Tuesday, May 21, 2013

ပြည်ပမှ တင်သွင်း လာသည့် တိုက်ကြေ ပျက်စီးကားများအား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမည်

အကောက်ခွန် ဦးစီးဌာန အနေဖြင့် ပြည်ပမှ တင်သွင်း လာတဲ့ တိုက်ကြေ ပျက်စီးကား များအား သုံးစွဲသူ ပြည်သူများ အတွက် ထိခိုက် နစ်နာစေခြင်း၊ အသက်

အန္တရာယ် ဖြစ်စေနိုင်ခြင်း တို့ကြောင့် ကုန်သွယ်ရေး မူဝါဒနဲ့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်း အရ တင်သွင်း ခွင့်မပြုတဲ့ ယာဉ်များ အဖြစ် ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခုလို သိမ်းဆည်း ရခြင်းဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှ တိုက်ကြေ ပျက်စီးကားများ တင်သွင်း လာမှုများ ရှိလာခဲ့ပြီး တိုက်ကြေ ပျက်စီး ကားများရဲ့ အနေအထား အရ သုံးစွဲသူများ လုံခြုံမှု စိတ်မချရဘဲ အန္တရာယ် ဖြစ်စေနိုင်တဲ့ ယာဉ်များ ဖြစ်ကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ အနေဖြင့် မေလ ၅ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ ဌာနများအား လုပ်ထုံး လုပ်နည်း နဲ့အညီ အရေးယူ ဆောင်ရွက်ဖို့နဲ့ ခေါင်းကြေ၊ ကိုယ်ထည် ပျက်စီး ထိခိုက်မှုရှိတဲ့ မော်တော် ယာဉ်များကို နိုင်ငံပိုင် သိမ်းဆည်းပြီး သံရည်ကျို ဖျက်ဆီးခြင်း၊ မလျော်မကန် တင်သွင်း လာတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီများ ကိုလည်း တင်သွင်းခွင့် ၁ နှစ် ရပ်ဆိုင်းခြင်း တို့ကို အများပြည်သူ ထင်သာ မြင်သာ ရှိအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

 

ဒါ့အပြင် နိုင်ငံတော် စီမံချက်ဖြင့် အိုမင်း ဟောင်းနွမ်း နေတဲ့ မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက် ကိုလည်း ၂၀၁၁ ခုနှစ် စက်တင်ဘာ လမှ စတင် ဆောင်ရွက်ပေးရာ ၂၀၁၃ ခုနှစ် ၁ လပိုင်း ၁၅ ရက်နေ့ထိ စီမံချက် မော်တော် ယာဉ်ပေါင်း တစ်သိန်း နှစ်သောင်း ခြောက်ထောင် ခုနစ်ရာ ခုနစ်ဆယ့်သုံးစီး ပြည်ပမှ တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

နောက်ထပ်မြန်မာမှ မူဆလင် ၅ ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသားများဟု ယူဆရသူ မူဆလင် ၅ ဦးကို ဒက္ကားလေဆိပ်အာဏာပိုင်များက စနေနေ့က ဖမ်းဆီး လိုက်သည်ဟု တနင်္ဂနွေနေ့က ထုတ်သော The Independent နှင့် New Age တို့တွင် သတင်းဖေါ်ပြသည်။

သူတို့သည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဒက္ကားလေဆိပ် ဖမ်းမိခြင်း ဖြစ်ကြောင်း ရဲ အဖွဲ့က ပြောသည်။

Hazrat-Shahjalal-International-Airport

ဒက္ကားလေဆိပ် လုံခြုံရေး လက်နက်ကိုင် ရဲတပ်ဖွဲ့ အကြီးအကဲ အာလမ်ဂီယာ ဟူစိန် ( Alamgir Hossain) က ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများမှာ ဂျာဖါ အာလန်၊ ချီဟက်၊ မူဟာမတ် အာဇစ်၊ အမ်း ချာဟတ်ဒါ ဟူစိန်နှင့် တာဟာဂျေး ဟူစိန်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့ (၅) ဦးသည် ဘင်္ဂလာဒေခ်ျ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အသစ်ထုတ်ပေးသော နိုင်ငံတကာ အဆင့်မီ ပတ်စ်ပို့အား အတု ပြုလုပ်ပြီး မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေချိန်တွင် လေဆိပ်ထဲတွင် ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

သူတို့အား အကျိုးဆောင်ပေးသူ ပွဲစားအားလည်း ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူတို့သည် မြန်မာမှ ကော့စ်ဘဇားခရိုင်သို့ ၀င်လာရောက် လာသူများ ဖြစ်ကြောင်း ပြောဆိုသည်။

ယခုအခါ သူတို့ကို တရားစွဲဆိုရန် အမူဖွင့်လိုက်ပြီဟု ဆိုသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်မည်ကို မိကရင်ရှိသံဃာနှင့် လူထု(၁၄၀၀)ကျော်ကန့်ကွက်

ကရင်ပြည်နယ်၊ ဖားအံမြို့ မိကရင်ကျေးရွာ အနီးတွင် (SHREE CEMET COMPANY) မှ ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မိကရင်ကျေးရွာအုပ်စု အတွင်းရှိ သံဃာနှင့်လူထု(၁၄၀၀)ကျော် လက်မှတ်ထိုး၍ မြန်မာအစိုးရထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်သည်။

ယင်းကန့်ကွက်စာကို ဖားအံမြို့အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ (PFDP)သို့ အကူ အညီတောင်းခံကာ ထိုမှတဆင့် ယမန်နေ့ မေလ(၁၇)ရက်နေ့က ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ (PFDP)ဖာပွန်ရှိ ဖားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစီငွါက နေပြည်တော် ပြည်သူ့လွှတ် တော်ရုံး၊ စက်မှုဝန်ကြီးဌာန နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ပေးပို့လိုက်သည်ဖြစ်သည်။

"သူတို့တောင်းဆိုချက်အတိုင်း ကျွန်မတို့လုပ်ပေးတာဖြစ်တယ်။ ဒေသခံတွေက ဘိလပ်မြေစက်ရုံတည် ဆောက်ရင်သူတို့ ရဲ့ ဒေသမှာရှိတဲ့တောင်တွေဟာ လက်ပံတောင်းတောင်တွေလိုအဖြိုခံရမှာပူပန်ကြတယ် လေ။ ဒါကြောင့် အခုကန့်ကွက်ကြတာလဲ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီသူတို့ရဲ့ သဘောဆန္ဒကို တင်ပြခွင့်ရှိလို့ တင်ပြတယ်လို့ပဲ ကျွန်မယူဆတယ်။" ဟုဒေါ်နန်းစီငွါက ကေအိုင်စီသို့ပြောသည်။

