Saturday, June 1, 2013

လားရှိုးပဋိပက္ခလျော့ပါး - ဒုက္ခသည်တထောင်ခန့်ရှိနေဆဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ၃ ရက်တာ ဖြစ်ပွါးခဲ့သော ဘာသာရေးဆိုင်ရာ ပဋိပက္ခမှာ ယနေ့တွင် လျော့ပါး သွားပြီဖြစ်သော်လည်း မန်ဆူ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည် တထောင်ခန့်ရှိ နေကြောင်း လားရှိုးမြို့သတင်း ရပ်ကွက်က ဆိုပါသည်။

" ဒီနေ့တော့ မြို့ထဲမှာ ဈေးဆိုင်တချို့ပြန်ဖွင့်နေပြီ ။ လမ်းမပေါ်မှာ လူသွားလူလာလဲ နဲနဲကျဲကျဲ တွေ့နေရ တယ်။ ရိုက်မှု နှက်မှုတော့ ထပ်မကြားရသေးဘူး။ အိမ်တိုင်းလိုလိုမှာ ရွှေတိဂုံဘုရားပုံတော်တွေ မဟာမြတ်မုနိ ဘုရားပုံတော် တွေကိုအိမ် ရှေ့မှာ ထင်ထင်ရှားရှား ကပ်ထားတယ်။ သျှမ်းအိမ်တွေဆိုရင်တော့ သျှမ်းအလံ ထူထားတယ်" ဟု လားရှိုးမြို့ခံ စိုင်းဆိုင် က ပြောသည်။

မေလ၂၈၊  ၂၉ နှင့် ၃၀ ရက်နေ့အတွင်းဖြစ်ပွါးခဲ့သော မူစလင်ဘာသာဝင်များနှင့် လူတစုတို့၏ ရိုက်နှက် သတ်ဖြတ် မှု နေအိမ်နှင့် ဗလီများမီးရှို့မှုတို့ကြောင့် အစိုးရက  အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ လားရှိုးမြို့တွင်း ဆိတ်ငြိမ်လျှက်ရှိခဲ့သည်။

ထိုပဋိပက္ခများကြောင့် ဆုံးရှုံးမှုသိန်းပေါင်းထောင်ချီပြီး လူတဦးသေဆုံးမှုရှိကြောင်း၊ အများအပြားဒဏ်ရာ ရှိကြောင်း၊ မူစလင်ဘာသာဝင်(အများစုပါဝင်သော) ဒုက္ခသည် ၁၀၀၀ ခန့် မန်ဆူဘုန်းကြီးကျောင်း တွင်ခို လှုံနေလျက်  ရှိကြောင်း ၊ ၎င်းတို့အား ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမသို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းလည်းထွက်ပေါ်နေကြောင်း မြို့ခံလူငယ် အမျိုးသမီးတဦးက လည်းပြော သည်။

"ဒုက္ခသည်တွေကိုတော့ မြို့ထဲကလူတွေနဲ့ ယူနီဆက်က အစားအသောက်တွေလာပေးတယ်။ လမ်းပေါ်မှာ သွားလာမှုရှိ နေတယ် ဆိုပေမယ့် သတိတော့ထားနေတုန်းဘဲပေါ့နော်။  ဘယ်ချိန်ဘယ်နေရာမှာဘာကိုမီးထပ် ရှို့မလဲ စိုးတထိတ်ထိတ်နဲ့ပေါ့" ဟု အဆိုပါအမျိုး သမီးကပြောသည်။

မေလ ၂၈ ရက်ညက လားရှိုးမြို့၌ ဓါတ်ဆီရောင်းအမျိုးသမီး မအေးအေးဝင်အား ကျိုင်းတုံမှတ်ပုံတင်ကိုင် ဆောင်သည့် ဦးနေဝင်းက ဓါတ်ဆီလောင်းမီးရှို့ရာမှာ လားရှိုးမြို့တွင်း ဗလီနှင့်လူနေအိမ်များမီးရှို့မှုဖြစ်ပွါးခဲ့ သည်။

အဆိုပါ မီးရှို့မှုဖြစ်ပွားအောင်စတင်လုပ်ဆောင်ခဲ့သော တရားခံဦးနေဝင်းသည် ကျိုင်းတုံမြို့၌ လေယာဉ် လက်မှတ်ပွဲစား လုပ်ကိုင်နေသူတဦးဖြစ်ပြီး ၎င်း၏ အထက်စီးဆက်ဆံမှု ရိုင်းပျမှုကြောင့် ကျိုင်းတုံလူထုမှ  အမြင်မကြည်ဖြစ်ကြကြောင်းလည်း ကျိုင်းတုံဒေသခံ အိုက်စိုင်းကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

