇုန်၊ ဟက်တာ ၂၄၀၀ ပတ်ဝန်းကျင်ရှိ ကျူးကျော်များအတွက် လျော်ကြေးအား အမှန်တကယ် နစ်နာသူများ အတွက်သာ ဦးစားပေး စဉ်းစားသွားမည်


thilawa-may1

ရန်ကုန်တိုင်း သံလျင်မြို့နယ် စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသော အလွမ်းဆွတ်ရွာအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်တွင် တည်ဆောက် အကောင်အထည် ဖော်နေသော သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက် အကောင်အထည်ဖော်ရာ ၀န်းကျင်ရှိ ကျူးကျော်များအတွက် လျော်ကြေးငွေ စဉ်းစားရာတွင် အမှန်တကယ် ရသင့်ရထိုက်သည့် သူများအတွက်ကိုသာ ပေးရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်ထည် ဖော်တဲ့နေရာမှာ ကျူးကျော် ကိစ္စတွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်သွားရမလဲဆိုတဲ့ အပိုင်းက တော်တော်လေးကို ခက်ခဲပါတယ်။ ဒီနေရာမှာ အစဉ်အလာအားဖြင့် တကယ်နေလာခဲ့တဲ့ သူတွေ ရှိတယ်။ ဒီလူတွေက တကယ်ရထိုက်တဲ့ သူတွေပါ။ ဒါပေမဲ့ တချို့ကျတော့ အခုစက်မှုဇုန် အကောင်အထည်ဖော်မှ ရောက်လာကြတာလည်း ရှိတယ်။ တချို့ဆို ရှိပြီးသား မြေလေးတွေကိုတောင်  စီးပွားရေး လုပ်ငန်းရှင်ကို ရောင်းပြီးကာမှ တဲလေးထိုးပြီး နေရာပြန်ယူကြတာတွေလည်း ရှိတယ်။ ဒါမျိုးတွေရှိနေတော့ ဒီကိစ္စကို ကိုင်တွယ်ရတာ တော်တော်လေး ခက်နေတယ်။ ခက်တယ်ဆိုတာက ရသင့်ရထိုက်တဲ့ သူတွေအတွက် သူတို့ရသင့်သလောက် မရလိုက်တာမျိုးတွေ မဖြစ်စေချင်ပါဘူး" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောပြခဲ့သည်။


အေးမြသီတာရွာနှင့် ရွှေပြည်သာယာ ရွာတို့အား နိုင်ငံတော်မှ တရားဝင် ချပေးထားကြောင်း၊ အဆိုပါဒေသ ၀န်းကျင်မှ လူများ ယခင်က လျော်ကြေး မရရှိသေးခဲ့ကြောင်းနှင့် မတူညီသည့် အခြေအနေနှစ်မျိုး တွေ့နေရ . . . . .


ယင်းကျုးကျော် ရပ်ကွက်များ ဖယ်ရှားရေးကိစ္စမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်သော်လည်း လက်တွေ့ဖြေရှင်းရာတွင် အခက်အခဲ ရှိနေကြောင်း။ ထို့အတွက် သီလ၀ါ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် JICA မှ အကြံပေးရန်နှင့် လိုအပ်သည့် နည်းပညာ အကူအညီများပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

"အခု လောလောဆယ် စာရင်းတွေ ကောက်ယူနေတယ်။ ပြဿနာပေါင်းစုံ ရှိနေတယ်။ ရသင့်ရထိုက်တဲ့သူ ရှိသလို တဲအသစ်တွေ ၀င်လာပြီး လျော်ကြေးတောင်းလာတာ မျိုးတွေလည်း ရှိတယ်။ အဲဒီနေရာမှာ ဟိုတယ်လုပ်ငန်းရှင်လို လူမျိုးကလည်း ကျူးကျော်နေရာမှာ လာယူထားတာ တွေ့ရတယ်။ အခု JICA လည်း ခေါင်းခြောက်နေတယ်။ မြေဈေးက ကောင်းလာတော့ အလားအလာရှိတဲ့ နေရာတွေမှာ ၀င်ယူလာကြတာမျိုး တွေ့ရပေမယ့် ပိုင်ဆိုင်မှု (ownership title) မပြနိုင်ကြဘူး" ဟု ၎င်းက ပြောပြခဲ့သည်။

အဆိုပါဒေသရှိ ရွာနှစ်ရွာဖြစ်သော အေးမြသီတာရွာနှင့် ရွှေပြည်သာယာ ရွာတို့အား နိုင်ငံတော်မှ တရားဝင် ချပေးထားကြောင်း၊ အဆိုပါဒေသ ၀န်းကျင်မှ လူများ ယခင်က လျော်ကြေး မရရှိသေးခဲ့ကြောင်းနှင့် မတူညီသည့် အခြေအနေနှစ်မျိုး တွေ့နေရကြောင်း လေ့လာသူတို့က ပြောပြခဲ့သည်။ ထို့အတွက် ထိုမတူညီသည့် အခြေအနေ နှစ်မျိုးအတွက် သီးခြားကိုင်တွယ်သွားရန် လိုနေကြောင်း သုံးသပ်ကြသည်။ အစဉ်အလာအားဖြင့် စီမံကိန်းရှိသည့် နေရာများတွင် မြေဈေးတက်လေ့ရှိပြီး ယင်းကဲ့သို့ လျော်ကြေးများအား စဉ်းစားရာတွင် မည်သည့်နိုင်ငံတွင်မှာ ပေါက်ဈေးဖြင့် လျော်ကြေးပေးလေ့ မရှိကြောင်း ဥပမာ အိန္ဒိယကဲ့သို့ နိုင်ငံတွင်လည်း လွန်ခဲ့သည့် သုံးနှစ်ပေါက်ဈေး အပေါ်တွင် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးလေ့ ရှိကြောင်း သိရှိရသည်။

"ဥပမာ ကိုရီးယားနိုင်ငံမှာ ဆိုရင်လည်း market value ကို ကြည့်တယ်။ ပြီးရင် လွန်ခဲ့တဲ့ သုံးနှစ်ဈေးကို ကြည့်တယ်။ ပြီးရင်ပြန်နုတ်လိုက်ရင် capital gain ရမယ်။ အဲဒီအပေါ် ၉၀ ရာခိုင်နှုန်း အခွန်ပြန်ဆောင်ခိုင်းတယ်။ တချို့လည်း land title မရှိဘဲ သိန်းထောင်ချီ လိုချင်နေတယ်။ နှစ်ဦးနှစ်ဘက် ကြည့်ဖို့လိုတယ်။ အမှန်က ရသင့်ရထိုက်သည့်သူ ရဖို့လိုတယ်" ဟု ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောပြခဲ့သည်။         

 

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအား ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန် ကုမ္ပဏီများကို သတိပေးထား


5.1.7

ဧရာဝဏ်/ရတနာ အိမ်ရာစီမံကိန်း (၂) ခု ဆောက်လုပ်ရန် မြေစမ်းသပ်ခြင်း အခမ်းအနားကို  ဇန်န၀ါရီ လဆန်းပိုင်းက တွေ့ရစဉ်

