Sunday, May 19, 2013

ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

padu2-may19

ပတူကောင်အသေများအား တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ခြံဝင်းတစ်ခုတွင် ပတူကောင်များ အတုပ်ခံရ၍ အမျိုးသားနှစ်ဦး အနောက်ပိုင်းဆေးရုံသို့ ရောက်ရှိခဲ့ပြီး ပတူကောင် အတုပ်ခံရသည့် လေဖြန်းနေသူ တစ်ဦးမှာ နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးနှစ်ဦး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ရသည့် ဖြစ်ရပ်မှာ မေ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် ယဿဝတီလမ်းနေ မောင်ရဲနောင်နောင် (၁၀ နှစ်)နှင့် မောင်ဇွဲနောင်နောင် ( ၂ နှစ်) ညီအစ်ကို နှစ်ဦးတို့သည် ၁၃ ရပ်ကွက် အတွင်းရှိ ရေကန်တစ်ခု၏ ကန်ပေါင်နံဘေးတွင် လမ်းလျှောက်လာစဉ် ပတူကောင်များ ၀ိုင်းတုပ်ခံခဲ့ရခြင်း ဖြစ်သည်။

"ကလေးတွေက ဒီကန်ပေါင်ဘေးက လမ်းအတိုင်း လမ်းလျှောက်လာရင်း ပတူကောင်တွေ ၀ိုင်းတုပ်လိုက်တာ။ နှစ်ယောက်လုံး ခေါင်းနဲ့လည်ပင်းတွေမှာ အတုပ်ခံလိုက်ရတယ်။ ခုလောလောဆယ် အငယ်ကောင်လေးက မသက်သာသေးဘူး" ဟု ပတူကောင် အတုပ်ခံရသော ကလေးများ၏ ဖခင်က ဆိုသည်။

အဆိုပါ ၁၃ ရပ်ကွက် ကန်ပေါင်နားတွင် အသိုက်ဖွဲ့နေသည့် ပတူကောင်များကို ရပ်ကွက်နေ ပြည်သူအချို့က အန္တရာယ်ရှိသဖြင့် ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း လက်ရှိတွင် ပတူကောင်များမှာ အသိုက်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံတို့က ပြောကြားခဲ့သည်။

padu1-may19

မီးရှို့ထားသည့် ပတူကောင်များ ထွက်ရှိရာ ကန်ပေါင်ဘေး တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

"လောလောဆယ် အန္တရာယ်ရှိလို့ မနေ့ညနေကတည်းက ဓာတ်ဆီလောင်းပြီး မီးရှို့ထားတယ်။ သက်ဆိုင်ရာက ဆေးတွေဘာတွေ လာဖျန်းတာမျိုး မရှိသေးဘူး" ဟု ရပ်ကွက်တွင်းနေသူ ကိုအေးအောင်ဝင်းက ဆိုသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်aထာက်ဆရာဝန် တစ်ဦးက "လက်ရှိ ကုသနေပါတယ်။ ကလေးတွေ အခြေအနေက တည်ငြိမ်နေပါတယ်။ အကိုက်ခံရလို့ ယောင်နေတာတော့ ရှိတယ်။ ပတူအဆိပ်ဖြေဆေး ဆိုတာ မရှိလို့ အခြားအဆိပ်ဖြေနည်းတွေနဲ့ ကုသထားပါတယ်။ ဆီး၊ ၀မ်းလည်း ပုံမှန်သွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ပတူကောင် ဆိုသည်မှာ အင်းဆက်ပိုး အမျိုးအစားထဲတွင် ပါဝင်ပြီး အခြားအင်းဆက် ပိုးများထက် အဆိပ်သိုလှောင်မှု ပိုမိုများပြားကြောင်း အကိုက်ခံရပါက အကိုက်ခံရသည့်နေရာ နီရဲလာခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်အထိ အခြေအနေ ဆိုးရွားတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်ကို အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းဆရာ ၀န်တစ်ဦးက ဆိုသည်။ 

လှိုင်သာယာနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များသို့ ကုက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် ကိုရီယားကုမ္ပဏီ လေ့လာမည်

koukkowawaterplan-may19

လှိုင်သာယာ မြို့နယ်ရှိ ရပ်ကွက်တစ်ခုအတွင်း ကလေးငယ်အချို့ လက်နှိပ်တုံကင်ဖြင့် ရေတင်နေသည်ကို မေလဆန်းပိုင်းက တွေ့ရစဉ်