ဖားအံမြို့နယ် မိကရင်ကျေးရွာအုပ်စုအတွင်းရှိ မိကရင်၊ ပေါ်တော်မူနှင့် ကြာအင်းပေါ်တော်မူ စသည့်ရွာ (၃)ရွာတို့မှ လူထုနှင့်သံဃာတို့က လက်မှတ်ရေးထိုး၍ အချက်(၇)ချက်ပါ ကန့်ကွက်စာကိုသက်ဆိုင်ရာအစိုးရ ဌာနများသို့ တင်ပြပေးရန် (PFDP) ပါတီထံအကူ အညီ တောင်းခံခဲ့ခြင်းရှိသည် ဟုလည်း ဒေါ်နန်းစီငွါက ဆတ်ပြောသည်။ ၎င်းကန့်ကွက်စာပါ အချက်များထဲတွင် ဘိလပ် မြေစက်ရုံ တည်ဆောက်ရာ၌ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်မှုအစီအစဉ် ပါရှိခြင်း၊ သံလွင်မြစ်ရေဖြင့် သန့်စင်ခြင်းကြောင့် ထွက်ရှိလာမည့် စွန့်ထုတ်ရေအညစ်အကြေးများ မြေအောက်ရေကို ညစ်ညမ်းစေနိုင် ခြင်းနှင့် ဘိလပ်မြေစက်ရုံတည်ဆောက်မည့် ကုမ္မဏီသည် ဒေသခံစီးပွားရေး လုပ်ငန်းရှင်မဟုတ်ခြင်း စသည့်တို့အပါအ၀င် အချက်(၇)ချက်ပါဝင်သည်။

ဒေါ်နန်းစီငွါက "ဒေသခံတွေကန့်ကွက်တဲ့ အချက်(၇)ချက်မှာဆိုရင် အဓိကအချက် တွေ့ရတာ ကဒေသခံ ကုမ္မဏီမဟုတ်တဲ့အတွက်မို့ ရှိပြီးသားနိုင်ငံရေးစက်ရုံ (၂)ရုံကြောင့် အနီးအနားမှာ ရှိတဲ့ တောင်သူလယ်သမား တွေအခုထိ လူမှုပြသနာခံစားနေရတုန်းပဲ။ ဘိလပ်မြေစက်ရုံ တည်ဆောက်တုန်းက ပေးထားတဲ့ကတိက ၀တ်တွေအခုထိ ဘာမှမထူးသေးဘူး " ဟု ဖြည့်စွက်ပြောဆိုသည်။

ဒီမိုကရေစီနည်းလမ်းအရ အစိုးရအနေဖြင့် စီမံကိန်းတခုခုကြောင့် မြေကွက်တခုအားသိမ်း မည်ဆိုပါက မြေတိုင်းမိန့်ထုတ်ရခြင်း၊ အများပြည်သူသိစေရန် စာများလိုက်ကပ်ရခြင်း၊ သိမ်းမည့်မြေကွက်ကို လူထုမှ သဘောတူညီမှု စစ်တမ်းကောက် ယူခြင်းနှင့်နစ်နာ ကြေးပေးဆောင် ခြင်း စသည်တို့ကိုပြုလုပ်ရမည်ဖြစ်ကြောင်း (PFDP) ကဆိုသည်။

မိကရင်ဒေသရှိ သံဃာနှင့်လူထုများ စက်ရုံတည်ဆောက်မှုကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာ အစိုးရထံမှ ၎င်းတို့၏ကန့်ကွက်စာကို တင်ပေးရန် မေလ(၁၄)ရက်နေ့က (PFDP)ပါတီအား မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လက ((SHREE CEMET COMPANY) သည် မိကရင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ယခု အချိန်ထိ ဒေသခံများနှင့် တစ်စုံတစ်ရာသဘောတူညီမှုများ မရှိသေးသလို မည်သည့်အချိန်တွင် ဆက်လက် တည်ဆောက်မည်ကို အချိန်အတိအကျမသိရသေးကြောင်း (PFDP)က ပြောဆို သည်။

ရခိုင် ဘုန်းတော်ကြီး ပညာရေးသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရန် ကြီးကြပ်ရေး ကော်မီတီဖွဲ့

ရခိုင်ပြည်နယ် ဘုန်းတော်ကြီး ပညာရေးသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်ပြီး ဘုန်းတော်ကြီး ပညာသင်ကျောင်းများ ကြီးကြပ်ရေး ကော်မီတီကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

ကော်မီတီသည် ရခိုင်တစ်ပြည်နယ်လုံးရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ အားလုံးကို ကိုယ်စားပြုမည် ဖြစ်ကြောင်း အဖွဲ့ အတွင်းရေးမှူး ရွှေစေတီကျောင်းဆရာတော် ဦးအရိယာဝံသက ပြောသည်။

monk-teaching-to-poor-child

"အဓိကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရှိတဲ့ (ဘက) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဒါကို ဦးစီးဦးဆောင် ပြုလုပ်နိုင်တဲ့  ကြီးကြပ်ရေး အဖွဲ့မျိုးဆိုတာ ရှိဖို့ လိုအပ် ပါတယ်။ ဒါကို ရည်ရွယ်ပြီး ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဖွဲ့စည်း ဆောင်ရွက် ရတာ ဖြစ်တယ်။"

ကြီးကြပ်ရေး ကော်မီတီ ဥက္ကဌဆရာတော်ကို မင်းပြားမြို့ မြောက်ကျောင်း ဆရာတော် အရှင် ဃောသိတရမ္ပ အား ရွှေးချယ်တင်မြှောက်ခဲ့သည်ဟု သိရသည်။

ယခင်က ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမ အများ စုမှာ စေတနာဝန် ထမ်းများဖြစ်ကြပြီး တချို့နေရာများတွင် ထောက်ပံ့ကြေး အနည်းငယ်ဖြင့် စာသင်ပေး နေခြင်းဖြစ် သော်လည်း ယခုနှစ် ဇွန်လမှစပြီး မြန်မာအစိုးရမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် စာပေသင်ကြား ပေးနေသည့် ဆရာ၊ ဆရာများကို ထောက်ပံ့ကြေး အဖြစ် ကျပ် ၃၈၀၀၀ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရ သည်။

ယခုဖွဲ့စည်းထားသည့် ကြီးကြပ်ရေးကော်မီတီ အနေဖြင့် (ဘက)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကြီးကြပ် သွားမည့် အစီအစဉ်များကိုလည်း ဆရာတော် အရိယာဝံသက ယုခုကဲ့သို့ပြောသည်။

" ကျောင်းတွေမှာ သင်ကြားမှု နည်းစနစ်ကျ မကျ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားဦးရေ ရှိမရှိ။ အဲဒါတွေကို အဓိက ကြီးကြပ်သွားမယ်။ ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာတိုးတက်မှုတွေ ဖြစ်အောင် ကြိုးစားသွားဖို့ စီစဉ်ထားတယ်" ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးပညာသင် ဘုန်းတော်ကြီးကျောင်းများမှာ ၁၉၉၀ ပြည့်နှစ်မှ စတင် ပေါ်ပေါက်လာခဲ့ပြီး ယခုအခါ ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီး ပညာသင်ကျောင်းပေါင်း ၉၆ ကျောင်း ရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်တခုလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ ဆရာမ များကို တစ်ကျောင်းလျှင် တစ်ဦးကျအနေဖြင့် စုစုပေါင်း ၇၅ ဦးကို စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီး ကျောင်းတွင်  ဗြိတိန်သံရုံး ကူညီထောက်ပံ့မှုဖြင့် သင်တန်းများ ပို့ချလျှက်ရှိကြောင်း သတင်း ရရှိသည်။