ရန်ကုန်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသည် ၀င်ငွေနည်း ၀န်ထမ်းများ၊ ၀င်ငွေနည်း ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်သဖြင့် ကိုယ်ကျိုးစီးပွားကို ပဓာနမထားဘဲ ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကို သတိပေးထားကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ ဧပြီလအတွင်း ပြုလုပ်ကျင်းပသည့် လုပ်ငန်းအစည်းအဝေးတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တန်ဖိုးနည်း အိမ်ရာတွေဟာ ၀င်ငွေနည်း ၀န်ထမ်းတွေအတွက် အဓိကထားပြီး နိုင်ငံတော်က ဆောင်ရွက်တာလို့ သိရတယ်။ အခုဟာက တန်ဖိုးနည်းဆိုတာတောင် ကျပ်သိန်း ၁၀၀ အထက်မှာ ရှိနေတော့ ၀င်ငွေနည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထား မရှိသေးဘူး'' ဟု ၎င်းက ပြောသည်။

တန်ဖိုးနည်း တိုက်ခန်းဟု ဆိုသော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခုမှာ အမြင့်ဆုံးတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်မည်ဖြစ်ပြီး အဆိုပါ နှုန်းထားများမှာ သာမန်ပြည်သူများ လက်လှမ်းမမီနိုင်သည့် နှုန်းထားများ ဖြစ်နေသည်။

''တန်ဖိုးနည်း တိုက်ခန်းဆိုပေမယ့် ကျပ်သိန်း ၂၀၀ အထိ အများဆုံး ဆောက်လုပ်ရောင်းချရတဲ့ အချက်က ယုဇနအိမ်ရာ ဆောက်လုပ်တဲ့ အချိန်မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၁၀၀၀၊ ကျပ် ၁၅၀၀ လောက်ပဲ ရှိပေမယ့် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနှစ်ခု ဆောက်မယ့်အချိန် မှာ PAE တန်ဖိုးက တစ်ပေပတ်လည်ကို ကျပ် ၂၀၀၀၀ ၀န်းကျင်အထိ ဖြစ်နေပါတယ်။ ပြီးတော့ ဈေး၊ ကျောင်း၊ ပန်းခြံ၊ ဘတ်စ်ကားဂိတ်တွေလို မရှိမဖြစ် လိုအပ်တဲ့ အဆောက်အအုံတွေ ရေ၊ မီး၊ လမ်း၊ မီတာ၊ ဓာတ်လှေကားစတဲ့ ပစ္စည်းတွေကြောင့် ဈေးနှုန်းက တန်ဖိုးနည်း တိုက်ခန်းကို ကျပ်သိန်း ၂၀၀ ထက် မများစေရဘူး ဖြစ်သွားပါတယ်'' ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

 

ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ်အဖြစ် သိမ်းပိုက်မှုကြောင့်ဟု ရခိုင်လူမျိုးများက ထင်မြင်ပြီး ရခိုင်လူမျိုးများ၏ လူမျိုးကြီး စိတ်ဓာတ်ကြောင့်ဟု ဘင်္ဂါလီလူမျိုးများက ထင်မြင်ကာ နှစ်ဖက်စလုံးက အစိုးရအား အပြစ်တင်ခဲ့


rakhine-may1

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်းမှ ဒေသခံ ရခိုင်တိုင်းရင်းသားများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ ၈ လကြာ အချိန်ယူခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် စာမျက်နှာ ၁၈၃ မျက်နှာ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုတို့အကြား တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် အခြေအနေများ၊ ပဋိပက္ခ ဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ဆူပူ အကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များ၊ ရိုဟင်ဂျာ အခေါ်အဝေါ် ပြဿနာ၊ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက်များ စသည့်အခန်းများ ပါဝင်ပြီး ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ်အဖြစ် သိမ်းပိုက်မှုကြောင့်ဟု ရခိုင်လူမျိုးများက ထင်မြင်ကြပြီး ရခိုင်လူမျိုးများ၏ လူမျိုးကြီး စိတ်ဓာတ်ကြောင့်ဟု ဘင်္ဂါလီလူမျိုးများက ထင်မြင်ကြကာ နှစ်ဘက်စလုံးက အစိုးရအား အပြစ်တင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းအရင်းများ အခန်းတွင် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ရခိုင်လူမျိုး ၁၂၀၀ ဦးအား မေးမြန်းရာတွင် ၈၄.၇ ရာခိုင်နှုန်းက ဘင်္ဂါလီများ၏ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ရန် ကြိုးစားမှုကြောင့်ဟု ဖြေဆိုကြောင်း၊ ဖြေဆိုသူများ၏ ၈၀ ရာခိုင်နှုန်းက ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများ၏ ကြိုတင်ကြံစည်မှုကြောင့်ဟု ထင်မြင်ကြကြောင်း၊ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဘာသာရေး ပြင်းထန်သည့် သူများထံမှ အကြံဉာဏ်နှင့် ငွေကြေးအထောက်ပံ့များ ရယူ၍ ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ် မဖြစ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း ဖြေဆိုကြသည်ဟု ဖော်ပြခဲ့သည်။

ရခိုင်လူမျိုး အများစုက ပဋိပက္ခ ဖြစ်ပွားလာခြင်းသည် အစိုးရမှ တိုင်းရင်းသားများအား အကာအကွယ် မပေးနိုင်ခြင်း၊ အကျင့်ပျက် ၀န်ထမ်းများက ဘင်္ဂါလီများ၏ လာဘ်ငွေများ ရယူ၍ တရားမ၀င် ၀င်ရောက်လာသူများအား ကာကွယ်ပေးခြင်း၊ ဒေသအာဏာပိုင်များက ဥပဒေနှင့် မညီသည့် လုပ်ရပ်များကို ပြုလုပ်ခြင်းများ၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက မိမိတို့ပါတီ မဲရရှိရေးအတွက် ဘင်္ဂါလီ အများအပြားကို ယာယီမှတ်ပုံတင် အဖြူကတ်များ ထုတ်ပေးခဲ့ခြင်းကြောင့် လူမျိုးရေး ပဋိပက္ခများ ပိုမိုရှုပ်ထွေးခဲ့ပြီး ဆိုးရွားစွာ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု ယူဆကြကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် အရေးပါသော ရေလမ်းကြောင်းများတွင် ဘင်္ဂါလီရွာများ ကြီးစိုးနေကြပြီး တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများသည် တရားမ၀င် အလွယ်တကူ ၀င်ရောက်လာနိုင်ပြီး စစ်တွေမြို့နှင့် အခြားအချက်အချာကျသည့် မြို့များကိုလည်း ထိန်းချုပ်ရန် ကြံစည်နေသည်ဟု ရခိုင်လူမျိုးများက ယုံကြည်နေကြသည်။ အစိုးရအနေဖြင့် ထိုသို့နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိသည့် အခြေအနေကို မည်သို့မှ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ရခိုင်လူမျိုးများက မွတ်ဆလင်များ၏ ကြီးစိုးရန် လုပ်ဆောင်မှုကို တတ်နိုင်သမျှ ရပ်ဆိုင်းအောင် ကြိုးစားသည့် အနေဖြင့် ဘင်္ဂါလီများကို အင်အားဖြင့် ပြန်လည်တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိကြောင်း ကော်မရှင် အစီရင်ခံစာက ဖော်ပြထားသည်။