သောက်သုံးရေ လိုအပ်ချက် ရှိနေသာ လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်စသော မြို့နယ်များအား ရေပေးဝေရေး စီမံကိန်း အသစ်ဖြစ်သည့် ကက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် အကြိုဖြစ်နိုင်ခြေ လေ့လာမှုများအား ကိုရီးယားနိုင်ငံရှိ SK Engineering Construction ကုမ္ပဏီမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် SK Engineering Construction တို့ မေ ၁၇ ရက်တွင် MoU လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဖြစ်နိုင်ချေ လေ့လာမှုအတွက် ကုန်ကျစရိတ်များကို SK Engineering Construction က ကုန်ကျခံသွားမည်ဟု သိရသည်။

ကုက္ကိုဝမြစ်မှာ လှိုင်သာယာမြို့နယ် အနီးတွင်ရှိပြီး ယင်းမြစ်မှရေကို သန့်စင်ကာ တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ခန့် ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ယခု ယင်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုကို ပြုလုပ်ရန်အတွက် အချိန်တစ်နှစ် ကြာမည်ဟု ခန့်မှန်းထားကြောင်း၊ ဖြစ်နိုင်ခြေ လေ့လာမှုမှ ရရှိလာသည့် အချက်အလက်များပေါ် မူတည်၍ ရေပေးဝေမှု လုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

လက်ရှိ လှိုင်သာယာမြို့နယ်အား သဲဖြူရေပေးဝေရေး စခန်းမှ ရေပေးဝေနေသော်လည်း လုံလောက်အောင် ပေးဝေနိုင်မှု မရှိသေးဘဲ ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များကိုလည်း လှော်ကားကန်မှ ရေပေးဝေနေရာ အချိန်ပိုင်းသာ ပေးဝေနိုင်သေးကြောင်း သိရသည်။ 

နယ်စပ်ဒေသမှ ကြက်နှင့်ကြက်ထွက် ပစ္စည်းများ H7N9 ကူးစက်မှု ရှိမရှိ သိရှိရန် ရန်ကုန်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်


h7n9fromborder-may19

ကြက်ငှက်တုပ်ကွေးရောဂါ ရှိမရှိ မွေးမြူရေး ဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်း ပညာရှင်များ စစ်ဆေးမှု ပြုလုပ်နေစဉ်

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး မျိုးစိတ်သစ် H7N9 ပြည်တွင်း၌ ကူးစက်မှု ရှိမရှိ နယ်စပ်ဒေသများမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအောက်ရှိ တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ သိရသည်။

ကနဦး အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ လားရှိုး၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၆၀၀ ခန့်ကို နမူနာယူကာ ရန်ကုန်တိုင်း ဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ထုတ်ယူပြီး ၇၂ နာရီအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ၀န်ထမ်းများကို ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှု၊ သုတေသန ပြုလုပ်မှုဆိုင်ရာ သင်တန်းများကို ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။  

ထို့အပြင် မြန်မာနိုင်ငံအတွင်း ယခင်က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ခဲ့ဖူးပြီး အန္တရာယ်ရှိသည်ဟု ယူဆရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင်လည်း ယခုကဲ့သို့ ဆက်လက်စစ်ဆေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စူးစမ်းလေ့လာမှုများအား မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်၍ မေလကုန်ပိုင်းတွင် စတင်ကာ စူးစမ်းလေ့လာမှုများ စတင်ပြုလုပ်မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် H7N9 ဖြစ်နေစဉ် ကာလအတွင်း တရုတ်နိုင်ငံ နယ်စပ်မှ မူဆယ်သို့ ၀င်ရောက်လာသည့် ကြက်နှင့် ကြက်ထွက်ပစ္စည်းများအား သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်း၍ ဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း  မြန်မာ-တရုတ် နယ်စပ်ဂိတ်၊ မူဆယ်ဂိတ်များတွင်လည်း ကြက်အ၀င်များအား တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

bingaliblock-may19

၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး  အရေးယူထားကြောင်း  နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။    

အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ် . . . . .