၎င်းသည်   မန္တလေး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့ တို့တွင် ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုး၌ အမျိုးသမီး အားဓာတ်ဆီ လောင်းမီးရှို့မှုမှသာ ပဋိပက္ခ ပေါ်လာကြောင်း မေလ ၂၉ ရက်နေ့က  မြစ်ကြီးနားတွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း ဒီဗီဘီသတင်းဌာနကလည်း ဖော်ပြထားသည်။

သျှမ်းပြည်နယ်နေ့က အဓမ္မမှုကျူးလွန်သည့် တပ်သား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်  ဖေဖော်ဝါရီလ (သျှမ်းပြည်နယ်နေ့) က သားသည်မိခင်တဦး အား ဓါးပြတိုက် မုဒိန်းကျင့်သည့် အစိုးရတပ်ပြေးအားယနေ့  လူထုတရားရုံး၌ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရကြောင်း ဒေသခံများကပြောသည်။

"အစက သူ့ကို အထူးစစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးမယ်လုပ်သေးတယ်။ ဒါပေမယ့် နောက်တော့ စစ်တပ်က တာဝန် ၀တ္တရား လစ်ဟင်းမှု ၊ မူးယစ်မှုဘဲကိုင်တယ်။ ဆိုတော့ မြို့နယ်တရားရုံးကနေ သူ့ကို မုဒိန်းကျင့်မှု ထောင်ဒဏ် ၆ နှစ်၊ ညအချိန်ပုန်းလျှိုးကျော်နင်းမှု ထောင်ဒဏ် ၂ နှစ် နဲ့ စစ်တပ်ကပေးတာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း သူ့ကို ထောင်ဒဏ် ၉ နှစ်ချမှတ် ပေးတယ်" ကျေးသီးမြို့ခံ ပါ့အေးနန်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ဖေဖော်ဝါရီ ၇ ရက် ညသန်းခေါင်အချိန်က ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုံးရွာသူ တဦးအား ခလရ ၁၃၁ မှတပ်သား မောင်ဦး က ဓါးပြတိုက်အဓမ္မ ပြုကျင့်ခဲ့သည်။ ထိုသို့မပြုကျင့်မီကလည်း နောင်ယုံးရွာထဲရှိ  အိမ်နှစ်လုံးကို ခိုးဝင်ခဲ့သေးကြောင်း၊ ကျေးရွာအတွင်း ရေအားလျှပ်စစ်မီးကြိုးအားလည်းခုတ်ဖြတ်ခဲ့သေး ကြောင်း သိရသည်။

အဆိုပါတပ်သားမောင်ဦးသည်  ၂၀၁၁ က တကြိမ် ၂၀၀၇ ကတကြိမ် သျှမ်းပြည်အလယ်ပိုင်း ဒေသခံအမျိုး သမီးများအား မုဒိန်းကျင့်ခဲ့ဖူးသည်ဟုလည်း ကျေးသီးမြို့ခံများက ပြောပြသည်။

"အဲဒီအချိန်တွေတုန်းက  စစ်အုပ်ချုပ်ရေးစနစ်ဆိုတော့  လျော်ကြေးလဲမရ၊ ပြစ်ဒဏ်လဲမစီရင်ဘဲ အဲလိုဘဲပြီး သွားတယ်။ အခုတော့ ကျနော်တို့ မြို့နေလူထုတွေ ရပ်မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့အင်အားနဲ့ အလကားဖြစ်မသွားအောင် ဝိုင်းကူပြီးတွန်းအားပေးကြတယ်။ ဆိုတော့အမှုကိုစီရင်နိုင်ခဲ့တယ်" ဟု ဒေသခံ စိုင်းခမ်းကလည်း သျှမ်းသံတော်ဆင့်အား ပြောပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် အခန်းကဏ္ဍ ၊ အခန်း ၈ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် - တပ်မတော် သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ ဥပဒေနှင့် အညီစီရင်နိုင်သည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပါသည်။