ကော်မရှင်၏ ဘင်္ဂါလီ ၈၀၀ ဦးအား မေးမြန်းချက်တွင်မူ ရခိုင်များ၏ ရခိုင်ပြည်နယ်အတွင်း အတူတကွ နေထိုင်လျက်ရှိသော လူမျိုးစုငယ်များကို လက်မခံသည့် လူမျိုးကြီး စိတ်ဓာတ်ကြောင့် ပဋိပက္ခ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ လူမျိုးကြီးစိတ်ရှိသော ရခိုင်လူမျိုးများက ကျောက်နီမော်ရွာ မုဒိမ်းမှုကို အသုံးချ၍ ဘင်္ဂါလီများအား ဒုက္ခရောက်အောင် လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သဘောထား ရှိကြသည်ဟု ဖော်ပြခဲ့သည်။


ဖြေဆိုသူများ၏ ၈၀ ရာခိုင်နှုန်းက ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ ဘင်္ဂါလီများ၏ ကြိုတင်ကြံစည်မှုကြောင့်ဟု ထင်မြင်ကြကြောင်း၊ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဘာသာရေး ပြင်းထန်သည့် သူများထံမှ အကြံဉာဏ်နှင့် ငွေကြေး အထောက်ပံ့များ ရယူ၍ ရခိုင်ပြည်နယ်အား မွတ်ဆလင်ပြည်နယ် မဖြစ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း . . . . .


သို့သော် ဘင်္ဂါလီအများစု နေထိုင်ရာ နေရာများတွင်မူ ကျောက်နီမော် ဖြစ်စဉ်ကို မသိကြဘဲ တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် အကြောင်းကိုသာ သိထားကြခြင်းကို ထောက်ရှု၍ ဘင်္ဂါလီများဘက်မှ ဖြစ်စဉ်များအား အပြည့်အစုံ ချပြအသိပေးခြင်းမျိုး မပြုခဲ့ဘဲ ဇောင်းပေးလိုသော သတင်းများကိုသာ ရွေးချယ်ကောက်နှုတ်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့သည်ဟု ကော်မရှင်က ခန့်မှန်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ထိုသို့ ရခိုင်နှင့် ဘင်္ဂါလီတို့၏ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြောဆိုချက်များသည် တိကျသည်ဟုပြောရန် ခက်သော်လည်း လုံးဝမှားသည်ဟုပြော၍ မရကြောင်း ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန် ကြိုးစားနေသည်ဟုဆိုရန် ခိုင်မာသောသက်သေ မရှိသော်လည်း ၎င်းတို့၏ ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးနှင့် တိုင်းရင်းသား အခွင့်အရေး ရရှိရန် တောင်းဆိုမှု ပြုနေခြင်း၊ ရှေးကာလများက ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေကို အုပ်ချုပ်ခွင့်ရ သီးသန့်နယ်မြေအဖြစ် တောင်းဆိုမှု ပြုခဲ့ခြင်းများက ၎င်းတို့၌ ရခိုင်လူမျိုးများ လက်ခံနိုင်သည့် အနေအထားထက် ပို၍ နိုင်ငံရေးအရ လွှမ်းမိုးလိုမှုနှင့် နယ်မြေထိန်းချုပ်လိုမှု စိတ်ဓာတ်များ ကိန်းအောင်းလျှက် ရှိနေသည်ဟု သုံးသပ်ရသည့် အနေအထားကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ရခိုင်လူမျိုးအချို့ အဆိုအရ အချို့ဘင်္ဂါလီ ဒေသခံများသည် တစ်ဖက်နိုင်ငံတွင် RSO (The Rohingya Solidarity Organization) များမှ ဖွင့်လှစ်သော စစ်ရေး၊ နိုင်ငံရေး သင်တန်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ သဘောထား ပျော့ပြောင်းသော အစ္စလာမ်ဘာသာဝင် အချို့ထံမှ သိရသည်မှာ ရန်ကုန်မြို့ရှိ ဗလီအချို့သည် ပြည်ပနိုင်ငံများမှ ဘာသာရေးအစွန်းရောက် ဂိုဏ်းများနှင့် များစွာ နီးစပ်မှု ရှိနေပြီး ဘာသာရေး အစွန်းရောက် အတွေးအမြင်များကို သင်ကြားမွေးထုတ်ပေးခြင်း၊ သင်ကြားလေ့ကျင့်ပေးထားသော နယ်လှည့်တရားဟော ဆရာများစွာကို ရခိုင်ဒေသ အပါအ၀င် မြန်မာပြည် အရပ်ရပ်သို့ အသုတ်လိုက် စေလွှတ်ခြင်းများ ရှိနေကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်ဟု ဆိုသည်။

ကော်မရှင် အစီရင်ခံစာတွင် နှစ်ဖက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၏ လှုံ့ဆော်မှုများသည် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ကော်မရှင်၏ အစီရင်ခံစာက ရခိုင်လူမျိုးများ၏ ဘင်္ဂါလီများအပေါ် နာကျည်းမုန်းတီးမှုနှင့် မယုံကြည်မှုများသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်နှင့် ဘင်္ဂါလီများကို အရေးယူ ဆောင်ရွက်ခြင်း မပြုပါက ရခိုင်တို့အနေဖြင့် မိမိတို့ တတ်နိုင်သည်များကို လုပ်ဆောင်သွားရန်နှင့် ဘင်္ဂါလီများကို ရခိုင်ပြည်နယ်အတွင်း၌ ကြီးစိုးမှု မရှိနိုင်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြပုံ ရှိပါသည်ဟု ဖော်ပြခဲ့သည်။

ကော်မရှင်၏ ပဋိပက္ခ ဖြစ်ပွားရခြင်း အကြောင်းရင်းများ အခန်းအဆုံးသတ်တွင် ယနေ့အချိန်သည် ရခိုင်လူမျိုးများ၏ ရင်ထဲ၌ ဘင်္ဂါလီများကို နာကျည်းမုန်းတီးစိတ် အပြင်းထန်ဆုံး၊ အထွဋ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဟု သတ်မှတ်နိုင်သည်၊ တစ်ဖက်တွင်လည်း ရခိုင်လူမျိုးများ အင်အားနည်းပါးပြီး ဘင်္ဂါလီအင်အား သာလွန်သည့် နေရာများတွင် နေထိုင်လျက်ရှိသော ရခိုင်လူမျိုးများမှာ ကြောက်ရွံ့ထိတ်လန့်စိတ်၊ သိမ်ငယ်စိတ်များ ကြီးမားနေပြီး အစိုးရ၏ လုံခြုံရေး အကာအကွယ် အစောင့်အရှောက်ကို အားကိုးတကြီး တောင်းခံနေကြကြောင်း၊ ဘင်္ဂါလီများဘက်တွင်လည်း ရခိုင်မုန်းတီးရေး အယူဝါဒများသည် ဘင်္ဂါလီများအား ဖြစ်ပေါ်လာစေသည့် ကိစ္စရပ်များအပေါ် အကြမ်းနည်းဖြင့် တုန့်ပြန်ရန် အမြဲအဆင်သင့် ဖြစ်စေခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် ဘင်္ဂါလီဟူသော အမည်ကိုသာ သုံးစွဲထားပြီး မြန်မာနိုင်ငံ၏ တရားဝင် သန်းခေါင်စာရင်း ကောက်ယူမှုအရ ယင်းအမည်သာ ပါရှိခြင်းကြောင့် သုံးစွဲခြင်း ဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင်များက ရှင်းလင်းခဲ့ပြီး ယင်းအပေါ် ရှင်းလင်းပွဲ တက်ရောက်လာသူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူက ရိုဟင်ဂျာဆိုသည်မှာ နှစ်ပေါင်းထောင်ချီ ရှိခဲ့ပြီဖြစ်ပြီး ဘင်္ဂါလီဆိုသည်မှာ ၎င်းတို့ကို အလဲထိုးချင်သူများ၏ သုံးစွဲမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက "ရခိုင်ပြည်နယ်က အစ္စလာမ်အများစုဖြစ်တဲ့ ကမန်လူမျိုးတွေက သူတို့သမိုင်းကို သူတို့ဖော်ပြတာ နှစ်လေးရာလို့ ပြောတယ်။ ဒါကိုတောင် ကျွန်တော်တို့က လက်ခံထားပြီးသားပဲ။ ကျွန်တော်တင် မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေကပါ လက်ခံထားပြီးသားပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