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။ 
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့်  အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့

အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ သမ္မတဦးသိန်းစိန်ဟာ ညနေဘက် သံရုံးမှာ မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ ၀ါရှင်တန်မြို့တော် ထဲက အထင်ကရနေရာ တချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘယ်နေရာတွေသွားကြည့်တယ် ဆိုတာကိုတော့ သမ္မတရဲ့ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဦးရော်နီငြိမ်းကို မစုမြတ်မွန်က ဆက်သွယ်မေး ထားပါတယ်။

စနေနေ့မနက်ပိုင်းမှာ ရောက်လာတဲ့ သမ္မတရဲ့ ပထမနေ့ အစီအစဉ်ကို ဦးရော်နီငြိမ်းက ခုလို စပြောပါတယ်။

"သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက် စနေနေ့ နေ့လည် ၁၁ နာရီခွဲမှာ ၀ါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိလာပြီးတော့ သူတည်းခိုရာ Four Seasons ဟိုတယ်ကို တိုက်ရိုက်သွားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ Lincoln Memorial  လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့၊ ကျွန်စနစ်ကို တိုက်ဖျက်ပစ်ခဲ့တဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ရှိရာကို သွားပြီးတော့ လေ့လာပါတယ်။ ဒါ့အပြင် သမ္မတကြီးဟာ နိုင်ငံသားအခွင့်အရေး Civil Rights ကို ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဂျူနီယာ။ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ I have a dream ဆိုတဲ့ မိန့်ခွန်းပြောကြား ရာ ကျောက်ပြားပေါ့နော်။ ၁၉၆၃ ခုနှစ်မှာ ဒေါက်တာမာတင်လူသာကင်း ဟာ Lincoln Memorial လှေကားထစ်တွေပေါ်မှာ ရှိတဲ့ ကျောက်ပြားတစ်ပြားပေါ် ကနေပြီးတော့၊ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကျောက်ပြားလေးကို အထိမ်းအမှတ်အဖြစ်နဲ့ လုပ်ထားပါတယ်။ အဲဒီကျောက်ပြားလေးကိုလည်း သမ္မတ ဦးသိန်းစိန်က လေ့လာကြည့်ရှုခဲ့ပါတယ်။ ညနေ ၅ နာရီခွဲမှာတော့ မြန်မာသံရုံးမှာ မြန်မာမိသားစုအသိုင်းအ၀ိုင်းက ဧည့်ခံတည်ခင်းတဲ့ ညစာစားပွဲကို သွားရောက်ပါတယ်။"

"၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ရောက်ရှိခဲ့ပြီးတော့နောက်ပိုင်း မြန်မာ အစိုးရ ခေါင်းဆောင်အနေနဲ့ တရားဝင် အမေရိကန်အစိုးရက ဖိတ်ကြားလို့ ၄၇ နှစ်အကြာမှာ ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ မေးကြည့်ခဲ့ပါတယ်"
 
ဦးရဲထွဋ်။     ။ ကျနော်တို့ သမ္မတကြီးရဲ့ခရီးစဉ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ကျနော်တို့ မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုနားလည်ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားနိုင်ဖို့အတွက် ကျနော်တို့ရှင်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။ အဓိက ကတော့ အဲဒီနှစ်ချက်ကို မျှော်လင့်ပြီး လုပ်ပါတယ်။
 
"ဒါကတော့ မြန်မာအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောဆိုသွားတာဖြစ်ပါတယ်။"
 
ဟုတ်ပါပြီ ဦးရော်နီရေ။ သမ္မတဦးသိန်းစိန် ဒီတခေါက် ၀ါရှင်တန်ဒီစီကို လာတဲ့အကြောင်း က သမ္မတ ဘရက်အိုဘားမားနဲ့တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္လာနေ့ မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ တွေ့ကြဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ အမေရိကန်သမ္မတနဲ့ တွေ့တာအပြင်၊ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ တခြားရှိတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါရှင့်။
 
"မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က စီစဉ်တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်။ တနင်္လာနေ့ မေလ ၂၀ ရက်နေ့ကျရင်တော့ မနက်ပိုင်းမှာ သမ္မတ အိုဘားမား ရှိရာ အိမ်ဖြူတော်ကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်ပြီးရင်တော့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ John Hopkins တက္ကသိုလ်ရဲ့ SAIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လာရောက် မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ညဘက်မှာ US-ASEAN Business Council လို့ခေါ်တဲ့ အမေရိကန်နဲ့ အာဆီယံတို့ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရှိထားပါတယ်ခင်ဗျာ။"
 
သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို အနီးကပ် လိုက်ပါ စောင့်ကြည့်နေတဲ့
ဦးရော်နီငြိမ်း ဖြစ်ပါတယ်။

'သေမင်းတမန်' ရထားလမ်း ပြတိုက် ပြုပြင်ခြင်းလုပ်ငန်း မစနိုင်သေး

မော်လမြိုင် (မဇ္ဈိမ)။   ။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနှင့် ထိုင်းနိုင်ငံ သွယ်တန်း ဖောက်လုပ်ခဲ့သည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ 'သေမင်းတမန်' ရထားလမ်း ပြတိုက်ပြန်လည် ပြုပြင်ရန် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေကြောင်း တလမွန် ကုမ္ပဏီက ပြောသည်။

မြေဧရိယာ ၆ ဒဿမ ၄ ဧက ဝန်းကျင်ရှိသည့် ယင်းပြတိုက်ကို ပြုပြင်တည်ဆောက်ရန်အတွက် တလမွန် ခရီးသွားလုပ်ငန်းကုမ္ပဏီ လီမီတက်က ပြည်နယ် အစိုးရနှင့် သဘောတူညီမှု ရရှိထားခြင်း ဖြစ်သည်။

Train

(ဓာတ်ပုံ - ယဉ်စနိုင်း၊ မဇ္ဈိမ)


"ပြတိုက် ပြန်ပြုပြင်ဖို့ ကျနော်တို့ ကုမ္ပဏီကနေ ဘာမှ မလုပ်နိုင်သေးဘူး။ တလမွန်က လုပ်ခွင့် ရထားတာ
လောက်ပဲ။ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူး" ဟု ကုမ္ပဏီ ဒု-ဥက္ကဋ္ဌ နိုင်သောင်းကျော် က မဇ္ဈိမကို ပြောသည်။

လုပ်ငန်းစတင်နိုင်ခြင်း မရှိရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး တစုံတရာ ဖြေဆိုခြင်း မရှိခဲ့ပေ။

'သေမင်းတန်' ရထားလမ်းပြတိုက် ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးလုပ်ငန်းအပိုင်းကို စည်ပင်က တာဝန်ယူထားသည့်အတွက် မည်သို့ မည်ပုံ ဆောက်လုပ်မည်ကို စည်ပင်နှင့် ဆက်လက်ညှိနှိုင်းရသည်ဟု ကုမ္ပဏီဥက္ကဋ္ဌ နိုင်မောင်တိုး က ပြောသည်။

ပြတိုက်အဆောက်အဦးနှင့် ခေတ်မီကစားကွင်းကို ကုမ္ပဏီမှ တည်ဆောက်မည်ဖြစ်ပြီး ဆိုင်ခန်း ၅၀ ခန့်နှင့် ဟိုတယ်များ တည်ဆောက်နိုင်ရန်လည်း စီစဉ်ထားကာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင် လိမ့်မည်ဟု တလမွန်က ခန့်မှန်းထားသည်။

ထိုရထားလမ်းမှ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းကို ပြန်လည် ဖောက်လုပ်ရန်အတွက် လေ့လာစမ်းသပ်ချက် ကို မြန်မာ့မီးရထားမှ လုပ်ဆောင်ခဲ့ပြီ ဖြစ်သော်လည်း ယခုချိန်ထိ တစုံတရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတို့က ပြောသည်။

"သေမင်းတမန်ရထားလမ်း ပြန်ဖောက်မယ်၊ ကားလမ်း ဖောက်မယ်၊ ပြတိုက် ပြန်ပြင်မယ်ဆိုတာ ကြားတော့ ကြားနေတာပဲ။ ဒါပေမယ့် လုပ်ငန်း အကောင်အထည်ဖော်တာတော့ ဘာမှ မတွေ့သေးပါဘူး။ လုပ်ဖြစ်ရင်
တော့ ကောင်းတာပေါ့" ဟု သံဖြူဇရပ် မြို့ခံတဦးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း၊ မေလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့ တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားတွင် လည်းကောင်း သေမင်းတမန် ရထားလမ်း ဖောက်လုပ်ခြင်း၊ ရထားလမ်းနှင့် ယှဉ်ကာ ကားလမ်းဖောက်လုပ်
ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာသို့ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းသည် မိုင်ပေါင်း ၁၇၅ ကျော် ရှည်လျားသည်။