စစ်ပြေး ဒုက္ခသည်များကို ကူညီခွင့်ပြုရန် အမေရိကန် တောင်းဆို

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးသည် ကချင်  လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် အစိုးရတို့ တွေ့ဆုံဆွေး နွေးမှုရလာဒ်ကို ထောက်ခံသော်လည်း စစ်ပြေး ဒုက္ခသည် အရပ်သားများ၏ ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးကို များစွာ စိုးရိမ်ရကြောင်း ယနေ့ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

၎င်းတို့သည် ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခ ဖြစ်ပွားသော ဒေသများရှိ  ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး သူများနှင့် အကူအညီ လိုအပ်သော အခြား အရပ်သားများအား အကူအညီ ပေးခွင့် ပြုရန် တောင်းဆို ခဲ့ပါသည်။

ကြေညာချက်နှင့် အတူ KIO နှင့် အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ် များသည်လည်း ယနေ့ နံက်ပိုင်းတွင် မြစ်ကြီးနားနှင့် ၀ိုင်းမော် မြို့နယ်ထဲ၌ ရှိသော ကချင် စစ်ပြေး ပြည်သူ များအား သွားရောက် ကြည့်ရှု အားပေး ခဲ့ကြောင်း ခရစ်ယာန် အသင်းအုပ် ဆရာတော် တစ်ပါး ဖြစ်သူ ဆရာတူးဂျာက ဆိုပါသည်။

 " KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပေါ့လေ သူတို့ အဖွဲ့(၄) ဖွဲ့ခွဲပြီး ဒီနေ့မနက်ပိုင်းမှာ ကချင် စစ်ပြေး ဒုက္ခသည် စခန်း တွေကို လိုက်လံကြည့်ရှု အားပေးခဲ့တယ်။ UN မှ ဗီဂျေနမ်ဗီးယာလည်း ပါတယ်။ သူတို့ ရည်ရွက်ချက် ကတော့ ဒီဒုက္ခသည်တွေ အရေး စဉ်းစားတဲ့ အခါမှာ အထောက်အကူ ဖြစ်စေဖို့ပါ။" ဟုဆိုပါသည်။

KIO နှင့်အစိုးရ ကိုယ်စားလှယ်များ၏ သဘော တူညီချက်များထဲတွင် ကချင် စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာချ ထားရေးလည်း ပါဝင်သည်။ သို့သော်နိုင်ငံရေး ကိစ္စနှင့် စစ်ရေး ကိစ္စများကြောင့် ဒုက္ခသည် အရေးဖက်၌ ဖြေရှင်း ပေးနိုင်ဦးမည် မဟုတ်သလို အကူအညီ များလည်း ပေးနိုင်လိမ့်မည် မဟုတ်သေးချေ။

 ဤသို့သော အခြေအနေ မျိုးတွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဒုက္ခသည် အတွက် ၀င်ရောက် ကူညီခွင့် ပြုရန် တောင်းဆို လိုက်ခြင်း ဖြစ်ဖွယ် ရှိနေသည်ဟု အကဲခတ်များက ဆိုပါသည်။

 လက်ရှိ၌ ကချင်ပြည်နယ်တွင် စစ်ပြေး ဒုက္ခသည် ၁ သိန်းခန့် ရှိနေပြီး စခန်းပေါင်း ၁၄၀ ခန့် ရှိနေပါသည်။ ဤအထဲ၌ အစိုးရ ထိန်းချုပ် နယ်မြေထဲတွင် စခန်းပေါင်း (၁၀၀) ခန့်ရှိပြီး KIO ထိန်းချုပ် နယ်မြေတွင် စခန်းပေါင်း (၄၀) ခန့် ရှိသည် ဟု စခန်း တာဝန်ခံများက ဆိုပါသည်။

 ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော အဖွဲ့သည် UN ကိုယ်စားလှယ် ဗီဂျေနန်ဗီးယာနှင့် အတူ ဝိုင်းမော်မြို့နယ်ရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့ပါသည်။ ဗိုလ်ချုပ် ဂွမ်မော်သည် အစိုးရနှင့် ဆွေးနွေးမှု ရလာဒ် အခြေအနေများကို ဒုက္ခသည်များအား တင်ပြခဲ့ပါသည်။