 ဦးကိုကိုကြီးကပင် "ရခိုင်ပြည်နယ် အတွင်းမှာ ဒီလူ့အဖွဲ့အစည်း နှစ်ခုက နှစ်ပေါင်းများစွာ သီးခြားစီနေခဲ့ကြတာ။ အဲဒါကြောင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ ချက်ချင်းထလုပ်လို့ မရဘူး။ အတူတကွ နေနိုင်ရေးဆိုတာကို ကျောင်းတွေမှာကစပြီး လုပ်သွားရမယ်" ဟု ဆက်လက်ပြောသည်။

 

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အနာဂတ် အမျိုးသား လုံခြုံရေးအတွက် ကဏ္ဍအလိုက် အကြံပြုချက် အချို့

လူဦးရေ တိုးပွားနှုန်းကိစ္စ

ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂါလီများနှင့် အတူယှဉ်တွဲ နေထိုင်ရန် ကြောက်ရွံ့သော ကိစ္စတစ်ခုမှာ ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း အဆမတန် မြင့်မားခြင်းပင် ဖြစ်သည်။ ယင်းတို့အပေါ် အုပ်ချုပ်ရေး အာဏာဖြင့် အတင်းအကျပ် သားဆက်ခြားရေး အစီအစဉ်များ မလုပ်သင့်ပါ။ နိုင်ငံတကာ အမြင်တွင် ဘင်္ဂါလီများအပေါ် မတရား ပြုလုပ်သည်ဟု မြင်နိုင်သည့် အပြင်ဘင်္ဂါလီ နိုင်ငံရေး လှုပ်ရှားသူများမှ ယင်းကိစ္စကို အသုံးချ၍ ပြည်နယ်အတွင်း မတည်ငြိမ်မှုများကို ဖန်တီးလာနိုင်ပါသည်။

 

နိုင်ငံသား ပြုရေးကိစ္စ

အစိုးရသည် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်နိုင်မှု၊ မဖြစ်နိုင်မှုကို တည်ဆဲ ဥပဒေများအရ ပွင့်လင်းမြင်သာစွာ၊ တိကျစွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံမဲ့ဖြစ်နေသူများ ကိစ္စကို နိုင်ငံတွင်း ကျင့်သုံးနေသော ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ရန်သာမက အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆက်လက် အရေးယူရန် လိုအပ်ပါသည်။ နိုင်ငံသားဖြစ်ခွင့် ရရှိသူများ၊ အသိအမှတ် ပြုခြင်းများကို အခမ်းအနားဖြင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပေးသင့်ပါသည်။

 

လူမှုရေး သဟဇာတ ဖြစ်စေရေးကိစ္စ

နိုင်ငံသားပြုခွင့် ရထားသူ၊ ဧည့်နိုင်ငံသားအဖြစ် နေထိုင်လိုသူတို့သည် ဤနိုင်ငံ၏ ဥပဒေ၊ စည်းကမ်းတို့ကို လိုက်နာ၍ မိမိနေထိုင်သည့် ဒေသနှင့် သဟဇာတ ဖြစ်စေရန် ဒေသ၏ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို အတိုင်းအတာ တစ်ခုအထိ သင်ကြားတတ်မြောက် ထားစေပြီး စိစစ်ပြီးမှသာ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားအဖြစ် ခွင့်ပြုသင့်သည်။ မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံး မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ၀တ်စားဆင်ယင်မှု ဓလေ့ထုံးတမ်းများကို သိရှိလိုက်နာ ကြရမည်ဖြစ်ပြီး ပညာပေး လုပ်ငန်းများကိုလည်း တစ်ဖက်မှ ဆောင်ရွက်ပေးသင့်ပါသည်။

 

ဘာသာရေး

လက်ရှိ ရခိုင်ပြည်နယ်ရှိ ဘာသာရေး ကျောင်းများတွင် သဘောထား ပြင်းထန်သည့် ဘာသာရေး ခေါင်းဆောင်များ၏ နေရာတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ သဘောထားပျော့ပျောင်းသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များကို သေချာလေ့ကျင့်ပေးကာ ၎င်းတို့ကို ရှေ့တန်းတင်ပြီး ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာရေး ကျောင်းများအား ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သင့်ပါသည်။ သဘောထား ပြင်းထန်သည့် ဘာသာရေး ခေါင်းဆောင်များ ဦးစီးသော ဘာသာရေး ကျောင်းများကို အစိုးရမှ စိစစ်ကြပ်မတ်သင့်ပြီး သင့်တော်သည့် အစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ သင်ကြားသင့်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲစေပြီး ယင်းအတိုင်းသာ သင်ကြားပို့ချ စေသင့်သည်။

 

လုံခြုံရေးနှင့် အုပ်ချုပ်ရေး

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသေးရာ အစိုးရအနေဖြင့် ပဋိပက္ခများကို အချိန်မီ ကြိုတင်ခန့်မှန်း သိရှိနိုင်ရန်နှင့် ပြင်ဆင်ထားနိုင်ရန် လိုအပ်သည့် ကြိုတင်ကာကွယ်ရေး စနစ်တစ်ခုကို တည်ဆောက်ရန် လိုအပ်ပါသည်။ ထိုသို့သော အခြေအနေတွင် လုံခြုံရေး တပ်အင်အားများ များပြားစွာ ရုတ်တရက် လျှော့ချခြင်းမျိုး မပြုလုပ်သင့်ပါ။ လုံခြုံရေး အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ထားရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက်၊ အစွန်းရောက် အဖွဲ့အစည်းများ၏ အန္တရာယ်မှ ကြိုတင်ကာကွယ် ထောက်လှမ်း သိရှိနိုင်ရန် စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် Special Team တစ်ခု ဖွဲ့စည်းတာဝန်ပေးအပ်ရန် လိုအပ်ပါသည်။ လက်ရှိ အခြေအနေတွင် ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးများကို သီးခြားစီခွဲထားရန် လိုအပ်ပါသည်။ သို့သော် ယင်းလူ့အဖွဲ့အစည်း နှစ်ခုကို အမြဲတမ်း ခွဲထားရန်မှာမူ မဖြစ်နိုင်ပါ။ တစ်ဦးပေါ်တစ်ဦး ထားရှိလာခဲ့သော အမျက်ဒေါသများ လျော့သွားသည်အထိ ခွဲထားသင့်ပါသည်။ ယင်းကာလအတွင်း ဥပဒေချိုးဖောက်သူများကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရပါမည်။ ရခိုင်ပြည်နယ်သည် လူဦးရေ တိုးတက်နှုန်း အလွန်အမင်း မြင့်မားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းရေနယ်နိမိတ်များ ထိစပ်နေသည့်အပြင် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ပေါက်ရောက်သည့် ရှည်လျားလှသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မြန်မာနိုင်ငံသာမက ဒေသလုံခြုံရေး၊ စီးပွားရေး တို့အတွက် အလွန်အချက်အခြာ ကျနေပါသည်။ သို့ဖြစ်၍ မြန်မာ့ပင်လယ်ပြင်ကို စိုးမိုးထားနိုင်ရေးအတွက် တပ်မတော် ရေတပ်အင်အားကို မဖြစ်မနေ တိုးချဲ့ထားရပါမည်။ ထိုနည်းတူစွာ ကမ်းခြေစောင့် ရဲကိုလည်း ဖွဲ့စည်းချထားရန် လိုအပ်ပါသည်။ ယင်းလုံခြုံရေး လက်နက်ကိုင် တပ်ပေါင်းစုကို ထိပ်ဆုံးမှ တပ်မှူးကြီးတစ်ဦးက ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲစေရပါမည်။ တစ်ချိန်တည်းတွင် နိုင်ငံ၏ ဘက်စုံလုံခြုံရေး မဟာဗျူဟာ စီမံချက်များကို ရေးဆွဲချမှတ် ထားရှိရပါမည်။ (holistic approach) နှင့် (preventive approach) ရပ်ခံချက် (Paradigm) ဖြင့် စီမံဆောင်ရွက် ထားသင့်ပါသည်။
    

