Saturday, May 25, 2013

ဘင်္ဂါလီများအား ပြည်ထောင်စုအဆင့် အနေဖြင့် ဆွဲတင်စစ် လူဦးရေစာရင်း ကောက်ခံရာတွင် ရန်ရှာတိုက်ခိုက်မှုများ ဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူများဟု သံသယရှိသူများကို တရားစွဲတင်

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ပြည်ထောင်စုအဆင့် အနေဖြင့် ဆွဲ၊ တင်၊ စစ် လူဦးရေစာရင်း ကောက်ခံရာတွင် ရန်ရှာတိုက်ခိုက်မှုများ ဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူများဟု သံသယရှိသူများကို တရားစွဲဆိုခဲ့ပြီးနောက် မေ ၂၃ ရက်တွင် ပထမဆုံးအကြိမ် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၆ ရက်က ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံရာတွင် နှောင့်ယှက်မှုများ ဖြစ်ပွားခဲ့ရာ စာရင်းကောက်ယူခြင်းအား ရပ်တန့်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်ပြီး တရားစွဲဆို ခံထားရသူများအနက် ခုနစ်ဦးကိုသာ ဖမ်းဆီးနိုင်သေးပြီး ထွက်ပြေး တိမ်းရှောင်နေသူ ၂၄ ဦးရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ မဆော်လေဇာ(၃၅) နှစ်၊ (ဘ)နုရ်မာလာကိန်း၊ ဆာလေအာမတ်(ခ) စံလင်း(၅၃)နှစ်၊ (ဘ)ဇော်လာအာမတ်၊ မာမောက်ချော်ဘီ(ခ) ကျော်မြင့်(၅၈)နှစ်၊ (ဘ)ဆုလ်တန်အာမတ်၊ အာလီအာမတ်(ခ) ဘသာ(၆၁)နှစ်၊ (ဘ)အဒူဂေါ်ဖူးလ်၊ ဆီဆု(ခ) လှမြင့်(၂၈)နှစ်၊ (ဘ)ကျော်မြင့်၊ မာမောက်ဟာရှိန်း(၂၅)နှစ်၊ (ဘ)ဟာဘီဟူးဆောင်း၊ ရှောဘီရာမန်(ခ)ကျော်ခင်(၄၀)နှစ်၊ (ဘ) ရော်ရှိတာမောက် တို့ဖြစ်ပြီး ခုနစ်ဦးစလုံးမှာ သက္ကယ်ပြင် ကျေးရွာသားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခုနစ်ဦးအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ(ပ)၉၉/၂၀၁၃ အရ ပြစ်မှုပုဒ်မ ၁၄၈/၃၃၂/၃၉၅/၅၀၆/၃၃၃/၁၁၄ တို့ဖြင့် တရားစွဲဆိုထားပြီး အမှုစစ်အဖြစ် မင်းဂံရဲစခန်းမှ ဒုရဲအုပ်အေးကျော်က ဆောင်ရွက်ကာ တရားလိုမှာ လ၀က ဦးစီးမှူး ဦးရန်အောင်မြင့် ဖြစ်ကြောင်းနှင့် တရားလိုသက်သေ ၁၈ ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။

ထိုသို့ တရားစွဲဆို ခံထားရသူများ အနေဖြင့် ရှေ့နေငှားရမ်းခွင့်ကိုလည်း ရရှိထားကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စွဲဆိုခံရသူဘက်မှ ရှေ့နေဖြစ်သူ ဦးလှမျိုးမြင့်က ''ဒီအမှုမှာ ကျွန်တော်နည်းနည်း စိုးရိမ်စိတ် ဖြစ်နေတယ်။ ဒေါ်စုအမှုတုန်းကတောင် မစိုးရိမ်ခဲ့ဘဲ ဒီအမှုကျတော့ စိုးရိမ်မိတာလည်း ရှိတယ်။ အမှုအသွားအလာအရ ပြောရရင် စွဲချက်ထဲမှာ ပါတာနဲ့ဆို ဥပဒေနဲ့ မညီတာတွေလည်း တွေ့ရတယ်။ ဇွန်လကုန်လောက်မှ ထပ်ပြီး စစ်ဆေးလိမ့်မယ်။ ခရိုင်တရားရုံးမှာ အမှုကို စစ်မှာဖြစ်တယ်။ တရားသူကြီးကတော့ ဒေါ်အေးသိန်းပါ။ ပြစ်မှုကြီး အမှတ်က ၃၆၊ တရားခံပြေးတွေကို စစ်ပြီးမှ မူလအမှုကို စစစ်မယ်။ အခုက ရဲစွဲချက်သာ ရှိသေးတယ် တရားရုံးစွဲချက်က မထွက်သေးဘူး။ တရားရုံး စွဲချက်ကျမှ တစ်ယောက်ချင်းစီကို စွဲတဲ့ စွဲချက်တွေ ထွက်လာမှာပါ။ သူတို့တွေ ကျန်းမာရေးကောင်းတာတော့ တွေ့ရတယ်'' ဟု ဆိုသည်။

မူလတရားစွဲဆိုခံရသူ ငါးဦးအတွက်သာ ရှေ့နေလိုက်ပေးရန် လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် ခုနစ်ယောက်အတွက် လိုက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား စာရင်းကောက်ခြင်းအား ရပ်နားထားရပြီး ဆက်လက်စစ်ဆေးမည့် အချိန်ကို မသိသေးကြောင်းလည်း ပြည်နယ် အစိုးရအဖွဲမှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်မကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ တိမ်းရှောင် နေသူများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့် စပ်လျဉ်းပြီး စ .ရ .ဖ မှ ခေါ်ယူစစ်ဆေး မေးမြန်းခံရသူ ပြန်လည် လွတ်မြောက်