RCSS နှင့်တိုက်ပွဲထပ်ဖြစ် အစိုးရတပ်မှ ၉ ယောက်သေ

ပြီးခဲ့သည့် သောကြာနေ့က သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုအတွင်း၌ သျှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးရာ ၂ ဘက်အကျအရှုံးရှိခဲ့ကြောင်း ဒေသ တွင်းသတင်း ရပ်ကွက်ကဆိုပါသည်။

RCSSRCSS/SSA တပ်သားတချို့

RCSSRCSS/SSA တပ်သားတချို့

" မေလ ၁၇ ရက် သောကြာနေ့တုန်းကလေ။ ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုထဲမှာ သျှမ်း နဲ့ ဗမာ  တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ ဗမာဘက်က ၉ ယောက်သေတယ်။ ၁၀ ကျော်ဒဏ်ရာရတယ်။ သေနတ် ၂ လက်နဲ့ ကျည်ကပ် အများအပြား သျှမ်းတပ်က သိမ်းဆည်းရမိ တယ်။ ကျောပိုးအိတ်တွေလဲပါတယ်ပြောတယ်။ သျှမ်းဘက်က ၁ ယောက်သေတယ်။ ဒဏ်ရာရတာတော့ မရှိဘူး" ဟု တိုက်ပွဲနှင့်နီးစပ်သည့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ပြန်လည်ပြောပြသည်။

ကြိုတင်သတင်းပေးပို့ခြင်းမရှိသော မြန်မာ့တပ်မတော်မှ အင်အား ၁၀၀ ကျော်က တောတွင်းဝင်ရောက်လှည့် လည် မွှေနှောက်ရာမှ ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတဦးကလည်း ပြောပါသည်။

မြန်မာ့တပ်မတော်မှာ ရပခတိုင်းလက်အောက်ခံ ပင်လောင်းအခြေစိုက်  ခလရ ၂၄၉ နှင့် လွယ်ကော်အခြေစိုက် ခလရ ၂၅၀ ပူးပေါင်းတပ်တို့ဖြစ်ကြောင်းလည်း ပအိုဝ်းပြည်သူ့စစ်က ဆက်လက်ပြောပြသည်။

" တိုက်ပွဲ ၂ ခုလုံးက နမ့်ခုတ်အုပ်စုထဲမှာ ဖြစ်တာ။ နားပုံရွာမြောက်ဘက်မှာ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ တကြိမ်နဲ့ ပြည်တော်ရွာမြောက်ဘက်မှာ ၃ နာရီ ကနေ ၇ နာရီအထိ တကြိမ်ဖြစ်တယ်။ သျှမ်းတပ်ရှိတဲ့ဘက်ကို သိသိကြီးနဲ့တက်သွား တာလေ။ တိုက်ပွဲဖြစ်တဲ့နေရာက ရပ်စောက်နယ်ဘက်နဲ့ နီးသွားတယ် ။ ဟိုပုံးမြို့နယ်ထဲမှာဘဲ  " ဟု  ၎င်းက ဆက်ပြော သည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ဘက်မှ အတည်ပြုချက်တော့ မရပေ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထား သည့်အဖွဲ့ ဖြစ်သည်ဟုဆိုသော်လည်း ၂၀၁၁ ခုနှစ် အစိုးရတပ်မတော်နှင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသဘောတူကြပြီးသည့်နောက် ယနေ့တိုင်အောင် အစိုးရတပ်မတော်နှင့် လက်အောက်ခံပြည် သူ့စစ်တပ်ဖွဲ့တို့အား ခုခံတိုက်ခိုက်နေရသည်မှာ တိုက်ပွဲပေါင်း အကြိမ် ၈၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ပြောခွင့်ရဗိုလ်မှူးလောင် (ဝ်) ဆိုင်က ပြောပြဖူးပါသည်။

ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ အမေရိကန်မှ ချီးမြှင့်သည့် အလုပ်သမား အခွင့်အရေးဆု ရရှိ

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)အား အမေရိကန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ဖိုရမ် (ILRF) က အလုပ်သမား အခွင့်အရေး ကာကွယ်ရေးဆု (2013 International Labor Rights Award) ချီးမြှင့်လိုက်သည်။

ဆုလက်ခံရယူရန် အတွက် MWRN ဥက္ကဋ္ဌနှင့် အထူး အကြံပေးတို့ နှစ်ဦးသည် မေလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံမှတဆင့် လေကြောင်း ခရီးဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဇော် က ပြောသည်။

"ဒီနေ့ မနက် ၆ နာရီမှာ လေကြောင်း ခရီးနဲ့ ထွက်သွား ကြတာပါ။ ဥက္ကဋ္ဌ ဦးအောင်ကျော်နဲ့ အထူး အကြံပေး ဦးစိန်ဌေးတို့ ဆုကို လက်ခံယူဖို့ သွားကြပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ၎င်းဆုကို မည်သည့် အကြောင်းအရာကို အခြေပြု၍ ပေးအပ်ခြင်း ဖြစ်သည်ကို ယခု ထက်ထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ဦးထွန်းထွန်းဇော် က ဆက်ပြောသည်။

"မထင်ထားဘူးပေါ့။ ဒီလိုမျိုး ကမ္ဘာ့နိုင်ငံကြီး တခုရဲ့ အဖွဲ့အစည်းကြီး တခုက နေပြီးတော့ ဆုတွေ ပေးလာ လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကျနော်တို့ကလည်း ဆုကို မျှော်လင့်ပြီးတော့ လုပ်ဆောင်ချက်တွေ လုပ်နေတာလည်း မဟုတ်ဘူး။ ကြားရတဲ့ အချိန်တုန်းကတော့ မယုံကြည်မိဘူးပေါ့။ အရမ်းကို ဝမ်းသာမိတယ်။ ဒါပေမယ့် သို့လော သို့လောပေါ့။ ဘယ်လို လုပ်ဆောင်ချက်တွေပေါ်မှာ မူတည် ပြီးတော့ ပေးခဲ့တာလဲ ဆိုတာတောင်မှ ကျနော်တို့အနေနဲ့ မခန့်မှန်းနိုင်ဘူးပေါ့ဗျာ" ဟု ပြောသည်။

ဆုပေးပွဲ အခမ်းအနားကို ဝါရှင်တန် ဒီစီ မြို့တော်၌ မေလ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး MWRN အဖွဲ့နှင့် အတူ ထိုင်းအလုပ် သမားသမဂ္ဂ တခု ဖြစ်သည့် The State Enterprises Workers' Relations Confederation (SERC) ကိုလည်း ပူးတွဲ ပေးအပ်မည် ဖြစ်သည်။

SERC အဖွဲ့သည် အနေနှင့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် နည်းစနစ် တကျ အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်း ရပ်တန့်နိုင်ရေး ရှေ့တန်းမှ ရပ်တည်ကာ လုပ်ဆောင်ပေးလျက် ရှိသည့် (MWRN) အဖွဲ့ကြီး စတင် ကြီးထွား အောင်မြင်စေရန် ကူညီ လုပ်ဆောင် ပေးခဲ့သည့် အဖွဲ့ဖြစ်ကြောင်း ILRF ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