 "နှစ်ဖက် ခေါင်းဆောင်တွေထံ ကနေ တစ်စုံတရာ အကူအညီတွေ ရရှိလိမ့်မယ်လို့မျှော်လင့်မထားပါဘူး။ ၂ နှစ်ခန့်ရှိပါပြီ။ ဘယ် NGO အကူအညီမှ မရဘဲ ကြပ်ကြပ် တည်းတည်းနဲ့ နေလာခဲ့ပြီးပြီးလေ။ ကျနော်တို့ကို အခုလို လာရောက် ကြည့်ရှု အားပေးပြီး အသိအမှတ်ပြုတဲ့ အတွက် ကျေနပ်တယ်။" ဟု ဒုက္ခသည် တစ်ဦးက ဆိုပါသည်။

ဤစစ်ပြေး ဒုက္ခသည်များသည် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော ဒေသမှ လာကြသူများဖြစ်သည်။ ကျေးရွာများ မီးရှို့ခံရခြင်း၊ စီးပွားရေး ဖျက်ဆီးခံရပြီး၊ လူမှုရေးနှင့် ရပ်တည်ရာမဲ့ သွားသူများ ဖြစ်နေကြပါသည်။

 "ဝိုင်းမော် တဝိုက်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကတော့ နမ်ဆန်ယန်၊ ဆွမ်းပရာဘွန်တို့လို တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားတဲ့ နေရာကလာတဲ့ သူတွေပါ။ နေရပ်ပြန်ဖို့ဆိုတာက အိမ်လည်း မရှိ ခြံတွေယာတွေ ဘာမှ မရှိတော့ဘူး။ တိုက်ပွဲကြောင့် ပျက်စီးကုန်ပြီးလေး။ အခုထိ ပြန်ခွင့် မရသေးသလို အခုပြန်သွားရင်လည်း ရပ်တည်ဖို့ မလွယ်သေးဘူးလေ" ဟုဆိုပါသည်။

စစ်ပြေး ဒုက္ခသည် (၅) မျိုး ရှိပါသည်။ NGO အဖွဲ့မှ တာဝန်ယူ ဖွင့်လှစ်ပေးထားသည့် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည်များ၊မြို့ပေါ်ရှိ ဘာသာရေး အသင်းများ ခေါင်းဆောင်ပြီး ဖွင့်လှစ်ပေးထားသည့် စခန်းအတွင်း နေထိုင်သည့် ဒုက္ခ သည်များ၊ တောတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒုက္ခသည်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထိန်း ချုပ်နယ်မြေ အတွင်း နေထိုင်ကြသည့် ဒုက္ခသည်များနှင့် လုံခြုံမှုရှိသော ဆွေမျိုး မိတ်ဆွေထံ သွားရောက် ခိုလှုံနေသည့် ဒုက္ခသည်များ ဖြစ်ပါသည်။

 ဤသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးသည် မြန်မာနိုင်ငံ ပြည်သူများ အကြား ထာဝရ ငြိမ်းချမ်းရေး၊ သာတူ ညီမျှဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပံ့ပိုး ကူညီသွားရန် ဆုံးဖြတ်ထား ကြောင်း၊ ဤသို့ကြောင့် ကချင်ပြည်နယ်တွင်းနှင့် အခြား အကူအညီ လိုအပ်နေသော နေရာများမှ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ များကို ကုလ သမဂ္ဂအပါဝင် ရည်မှန်းချက်တူ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးပြီး စောင့်ကြပ်ကြည့်ရှု သွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။

တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို

တနင်္သာရီတိုင်း၊ ကော့သောင်း ခရိုင် လုံးဖောကြီး ကျေးရွာအနီး၌ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက် ရန် ကြိုးစားသည့် မြန်မာနိုင်ငံသား ၃၈ ဦးအား ယနေ့တွင် ထိုင်းအာဏာပိုင်မှ ဖမ်းဆီးရမိထား ကြောင်း ရနောင်း ရဲစခန်းမှ ထိုင်းရဲတဦးက ပြောသည်။

"ကျနော်တို့ အချုပ်ထဲမှာတော့ အခု ၃၈ ဦး ဖမ်းမိထားပါတယ်။ ခုန နာရီပိုင်းလေးတင်က မြန်မာ အရာရှိ လေးငါး ယောက်လောက် လာပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်သွားခဲ့တယ်" ဟု ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦးက မဇ္ဈိမကို ပြောသည်။

လုံဖောကြီး ကျေးရွာနှင့် ထိုင်းနိုင်ငံသည် ပါချန် မြစ်တခုသာ ခြားပြီး ကားဖြင့် ၁၀ မိနစ် ခရီးသာ ကွာဝေးသည်။ ထိုသို့ ထိုင်းအာဏာပိုင်များဘက်မှ ဖမ်းဆီးရာတွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လုံးဖော ဒေသခံတဦး ဖြစ်သူ ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။