ဧပြီ ၂၃ ရက်ညက ဖြစ်ပွားခဲ့သော ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့် စပ်လျဉ်း၍ သံသယရှိသူဟု ယူဆကာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ စ.ရ.ဖ မှ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း ခံရပြီး မိသားစုနှင့် တစ်ပတ်နီးပါးကြာအောင် အဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေသူ ပြည်မြို့၊ ရွှေလက်လှ ရပ်နေ ကိုတင်မိုးဇော်မှာ မေ ၂၂ ရက်ည၌ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ပြည်မြို့ န၀ဒေးတံတားအနီးတွင် ဖွင့်လှစ်ထားသည့် Southern Star စားသောက်ဆိုင်မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုတင်မိုးဇော်မှာ ပြီးခဲ့သည့် မေ ၅ ရက်၌ ဆွေမျိုးများရှိရာ ကျောက်ပန်းတောင်းမြို့အနီး ကံလွန်တောင်ရွာသို့ အလည်ခရီး ရောက်ရှိနေစဉ် မေ ၁၆ ရက်၌ ကျောက်ပန်းတောင်း သတင်းတပ်ဖွဲ့ S.B မှ တာဝန်ရှိသူနှစ်ဦး ရောက်ရှိလာပြီး မေးမြန်းစရာရှိ၍ဟုဆိုကာ လာရောက်ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်မှစ၍ ၎င်းမှာ မိသားစုနှင့် အဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေရာ မေ ၂၂ ရက် ညပိုင်းတွင် ပြည်မြို့၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ စ.ရ.ဖ မှနေ၍ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

''မေ ၄ ရက်က ကျောက်ပန်းတောင်းက အမျိုးတွေရှိရာကို သွားခဲ့တာ၊ ၅ ရက်မှာ ရွာရောက်တယ်။ မေ ၁၆ ရက် နေ့လယ် ၁၂ နာ ရီလောက်မှာ ကျောက်ပန်းတောင်း သတင်းတပ်ဖွဲ့ကပါဆိုပြီး လူနှစ်ယောက်က ကျွန်တော့်ကို စစ်မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတယ်။ အဲဒီနောက် S.B ရုံးမှာပဲမေးမြန်းပြီး အဲဒီရုံးမှာပဲ ညအိပ်ခဲ့ရတယ်။ ၁၇ ရက် နံနက်မှာတော့ ပြည် စ.ရ.ဖ ရုံးကိုခေါ်လာကာ ညနေ ၃ နာရီလောက် ရောက်တယ်။ အဲဒီကတည်းက တောင်ပေါ်က စ.ရ.ဖ ရုံးမှာနေရပြီး စစ်မေးပါတယ်။ ကောင်းကောင်းမွန်မွန် ထားပါတယ်။ ဆရာဝန်နှစ်ဦး ထားပေးပြီး ကျန်းမာရေး စစ်ဆေးပေးတယ်။ အိမ်နဲ့ အဆက်အသွယ် မလုပ်ရတာ တစ်ခုပဲ။ ဒီကြားထဲ ရပ်ကွက်ထဲက ကျွန်တော့်သူငယ်ချင်းတွေကို ခေါ်ယူစစ်ဆေးတယ်။ နောက် ၂၂ ရက်ညမှာ ကျွန်တော့်ကို ပြန်လွှတ်ပေးခဲ့တယ်'' ဟု ကိုတင်မိုးဇော်က ၎င်းအား ဖမ်းဆီးစစ်ဆေး မေးမြန်းခံရခြင်းနှင့် ပတ်သက်၍ ရှင်းပြပြောဆိုခဲ့သည်။

လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည့် ကိုတင်မိုးဇော်မှာ တပ်မြေသို့ ၀င်ရောက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ဖြင့် အမှု ရင်ဆိုင်နေရကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍ ''ကျွန်တော့်ကို ၄၄၇ နဲ့ ဆွဲထားတယ် ဆိုတာကို အစက မသိရဘူး။ ဒီမှာကျန်ခဲ့တဲ့ မိန်းမက ကျွန်တော်ပျောက်နေလို့ဆိုပြီး ပြည်ရဲစခန်းကို သွားစုံစမ်းမှ ဧပြီ ၂၆ ရက်က ခ.လ.ရ ၇၅ တပ်နယ်မြေကို ၀င်ရောက်ကျူးကျော်မှုဆိုပြီး ၄၄၇ နဲ့ ဆွဲထားမှန်း သိရတာ။ ကျွန်တော့်ကို ပြန်လွှတ်ပေးတဲ့၂၂ရက် ညမှာပဲ အရာရှိတစ်ယောက်က ပြည် ၂ စခန်းမှာ ၄၄၇ နဲ့ အမှုဖွင့်ထားတဲ့အကြောင်း ပြောတယ်။ ကျွန်တော့်ကို အဖမ်းပြတယ်။ ပြီးတော့ ခံဝန်နဲ့ ချက်ချင်း ပြန်လွှတ်ပေးလိုက်တယ်။ ၂၃ ရက်ကတော့ ကျွန်တော့်ကို လက်မှတ်လာထိုးခိုင်းတယ်။ ဒီအမှုကို သူတို့ တရားရုံးတင်မယ်။ ထောင်သုံးလ ဖြစ်ချင်ဖြစ်မယ်။ ဒဏ်ငွေနဲ့လည်း ပြီးရင်ပြီးမယ်ဆိုပြီး ပြောတယ်။ တကယ်တော့ အရင်ကတည်းက အဲဒီ ခ.လ.ရ ၇၅ တပ်ကို သွားနေကျပါ။ အဲဒီနေ့ကလည်း ၇၅ တပ်တွင်း ရေပေးဝေရေးက ရေကန်စောင့် ဦးအေးဖေဆီကို သွားခဲ့တာ'' ဟု ကိုတင်မိုးဇော်က ပြောကြားသည်။