ဂျပန်အုပ်ချုပ်မှုအောက် ထိုရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာနိုင်ငံသား ၈ဝ,ဝဝဝ ကျော်နှင့် အင်္ဂလိပ် အပါအဝင် မဟာမိတ် တပ်သား ၁ဝ,ဝဝဝ ကျော်တို့မှာ ငှက်ဖျားနှင့် ဝမ်းရောဂါအပါအဝင် ရောဂါဘယဒဏ် များ၊ ရာသီဥတုဒဏ်များနှင့် ဖက်ဆစ်တို့၏ နှိပ်စက်ညှဉ်းဆဲမှုဒဏ်များကြောင့် အသက် ဆုံးရှုံးခဲ့ကြရ၍ 'သေမင်းတမန်' ရထားလမ်းဟု သမိုင်းတွင်ကျန်ရစ်ခဲ့သည်။

သမ္မတရုံး တိုက်ရိုက်အမိန့်ဖြင့် ထောင်ကြွေးကျ ဦးနေမျိုးဇင် ပြန်လည်လွတ်မြောက်လာ

ပုသိမ် (မဇ္ဈိမ)။   ။ မအူပင် အကျဉ်းထောင်တွင်း ကြွေးကျန် ပြစ်ဒဏ်ကျခံနေရသော ဦးနေမျိုးဇင် အား နိုင်ငံတော် သမ္မတရုံး တိုက်ရိုက်ထုတ်ပြန်သော ၄၀၁ (၁) အရ သောကြာနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်လွှတ်ပေးလိုက် သည်။

Nay-Myo-Zin

ဦးနေမျိုးဇင်နှင့် ကိုရဲမင်းဦးတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံရှိ မိုးကုတ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ မေတ္တာပို့ဆုတောင်းပွဲကို ရွှေတိဂုံဘုရားပေါ်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ယခုနှစ် မေလ ၃ ရက်နေ့တွင် ပန်းတနော် တရားရုံးမှ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်မရမီ ကျရှိပြစ်ဒဏ်များဖြင့် ပေါင်းကာ
ထောင်ဒဏ် ၆ နှစ် ကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။

"၄၀၁(၁)အရ သမ္မတရုံး တိုက်ရိုက်ထုတ်ပြန်တဲ့ စာအရ လွှတ်ပေးလိုက်တာပါ။ ပြည်ထဲရေး ဝန်ကြီးဌာန ၄၀၁ အရ ဖမ်းဆီးချုပ်နှောင်းမှုတွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါပြီ။ အမိန့်စာကိုတော့ သူတို့ လာဖတ်ပြသွားတာပါ" ဟု လွတ်မြောက်လာသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

၎င်းက ဆက်လက်၍ "နိုင်ငံတော် အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတာ အခုလို လုပ်ဆောင်မျိုးကို ကြိုဆိုပါတယ်။ နိုင်ငံတော် သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်ဟာ အခုဆို ဒီမိုကရေစီလမ်းကြောင်း
ပေါ် လျှောက်နေချိန်မှ အခုလိုမျိုး လုပ်ဆောင်ပေးတာကို ကျေးဇူးတင်ပါတယ်" ဟု ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ရေလုပ်သားနှင့် တောင်သူလယ်သမားများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်ငြိမ်း ကလည်း သမ္မတ၏ ယခုလုပ်ရပ်အပေါ် ကျေးဇူးတင်ကြောင်းနှင့် ပြည်သူ့အကျိုး ထမ်းရွက်နေသောသူ တယောက်အား ပြန်လွှတ်
ပေးခြင်းမှာ လုပ်သင့်လုပ်ထိုက်သောအလုပ် ဖြစ်ကြောင်း ပြောဆိုသည်။

ကိုနေမျိုးဇင်သည် ၂၀၁၁ ခုနှစ်သြဂုတ်လက ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မ ၃၃ (က)ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထောင်ဒဏ်ချမှတ်ခံရကာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် ၂၀၁၂ ခုတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