"သေနတ်သံက ကျနော် တယောက်တည်း မဟုတ်ဘူး၊ တရွာလုံး ကြားရတာပေါ့။ ပစ်တာက ၇ ချက်နဲ့ ၈ ချက်လောက် ပစ်တယ်။ တရွာလုံး ကလေး လူကြီး အကုန်ကြားတယ်" ဟု ဆိုသည်။

လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက်တို့ သုံးဦးမှာ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် မေလ ၃၀ ရက်နေ့ ညသန်းခေါင်ကျော် ၂ နာရီခန့်တွင် အဆိုပါ လူများအား လိုက်လံပို့ဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဦးသာထူး ပဲ့ချိတ်မှ လူများအား ဖမ်းမိလိုက်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် တနှစ်ကျော်ခန့်က တကြိမ် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများ စီးနင်းလာ သည့် ကားအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း၌ မိုးပေါ်သို့ ထောင်၍ခြောက် လှန့်ပစ်ခတ်မှုများသာ ရှိကြောင်း ရနောင်းဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ ကော့သောင်း ရဲသတင်းတပ်ဖွဲ့သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ တွင် "သတင်းကိုတော့ ကြားတော့ ကြားတယ်။ အတည်ပြုနိုင်အောင် ကြိုးစား နေတုန်းပဲ" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ထပ်မံ၍ ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ၌လည်း ဒု-ရဲအုပ် မျိုးအောင် က ၎င်းသတင်း အား "မသိရှိရသေးကြောင်း" သာ ပြန်လည် ဖြေကြားခဲ့သည်။

ဖမ်းဆီးခံရသူများသည် လုံဖောကြီး ကျေးရွာမှ ထွက်သွားကြစဉ် ပဲ့ချိတ်လှေ ၃ စီးဖြင့် စုစုပေါင်း ၅၄ ဦး ရှိသည်ဟု ကိုမင်းမင်း က ပြောဆိုကာ ရနောင်း ဒေသခံ ဖြစ်သည့် ဦးကျော် ကမူ ယင်းအုပ်စုတွင် စုစုပေါင်း ၄၂ ယောက် ဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ပျောက်ဆုံး နေသည်ဟု ကွဲလွဲသည့် အချက်များ လည်း ရှိနေသည်။

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် အိမ်ရာစီမံကိန်း ယခုနှစ် အပြီးတည်ဆောက်ပြီး ၀င်ငွေနည်းအိမ်ရာ မရှိသူများကို ဦးစားပေးရောင်းချမည်

5.31.13

ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်အား မေ ၃၀ ရက်က တွေ့ရစဉ်

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုသဖြင့် ယခုနှစ်ဘတ်ဂျက်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောကြားခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ၄၄ လမ်းနှင့် ၄၈ လမ်းအတွင်းရှိ မြရည်နန္ဒာရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်မည် ဖြစ်သည်။ ထိုသို့ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက် ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာများ၊ အဆောက်အအုံ ဒီဇိုင်းများဆိုင်ရာများနှင့် ပတ်သက်၍ ဧပြီ ၂၅ ရက်က မန္တလေးမြို့တော်ခန်းမတွင် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ခွင့်ပြုခဲ့သဖြင့် ယခုနှစ်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

''တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြရည်နန္ဒာရပ်ကွက်မှာပဲ တည်ဆောက်မှာပါ။ အခုလောလောဆယ်တော့ နှစ်ဘလောက်ပဲ စတင်တည်ဆောက်မှာပါ။ အဓိကကတော့ ရောင်းမှားဝယ်မှား ဖြစ်တဲ့သူတွေကို ဦးစားပေးရောင်းချသွားဖို့ စာရင်းပြန်ကောက်နေတယ်။ ကျပ်သိန်းတစ်ရာအောက်ပဲ ရောင်းမှာပါ'' ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က ဆိုသည်။

ယင်းအိမ်ရာများကို မြေဧက ၁၁၇ ဧကပေါ်ရှိ ၅၇ ဧကတွင် ဆောက်လုပ်မည် ဖြစ်ပြီး တစ်ခန်းလျှင် စတုရန်းပေ ၆၀၀ ကျယ်ဝန်းမည် ဖြစ်ကြောင်း၊ ကျန်ဧကများတွင် ဈေး၊ ကျောင်း စသည့်မြို့အင်္ဂါရပ်များကိုပါ ထည့်သွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း စည်ပင်သာယာရေး ၀န်ကြီးဌာန အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောကြားခဲ့သည်။