ပုသိမ်မြို့တွင် သားအဖနှစ်ဦးက ဈေးဝယ်လာသူ လင်မယားကို ထိုးကြိတ်မှုဖြစ်ပွား

5.25.19

အခင်းဖြစ်ကား၊ အခင်းဖြစ်ပွားရာ နေရာအား လာရောက်ကြည့်ရှုသူများနှင့် တွေ့ရစဉ်

ပုသိမ်မြို့တွင် မေ ၂၃ ရက်နံနက် ၈ နာရီခွဲခန့်က ဈေးဝယ်လာသည့် လင်မယား နှစ်ဦးကို ဆရာဝန်ဖြစ်သူ ဖခင်နှင့် သားဖြစ်သူ တပ်မတော်(လေ) မှ ဗိုလ်ကြီးက မချေမငံဆက်ဆံကာ ထိုးကြိတ်ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အရိုက်ခံခဲ့ရသူ ဦးမျိုးဝေက ''ကားရပ်ထားတာကို လာဖယ်ခိုင်းတာ၊ အိမ်နဲ့လွတ်တယ်။ လမ်းဘေးမှာ ရပ်ထားတာကို လာဖယ်ခိုင်းတာ၊ သူ့အိမ်က ဆိုင်ကယ်နဲ့ ထွက်လာပြီးကို ဖယ်ခိုင်းတာ။ ခင်ဗျားကားနဲ့လာလို့ မလွတ်ရင် ကျွန်တော်ဖယ်ပေးပါ့မယ်။ အခုက အလွတ်ကြီးပါလို့ ကျွန်တော်ကပြောတယ်။ ဒါဆို ကားနဲ့ ထွက်လာရင် ဖယ်ပေးမလားလို့ သူကပြောတယ်။ ဒါနဲ့ သူက အိမ်ထဲ ပြန်ဝင်သွားတယ်။ ပြီးတော့ ခြံတံခါးဖွင့်ပြီး ပြန်ထွက်လာတယ်။ ကျွန်တော့်ကား ထွက်မယ်လို့ ပြောတယ်။ ကားလာရင် ဖယ်ပေးမှာလို့ ပြောနေတုန်း အဲဒီဗိုလ်ကြီးက ကျွန်တော့် ဘယ်ဘက်ပါးကို ပိတ်ရိုက်ပြီး ကားပေါ်ကနေ ဆွဲချတယ်'' ဟု ပြောပါသည်။

ပုသိမ်မြို့အမှတ် (၅) ရပ်ကွက်၊ ဘူတာရုံလမ်း၊ လူစည်ကားရာ ဘူတာဈေးဟု အများခေါ်ဝေါ်ကြသည့် အောင်ဧရာဈေးရှေ့တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးမျိုးဝေနှင့် ဇနီးဒေါ်ခင်သူဇာ၊ မောင်ရှိုင်းထက်အောင်တို့၏ ရာဇာဂျစ် အစိမ်းရောင်ဖြင့် ဒေါက်တာအောင်ငြိမ်း၏ ခြံရှေ့ကားလမ်း နံဘေးတွင် ကားရပ်၍ ဈေးဝယ်ရာမှ ဒေါက်တာအောင်ငြိမ်း၏ သားဖြစ်သူ တပ်မတော် လေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးပြည့်ဖြိုးအောင်နှင့် ယခုလို အချင်းများ ရိုက်နှက်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ဦးမျိုးဝေ၏ဇနီး ဒေါ်ခင်သူဇာကလည်း ''ကျွန်မယောက်ျားကို မရိုက်ဖို့ တားပါတယ်။ အဲဒီမှာ ဒေါက်တာအောင်ငြိမ်းက သံတုတ်ကိုင်ထွက်လာပြီး ကျွန်မကိုရိုက်တယ်။ ကျွန်မက လက်နဲ့ကာလိုက်တော့ လက်ဝါးစောင်းကွဲပြီး ဒဏ်ရာရသွားတယ်။ နောက်သူ့သားဗိုလ်ကြီးက ကျွန်မရင်ဝကို ဆောင့်ကန်တယ်။ ကျွန်မ ယောက်ျားကိုလည်း ကန်တယ်'' ဟု ဆိုသည်။

ထိုသို့ အချင်းဖြစ်ပွားရာသို့ လမ်းသွားလမ်းလာများနှင့် မြို့ခံများ လူတစ်ရာကျော် စုဝေးရောက်ရှိ လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများက လူအုပ်ကြီးကို ရှင်းလင်း ပေးခဲ့ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာအောင်ငြိမ်းနှင့် သားဖြစ်သူ ဗိုလ်ကြီး ပြည့်ဖြိုးအောင်အား ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှ (ပ) ၉၉/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(ညစ်ညမ်းစွာဆဲဆိုမှု)၊ ၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု)၊ ၃၅၄ (ကာယိနြေ္ဒ ပျက်စီးသည်အထိ လက်ရောက်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပုံတောင်ပုံညာ ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ပခုက္ကူနှင့် ပေါက်မြို့နယ်တို့ရှိ သဲချောင်းများတွင် တောင်ကျရေများ စတင်ကျဆင်း