ပုဒ်မ ၄၀၁ ကို နိုင်/ကျဉ်းဟောင်းများ အလိုမရှိကြ

ရန်ကုန် (မဇ္ဈိမ)။   ။ သောကြာနေ့က လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အား လက်မှတ်မထိုးခဲ့ရသလို ယခင် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်း သား ဟောင်းများအပေါ် အဆိုပါပုဒ်မ သက်ရောက်မှုလည်း ဆက်လက် မရှိသင့်တော့ကြောင်း နိုင်ငံရေးအကျဉ်းသား ပြန်လည် စီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးညိုထွန်း က ပြောဆိုလိုက်သည်။

"နေမျိုးဇင်လို အမှုမျိုးဆို ၄၀၁ က ကျန်တဲ့သူတွေက ဝိုက်ပြီး ခြိမ်းခြောက်လိုက်သလို ဖြစ်တယ်။ နိုင်/ကျဉ်းတွေ ကို မင်းတို့ ကို့ရို့ကားယားမလုပ်နဲ့ လုပ်လို့ရှိရင် ဒီလိုမျိုး ပြန်ပြီး အပြစ်ပေးလို့ ရတယ်ဆိုပြီး ပြလိုက် သလို ဖြစ်တယ်။ သမ္မတက ၄၀၁ ကို ပြန်ရုပ်သိမ်းသင့်တယ်ဗျာ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း က မဇ္စျိမကို ပြောသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် ၄၀၁ (၁)ဖြင့် လွတ်မြောက်လာသူတိုင်းမှာ တစုံတရာ ပြစ်မှု ထပ်မံကျူးလွန်ပါက ကျန်ရှိပြစ်ဒဏ်များကို ဆက်လက်ကျခံရမည် ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)မှာ "ပြစ်မှု တစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲ ဖြစ်စေ
ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တခုခု ထား၍ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့်
ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်" ဟု ပါရှိသည်။

ဦးနေမျိုးဇင်မှာလည်း ၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်တွင် ၄၀၁ (၁) လက်မှတ်ရေးထိုးကာ လွတ်မြောက်လာသူဖြစ်ရာ ယခုနှစ် မေလဆန်းပိုင်းက ရဲတပ်ဖွဲ့ လာဘ်စားသည်ဟု စွပ်စွဲပြောဆိုမှုအပေါ် အသရေဖျက်မှုဖြင့် ၎င်းအား ထောင်ဒဏ် ၃ လ ချမှတ်လိုက်ရာတွင် ကြွေးကျန် ပြစ်ဒဏ် ၆ နှစ်ပါ တပါတည်းကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ချမှတ်ခံခဲ့ရသည်။

ယနေ့မှပင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား သမ္မတရုံး အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ၄၀၁ (၁)မှာ ကျန်ရှိ လွတ်ငြိမ်းချမ်းသာခွင့်ရ နိုင်ငံရေး အကျဉ်းသား ဟောင်းများအား ကန့်သတ်ခြိမ်းခြောက်မှုတရပ်အဖြစ် နိုင်/ကျဉ်းဟောင်းများက ရှုမြင်ကြသည်။

"သမ္မတကြီး မိန့်ခွန်းတွေက ရွှန်းရွှန်းဝေနေတာပဲ။ ဒါပေမယ့် ၄၀၁ ကြီးနဲ့ဆိုတော့ သိပ်မဟုတ်ဘူး။ ၄၀၁ ဆိုတာကိုလည်း ကန့်ကွက်ထားတယ်။ ဗိုလ်ကြီးနေမျိုးဇင် ဆိုရင် ၄၀၁  ထိုးထားတာလေ၊ ၄၀၁ ကို လက်မခံပါဘူး။ ကျနော်တို့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ထားပါတယ်။ နိုင်/ကျဉ်း ခေါင်းစဉ်အောက်က လွှတ်ပေးတာကို အလေးအနက်ထားတယ်။ စေတနာပါမှ ကောင်းတာလေ" ဟု နိုင်ငံရေး အကျဉ်းသား
ဟောင်းအဖွဲ့မှ ကိုထွန်းကြည် က ထောက်ပြ ဝေဖန်သွားသည်။

ယနေ့ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀ ခန့် လွတ်မြောက်လာသည်ဟု ကိုထွန်းကြည် က မဇ္ဈိမကို ပြောသည်။

ယခင် နိုင်ငံရေးရေး အကျဉ်းသားများလွှတ်ပေးစဉ်က အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ မလာခင်မီ လွှတ်ခဲ့သလို ယခုအကြိမ်တွင်လည်း မြန်မာ သမ္မတဦးသိန်းစိန် အမေရိကန် ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။