ရခိုင်ဒုက္ခသည်များအား ယာယီကယ်ဆယ်ရေးစခန်းမှ လုံးချင်းအိမ်များသို့ မကြာမီ ပြောင်းရွှေ့နေရာ ချထားပေးမည်

6.1.3

ပဋိပက္ခကြောင့် စစ်တွေရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် လာရောက်ခိုလှုံနေသော ရခိုင်တိုင်းရင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်များအား ယာယီကယ်ဆယ်ရေး စခန်းမှ လုံးချင်းအိမ်များသို့ မကြာမီ ပြောင်းရွှေ့နေရာ ချထားပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ရခိုင်ဒုက္ခသည်များ အတွက် ယာယီနေထိုင်ရန် လူနေအိမ် ၆၆၉ လုံးကို ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်းတွင် ဆောက်လုပ်လျက်ရှိရာ မကြာခင် ရက်ပိုင်းအတွင်း ပြီးတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ထိုအိမ်များတွင် ရွာကြီးမြောက်၊ မင်းဂံ၊ ဘောလုံးကွင်း၊ ရဲနွယ်စု၊ စက်ရုံစု အစရှိသော ဒုက္ခသည်စခန်း (တဲကြီး) များ၌ နေထိုင်သူများကိုသာ ပြောင်းရွှေ့နေရာ ချသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ပဋိပက္ခ ဖြစ်စဉ်ကာလ အတွင်းက အမှန်တကယ် အိမ်မီးလောင်ကျွမ်းခဲ့သော နေအိမ်များနှင့် ဖျက်ဆီးခံရသော နေအိမ်များကိုသာ ဦးစားပေးပြီး တစ်အိမ်တည်း အိမ်ထောင်ခွဲ၊ အဖီချ နေထိုင်သူနှင့် အိမ်ငှားများကိုမူ အခြေအနေအရ ထည့်သွင်းစဉ်းစား သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


ဇွန်လထဲမှာ ဆောက်လုပ်မှုတွေ ပြီးအောင်လုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူက ပြန်အပ်ရမယ်။ ဒုက္ခသည်အားလုံးကို နေအိမ်ပေါ်ရောက်အောင် တင်ပေးသွားမယ်...


 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''ဇွန်လထဲမှာ ဆောက်လုပ်မှုတွေ ပြီးအောင်လုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူက ပြန်အပ်ရမယ်။ ဒုက္ခသည်အားလုံးကို နေအိမ်ပေါ်ရောက်အောင် တင်ပေးသွားမယ်။ တဲတွေကလည်း ပြီးတော့မယ်၊ အိမ်တွေကလည်း ပြီးတော့မယ်။ အခုလောလောဆယ် ကယ်ဆယ်ရေးစခန်းမှာ နေသူတွေကို နေအိမ်ပေါ် တင်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခသည်များ အတွက် မိသားစုရှစ်စု နေထိုင်နိုင်သော တဲကြီးပေါင်း ၇၉၄ လုံး လျာထားသည့်အနက် ၇၁၅ လုံး ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ကျန်တဲများကိုလည်း အပြီးတည်ဆောက်လျက် ရှိကြောင်း သိရသည်။

မန်တုံမြို့နယ်မှ ရဲဝန်ထမ်းသုံးဦး လုပ်ကြံခံရ

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ်တာဝါတို စောင့် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်သည်။

လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး၏ သတင်းနှင့် လူ့အခွင့်အရေး ဌာန၏ မေ ၃ဝ ထုတ်ပြန်ချက်တွင် ပါရှိသည်။

''အဲဒီရဲသုံးယောက်ကို မန်တုံ ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလားမသိဘူး၊ ဒီနေ့ မနက် မန်တုံ ပြည်သူ့စစ်တွေရော ရဲတွေရောသွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့ သေဆုံးခဲ့တယ်'' ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။