5.25.20

လမ်းကြိတ်စက် တင်ဆောင်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကားကြီးတစ်စီး သီးခြောက် သဲချောင်းကိုဖြတ်သန်းစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပုံတောင် ပုံညာဒေသများတွင် မိုးရွာသွန်းမှုကြောင့် ပခုက္ကူ၊ ပေါက်မြို့နယ် စသည့် မြို့နယ်များရှိ သဲချောင်းများတွင် မေ ၂၀ ရက် ၀န်းကျင်မှ စတင်ပြီး တောင်ကျချောင်းရေများ စတင်ကျဆင်းနေပြီ ဖြစ်ကြောင်း အဆိုပါ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းဒေသများရှိ သဲချောင်းများတွင် နှစ်စဉ် မေလကုန်ဝန်းကျင်မှ စတင်ပြီး ယခုကဲ့သို့ တောင်ကျရေများ ကျဆင်းတတ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် မေလ ၁၉ ရက်နေ့မှ စတင်ကျဆင်းခြင်း ဖြစ်ကြောင်း ပေါက်မြို့နယ် ရှခွကြီးကျေးရွာမှ ဦးခင်အောင်လေးက ပြောကြားသည်။

''ဦးတို့ဆီမှာ မိုးမရွာလဲ အထက်ဘက်မှာရှိတဲ့ ပုံတောင်ပုံညာက တောင်တွေပေါ်မှာ မိုးရွာရင် ဦးတို့ဆီက သဲချောင်းတွေဆီ ချောင်းရေကျတာပဲ၊ နှစ်စဉ်မေလနှောင်းပိုင်းတွေ လောက်ဆိုရင် ဒီလိုတောင်ကျရေတွေ ကျတာပဲ၊ ချောင်းတွေက ချောင်းခြောက်တွေ များပါတယ်။ အပေါ်ပိုင်းမှာ မိုးများရင် များသလို ချောင်းရေကျချိန် ကြာတတ်တယ်၊ ပုံမှန်ကတော့ နှစ်နာရီ ၀န်းကျင်လောက်တော့ ကြာတာပေါ့'' ဟု ဦးခင်အောင်လေးက ဆိုသည်။

ပခုက္ကူနှင့် ပေါက်မြို့နယ်အကြား ဆက်သွယ်ထားသည့် မော်တော်ကားလမ်းသည် ပေ ၂၀ မှ ပေ ၂၀၀၀ ကျော်အကြား ကျယ်ဝန်းသော သဲချောင်းစုစုပေါင်း သုံးဆယ်ဝန်းကျင်ကို ဖြတ်သန်းရပြီး ထိုသို့ သဲချောင်းများအတွင်း တောင်ကျရေများ ကျဆင်းပါက သွားရေးလာရေး ခက်ခဲကြောင်း သိရသည်။ ပုံတောင်ပုံညာ ဒေသတွင် မိုးရွာသွန်းမှုများပြားလျှင် ချောင်းများသာမက အဆိုပါဒေသများရှိ ကျေးရွာများတွင်ပါ ရေလွှမ်းမိုးမှုများ ရှိခဲ့ကြောင်းနှင့် ထိုနှစ်များတွင် လူသေဆုံးမှုများပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ဒီဒေသက လူတွေကတော့ သဲချောင်းတွေရဲ့ အထာကို သိနေတော့ သွားရေးလာရေး သိပ်မခက်ဘူး။ တစ်ခါမှ မရောက်ဖူးတဲ့ လူတွေကျတော့ ချောင်းရေကျရင် ဖြတ်ဖို့အဆင်မပြေဘူး။ ကျွန်တော်တို့အနေနဲ့ သဲချောင်းရေ ကျပြီဆိုရင် ကားတွေကို ကူညီပြီး လမ်းပြပေးပါတယ်။ စေတနာရှိလို့ ပိုက်ဆံပေးရင် ယူပါတယ်။ တကယ်လို့ ကားတွေ သဲနစ်တယ်ဆိုရင်လဲ လူအင်အားသုံးပြီး ဆွဲထုတ်ပေးပါတယ်။အဲဒီအခါကျရင်တော့ ကျသင့်တဲ့ အခကြေးငွေ ယူပါတယ်'' ဟု ကမ်းပါးဖြူချောင်းတွင် မော်တော်ယာဉ်များကို လမ်းပြပေးနေသည့် ကိုဇော်ဦးက ဆိုသည်။

ပခုက္ကူနှင့် ပေါက်မြို့နယ်ကြားရှိ ကျောချောင်း၊ သီးခြောက်ချောင်း၊ ရေပြာချောင်း၊ မုံဘို့ချောင်း၊ ဆင်ပေါက်လှချောင်း၊ ရှခွလေးချောင်းစသည့် သဲချောင်း ၃၃ ချောင်းရှိကြောင်း သိရသည်။

ပုံမှန်သဲချောင်းများသည် နွေကာလတွင် ရေပြတ်လပ်သော်လည်း ကျောချောင်း၏ အချို့နေရာများတွင် တပေါင်းလမှလွဲ၍ ရေပုံမှန် စီးဆင်းလျက်ရှိကြောင်းနှင့် အချို့နှစ်များတွင် တစ်နှစ်ပတ်လုံး ရေစီးဆင်းသည့် ကာလများလည်း ရှိကြောင်း သိရသည်။ ထိုသို့ တောင်ကျရေများ ကျဆင်းချိန်တွင် ပုံမှန်မိုးရေချိန် ရွာသွန်းပါက နှစ်နာရီဝန်းကျင်ခန့်သာ စောင့်ဆိုင်းရသော်လည်း မိုးဆက်တိုက် ရွာသွန်းမှုရှိပါက တစ်ရက်မှ သုံးရက်ခန့်အထိ စောင့်ဆိုင်းဖြတ်သန်း ရသည်များလည်း ရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်းပွဲနှင့် လှေပြိုင်ပွဲ ကျင်းပ


5.25.21

ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်တွင် လှေပြိုင်ပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- အောင်သူ)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာရှိ ရွှေဘုံသာမြတ်စွာဘုရား ကဆုန်ညောင်ရေသွန်း ပွဲတော်တွင် လှေပြိုင်ပွဲများပါ ထည့်သွင်း ကျင်းပခဲ့သည်။