တရားဥပဒေ စိုးမိုးရေး

နိုင်ငံတော် အစိုးရ အနေဖြင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လူမျိုးရေး ပြဿနာများအပေါ် မိမိတို့ အဖွဲ့အစည်း အကျိုးအမြတ်အတွက် အသုံးပြုခြင်းကို ဥပဒေများ ပြဋ္ဌာန်း၍ ထိရောက်စွာ တားမြစ်သွားသင့်ပါသည်။

 

နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်


12prize-may1

အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတမှ ဆုချီးမြှင့်နေစဉ်

နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး  ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော်တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ  ၆၀၁၅ သန်းကျော် ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။

 

တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများနှင့် အဂတိတရား လိုက်စားသူများကြောင့် တရုတ်ပြည်သို့ မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်


woodunofficialexport-may1

တရုတ်မြန်မာ နယ်စပ်ဒေသရှိ သစ်မှောင်ခိုကားများအား ဧပြီလဆန်းပိုင်းတွင် တွေ့ရစဉ်

တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများနှင့် အဂတိတရား လိုက်စားသူများကြောင့် မှောင်ခိုသစ် ခိုးထုတ်မှု အရှိန်မြင့်တက်လာကြောင်း တရုတ်-မြန်မာနယ်စပ်မှ ပေးပို့သော သတင်းများအရ သိရသည်။

"ကျွန်တော်တို့ ရွှေလီဘက်မှ တွေ့ရတဲ့ သစ်ပုံတွေက မြင်မကောင်း ကြည့်မကောင်းပဲ။ ထားစရာ နေရာတောင် မရှိသလောက်ပါ။ မြန်မာပြည်မှာကော သစ်တောတွေ ကျန်သေးရဲ့လားလို့ မေးလို့ရတယ်။ တစ်နေ့တစ်နေ့ အစီးရေ ၂၇၀ နဲ့ ၃၀၀ ကြားမှာ ရှိပါတယ်။ ၁၂ ဘီးကား၊ ၂၂ ဘီးကားတွေနဲ့ နေ့စဉ်တင်နေတာ။ ကျွန်တော်တို့ ဘက်ကလည်း တစ်ခုခု ပြောသင့်နေပြီလို့ ထင်တယ်။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ကိုယ့်အသား ဖဲ့ယူသလို ခံစားရလို့ ပြောပြတာပါ" ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။


အပင်ကြီးတွေ ၂၂ ဘီးကားနဲ့ ခြောက်လုံးလောက်ပဲ ရတယ်ဆိုတော့ စဉ်းစားကြည့်ပါ။ အမြစ်ပါမချန်ဘူး၊ ပင်စည်ကို သစ်လုပ်တယ်။ အကိုင်းအခက်ကို မီးသွေးဖုတ်တယ်။ ဂျပန်၊ ကိုရီးယားကို export ပြန် လုပ်တယ်။ ပြောင်ပြောင်တင်းတင်း လုပ်ချင်တိုင်း လုပ်နေတယ် . . . . .


ယင်းကဲသို့ သစ်မှောင်ခိုဂိုဏ်းများ ထုတ်ယူလာသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မြန်မာစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ စတင်ချိန်မှစပြီး အရှိန်မြင့်တက်လာကြောင်း၊ နယ်မြေမအေးချမ်းသည့်အပေါ် ပိုမို အခွင့်အရေးယူ အသုံးချနေသည့် သဘောမျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။ လက်ရှိ အနေအထားများသည် တရုတ်နိုင်ငံသားတို့ ပြည်တွင်းတွင် နိုင်ငံသားများထက်ပင် အခွင့်အရေးထက် ပိုရနေကြောင်း၊  တရားဥပဒေ စိုးမိုးမှု မရှိသည့် အနေအထားတွင် အခွင့်ကောင်းယူခြင်း၊ လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်း၊ လမ်းကြောင်းနဲ့ သွားသည့် ခေတ်စနစ်တစ်ခု ထွန်းကားနေခြင်းတို့မှာ အဓိက အကြောင်းရင်များဖြစ်ကြောင်း သုံးသပ်ကြသည်။  

"သူတို့ ၀င်တဲ့နေရာမှာ ကိုယ့်ယန္တရားနဲ့ကိုယ့် ကိုယ့်နဲ့ကိုယ် လာသယ်နေကြတာလေ၊ ကချင်ပြည်နယ် မိုးမိတ်လောက်က ဆင်းလာတာ။ အခုဆို စစ်ကိုင်းတိုင်း မန္တလေးတိုင်းလောက်အထိ ရောက်လာပြီ။ သိပ်ပြောင်ကျပြီး သိပ်မတရားမှုတွေ များနေပြီ။ အပင်ကြီးတွေ ၂၂ ဘီးကားနဲ့ ခြောက်လုံးလောက်ပဲ ရတယ်ဆိုတော့ စဉ်းစားကြည့်ပါ။ အမြစ်ပါမချန်ဘူး၊ ပင်စည်ကို သစ်လုပ်တယ်။ အကိုင်းအခက်ကို မီးသွေးဖုတ်တယ်။ ဂျပန်၊ ကိုရီးယားကို export ပြန် လုပ်တယ်။ ပြောင်ပြောင်တင်းတင်း လုပ်ချင်တိုင်း လုပ်နေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီတွင် သစ်လုံးကားများ နေ့စဉ်ဝင်ထွက် သွားလာနေကြကြောင်း၊ တရုတ်ပြည်တွင် ဤမျှပေါများသော သစ်များ မရနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ ဥပဒေအရ ခွင့်ပြုမိန့်မရှိဘဲ သစ်ထုတ်ခွင့် မရှိကြောင်း။ ထုတ်ယူပါက ပြင်းထန်စွာ အရေးယူ ခံရတတ်ကြောင်း။ သို့သော် မြန်မာပြည်ဘက်မှ မှောင်ခိုသစ် များများဝင်လာသည့်အပေါ် တရုတ်ဘက်က ပိတ်ပင်ထားမြစ်ခြင်း မရှိကြောင်း၊ တစ်တန်ကို တရုတ် ယွမ်ငွေ ၁၂၀၀ ကို အကောက်အခွန်အနေဖြင့် ကောက်ယူကြောင်း၊ မြန်မာဘက်မှ အလကားနီးပါးနှင့် ရသည်ဆိုတော့ တစ်တန် ၁၂၀၀ ပေးလိုက်ရလည်း မှောင်ခိုသမားများအတွက် ဘာမှထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။     