''သူတို့ မိဘတွေက ပြောတာတော့ သူတို့ကိုလမ်းပေါ်မှာစောင့်ပြီး သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်၊ သူတို့ သေနတ်တွေနဲ့ပဲလား အခြား သေနတ် တွေနဲ့လားတော့ မပြောတတ်သေးဘူး'' ဟုလည်း တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မလိုည်းလှားရိုင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသည့် တရား ခံကိုမူ မသိရသေးဘဲ မန်တုံရဲစခန်းမှ စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ ရဲသားတို့၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မန်တုံမြို့နယ် ''မိုးသောက်ကြယ်'' နာရေးကူညီရေးအသင်းက အကူအညီပေးမည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး ဖြစ်သည်။

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းခွင့် မပြုထား

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းနေထိုင်ခွင့် ပြုမထားကြောင်းနှင့် ယင်းသို့ ငှားရမ်းနေထိုင်မှုများကို စိစစ်တွေ့ရှိပါက ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် သတိပေး အရေးယူကာ ပြည်နှင်ဒဏ် ပေးခြင်းနှင့် အိမ်ရှင်ဖြစ်သူအား လ၀က အက်ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်နိုင်ကြောင်း သိရသည်။

လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်ခွင့်ပြုထား သူများအား သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ထောက်ခံချက်အရ နေခွင့်(stay)တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းတည်ရှိရာ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီမှ တာဝန်ခံ ငှားရမ်းပေးသည့် အဆောက်အအုံတို့တွင် တည်းခိုနေထိုင်ခွင့်ပြုထားပြီး အိမ်ငှားရမ်း နေထိုင်ခွင့် မရှိပေ။

မန္တလေးသို့ business visa ဖြင့် လာရောက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ဦးရေမှာ လစဉ် ၅၀၀ ခန့် ရှိသည့်အနက် ၅၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ရေနံပိုက်လိုင်း၊ ပညာရေး၊ ဆောက်လုပ်ရေး စသည့် ကဏ္ဍများတွင် အများဆုံး လုပ်ကိုင်လျက်ရှိရာ ယင်းသို့ ဗီဇာဖြင့် လာရောက်နေထိုင်သော နိုင်ငံခြားသားများ အနေဖြင့် overstay မဖြစ်စေရန်၊ တားမြစ်နေရာများ မသွားစေရန်နှင့် visa စည်းကမ်းများ မဖောက်ဖျက်စေရန် သက်ဆိုင်ရာ ကုမ္ပဏီများကို လစဉ်ခေါ်ယူ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လူမျိုးနှစ်ဦး အိမ်ငှားချင်လို့ဆိုပြီး ကျွန်တော်တို့ရုံးကို ရောက်လာတယ်။ မြန်မာစကားကို ပီပီသသ ပြောနိုင်တယ်။ ဟောင်ကောင်ကလာတဲ့ တရုတ်နိုင်ငံသား စစ်စစ်တွေဆိုတာ သူတို့ကိုင်လာတဲ့ ပတ်စပို့စာအုပ်ကို တွေ့တော့မှ အိမ်ငှားရမ်းနေထိုင်ခွင့် မရှိကြောင်းနဲ့ ဟိုတယ်မှာပဲ တည်းခိုခွင့်ရှိကြောင်း ပြောလိုက်ရတယ်။ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား လူမျိုးတွေနဲ့ ရုပ်ချင်းခွဲမရတာကြောင့် ဗီဇာစည်းကမ်းနဲ့ မညီညွတ်တာမျိုးကို စိစစ်အရေးယူဖို့ ခက်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်ကဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်ရာတွင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ၀င်ရောက်သော နိုင်ငံဖြစ်ကြောင်း သိရပြီး လည်ပတ်လေ့လာခြင်းထက် ရက်ရှည်နေထိုင်ကာ လုပ်ငန်းလုပ်ကိုင်မှု များပြားကြောင်း သိရသည်။

''ကျောက်ဝိုင်းမှာ လာပြီး အရောင်းအ၀ယ်လုပ်တဲ့ တရုတ်ကုန်သည်တွေက အိမ်ငှားပြီး ရက်ရှည်နေထိုင်ကြတယ်။ ဟိုတယ်မှာ လချီဘယ်သူမှ မနေဘူး'' ဟု မန္တလေးမြို့မှ ကျောက်ပုတီး ကုန်သည်တစ်ဦးက ဆိုသည်။

လားရှိုးမြို့ ပုံမှန်အခြေအနေသို့ ပြန်ဖြစ်၊ အခြားပြည်နယ်နှင့် တိုင်းဒေသများတွင် လုံခြုံရေးအင်အား တိုးမြှင့်ထား