အဆိုပါ လှေပြိုင်ပွဲကို နှစ်စဉ်ထည့်သွင်း ကျင်းပလေ့ရှိပြီး ကဆုန်လဆန်း ၁၃ ရက်နှင့် ၁၄ ရက်များမှ စတင်၍ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်ရာ ပုသိမ်ကြီး မြို့နယ် အနီးဝန်းကျင်ရှိ နွယ်နီ၊ ကံသာ၊ ငြိမ်းချမ်းသာစံ၊ နတ်စိမ်း စသည့်ကျေးရွာများ အပါအ၀င် ဆင်ရွာကြီးကျေးရွာရှိ အောင်မင်္ဂလာ၊ စည်ပင်သာ၊ မဟာဝန်ဆင်မှူး၊ ရွှေရတနာ ရပ်ကွက်များမှ လှေအသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

''ရေကြောင်း အတတ်ပညာ စွမ်းရည်မြင့်မားအောင်ဆိုပြီး အခုလို လှေပြိုင်ပွဲ ထည့်သွင်း ကျင်းပတာပါ။ စိတ်ဓာတ်တက်ကြွပြီး ဇာတိစိတ်၊ ဇာတိမာန် ရှင်သန်စေဖို့ ဟိုးအရင်ကတည်းက ပြုလုပ်ခဲ့ပေမယ့် အခုနောက်ပိုင်း ပျော်ပွဲရွှင်ပွဲ သဘောမျိုးလောက်ပဲ ထည့်သွင်းကျင်းပ လာကြတယ်'' ဟု ဆင်ရွာကြီးကျေးရွာရှိ အသက် ၈၉ နှစ်အရွယ်ဦး လူမော်က ပြောကြားသည်။

နှစ်သက်တမ်း ၇၀၀ ကျော်ရှိ ပခန်းကြီးမြို့ရိုး အစိတ်အပိုင်း ပြိုကျပျက်စီးမှု ယခင်ထက် ပိုမိုများလာ

5.25.22

ပခုက္ကူခရိုင်၊ ပခန်းကြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများထဲတွင် ထုထည်အကြီးမားဆုံးနှင့် နှစ်သက်တမ်း ၇၀၀ ကျော်ရှိပြီဖြစ်သော ပခန်းကြီးမြို့ရိုး၏ အစိတ်အပိုင်းများ ပြိုကျပျက်စီးမှုမှာ ယခင်ထက် ပိုမိုများပြားလာကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပခန်းကြီးမြို့ရိုးအား မြန်မာသက္ကရာဇ် ၆၆၇ ခုနှစ်တွင် ပခန်းမင်း တစ်စည်းရှင်သီဟသူမှ စတင်တည်ဆောက်ခဲ့ပြီးနောက် မြန်မာသက္ကရဇ် ၁၁၀၀ ပြည့်နှစ်တွင် မဟာဓမ္မရာဇာဓိပ္ပတိ (ဟံသာဝတီရောက်မင်း)မှ ထပ်ဆင့်တည်ဆောက်ခဲ့သော မြို့ရိုးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရှေးဟောင်းမြို့ရိုးများထဲတွင် အကောင်းအတိုင်း အများဆုံး ကျန်ရှိနေသေးသော ရှေးဟောင်း မြို့ရိုးတစ်ခုဖြစ်ကြောင်း သိရသည်။


ပခန်းကြီးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းတွင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်နှောင်း လက်ရာများ တည်ရှိသော ရှေးဟောင်း အဆောက်အအုံ ၃၈၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ မူလနံရံဆေးရေးရှိ အဆောက်အအုံပေါင်း ၃၀ ကျော် ကျန်ရှိနေသေးပြီး...

''ပခန်းကြီးမြို့ရိုးရဲ့ နှစ်သက်တမ်းဟာ ၇၀၀ ကျော် ရှိနေပေမယ့် အပျက်အစီးလည်း အတော်နည်းသေးတယ်။ မြောက်ဘက်နဲ့ အနောက်ဘက် မြို့ရိုးတွေဆိုရင် တော်တော်များများ အကောင်းတိုင်း ကျန်နေသေးတယ်။ မူလတည်ဆောက်စဉ်တုန်းက အုတ်စီအုတ်နင်းတွေလည်း ခုထိမြင်နေရတုန်းပဲ။ အရှေ့ဘက်နဲ့ တောင်ဘက်ကတော့ အတော်လေး အပျက်စီး များနေပြီ။ ပြန်ပြီးထိန်းသိမ်းတာတွေ လုပ်သင့်တယ်။ ထိန်းသိမ်းဖို့အတွက် ပညာရှင်တွေလည်း လိုအပ်သလို ငွေကြေးပိုင်းမှာလည်း အများကြီး လိုပါတယ်'' ဟု ပခန်းကြီး ရှေးဟောင်း သုတေသနဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ပခန်းကိုလာတဲ့ နိုင်ငံခြားခရီးသွားတွေက မြို့ရိုးကို သိပ်မ၀င်စားကြတော့ဘူး။ မြို့ရိုးမြင်ကွင်းတွေကလည်း ဆူးပင်တွေနဲ့ အတော်လေးကို ကွယ်သွားပြီ။ ပခန်းကြီး ကျောင်းတော်ကိုပဲ လေ့လာကြတာများတယ်။ ပခန်းမှာ တခြားထိန်းသိမ်းစရာ အဆောက်အအုံတွေလည်း အများကြီး ရှိနေသေးတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပခန်းကြီးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းတွင် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်နှောင်း လက်ရာများ တည်ရှိသော ရှေးဟောင်း အဆောက်အအုံ ၃၈၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ မူလနံရံဆေးရေးရှိ အဆောက်အအုံပေါင်း ၃၀ ကျော် ကျန်ရှိနေသေးပြီး အဆိုပါ နယ်မြေ ဒေသတွင်းတွင် နိုင်ငံခြားခရီးသွား အများစု လာရောက်ရာ နှစ်သက်တမ်း ၁၄၈ နှစ်ရှိ ပခန်းကြီး သစ်သားကျောင်းတော်ရာလည်း တည်ရှိကြောင်း သိရသည်။