"သမ္မတကြီး နိုင်ငံခြားများများ ထွက်နိုင်ပါစေလို့ ဆုတောင်းရမှာပဲ။ အစ်မတို့ကို လွှတ်ခဲ့တုန်းကလည်း ၄၀၁ ဆိုတဲ့နှောင်ကြိုးနဲ့ လွှတ်ခဲ့တာ။ ဒါဟာ ခြိမ်းခြောက်မှု တခုနဲ့ လွှတ်ခဲ့တာ။ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း မသက်သက်အောင် က သူမ၏ အတွေ့အကြုံဖြင့် နှိုင်းယှဉ် ပြောပြသွားသည်။

ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသူ ABSDF ရဲဘော်ဟောင်း ဦးရဲထွဋ္ဋ်
ခေါင်ကလည်း "ထင်တာကတော့ နိုင်ငံခြား ခရီးစဉ်ကြောင့် ဒါမှမဟုတ်ရင်လည်း အကျဉ်းသား စိစစ်ရေးကော်မရှင်ကြောင့်လို့ ထင်ပါတယ်" ဟု အင်းစိန်အကျဉ်းထောင်ရှေ့တွင် မီဒီယာများအား
ပြောကြားသွားသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် သမ္မတက ဖေဖေါ်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ယနေ့တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဝန်ကြီး ဦးစိုးသိန်း ဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ House of Entertainment မှ ဦးသူရ (ဇာဂနာ)၊ NLD မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ဦးဘိုကြည်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့် စသူတို့ ပါဝင်သည်။

သောကြာနေ့တွင် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်ထောင်မှ ၁၀ ဦး၊ တောင်ငူ
ထောင်မှ ၂ ဦး၊ လားရှိုးထောင်မှ ၁ ဦး၊ ပုသိမ်ထောင်မှ ၁ ဦး၊ မန္တလေး အိုးဘိုထောင်မှ ၁ ဦး၊ သာယာဝတီ
ထောင်မှ ၅ ဦးဖြစ်ကြောင်း အကျဉ်းသားအရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီး အလုပ်သမား စေလွှတ်မှု စောင့်ကြည့်

ရန်ကုန် (မဇ္ဈိမ)။         ။ မြန်မာအမျိုးသမီးများ လုံခြုံရေးအတွက် ကိုးရီးယားဘက်မှ အာမခံမှုမပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်
အေဂျင်စီမှ သတင်းရရှိသည်။ အစိုးရ ပြည်ပအလုပ်အကို အေဂျင်စီမှ တာဝန်ရှိသူတဦးက "စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း အဖော်ရအောင်လို့ တကြိမ်ကို နှစ်ယောက်မခေါ်ရင် မဖြစ်ဘူးလို့ 
ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိနိုင်ဘူး" ဟုဆိုသည်။

မြန်မာအစိုးရသည် အမျိုးသမီး အလုပ်သမားများကို ကိုးရီးယားနိုင်ငံမှ ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့်
ခေါ်ယူမှသာ ခွင့်ပြုမည်ဟု ကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း ၎င်းတို့ဘက်မှ အာမခံမှု မပေးနိုင်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သမား များကို စက်ရုံတွင်သာမက ၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍  မြန်မာ အမျိုးသမီးများ
လုံခြုံရေးအတွက် စေလွှတ်ရန် နှောင့်နှေး နေရခြင်း ဖြစ်သည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက "သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာ သတိထားနေရတယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ အမျိုးသမီးတွေကို အိမ်ဖော်တို့
ဖျော်ဖြေရေးတို့မှာ မလုပ်ရဘူးလို့ ပြောနေပေမဲ့ အိမ်ဖော် အလုပ်နဲ့သွားတာ အများကြီး ရှိပါတယ်။ အိမ်ဖော်
အလုပ် ကပဲ ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့မှ ထွက်သွားစေချင်တယ်" ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။

မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်ခွင့်ပြုထား
သော်လည်း အိမ်အကူနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်းဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း