MWRN အဖွဲ့သည့် အသင်းဝင်များ၏ တဦး ၃၀ ဘတ်ဖြင့် ရရှိသော လစဉ်အသင်းဝင်ကြေး ဖြင့်သာ အဓိက ရပ်တည်ကာ လည်ပတ်လျက် ရှိပြီး လက်ရှိ၌ အသင်းဝင် ဦးရေ ၇၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ က ပြောသည်။ ထိုင်းနိုင်ငံ ဆမုစ်ဆာခွန် ခရိုင် ၊ မဟာချိုင်ရှိ ဝီန်လ ရပ်ကွက်တွင် ရုံးဖွင့်ထားပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးနှင့် တရားမျှတမှု ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဆောင်ရွက် နိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် ပညာပေးရေး ကဏ္ဍတို့၌ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့်လည်း ချိတ်ဆက်လုပ်ဆောင်မှုများ ရှိသည် ဟုလည်း MWRN က ဆိုသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့၌ ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါ ဆမုစ်ဆာခွန် ခရိုင်၊ မဟာချိုင် MWRN ရုံးသို့လည်း လာရောက်ခဲ့စဉ် ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ MWRN မှ တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန် အထောက်အကူပေးမည်

သမ္မတ ဦးသိန်းစိန်ဟာ မနေ့တုန်းက သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အကူအညီတွေပေး ဆောင်ရွက်နေတဲ့ကိစ္စကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
 
လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အသိအမှတ် ပြုတဲ့အကြောင်း ပြော ဆိုပြီးတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းလာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အထောက်အပံ့ကိစ္စတွေကို ဖော်ပြတာပါ။
 
ဒီအထဲမှာတော့ အမေရိကန် အစိုးရ အေဂျင်စီတွေ၊ အဆင့်မြင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ နောက် အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေ ပေးပြီးတော့ မြန်မာအစိုးရနဲ့ ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်သွားနေသလိုပဲ အမေရိကန်အစိုးရပိုင်းအနေနဲ့လည်း မြန်မာအစိုးရနဲ့ရော အခြား အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေနဲ့ပါ ပူးတွဲလုပ်တဲ့ အစီအစဉ်တွေ နိုင်ငံခြား အထောက်အပံ့တွေကို ပေးသွားဖို့လည်း ပါရှိပါတယ်။
 
လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီးတော့ လွတ်လပ်မျှတမှု ရှိဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ အကူအညီတွေ ပေးသွားမယ်ဆိုတာ ပါရှိသလိုပဲ ပညာရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ Fulbright Program အပြင် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအနေနဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန် တက္ကသိုလ်၊ ကောလိပ်တွေမှာ ၀င်ရောက်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ကိစ္စလည်း ပါရှိပါတယ်။
 
တချိန်တည်းမှာပဲ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ပါရှိသလိုပဲ အခြား လူထု အထောက်အကူပေးရေး အစီအစဉ်တွေ ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

မြန်မာ့ပညာရေး အထောက်အကူပေးဖို့ သမ္မတ ပန်ကြား

မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖို့လည်း သမ္မတ ဦးသိန်းစိန်က မနေ့က ၀ါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
 
"မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးနဲ့ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး" လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် က ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အများအပြား ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ဒီလို လုပ်ဆောင်ခဲ့တာဟာ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
 
"ကျနော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆောင်ရွက် အကောင်အထည် ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘ၀တစ်ခု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အကူအညီတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။"
 
အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန် က အခုလို ပြောသွားခဲ့ပါတယ်။
 
"သမိုင်းကြောင်း အစဉ်အလာများအရ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာ အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုပြီး ကျနော်တို့အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများအကြား ရင်းနှီးတဲ့ မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန်ပြည်သူများအကြားလည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် ခင်ခင်မင်မင် ဆက်ဆံသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေတို့ရဲ့ ကူညီထောက်ပံ့မှုများကိုလည်း မျှော်လင့်လျက် ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေကိုလည်း ရရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ရှိနေပါတယ်။"
 
အခုလို သမ္မတ ဦးသိန်းစိန်အနေနဲ့ အမေရိကန် တက္ကသိုလ်တစ်ခုမှာ ကိုယ်တိုင်လာရောက်ပြီး မိန့်ခွန်းပြောကြားတာဟာ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေး အထောက်အကူတွေ ရဖို့နဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပိုမို နားလည်လာအောင် ရှင်းပြချင်တဲ့အတွက် ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
 
"သမ္မတကြီးအနေနဲ့က ကျနော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ချင်တယ်။ မြှင့်တင်ချင်တဲ့အခါမှာ ကျနော်တို့က ပညာတော်သင်တွေ လွှတ်သလိုပဲ၊ ဒီက တက္ကသိုလ်တွေကို ကျနော်တို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ကျောင်းခွဲတွေ ဖွင့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အမေရိကန်နိုင်ငံက ပညာရေး အဖွဲ့အစည်းတွေ ပိုမိုပါဝင် ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်တဲ့စကားကို ဒီမှာ လာပြောပြတယ်။ ဒါက ပထမရည်ရွယ်ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ပညာရှင်အသိုင်းအ၀ိုင်းမှာ နားလည်တဲ့သူလည်း ရှိတယ်။ တချို့ကလည်း သံသယတွေ ရှိနေသေးတယ်။ ဆိုတော့ ဒီ သံသယတွေ ပြေပျောက်သွားပြီးတော့မှ မြန်မာနိုင်ငံဟာ ရှေ့ကိုပဲ သွားနေတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိတော့ဘူး။ ဒီလို သွားတဲ့အခါမှာ ကျနော်တို့ စွမ်းအားနဲ့ချည်းပဲ သွားမယ်ဆိုရင်တော့ အချိန် ပိုကြာနိုင်တယ်။ ဒီလိုဟာကို မြန်မြန် ရောက်စေချင်တယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပါဝင်ကူညီပံ့ပိုးမှုတွေ လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာ လာပြီးတော့ ဒီမိန့်ခွန်းကို ပြောတာပါ။"
 
အခုလို သမ္မတဦးသိန်းစိန် ကိုယ်တိုင် အမေရိကန် တက္ကသိုလ်တစ်ခုကို လာရောက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောကြားတာဟာ မြန်မာနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေကြား ပိုပြီး ထိတွေ့မှု ရရှိစေသလို၊ မြန်မာနိုင်ငံ ပညာရေးအတွက် အထောက်အကူ ဖြစ်လာနိုင်တဲ့အတွက် အားရစရာ ကောင်းတယ်လို့ မနေ့က Johns Hopkins တက္ကသိုလ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲ့ရဲ့ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းဝင်း က ပြောပါတယ်။
 