ကျောက်တံတားနှင့် ဗိုလ်တထောင်မြို့နယ်တို့ အတွင်းရှိ အဆောက်အအုံများကို ဖြိုဖျက်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်

5.25.4

ကျောက်တံတားမြို့နယ်အတွင်း ပြင်ဆင်မှုပြုလုပ်နေသည့် ရှေးဟောင်း အဆောက်အအုံ တစ်လုံးအား မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)

ရန်ကုန်မြို့ရှိ ရှေးဟောင်း အထိမ်းအမှတ် အဆာက်အအုံများ အများဆုံး တည်ရှိရာဇုန်အဖြစ် သတ်မှတ်ထားသည့် ကျောက်တံတားနှင့် ဗိုလ်တထောင်မြို့နယ်တို့ အတွင်းရှိ အဆောက်အအုံများအား ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ သိရသည်။

အဆိုပါမြို့နယ်များ အတွင်းရှိ အဆောက်အအုံများမှာ ရှေးဟောင်းအဆောက်အအုံ အများစု ဖြစ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် အသစ်ပြန်လည် ဆောက်လုပ်ခြင်းကို ကန့်သတ်လိုက်သည့် သဘောဖြစ်ပြီး အသစ်ဆောက်လုပ်ခြင်းထက် အကြီးစား ပြင်ဆင်မှုကိုသာ ဦးစားပေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သို့သော် အန္တရာယ်ရှိ၍ မဖြစ်မနေ ဖြိုဖျက်ဆောက်ရမည့် အဆောက်အအုံများ ရှိလာပါကမူ ပြန်လည် ညှိနှိုင်းကာ စဉ်းစားဆုံးဖြတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲသို့ အဖြစ်မနေ ဖြိုဖျက်၍ ပြန်လည်ဆောက်လုပ်ရန် တင်ပြမှုများ ရှိလာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့ YHT (Yangon Heritage Trust) တို့ ပြန်လည်ညှိနှိုင်းခြင်း ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် လေးလခန့်က ကျောက်တံတားမြို့နယ်၊ ပန်းဆိုတန်း လမ်းမပေါ်ရှိ ရှေးဟောင်းလူနေ အဆောက်အအုံ တစ်ခုမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် လျောက်ထားကာ အသစ်ပြန်လည် ဖြိုဖျက်၍ ဆောက်လုပ်မည့်အပေါ် ဆောက်လုပ်မည့် ကန်ထရိုက်တာမှ ၎င်းတို့ ပုံစံဖြင့် တည်ဆောက်မည့် ကိစ္စအပေါ် ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့ YHT က ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် YHT နှင့် ကန်ထရိုက်တို့၏ ပြန်လည်ညှိနှိုင်းမှုအရ အဆောက်အအုံ၏ ရှေ့မျက်နှာစာ လုံးဝဖြိုဖျက်ခြင်း မပြုဘဲ ချန်လှန်ထားကာ အဆောက်အအုံ အတွင်းပိုင်း ဒီဇိုင်းကိုလည်း မြန်မာနိုင်ငံ ဗိသုကာအသင်းမှ ရေးဆွဲပေးသည့် ရှေးဟောင်း ဒီဇိုင်းအတိုင်းပင် ဆောက်လုပ်ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

စက်မှုဇုန်အချို့ရှိ မြေနှင့်ရေများတွင် အန္တရာယ်ပြုနိုင်သည့် သတ္တု ဒြပ်စင်များ၏ ပါဝင်မှုပမာဏမှာ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေ


5.25.5

စွန့်ပစ်ရေများ စွန့်ပစ်နေသည့် လှိုင်မြစ်အတွင်း ငါးဖမ်းသူများ (ဓာတ်ပုံ -ကျော်ထင်)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်အချို့မှ မြေနှင့်ရေများတွင် အန္တရာယ်ပြုနိုင်သည့် သတ္တုဒြပ်စင်များ၏ ပါဝင်မှု ပမာဏကို တိုင်းတာစစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ Fe (သံဓာတ်)၊ Zn (ဇင့်ဓာတ်)၊ Mn (မဂ္ဂနိ)နှင့် Cu(ကော့ပါး)များမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုပါဝင်နေကြောင်း ကျန်းမာရေး သုတေသန စာတမ်းအရ သိရပါသည်။

အဆိုပါစာတမ်းကို ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၊ ရူပဗေဒဌာန (ရန်ကုန်တက္ကသိုလ်)နှင့် တက္ကသိုလ်များ သိပ္ပံသုတေသနဌာန (ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ''သတ်မှတ်နယ်မြေများရှိ မြေကြီးနှင့် ရေတို့တွင်ပါဝင်သည့် ဒြပ်စင်ပမာဏကို လေ့လာခြင်းသုတေသန'' အမည်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတမ်းပြုစုရန်အတွက် တောင်ဒဂုံ စက်မှုဇုန်မှ မြေကြီးနမူနာ ၂၇ ခု၊ ရေနမူနာ ခြောက်ခု၊ လှိုင်သာယာ စက်မှုဇုန်မှ မြေကြီးနမူနာ ၁၄ ခု၊ ရေနမူနာကိုးခုနှင့် စက်မှုဇုန် မဟုတ်သည့်နေရာ (သင်္ဃန်းကျွန်း)မြို့နယ်မှ မြေကြီးနမူနာ ၁၀ ခု၊ ရေနမူနာ ၁၀ ခုတို့ကို စုဆောင်းခဲ့ပြီး နမူနာအားလုံးကို လျို့ဝှက်အမှတ်အသားများ သတ်မှတ်ကာ တိုင်းတာရန် စံချိန်သတ်မှတ်ချက်အတိုင်း ပြင်ဆင်ပြီး EDXRF နည်းပညာ အသုံးပြု၍ တိုင်းတာခဲ့ခြင်းဖြစ်သည်။