"ဘာကြောင့် မှောင်ခိုမှုများ ဤမျှလောက်အထိ ဟော့ဟော့ရမ်းရမ်း လုပ်နေကြတာလဲ မသိဘူး။ မြန်မာပြည်က သစ်တွေကော ကျန်ဦးမှာလား မေးစရာရှိတယ်။ တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေးအရ အင်အားအကြီးဆုံး နိုင်ငံဖြစ်နေတယ်။ စက်မှုဖွင့်ဖြိုးမှုကို စောင်းပေးလိုက်တဲ့အခါ တရုတ်ပြည်တွင် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကို ခံစားလာရတယ်။ တစ်ချို့မြို့ကြီးများတွင် နေမမြင်ရ။ ရုတ်တရက်ကြည့်လျှင် မီးခိုးငွေ့များလို၊ မိုးမှောင်ကျနေသလို ထင်ရတယ်။ တစ်ခါတစ်ခါ မိုးရွာချလိုက်မှသာ နေကိုမြင်တွေ့ခွင့် ရတယ်။ ဒါက သူ့အကြောင်းနဲ့သူ။ သူနိုင်ငံ စီးပွားရေး တိုးတက်အောင် လုပ်ယူသည့်အတွက် သူပြန်ပေးဆပ်လိုက်ရတာပါ။ အခုသူ့နိုင်ငံတွင် လုပ်ခွင့်မရသည့် စီးပွားရေးသမားတွေရဲ့ အိပ်မက်ကို မြန်မာနိုင်ငံတွင် လာပြီးအကောင်ထည် ဖေါ်ကြတယ်။ ဖော်ခွင့်လည်း ရထားကြတယ်။ မြန်မာပြည်မှာ တောင်ကတုံးတွေပဲ ကျန်တော့ရင် ဘယ်သူ့မှာ တာဝန်ရှိလဲ မေးစရာ ရှိလာပေလိမ့်မယ်။ ဒီအတိုင်းဆိုပါက သစ်တောတောအားလုံး ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးသည့်ဒဏ်ကို ပြည်သူများက ခံစားကြရမယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တစ်ဦးက ဆိုသည်။ 

 

ကျောက်မဲမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့နယ်၌ ဧပြီ(၁)ရက် နံနက်(၁)နာရီခန့်က မိုးသက်လေပြင်း ကျရောက် ခဲ့သော်လည်း ဒေသတွင်း၌ လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

 

"မနေ့ညက လေအရမ်းတိုက်တယ်၊ မိုးရွာတာက တစ်နာရီလောက်တော့ ကြာမယ်၊ ဒါပေမဲ့ ရေသိပ်မပါဘူး၊ ထူးခြားတာ တစ်ခုကတော့ မီးမပျက်တာဘဲ၊ ခါတိုင်း (၁၅)မိနစ်လောက် မိုးရွာရင်ကို မီးကပျက်နေပြီ" ဟု ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ကျောက်မဲမြို့ပေါ်၌ မီးမပျက်ခြင်းမှာ ဧပြီ(၂၈)ရက်နေ့က အန္တရာယ်ရှိနိုင်သည့် သစ်ကိုင်းများကို ရှင်းလင်းထားခြင်းကြောင့်   ဖြစ်နိုင်ကြောင်း ကျောက်မဲ EPC ရုံးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

မိုးသက်လေပြင်းကျရောက်ခဲ့ခြင်းကြောင့် လူအသေအပျောက်မရှိသော်လည်း ကျေးရွာအချို့ရှိ နေအိမ်များ ပျက်စီးမှု အနည်းငယ်ရှိခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

 

"ည(၁)နာရီခွဲလောက်ကနေ (၂)နာရီခွဲလောက် အထိ လေရောမိုးပါရွာတယ်၊ မိုးရေသိပ်မများပေမယ့် လေတိုက် တာတော့ပြင်းတယ်၊ အိမ်လေးလုံးလောက် သွပ်မိုးတွေလန်သွားတယ် လူကို ထိခိုက်တာ တော့မရှိဘူး" ဟု ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာနေ ရှမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

 

ကျောက်မဲမြို့နယ်အတွင်းရှိ မြေပြန့်ကျသောကျေးရွာများဖြစ်သည့် ခိုက်တုန်ဟိုးကျေးရွာ၊ ခဲမွန်းရွာ နှင့် နားအိုက်ခန့်ကျေးရွာများတွင် မေလ နံနက်(၁)နာရီဝန်းကျင်မှစ၍လေပြင်းများတိုက်ခတ်သွားခဲ့ပြီး လေပြင်း တိုက်ခတ်မှုကြောင့် ခဲမွန်းကျေးရွာကိုဖြတ်သန်းသွားသော မန္တလေး-လားရှိုးအမြန်လမ်းမကြီးနံဘေးရှိ မယ်ဇလီပင်အချို့ လဲကျခဲ့သည်ဟု သိရသည်။

 

 "ကားလမ်းဘေးက မယ်ဇလီပင်တစ်ချို့ လဲကုန်တော့ လမ်းခဏပိတ်သွားတယ်၊ ဒီလိုပဲဝိုင်းပြီးရှင်းလင်း လိုက် ရတာပေါ့ မနက်ထိအပင်တစ်ချို့ကိုရှင်းနေရတုန်းပဲ၊ တဲသုံးလေးလုံးလောက်တော့အမိုးတွေ လန်သွားတယ်၊ ထိခိုက်မိတာမျိုးတော့ မရှိပါဘူး'' ဟု ခိုက်တုန်ဟုန်းကျေးရွာရှိ ရွာသားတစ်ဦးက ပြောသည်။

 

လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်ဆီးသွားသည့် အိမ်အချို့ကိုလည်း ရပ်ကွက်နေ ဒေသခံများက ၀ိုင်းဝန်းပြင်ဆင်မှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်။

 

 

http://www.myitmakhamediagroup.com/administratorpanel/image/1-5-13-4.JPG

 

 

 

လက်ပံတောင်း ထွန်တုံးတိုက်ပွဲ ယာယီရပ်ဆိုင်း၊ လယ်မြေများ ပြန်ရသည်အထိ တိုက်ပွဲဝင်မည်

လတ်တလောတွင် အာဏာပိုင်များနှင့် ဒေသခံပြည်သူများ အကြား ပဋိပက္ခများ၊ ရဲတပ်ဖွဲ့ဝင်များ၏ ပြည်သူများ အပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် ထွန်တုံးတိုက်ပွဲများ ထွန်ယက်စိုက်ပျိုးမှု
တွေကို ခေတ္တရပ်ဆိုင်းထားကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက် နေသူများမှ သတင်းရရှိသည်။

လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသူ ကိုသောင်းထိုက်ဦးက " သွေးထိုးလှုံ့ဆော်တယ် ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာပါ။ ကျွန်တော်တို့ ၂၃ ရက်နေ့က စပြီးထွန်တုံး တိုက်ပွဲဝင်ပါတယ်။ မိုးကျပြီဆိုရင်
ဒေသခံ ပြည်သူတွေ စိုက်ပျိုးချင်တယ်ဆိုရင် စိုက်ပျိုးနိုင်အောင် ဆက်လက် လုပ်ဆောင်သွားမှာပါ " ဟုဆိုသည်။

လျော်ကြေးမယူသည့် လယ်မြေများ အပေါ်တွင် ထွန်ယက်စိုက်ပျိုးနိုင်ရေး ကူညီသူ ၈ဦးအား ရဲက လာရောက် အစစ်ဆေးခံရန် အမှုဖွင့် ကြေညာချက် ထုတ်ထားခဲ့သော်လည်း လယ်မြေများ ပြန်လည် ရရှိသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြောင်း ကိုသောင်းထိုက်ဦးက ဆက်ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနှင့် လျော်ကြေးမယူ လယ်ယာများ ပြန်လည် ရရှိရေး အတွက် ဆောင်ရွက်နေသူ ၈ဦးကို နယ်မြေအေးချမ်းသာယာရေး ပျက်ပြားအောင် လုပ်ဆောင်သူများ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူမည့် ကြေညာချက်ကို (ဧပြီလ ၂၅ ရက်နေ့) က ရဲက ထုတ်ပြန်ထားခဲ့သည်။

ဒေသခံများ အနေနှင့် ထိုသူများ မည်သည့်အရပ်တွင် ရှိသည်ကို ရဲစခန်းသို့ အကြောင်းမကြားလျှင် ထောင်ဒဏ်
ခြောက်လ၊၎င်းတို့အား လက်ခံထားပါက ထောင်ဒဏ် ၅နှစ်အထိ အရေးယူ အပြစ်ပေးနိုင်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။

ဧပြီလ ၂၅ရက်နေ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုးကို ရဲကဖမ်းဆီးခဲ့ပြီး အစစ်ဆေးခံ ရမည့် စာရင်းတွင် ပါဝင်သူ ကျန် ၇ဦးကို ရဲကဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

ဒေသခံများ၏ အဆိုအရ တုံရွာမှ ကိုထင်ကျော်မှာ သေနတ်ဒဏ်ရာနှစ်ချက် ထိသဖြင့် မုံရွာဆေးရုံကြီးတွင်
ဆေးကုသမှု ခံယူနေရပြီး ရွာသားအယောက် ၄၀ခန့် ထိခိုက် ဒဏ်ရာရရှိကာ သည်ဟု သိရသည်။

ဒေသခံတဦးက " ခေါင်းကွဲတာ ပခုံးတဘက် နိမ့်သွားတာ အဲလိုဒဏ်ရာ ရသူတွေ ရှိတယ်။ ဆေးရုံမှာ ကုသမှု ခံယူနေတာ လောလောဆယ် သုံးယောက် ကျန်တဲ့သူတွေက ဆေးရုံတက်ဖို့ မ၀ံ့မရဲဖြစ်တာကြောင့် ရွာတွေထဲမှာပဲ ကျန်းမာရေးမှူးနဲ့ တိုးတိုးတိတ်တိတ် ကုနေရပါတယ် " ဟု ရှင်းပြသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ တောင်သူလယ်သမား ၅၀၀ ခန့်က လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေးအတွက် ဧပြီလ ၂၉ရက်နေ့  မွန်းလွဲပိုင်းက ချီတက်ဆန္ဒပြ ကြကြောင်း ဆန္ဒပြခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် ပုဒ်မ ၁၄၄ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံးတရားခံများကို အမြန်ဆုံး ဖော်ထုတ် အရေးယူ
ပေးရေး တောင်းဆိုကြပြီး ကြေးနီစီမံကိန်းအတွက် စာချုပ်အသစ် ပြင်ဆင်ချူပ်ဆိုရန်ကို လည်း တောင်းဆိုခဲ့ကြ
ကြောင်း ဒေသခံများမှ တဆင့်သိရသည်။

ထို့အပြင် ဦးပိုင်နှင့်ဝမ်ပေါင် ကုမ္ပဏီ အလိုမရှိ၊ လျော်ကြေးမယူရသေးသော လယ်ယာမြေများပေါ်ရှိ ကုမ္ပဏီပိုင် အဆောက်အဦနှင့် မြေစာပုံများ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့ကြသည်။

တရုတ်ထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ရရှိသည်မှာ မဟုတ်ကြောင်း UWSA ငြင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ တရုတ်အစိုးရထံမှ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သို့ လက်နက်တပ်ဆင်
ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူ၍ သတင်းထွက်ပေါ်လာမှုအား ဝ တပ်ဖွဲ့မှ ငြင်းဆိုလိုက် သည်။

wa-controll-area-shanIHS သတင်းအချက်အလက် ကုမ္ပဏီ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ထောက်လှမ်းမှုနှင့် သုံးသက်မှု အင်တာနက် စာမျက်နှာ တွင် ရေးသားထားသည့် "မြန်မာ ခွဲထွက်ရေးသမားများထံ တရုတ်က လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များ ပေးပို့" ဆိုသည်ကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က 
ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

"မဟုတ်ပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဒီကိစ္စက ကြီးသွားမှာပေါ့။ ဒါ မဟုတ်တာ သေချာတဲ့ အကြောင်းပါပဲ။ ရဟတ်ယာဉ်တွေ တင်ပို့တယ်ဆိုရင် ဘယ်သူက မောင်းမှာလဲ။ သိလည်း မသိဘူး။ ဟုတ်လည်း မဟုတ်ဘူး။ အလကား လျှောက်ပြောနေတာပါ" ဟု မဇ္ဈိမကို ပြောသည်။

တရုတ်နိုင်ငံက စစ်သုံး အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mil Mi-17 'Hip' အမြောက်အများကို ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းက ပေးပို့ခဲ့ပြီး ယင်းတို့တွင် ဝေဟင်မှ ဝေဟင်ပစ် TY-90 ဒုံးကျည် များတပ်ဆင်ထားသည်ဟုလည်း အစိုးရနှင့် တိုင်းရင်းသား သတင်းရင်းမြစ်များကို ကိုးကား၍ IHS က ရေးသားသည်။

အဆိုပါ မီ ၁၇ ရဟတ်ယာဉ် ၅ စင်းကို တရုတ်ပြည်မှ တိုက်ရိုက်ပေးပို့ခဲ့ခြင်း မဟုတ်ဘဲ လာအို နိုင်ငံမှ မဲခေါင်မြစ်ကို
ဖြတ်သန်းကာ ပျံသန်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားလူနည်းစု စစ်သတင်းရပ်ကွက်အား ကိုးကား၍
ရေးသားထားသည်။

သို့သော် UWSA ကို တရုတ်နိုင်ငံက ရဟတ်ယာဉ်များ ပေးပို့သည်ဆိုသော သတင်းမှာ မဖြစ်နိုင်သေးကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဆိုသည်။