"တစ်ခုကတော့လေ ဒီလို တက္ကသိုလ်တွေကို လာပြီးတော့၊ ကိုယ့်ရဲ့ မူဝါဒတွေကို ပြောတယ်ဆိုတော့ ဘာပဲပြောပြော ကျနော်တို့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်က ဒီလို စပြီးတော့ ပြောလာတဲ့အတွက်ကြောင့် သိပ်ကောင်းတဲ့ အစဉ်အလာပေါ့နော်။ ဒါမျိုးပွဲတွေ အများကြီး နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ် ဖြစ်လာပါစေလို့ ကျနော့်စိတ်ထဲ အရင်ဆုံး ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခု အားရမိတာကတော့ ဒီလို တက္ကသိုလ်တွေမှာ ပြောတဲ့အခါကျတော့ ပိုပြီးတော့ ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်ပါတယ်။ ပညာရေးကို အားပေးတဲ့နေရာမှာ၊ ဒီလိုအဆင့်မြင့် ပညာရေးပေါ့နော်၊ တက္ကသိုလ် ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်တဲ့အတွက် ကျနော်တို့က ပိုပြီးတော့ ၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်တွေ မြန်မာပြည်မှာ ကောင်းလာပြီးတော့၊ မြန်မာပြည် တက္ကသိုလ်တွေကနေပြီးတော့ တကယ့်ကို နိုင်ငံအတွက် အသုံးကျမယ့် ပညာရှင်တွေ မွေးထုတ်နိုင်မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ရေတို မဟုတ်ဘဲနဲ့ ရေရှည်မှာ အများကြီး ပြောင်းလဲတိုးတက်လာမယ်၊ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ရေရှည်ကောင်းမယ်လို့ ကျနော် မျှော်လင့်တယ်။ ဒါကြောင့်မို့ ကျနော်ကတော့ တော်တော်လေး အားရပါတယ်။"
 
သမ္မတဦးသိန်းစိန်ဟာ မနေ့က Johns Hopkins တက္ကသိုလ်မှာ မိနစ် ၂၀ ကြာလောက် မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရှင်းလင်းတင်ပြခဲ့တာ ဖြစ်သလို၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ၀ိုင်းဝန်း ကူညီပေးဖို့ ကိစ္စတွေကို အဓိက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် ရန်ကုန်မြို့တွင်း အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို အိမ်ထောင်စု ၁၂၀၀၀ ကျော်ထံမှ ကောက်မည်

5.19.4

ရန်ကုန်မြို့တွင်း သွားလာနေသော ခရီးသည်တင် ဘက်စ်ကားတစ်စီးပေါ်တွင် ခရီးသည်များ ပြည့်ကျပ်စွာ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ်

ရန်ကုန်မြို့တော်တွင်း အများပြည်သူ ခရီးသွားလာနေမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၉ မြို့နယ်နေ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ အများပြည်သူ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA လေ့လာရေးအဖွဲ့မှ စစ်တမ်းကောက်ယူ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းစစ်တမ်း ကောက်ယူမှုမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည် ဖော်နေသည့် 'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' ကို အထောက်အကူ ပြုနိုင်မည့် အချက်အလက်များ ရရှိရန် ကောက်ယူခြင်းဖြစ်ကြောင်း၊ လာမည့် ဇွန်လအတွင်း စစ်တမ်းစကောက်ရန် စီစဉ်ထားပြီး သြဂုတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ယူရာတွင် အိမ်ထောင်စုများအား မေးခွန်းများ မေးမြန်းမည်ဖြစ်ပြီး လူတစ်ဦး၏ တစ်နေ့ ခရီးသွားရောက်သည့် အကြိမ်အရေအတွက်၊ ခရီးသွားလျှင် အသုံးပြုသည့် လမ်းကြောင်း၊ ဘတ်စ်ကား စီးနင်းအသုံးပြုပါက ဘယ်နှဆင့် ပြောင်းစီးသလဲ၊ ရထားအသုံးပြုလျှင် မည်သည့်နေရာအထိ ရထားစီးနင်းကာ မည်သည့်နေရာမှ စတင်၍ နောက်တစ်ဆင့် ဘတ်စ်ကားပြောင်းစီးသလဲ စသဖြင့် မေးမြန်းသွားမည် ဖြစ်ကာ ယင်းသို့ မေးမြန်းချက်မှ ထွက်ရှိလာသော အချက်အလက်များအား JICA မှ ပညာရှင်များက တွက်ချက်သွားမည်ဖြစ်ပြီး ရရှိလာသော အဖြေများကို အသုံးပြုကာ Master Plan ရေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို ခန့်မှန်းကာ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော စီမံကိန်းများကို အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

'မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း' တွင် ရန်ကုန်မြို့တော်တွင် နေထိုင်သောသူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်၍ ရေရှည်ထိန်းထားနိုင်သော ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းကွန်ရက်များနှင့်တကွ မော်တော်ယာဉ် စီမံခန့်ခွဲခြင်း နည်းစနစ်များဖြင့် မြို့ပြ၀န်ဆောင်မှုများတွင် ချောမွေ့စေရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန်ဖုန်း အလုံးရေ တစ်သိန်းကျော်ရောင်းချ ယခင်လထက် ဖုန်းအလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ပြီး မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်


5.19.3

ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရှိရန် ရပ်ကွက်တွင်း၌  မဲနှိုက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယအသုတ်အဖြစ် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း CDMA ဖုန်း အလုံးရေ ၁၀၁၂၁၉ လုံးအား မေ လ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ပြီး ယခင်လကဲ့သို့ပင် မဲနှိုက်သည့် စနစ်ဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့်လက ရန်ကုန်တိုင်း ဒေသကြီးအတွက် တန်ဖိုးနည်း ဖုန်းအလုံးရေခွဲတမ်း ၁၁၉၀၀၀ ရောင်းချပေးခဲ့ပြီး ယခုလအတွက် ခွဲတမ်းရရှိမှာ ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးဖြစ်သောကြောင့် ပြီးခဲ့သည့် လထက် အလုံးရေ ၁၇၇၈၁ လုံး လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုရောင်းချပေးမည့် ဖုန်းအလုံးရေ ၁၀၁၂၁၉ လုံးထဲမှ ရန်ကုန်တိုင်း အတွင်းရှိ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအတွက် သုံးပုံတစ်ပုံ ခွဲတမ်းပေးခဲ့ပြီး ကျန်ရှိသည့် ဖုန်းများကို အများပြည်သူအတွက် ရောင်းချမည်ဖြစ်သည်။ ယခု ဒုတိယအသုတ်တွင် ဖုန်းအလုံးရေ အများဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ယခင်လကဲသို့ပင် လှိုင်သာယာ မြို့နယ်တွင်ဖြစ်ပြီး ဖုန်းအလုံးရေ ၄၈၉၇ လုံး ရောင်းချပေးမည်ဖြစ်ကာ ယခင်လက ဖုန်းအလုံးရေ ၆၆၀၀ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဖုန်းအနည်းဆုံး ရောင်းချပေးမည့် မြို့နယ်မှာ ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး ဖုန်းအလုံးရေ ၃၅ လုံးဖြစ်ကာ ပြီးခဲ့သည့်လကလည်း ဖုန်းအလုံးရေ ၅၀ သာ ရောင်းချပေးခဲ့သည်။

ဖုန်းအလုံးရေ ရောင်းချပေးရန်အတွက် ခွဲတမ်းချမှုအား ဆက်သွယ်ရေးမှ ပြုလုပ်ပေးခြင်းဖြစ်ပြီး ခွဲတမ်းချပေးရာတွင် မြို့နယ်၏ လူဦးရေ၊ မြို့နယ်အတွင်း လက်ရှိ ဖုန်းကိုင်ဆောင်ထားသူ စာရင်းများအပေါ် မူတည်၍ ချထားပေးခြင်းဖြစ်သည်။

''အရင်လက ဖုန်းရောင်းပေးတဲ့သူ အရေအတွက်က ၁၂၀၀၀၀ လောက်ရှိခဲ့ပြီဆိုတော့ ဒီလ ခွဲနည်းနည်း လျော့သွားတဲ့ သဘောပါ အဲဒီအတွက် ဒီလအလုံးရေက လျော့သွားတဲ့ သဘောပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။