လှိုင်သာယာစက်မှုဇုန်နှင့် တောင်ဒဂုံ စက်မှုဇုန်မှ စွန့်ပစ်ရေများကို လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းများ အတွင်းသို့ စွန့်ပစ်ခြင်းဖြစ်ပြီး ယင်းမြစ်ချောင်းများအနီးရှိ ကျေးရွာများမှ ပြည်သူများသည် နွေရာသီတွင် မြစ်လယ်မှ ရေများကို သုံးရေအဖြစ်သာမက သောက်သုံးရေအဖြစ် မကျိုချက်ဘဲ အသုံးပြုလေ့ရှိ...


 

တောင်ဒဂုံစက်မှုဇုန်ရှိ ရေများတွင် Fe (၂၂၈.၈၁±၁၄၂.၀၇) ppm၊ Cu (၂၄.၂၉ ± ၁.၅၇) ppm၊ Cu(၂၆.၅၇ ± ၁.၃၅) ppm နှင့် လှိုင်သာယာ စက်မှုဇုန်ရှိ ရေများတွင် Fe(၂၁၉.၀၈±၉.၉၇)ppm။ ။ Cu (၂၆.၃၉ ± ၁.၄၁) ppm။ ။Zn (၂၁.၈၇ ± ၀.၅၄) ppm။ Mn (၂၄.၅၅ ± ၁.၆၈)ppm ပါဝင်နေပြီး ၎င်းတို့ပါဝင်မှုသည် ခွင့်ပြုပမာဏထက် ကျော်လွန်နေခြင်း ဖြစ်သည်။ ယင်းဒြပ်စင်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခွင့်ပြုပမာဏ PrSmFe(၁ppm)၊ Mn(၀.၅ ppm) Cu(၁.၅ ppm)၊ Zn (၁၅ ppm)တို့ သတ်မှတ်ထားသည်။

လှိုင်သာယာစက်မှုဇုန်နှင့် တောင်ဒဂုံ စက်မှုဇုန်မှ စွန့်ပစ်ရေများကို လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းများ အတွင်းသို့ စွန့်ပစ်ခြင်းဖြစ်ပြီး ယင်းမြစ်ချောင်းများအနီးရှိ ကျေးရွာများမှ ပြည်သူများသည် နွေရာသီတွင် မြစ်လယ်မှ ရေများကို သုံးရေအဖြစ်သာမက သောက်သုံးရေအဖြစ် မကျိုချက်ဘဲ အသုံးပြုလေ့ရှိကြောင်း၊ အဆိုပါ ရေများကို သောက်သုံးမိသူများ အနေဖြင့် အဆစ်အမြစ်နှင့် အသည်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ကြောင်းနှင့် ကလေးငယ်များတွင် ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်)၊ အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်ဘုန်းကျော်က ဆိုသည်။

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ

5.25.3

မေ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက်၌ ၁၅၀၀ တန်ဖုန်းကတ်များ မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။

''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လသာလမ်းက ဆိုင်တချို့မှာတော့ ရောင်းတယ်။ နယ်ကတ်ဆိုရင် ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။

''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။

ကမ္ဘာ့အကြီးဆုံး အာမခံနှင့် လုပ်ငန်းစုံ လုပ်ကိုင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် ACE Group မှ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်

ကမ္ဘာ့အကြီးဆုံး အာမခံနှင့် အိမ်ခြံမြေ အပါအ၀င် ပိုင်ဆိုင်မှု ပစ္စည်းဆိုင်ရာ လုပ်ငန်းစုံ လုပ်ကိုင်သည့် ဆွစ်ဇာလန် အခြေစိုက် ACE Group မှ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ACE Group ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့တွင် ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''ACE ရဲ့ ကမ္ဘာတစ်ဝန်းမှာ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံအရ မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတွေမှာ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် စွဲဆောင်နိုင်တဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်'' ဟု ACE ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Evan Greenberg က ပြောကြားခဲ့သည်။

ACE Group သည် ကမ္ဘာ့အကြီးဆုံး အာမခံလုပ်ငန်းများတွင် တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေကာ သြစတြေးလျ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မကာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများတွင် ရုံးပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများကို ၁၉၆၅ ခုနှစ်နောက်ပိုင်းမှစ၍ အစိုးရကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက် ၂၀၁၂ ခုနှစ် မေလတွင် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျောက်လွှာများ ခေါ်ယူခဲ့ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်းတွင် အာမခံလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်း ၁၂ ခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင်သိမ်းစဉ်က ပုဂ္ဂလိက နိုင်ငံခြား အာမခံကုမ္ပဏီပေါင်း ၇၀ ကျော် ရှိခဲ့ဖူးကြောင်း သိရသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံ အမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီး၊ မော်တော်ယာဉ်၊ ငွေပို့ငွေသယ်၊ ငွေသားလုံခြုံမှုနှင့် သမာဓိအာမခံတို့ ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊ အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု သိရှိရသည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် ၁၀ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခုနစ်ရက်ခန့် နောက်ကျခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်ရမည့် အချိန်တွင်လည်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။

မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊ သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုးရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင် ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် အနောက်တောင် မုတ်သုံလေ ၀င်ရောက်ရန် အခြေအနေ မရှိသေးသည့်အပြင် မိုးဦးမိုး နည်းပါးမည့် သဘောကို တွေ့နေရကြောင်း Myanmar Climate Change Watch မှ ခန့်မှန်းထားသည်။


မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့်...