ရန်ကုန် (မဇ္ဈိမ)။       ။ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲချုပ်၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ် အတွင်းတွင် ပထမဆုံး လှူဒါန်းထားသော လက်ခိုက်ရွာ မူလတန်းလွန်ကျောင်း ရှိ  စာသင်ကျောင်း
ဆောင်သစ်ကို မေလ ၁၆ ရက်က သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်အပြင် ကျောင်းရှိ အိမ်သာများ၊ ရေစက်များနှင့် စက်ရေတွင်းများပါ ဆောက်လုပ် တူးဖော်ပေးပြီး ကုန်ကျငွေ သိန်း ၄၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆောက်လုပ်ရေး တာဝန်ခံတစ်ဦး က ပြောသည်။

ယခုကဲ့သို့ စာသင်ကျောင်းဆောင်လှူဒါန်းခြင်းမှာ သူမ၏မဲဆန္ဒနယ်တွင် ပထဆုံးအကြိမ်ဖြစ်ပြီး ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းလည်းဖြစ်သည်။

အဆိုပါ မူလတန်းလွန်ကျောင်း၏ အဆောက်အဦးမှာ ကျောင်းသားအင်အားနှင့်လောက်ငှမှုမရှိသောကြောင့် ၂၀၀၉ ခုနှစ်မှ စပြီး ကိုယ်ထူကိုယ်ထ ယာယီကျောင်ဆောက်ပြီး စာသင်ခဲ့ရကြောင်း လက်ခိုက်ရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးအေးစည်က မဇ္ဈိမ ကိုပြောသည်။

"အခက်အခဲကတော့ အခန်းမလောက်တာပေါ့။ ကျွန်တော်တို့ ဝါးကျောင်းလေးဆောက်ပြီးတော့ အောက်က ဝါးခြမ်းလေးတွေခင်းပြီးတော့သင်နေရတာပါ" ဟု သူကပြောသည်။

ယခုလာမည့်စာသင်နှစ်တွင် အဆိုပါ ကျောင်းဆောင်တွင် ကလေးများအား စာသင်ကြားနိုင်မည်ဖြစ်သော် လည်း စာသင်ခုံများ လိုအပ်နေကြောင်း ဦးအေးစည် က ပြောသည်။

"ကျောင်းမှာတော့ အခု အတိုင်းအတာဆိုတော်တော်လေးကို ပြည့်စုံသွားပါပြီ။ အခုလိုနေတာကတော့ ဖင်ထိုင်ခုံပေါ့။ ကျောင်းသားတွေစာသင်ဖို့ခုံကတော့ ဘယ်လိုလုပ်မလည်းမသိဘူး။ ခုံတွေမရှိဘူးဆိုတဲ့ အကြောင်းကိုတော့ အမေစုကို တင်ပြလိုက်နိုင်တယ်။ ပေးမယ်၊ မပေးဘူးတော့ ဆုံးဖြတ်ချက်မချသေးဘူး" ဟု သူကဆိုသည်။

ကျောင်းသား ၃၀၀ နီးပါးရှိသည့် အဆိုပါ မူလတန်းလွန်ကျောင်းတွင် ယခင်စာသင်နှစ်များက စာသင်ခဲ့ရပုံများ ကိုလည်း ထိုကျောင်းမှ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နန်းယုလှိုင်ကလည်း မဇ္ဈိမသို့ ပြောပြသည်။

"မိုးရာသီဆို မိုးတွေကပက်ပြီး မိုးအရမ်းသည်းရင်တော့ ကလေးတွေကို အလယ်မှာစုပြီးတော့ စာမသင်ရတော့ ဘူး" ဟု ဆရာမက ပြောပြသည်။

သူကဆက်လက်၍ "အခုကတော့တော်တော် အဆင်ပြေသွားပြီ။ အရမ်းပျော်တာပေါ့။ စပြီးဆောက်ပေးမယ် လို့ကြားထဲက အရမ်းပျော်တာ။ အခုမှ ကလေးတွေလည်း အဆင်ပြေသွားမှာလေ" ဟု ဆရာမ ဒေါ်နန်းယုလှိုင် က ဝမ်းသာအားရဖြင့်ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မေလ ၁၆ ရက် ကော့မှူးခရီးစဉ်တွင် အဆိုပါ စာသင်ဆောင်သစ်ကို သွားကြည့်ခဲ့
ခြင်းအပြင် ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက် ထားရှိပေးရန်လည်း မြို့နယ် ပြန်/ ဆက်နှင့်လည်း
ဆွေးနွေးခဲ့သည်။

မိခင် ဒေါ်ခင်ကြည်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ထူထောင်ခဲ့သည်။