ယခုလ၌လည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးသွားမည် ဖြစ်သောကြောင့် မဲနှိုက်ရောင်းချပေးသည့် နေရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိစေရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အစိုးရဌာနဆိုင်ရာများ အတွက်လည်း အရာရှိအဆင့်အား ဖုန်းလုံးဝ မလျှောက်ရန် သတ်မှတ်ထားပြီး ကျန်ရှိသည့် ၀န်ထမ်းများကိုလည်း မဲနှိုက်သည့် စနစ်ဖြင့်ပင် ရောင်းချပေးမည်ဖြစ်သည်။

ပြီးခဲ့သည့်လက ဖုန်းများ ရောင်းချပေးသည့် နေရာတွင် အချို့မြို့နယ်များ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ဖုန်းလျောက်ထားခွင့် မရရှိခဲ့ကြောင်း၊ သို့သော် ယင်းသို့ ဧည့်စာရင်းဖြင့် နေထိုင်သူများအား ဖုန်းလျှောက်ခွင့် ပေးမပေးကိုမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားခြင်း မရှိကြောင်း၊ ယခုလတွင်မူ မြို့နယ်အတော်များများတွင် ဧည့်စာရင်းဖြင့် ဖုန်းလျှောက်ထားမှုကို လက်ခံခဲ့သည်ဟုလည်း သိရသည်။

ပြည်သူ့ရင်ပြင်၌ မြေတူးရာမှ တတိယမြောက် ထန်းလုံးအမြောက်တစ်လက် ထပ်မံတွေ့ရှိ

5.19.12

မေ ၁၃ ရက်တွင် တွေ့ရှိခဲ့သည့် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ လက်ကျန် ထန်းလုံးအမြောက်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ပြည်သူ့ဥယျာဉ်တွင် မြေတူးရာမှ အလေးချိန် ၆ တန်ခန့်ရှိ စစ်ကျန် ထန်းလုံးအမြောက်တစ်လက် တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ထန်းလုံးအမြောက်ကို မေ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ရင်ပြင် ၀င်းအတွင်းရှိ ဦးဝိစာရ ရှော့ပင်းမော ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ဦးဝိစာရ ၀င်ပေါက်အနီးတွင် မြေတူးစက်မောင်းသူ ဦးကျော်ကျော်လေးက မြေတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဦးစီးဌာနမှ တာဝန်ရှိသူတို့၏ စစ်ဆေးချက်အရ ယင်းထန်းလုံး အမြောက်သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ လက်ကျန် ထန်းလုံးအမြောက် တစ်လက်ဖြစ်ပြီး အလေးချိန် (၆) တန် ခန့်ရှိကာ၊ အရှည်(၁၄)ပေ (၅) လက်မ၊ ထိပ်ဝအချင်း (၁၃) လက်မ၊ နောက်ပိုင်းအချင်း (၂၃) လက်မ ရှိကြောင်း သိရသည်။

အဆိုပါ ထန်းလုံးအမြောက်ကို ဒဂုံမြို့နယ်၊ ရှေးဟောင်း သုတေသန ဦးစီးဌာနက တွေ့ရှိခဲ့သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

''အခု တူးဖော်တွေ့ရှိခဲ့တဲ့ အမြောက်ကို မြေတူးစက်မောင်းတဲ့လူက မြေကြီးတွေကို တူးဖော်နေတုန်းမှာ တွေ့ရှိခဲ့တာပါ'' ဟု အဆိုပါ အမြောက်တွေ့ရှိရာ နေရာအနီး လုံခြုံရေး ဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုတွေ့ရှိခဲ့သော အမြောက်သည် အဆိုပါ နေရာတွင် တတိယမြောက် တွေ့ရှိခဲ့သည့် အမြောက် ဖြစ်သည်ဟု သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ပထမအမြောက် တစ်လက်အား စတင်တွေ့ရှိခဲ့ပြီး ဒုတိယမြောက် ထန်းလုံးအမြောက်ကို အောက်တိုဘာ ၁၈ ရက်နေ့၌ ထပ်မံတွေ့ရှိခဲ့ပြီး ယခုနောက်ဆုံး တွေ့ရှိရသည့် ထန်းလုံးအမြောက်ကို ၂၀၁၃ ခုနှစ် မေ ၁၃ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်


5.20.4

ကမ္ဘာအေးဘုရားလမ်းရှိ KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို တွေ့ရစဉ်

တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။

KIA ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ကိုယ်စားလှယ်အဖြစ် Super Seven Star Co.,Ltd (SSS) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခုပထမဦးဆုံး ကားအရောင်းပြခန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

''ကားအသစ်တွေချည်းပဲ ရောင်းချမှာပါ။ Saloon, SUVs နဲ့ Truck ကားတွေ ရောင်းမှာပါ။ အဲဒီအရောင်းပြခန်းမှာ KIA ရဲ့ ကမ္ဘာ့အဆင့်စံနှုန်းအတိုင်း ၀န်ဆောင်မှု ပေးသွားမှာပါ'' ဟု Super Seven Star Motors Industry Co.,Ltd ဒါရိုက်တာ ဦးကျော်သူရက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တောင်ကိုရီးယား နိုင်ငံထုတ် မော်တော်ယာဉ်များသည် ဈေးကွက်ဝေစု အနည်းအကျဉ်းသာ ရရှိထားသော်လည်း KIA ထုတ် SUVs ကားများကို မြန်မာပြည်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ SSS မှ တင်သွင်းရောင်းချ လျက်ရှိသော KIA ကားအမျိုးအစား အချို့မှာ Cerato, Quoris, Optima, Picanto, Rio, Sorento, Sportage, Mohave, Soul နှင့် K 2700 စသည့် မော်တော်ယာဉ်များ ဖြစ်သည်။ SSS သည် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများ၊ တင်သွင်းမှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်ကတည်းက လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒဂုံအရှေ့ပိုင်း စက်မှုဇုန်တွင်လည်း နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ SSS ကားအရောင်း ပြခန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ မိတ္ထီလာ၊ လားရှိုးမြို့ များတွင် ဖွင့်လှစ်ထားပြီး SSS မှထုတ်လုပ်သော ကားများနှင့် KIA, Hyundai, Foton, King Long ကားများ တင်သွင်းရောင်းချ လျက်ရှိသည်။

KIA ၀န်ဆောင်မှုနှင့် အပိုပစ္စည်း ရောင်းချမှုစင်တာကို SSS ၏ ၀န်ဆောင်မှုစင်တာတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုစင်တာမှာ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်း (ကျိုက္ကဆံအနီး) တွင် တည်ရှိကြောင်း သိရသည်။

KIA သည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာ့ကား အရောင်းရဆုံး စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် KIA ကားများကို ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး ၂၀၁၂ ခုနှစ်အတွင်း ယာဉ်စီးရေ ၁ ဒသမ ၆သန်း ကျော် ရောင်းချခဲ့ရသည်။

KIA ကားကုမ္ပဏီကို ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ KIA ကုမ္ပဏီ၏ အစုရှယ်ယာ ၃၃ ဒသမ ၉၉ ရာခိုင်နှုန်းကို တောင်ကိုရီးယား အခြေစိုက် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် Hyundai က ပိုင်ဆိုင်ထားပြီး ၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေအမေရိကန် ဒေါ်လာ ၄၂ ဒသမ ၄၅ ဘီလျံ ရရှိခဲ့သည်။