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်နေသည်။

အဆိုပါ ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ ယခုနှစ်များအတွင်း မိုးနည်းပါးခြင်း၊ မိုးခေါင်ခြင်းတို့သည် တောင်သူများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း အလယ်ပိုင်းဒေသတွင် မိုးနည်းပါးခဲ့သဖြင့် တောင်သူများသည် ပျိုးပင်များ ပျိုးအချိန်မီ မထောင်နိုင်သဖြင့် ပျိုးပုပ်ခြင်း စသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။

အနောက်တောင် မုတ်သုံလေ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံဝင်ရောက်ပြီးသော ကာလဖြစ်သည့် ဇွန်လဆန်းသည် မိုးဦးရာသီဖြစ်ပြီး ယခုနှစ် မိုးဦးရာသီ၏ မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမို၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံ ၀င်ရောက်မှုသည် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့် စိုက်ပျိုးရေး နယ်ပယ်တို့ဖြစ်သည်။

မေ ၂၅ ရက် ခန့်မှန်းအပူချိန်

မြို့အမည်   အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်) 
 မြင်းခြံ  ၃၇
 မန္တလေး 
 ၃၆
 မုံရွာ 
 ၃၆
 ပခုက္ကူ  ၃၅
 ပြည် 
 ၃၅
 နေပြည်တော်  ၃၄
 ပုသိမ် 
 ၃၃
 ရန်ကုန်  ၃၂
 ပဲခူး 
 ၃၂
 မော်လမြိုင် 
 ၃၁
 စစ်တွေ  ၃၁
 တောင်ကြီး 
 ၂၆

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သို့ရောက်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစွာတွေ့ဆုံမည်


5.25.15

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တည်းခိုမည့် ဟိုတယ်သို့ သွားရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးသည် မေ ၂၄ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးအား ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့်ဇနီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင့်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သည် ယနေ့(မေ ၂၅ ရက်)တွင် အာဇာနည်ဗိမာန်၊ ဂျပန်သင်္ချိုင်းနှင့် သီလ၀ါဆိပ်ကမ်းများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်သည် ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီတွင် အာဇာနည်ဗိမာန်သို့ စတင်သွားရောက်မည်ဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်း အနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များအား သွားရောက်ဂုဏ်ပြုမည် ဖြစ်သည်။


တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြား...

ဆက်လက်၍ သန်လျင်မြို့နယ်ရှိ ဂျပန်နိုင်ငံမှ ပေးအပ်သည့် အတိုးနှုန်းနိမ့် နှစ်ရှည်ချေးငွေ (ODA) ဖြင့် တည်ဆောက်နေသော သီလ၀ါ စက်မှုဆိပ်ကမ်းသို့ သွားရောက်လေ့လာမည် ဖြစ်သည်။

ထို့နောက် ဆိပ်ကမ်းမှ အပြန်တွင် ဂျပန်ဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းသို့ ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဂျပန်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း ပထမဆုံး တွေ့ဆုံမှုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတည်းခိုသည့် ဟိုတယ်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ''ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံတာက သာမန်ပါပဲ။ သမိုင်းကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လူမျိုးတွေနဲ့ နားလည်မှု ရှိနေပါတယ်။ ရှင်ဇိုအာဘေးဟာလည်း မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတုန်းကလည်း ပြောခဲ့တာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကူအညီပေးဖို့။ အဲဒါကို အခုတွေ့ရင် ဆက်ပြီး တိုက်တွန်းနိုင်တာပေါ့။ နောက်ပြီး ကျွန်တော်ကြားနေတာက ဂျပန်ဘက်ကနေ ဒေါ်လာသန်းတစ်ထောင်လောက် အကူအညီ ပေးမယ်လို့ ကြားနေရတယ်။ ဒါကို ဘယ်သူကမှ မကန့်ကွက်ရင် ရှောရှောရှူရှူ ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် အကြွေးတွေ ဘာတွေ ကျေသွားမယ် ဆိုရင်လည်း ကောင်းတာပါပဲ။ နောက်ထပ်တစ်ခုက ပြည်သူလူထုလက်ထဲ၊ တိုင်းရင်းသားတွေ လက်ထဲကိုရောက်မယ့် အကူအညီတွေလည်း ပေးမယ်လို့ ပြောတယ်။ အဲဒါကလည်း ကောင်းပါတယ်။ ခေတ်အဆက်ဆက် အကူအညီတွေကို အစိုးရကိုပဲပေးတော့ ပြည်သူတွေလက်ထဲ မရောက်ခဲ့ဘူး။ အခု လို ပြည်သူတွေဆီကို အကူအညီတွေတိုက် ရိုက်ပေးမယ်ဆိုတာကို ကျွန်တော် သဘော ကျပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံကြတာ ကောင်းပါတယ်'' ဟု ပြောကြားသည်။

5.25.18

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂျပန်လွှတ်တော်အတွင်း မေ၂၀ ရက်က တွေ့ရစဉ်

ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သုံးရက်ကြာမြင့်မည် ဖြစ်ကာ ရန်ကုန်မြို့၌ နှစ်ညသာ နေထိုင်မည်ဖြစ်ပြီး မေ ၂၆ ရက်တွင် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားရန် ရှိနေသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေးကို ဂျပန်နိုင်ငံက ကူညီသွားမည့် အကြောင်းတို့ကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေသည်။

ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါလာမည်ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။

ထို့ပြင်ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်များကိုလည်း ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြားထားသည်။

သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။