"တရုတ်ဝယ်လည်း ရတယ်။ ဝယ်လည်း ရောင်းတာကိုး။ ကျနော်လည်း အခိုင်အမာ ပြောဖို့ စောသေးတယ်။ အခြေအနေ နည်းနည်း စောင့်ကြည့်မယ်။ နိုင်ငံခြား ပေါ်လစီနဲ့ဆိုင်တော့ ကျနော်တို့ အတည်ပြုပေးလို့ မရဘူး။ ဒီကိစ္စက။ လောလောဆယ်တော့ မဖြစ်သေးဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်တာကတော့ ရှိတယ်လို့ ထင်တယ်" ဟု မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး "ကျနော်အမြင်နဲ့တော့ မဟုတ်ဘူးဆိုတာလည်း မပြောနိုင်ဘူး။ ရေရှည်မှာ ဖြစ်နိုင်ခြေအလားအလာ
ဖြစ်ဖို့ များတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို သဘောမျိုးရှိတယ်။ အစိုးရက ပါးစပ်က ငြိမ်းချမ်းရေး ပြောပြီး တကယ်တော့ မငြိမ်းချမ်းတဲ့ သဘော ဖြစ်တာကိုး။ ကိုယ့်အနေနဲ့လည်း ပြင်ရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်" ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်၏ အနောက်ဘက်တလျှောက် အစိုးရ စစ်ကြောင်းများ လှုပ်ရှားမှုများလည်း ရှိနေကာ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့အား လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် ၎င်းမြို့နယ် အတွင်းရှိ စခန်းကို အစိုးရတပ်မှ ဖယ်ရှားခိုင်းခြင်းမှာလည်း စဉ်းစားစရာ ဖြစ်နေသည်ဟု သူက ဆိုသည်။

အကယ်၍ တရုတ်ပြည်မှ Mil Mi-17 'Hip' များ UWSA ရရှိခဲ့ခြင်း မှန်ပါက မြန်မာ့တပ်မတော်က ရုရှမှ မကြာမီက ရရှိထားသော တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-24P 'Hind' gunships များကို ထိရောက်စွာ ဟန့်တားနိုင်လိမ့်မည် ဖြစ်ကြောင်း IHS က ရေးသားထားသည်။ အဆိုပါ Mi-24P တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ဆင်ရေးများတွင် အစိုးရတပ်မှ အသုံးပြုခဲ့သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှ စစ်အင်အား အကြီးမားဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ဒေသများတွင် အခြေစိုက်သည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ခဲ့သည်။

တအာင်း တပ်သား သုံးဦး အသတ်ခံရမှု၊ ပလောင်အမျိုးသမီး နှစ်ဦး အဓမ္မကျင့်ခံရမှု စစ်တပ်ကို စွပ်စွဲ

ချင်းမိုင်(မဇ္စျိမ)။   ။ နေရပ်သို့ ခွင့်ဖြင့် ပြန်သွားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA  ရဲဘော် သုံးဦး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဆွန်ဟင်း ကျေးရွာအနီး သတ်ဖြတ်ခံရမှုနှင့် မန်တုံမြို့နယ်
ရေပုံကျေးရွာသူ နှစ်ဦး အဓမ္မ ပြုကျင့်ခံခဲ့ရမှုများနှင့် ပတ်သက်၍ အစိုးရစစ်တပ်အား TNLA က စွပ်စွဲလိုက်သည်။

မတ်လ ၂၀ ရက်နေ့က မိဘများအား ကူညီရန် ခွင့်ဖြင့် ရွာပြန်သွားခဲ့သည့် ပန်စရီရွာမှ အသက် ၂၀ နှစ် အရွယ်ရှိ
ကြသော ရဲဘော် မိုင်းထွန်းတင်၊ အနောက်ကင်းရွာမှ ရဲဘော် မိုင်းကျော်ခိုင်တို့၏ အလောင်းအား နမ့်ဆန်မြို့နယ် မန်ဖတ်လမ်းမကြီး အထက်နှင့် အောက်တွင် မြုပ်ထားသည်ကို တွေ့ရှိသော်လည်း ဟိုနမ်းကျေးရွာမှ ရဲဘော် မိုင်းပန်ဆေး၏ အလောင်းအား ယနေ့ထိ မတွေ့ရသေးကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSFL က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထို ပလောင် တပ်သား ၃ ဦးကို အစိုးရ တပ်ရင်း ၅၀၄ မှ နမ့်ဆန်မြို့နယ်ရှိ ဆွန်ဟင်း ကျေးရွာ အနီးတွင် ကြိုးတုတ်ဖမ်း ဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြောင်း ဒေသခံများကို ကိုးကား၍  ထုတ်ပြန်ချက်တွင်
ရေးသားထားသည်။

"ကျနော် ရဲဘော် ၃ ဦးက သူတို့ မိဘတွေကို ရွှေဖီချိန်မှာ လက်ဖက်ပြန်ခူး ကူညီပေးဖို့ ဆိုပြီးတော့ ခွင့်တောင်းပြီး
ပြန်တာ။ အဲဒါ ရွာကို ဖုန်းဆက်ပေးတော့ အိမ်မရောက်သေးဘူးဆိုတာနဲ့ သူတို့ကို အစိုးရက ဖမ်းဆီးပြီး အသတ်ခံရခဲ့ရတယ်" ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။

အလောင်းများပေါ်တွင် ရက်စက်စွာ နှိပ်စက်ထားသည့် ဒဏ်ရာများကို တွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် မန်တုံမြို့နယ်၊ ရေပုံကျေးရွာတွင် အခြေစိုက်နေသော အစိုးရစစ်တပ် ခလရ (၅၀၂) စစ်သားနှစ်ဦးက
ရေပုံးရွာရှိ ပလောင် အမျိုးသမီးနှစ်ဦးကို ဧပြီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း P.S.LF ထုတ်ပြန်ချက်က ဆိုသည်။

ခလရ ၅၀၂ မှ တပ်သား တဦးက ၎င်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ရေပုံရွာသူ မုဆိုးမ မအီအီင် ၏ နေအိမ်သို့ ဧပြီလ ၁၉ ရက်နေ့က ည ၉ နာရီချိန်တွင် ဝင်ရောက်လာပြီး အဓမ္မ ပြုကျင့်ခဲ့သည့်နည်းတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ၎င်း ခလရ ၅၀၂ မှ အခြား တပ်သားတဦးကလည်း လက်ဖက်ခူးနေသည့် အိမ်ထောင်ရှိ ကလေးမိခင် ဒေါ်အီအီ အား ဓါးဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း TNLA ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။

အဆိုပါ သတင်းများ မပေါက်ကြားရန် အစိုးရတပ်မှ ခြိမ်းခြောက်ပြောဆိုမှုများ ရှိထား၍ ရွာသားများက ထိုအမှုများနှင့် ပတ်သက်၍ အရေးယူပေးရန် လုပ်ဆောင်ပေးမှုများ မရှိသလို ခလရ ၅၀၂ မှလည်း အရေးယူ ဆောင်ရွက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

အစိုးရက ငြိမ်းချမ်းရေးအတွက် ဦးတည်နေသည်ဟု ပြောဆိုနေသော်လည်း တိုင်းရင်းသား ဒေသများတွင် ထိုကဲ့သို့ အစိုးရ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ဆက်လက် လုပ်ဆောင်နေခြင်းမှာ ငြိမ်းချမ်းရေးနှင့် လုံးဝ ကွဲလွဲနေသည်ဟု ဗိုလ်ကြီး မိုင်းအောင်ကို က ထောက်ပြ ဝေဖန်သွားသည်။