တည်ဆဲပုံနှိပ် ဥပဒေများကို ရုပ်သိမ်းနိုင်မည့်ဥပဒေ မကြာမီ လွှတ်တော်တွင် ဆွေးနွေးရန်ရှိဟု ပြန်ကြားရေးဝန်ကြီး ပြောကြား


5.20.1

မေ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေး ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အမှာစကား ပြောကြားနေစဉ်

တည်ဆဲပုံနှိပ် ဥပဒေများကို ရုပ်သိမ်းနိုင်မည့်ဥပဒေ မကြာမီ ကာလအတွင်း လွှတ်တော်အတွင်း ဆွေးနွေးသွားရန်ရှိဟု မေ ၂၀ ရက်က ရန်ကုန်ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပခဲ့သည့် ''ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေး ညီလာခံ'' တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ''စာပေစိစစ်အဖွဲ့ကို ဖျက်သိမ်းခဲ့မှုနဲ့အတူ ပုံနှိပ်ထုတ်ဝေခွင့်ကို အွန်လိုင်းကတစ်ဆင့် လွယ်ကူလျင်မြန်စွာ လုပ်နိုင်ကြခြင်းဟာ မီဒီယာ ပြုပြင်ပြောင်းလဲရေး ပထမအဆင့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပြန်လည်ပေါ်ထွက်လာမှု နဲ့အတူ တည်ဆဲတင်းကျပ်တဲ့ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေးသည် မီဒီယာပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲပုံနှိပ် ဥပဒေများ ရုပ်သိမ်းနိုင်ရေးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ကြပြီး ဖြစ်တဲ့အပြင် ဒီဥပဒေများကို ရုပ်သိမ်းနိုင်မယ့် ဥပဒေကိုလည်း မကြာမီ ကာလအတွင်း လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုပ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသည့် မီဒီယာဥပဒေအား ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧပြီလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံပိုင် မီဒီယာများအား အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို မေ ၂၀ ရက်က နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

အများပြည်သူသို့ ချပြခြင်းမရှိဘဲ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိ


5.20.2

ကျောက်ဖြူမှ မူဆယ်အထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းပြမြေပုံ

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် အဆင်သင့်နီးပါး ဖြစ်ချိန်၌ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း စတင်ရန်အတွက် အများပြည်သူသို့ ချပြခြင်းမရှိဘဲ အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလ၌ အဆိုပါ မီးရထားလမ်း စီမံကိန်းအတွက် Memorandum of Agreement ကို မကြာမီ ရေးထိုးရန် စီစဉ်နေကြောင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်း သိရသည်။

''မနေ့(မေ၁၉)က တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လျန် မဒေးကျွန်းကိုလာပြီး ကျွန်တော်တို့ ဒေသခံတွေနဲ့ တွေ့သွားတယ်။ ဘာလာလုပ်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က မဒေးကျွန်းမှာ ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ရှိနေတယ်ဆိုတာ ဟုတ်လားလို့ တရုတ်သံအမတ်ကိုမေးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ သူမသိပါဘူးတဲ့။ ရထားလမ်းစီမံကိန်း ရှိမရှိနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့ကို တရားဝင် ထုတ်ဖော်ပြောသွားတာ မရှိပါဘူး။ ကျောက် ဖြူ-မူဆယ် မီးရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိရပါဘူး'' ဟုလည်း ကျောက်ဖြူမြို့မှ ကိုထွန်းကြည်က ပြောပြသည်။


မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်...

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍လည်း စီမံကိန်း မစတင်မီက ဒေသခံများ မသိရှိဘဲ လုပ်ငန်းစတင်ခါမှသာ သိရှိခဲ့ရကြောင်း၊ လက်ရှိအပြီးသတ် စာချုပ်ချုပ်တော့မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှုမရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် မည့်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုပါသည်။

''ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက်ရှိနေပြီ။ ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံတွေ ခံစားနေရပေမယ့် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်တော့ ဒေသခံကို တရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကို ရခိုင်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရတယ်။ ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုကိုတောင် မဖြေရှင်းနိုင်သေးဘဲ ရထားလမ်း စီမံကိန်း လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့် သူတွေအနေနဲ့ ဒေသခံတွေ ပူးပေါင်းဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်'' ဟု မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။

အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်းပြည့်ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်းများ ဇွန် ၃ ရက်တွင် ဖွင့်လှစ်မည်


5.20.6

ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံမှုဆိုင်ရာ စည်းကမ်းများကို လာရောက်ကြည့်ရှု နေကြစဉ်

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကဏ္ဍ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများအား ၂၀၁၃ ခုနှစ် ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

ပညာရေး ၀န်ကြီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအား ဇွန် ၃ ရက်တွင် ဖွင့်လှစ်ရန် သတ်မှတ် ထုတ်ပြန်ထားကြောင်း သိရသည်။

''အခြေခံပညာကျောင်းတွေ အားလုံး ဇွန် ၃ ရက် စတင်ဖွင့်လှစ် သွားမှာပါ၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာကျောင်း အကုန်လုံး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်'' ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ၂၀၁၃ ခုနှစ် မေ၂၇ ရက် မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အလိုက် အခြေခံပညာ ကျောင်းများတွင်မူ ကျောင်းအပ်နှံမှုများအား ယခု အချိန်မှ စတင်ကာ လက်ခံနေပြီ ဖြစ်သည်။

အစိုးရကျောင်းများ၌မူ သူငယ်တန်းဝင်ခွင့် လျှောက်လွှာများအား ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ မွေးစာရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ မိတ္တူတို့နှင့်အတူ သက်ဆိုင်ရာ ကျောင်းများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းအား ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းကို အချက် ၁၁ ချက်ဖြင့် ကန့်ကွက်လိုက်ကြောင်း မေ ၁၅ ရက်က ရန်ကုန်မြို့တွင် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်၏ သဘောထား ကြေညာချက်အရ သိရသည်။

တောင်သူလယ်သမားများ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်မပေးထားခြင်း၊ ချေးငွေ ထောက်ပံ့ကြေးနှင့် ဆိုင်သော ပြဋ္ဌာန်းချက်များတွင် လယ်မြေဧက အနည်းငယ်သာ ပိုင်ဆိုင်သော တောင်သူလယ်သမားငယ်များကို အကာအကွယ် ပေးနိုင်မည့် အချက်များ မပါရှိခြင်း၊ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းကြီးများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခြင်းတို့ကြောင့် လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးနစ်နာမှု မရှိစေရန် အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များ မပါရှိခြင်း စသည့် အချက်တို့ကြောင့် ဥပဒေမူကြမ်းအား ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

''မေ ၁၄ ရက်က ဒီဥပဒေမူကြမ်းကို ကျွန်တော်တို့ရတယ်။ ၁၅ ရက်နေ့ ကျွန်တော်တို့ ကွန်ရက်က တောင်သူကိုယ်စားလှယ် ၂၆ ဦးလောက် ဆွေးနွေးတယ်။ အဓိက က ဒီဥပဒေမူကြမ်း ရေးဆွဲတုန်းကလည်း တောင်သူလယ်သမားတွေ မပါဘူး။ မူကြမ်း ဖတ်ကြည့်လိုက်တော့လည်း တောင်သူတွေရဲ့ အကျိုးကို ကာကွယ်ထားတာ လုံးဝမပါပါဘူး။ စုပေါင်းလယ်ယာ စနစ်ကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတွေမှာ ထည့်ထားတော့ ဥပဒေ အကာအကွယ်ကို တောင်သူလယ်သမားတွေ မခံစားရဘဲ စုပေါင်းလယ်ယာ လုပ်ကိုင်မယ့် အရင်းရှင် ကုမ္ပဏီတွေ ခရိုနီတွေပဲ အကျိုးရှိစေမယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများကွန်ရက် တာဝန်ခံ ကိုစည်သူက ပြောကြားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေအား တောင်သူလယ်သမား ကိုယ်စားလှယ်များ တောင်သူခေါင်းဆောင်များ ပါဝင်ဦးဆောင်ပြီး ဥပဒေပညာရှင်များ၏ အကြံပြုချက်ရယူကာ ယခင်ရှိခဲ့ပြီးသော ဥပဒေများနှင့် နိုင်ငံတကာ သင်ခန်းစာများကို ရယူ၍လုံလောက်သော အခြေအနေ အတိုင်းအတာထိ ပြင်ဆင်သုံးသပ်ပြီးမှ လွှတ်တော်သို့ တင်သွင်းသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်ကို တောင်သူလယ်သမား သမဂ္ဂများ၊ တောင်သူလယ်သမား အခွင့်အရေး တက်ကြွဆောင်ရွက်သူများဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ဖွဲ့စည်းကြောင်း သိရသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။ “မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။ လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင် ရောင်းအား များလျက်ရှိနေသည်။ “ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြ

ရန်ကုန် (မဇ္ဈိမ)။   ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။

"မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်" ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။

လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင်
ရောင်းအား များလျက်ရှိနေသည်။

"ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး
မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြစ်ခဲ့သည်။

ကမ္ဘာ့ရွှေ ၁ အောင်စ အဖွင့်ဈေးမှာမူ မေလ ၁၅ ရက်တွင် ၁,၄၂၄ ဒေါ်လာ၊ မေလ ၁၆ ရက်တွင် ၁,၃၉၅
ဒေါ်လာနှင့် မေလ ၁၇ ရက်တွင် ၁,၃၇၉ ဒေါ်လာတို့ ဖြစ်ခဲ့သည်။

"ကမ္ဘာ့ရွှေဈေး ကျနေတာက လက်တလော အနေအထားအရ ဒေါ်လာငွေ မာနေတာကြောင့်ပါ။ ပြည်တွင်း
ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်ပါ ကျဆင်းနေပြီး ကမ္ဘာ့ရွှေဈေး ကျသလောက်တော့ မကျပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းငွေလဲနှုန်းက နေ့စဉ် မြင့်တက်နေတာကလည်း အခြေအနေတခုအနေနဲ့ ပါဝင်နေပါတယ်" ဟု ရွှေကုန်သည် ဦးစံမြင့် က သုံးသပ်သည်။

မေလ ၁၈ ရက်တွင် ပြည်တွင်းရွှေ အဖွင့်ဈေးမှာ ၆၉၈,၀၀၀ ကျပ်၊ မေလ ၁၉ ရက်တွင် ၆၉၉,၅၀၀ ကျပ်ဖြင့် ရှိခဲ့ပြီး ကမ္ဘာ့ရွှေ အဖွင့်ဈေးမှာ မေလ ၁၈ ရက်တွင် ၁,၃၆၀ ဒေါ်လာ၊ မေလ ၁၉ ရက်တွင် ၁,၃၆၀
ဒေါ်လာ ဖြစ်ခဲ့သည်။

ယနေ့ မေလ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးမှာ ၆၉၇,၅၀၀ ကျပ်ဖြင့် ဖွင့်ကာ ညနေ ၃ နာရီတွင် ၆၉၈,၂၀၀ ကျပ် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာမူ ၁,၃၄၄ ဒေါ်လာဖြင့် ဖွင့်ခဲ့ပြီး ညနေ ၃ နာရီတွင် ၁,၃၅၄.၉၀ ဒေါ်လာ ရှိနေသည်။

ကားနံပါတ် ထုတ်ပေးမှု မြန်ဆန်ခြင်းက ဈေးကျရန် အကြောင်းတခု ဖြစ်နေ

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်ပမှ တင်သွင်းနေသည့် မော်တော်ယာဉ်များ အတွက် ကုန်လမ်း သယ်ယူပို့ဆောင်
ရေး ဦးစီးဌာန (ကညန)မှ နံပါတ်များ ထုတ်ပေးမှု မြန်ဆန်ခြင်းက ကားဈေးနှုန်းများ ကျရန် အကြောင်းအချက် တခု ဖြစ်နေကြောင်းကား ဝယ်ရောင်းများထံမှ သိရသည်။

"ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို နေ့စဉ် နံပါတ်ထုတ်ပေးတာ အရမ်း မြန်နေတယ်။ တနေ့ကို ကားအစီး ၁,၀၀၀ လောက်ကို ချပေးနေတာ။ ဆိုပါဆို့ ၂စ ကို တနေ့ တထောင်လောက် သွားနေတော့ တလလောက်ဆို ၂စ စီးရီးက ပြီးသွားပြီး ၃စ စီးရီး ထွက်လာရော။ ၃စ လည်း ထွက်လာရော ၂စ က မော်ဒယ် နည်းနည်းနိမ့် သွားတော့ ဈေးက အလိုလို ၂ သိန်း၊ ၃ သိန်းလောက် ကျသွားရော" ဟု ဝါရင့် ကားပွဲစား ဦးသန်းဌေး က ပြောသည်။

လက်တလောတွင် ကျောင်းဖွင့်ရာသီ နီးလာသဖြင့် ကားဈေးကွက် အနည်းငယ် ဦးပြန်မော့လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ဆိုသည်။

"ကျောင်းဖွင့်ရာသီ နီးလာတဲ့အတွက် ကလေး ကျောင်းပို့ကျောင်းကြို လုပ်ဖို့ ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားလေးတွေ အမေးများလာသလို အဝယ် ပြန်ရှိလာတယ်" ဟု မော်တော်ကား ရောင်းဝယ်ရေး အသင်း(ဗဟို) ရန်ကုန်မှ  ဦးမင်းဦိး က ပြောသည်။

မေလ ၂၀ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ကားဈေးနှုန်းများမှာ ပရိုဘောက်- (၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၁၀ ဝန်းကျင်၊ ဟွန်ဒါဖစ်(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၀၅ သိန်း ဝန်းကျင်၊ ပစ်ကပ်(မီနီပစ်ကပ်) ဒိုင်ဟတ်စု - ဂျပန်ကုမ္ပဏီထုတ်ကို ကျပ် ၅၅ သိန်း၊ အေဒီဘင်-(၂၀၀၇ မော်ဒယ်)ကို ကျပ် သိန်း ၁၀၀ ဝန်းကျင်၊ ဗက်တာ(၂၀၀၇ မော်ဒယ်)ကို ကျပ် ၁၂၅ သိန်း ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။