6.1.17

မေ ၃၁ ရက် နံနက်ပိုင်းက လားရှိုးမြို့ ကုန်စိမ်းဈေးတန်းတွင် ပုံမှန်အတိုင်း ရောင်းဝယ်နေကြသည့်မြင်ကွင်း

ရှမ်းပြည်နယ် လားရှိုးပဋိပက္ခဖြစ်စဉ်ကို မေ ၂၉ ရက် ည ၈ နာရီမှစတင်၍ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက မေ ၃၁ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်နှင့် ကူးစက်မှု မရှိစေရန် လုံခြုံရေးစီမံချက် ချမှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ရင်းစု ကွပ်ကဲရေးမှူး ရဲမှူးကြီးထွန်းနိုင်က '' မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို နမူနာယူပြီးတော့ မန္တလေးတိုင်း ဒေသကြီးတစ်ခုလုံးမှာ ထပ်မံမဖြစ်ပွားအောင် လုံခြုံရေးကို တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတယ်။ ရဲတပ်ရင်းတွေအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်ပွားလာရင် အကြမ်းဖက်တဲ့လူတွေကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ အမြန်ဆုံးပြေလည်ဖို့ လုံခြုံရေးအင်အားကို အသစ်စုဖွဲ့ထားတယ်။ ဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီး ဆောင်ရွက်နေပါတယ်။ ဒေသခံတွေကို အဓိကပြောချင်တာက ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ချင့်ချိန်စဉ်းစားပြီးတော့ ယုံသင့်တယ်'' ဟု မေ ၃၁ ရက် ညနေပိုင်းက ဆိုသည်။


ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်လူမျိုးစုအဖွဲ့တွေ ညှိနှိုင်းပြီးတော့ ပြဿနာတွေ မဖြစ်ပွားအောင် ဆောင်ရွက်နေတယ်။ အခုနိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေ အကုန်လုံးနီးပါးက သာမန်ဖြစ်စဉ်တွေကနေ အစပြုပြီးတော့ မြို့တစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံး၊ တိုင်းတစ်ခုလုံးအထိ သက်ရောက်တဲ့ ပြဿနာကြီးအထိ ဖြစ်ပွားနေကြတာ တွေ့ရတယ်...


 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်အတွက် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲရေး ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ''ဒီမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်လူမျိုးစုအဖွဲ့တွေ ညှိနှိုင်းပြီးတော့ ပြဿနာတွေ မဖြစ်ပွားအောင် ဆောင်ရွက်နေတယ်။ အခုနိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေ အကုန်လုံးနီးပါးက သာမန်ဖြစ်စဉ်တွေကနေ အစပြုပြီးတော့ မြို့တစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံး၊ တိုင်းတစ်ခုလုံးအထိ သက်ရောက်တဲ့ ပြဿနာကြီးအထိ ဖြစ်ပွားနေကြတာ တွေ့ရတယ်။ ရခိုင်မှာဖြစ်နိုင်တဲ့ နေရာတွေကို ပိုပြီးသတိထား စောင့်ကြည့်နေတယ်။ အမြန်ဆုံး တားဆီးနိုင်အောင် လုံခြုံရေးကို အပြည့်ချထားတယ်'' ဟု ဆိုသည်။

6.1.8

လားရှိုးမြို့ပေါ်တွင် သွားလာနေသူများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဝေယံဖြိုးဦး)

ဆက်လက်၍ ရဲမှူးကြီးဝင်းထွန်းက ''အကြမ်းဖက်မှုတွေကို စီမံချက်အတိုင်း အမြန်ဆုံး ဆောင်ရွက်ခဲ့တဲ့အတွက် တစ်ရက်အကြာမှာပဲ ပဋိပက္ခဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ပုဒ်မ ၁၄၄ ထုတ်ထားလို့ မြို့ပေါ်မှာ ဒေသခံတွေက စိုးရိမ်စိတ်တွေ ရှိနေကြတဲ့အတွက် ဈေးဆိုင်တွေ ပိတ်ထားတယ်။ ဒါ့အပြင် လားရှိုးမြို့က တရုတ်နိုင်ငံကို မြန်မာနိုင်ငံအတွင်းကနေ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အရေးပါတဲ့နေရာ တစ်ခုဖြစ်တယ်။ အခုသွားလာမှုတွေ ရပ်တန့်နေတဲ့ အတွက်ကြောင့် တစ်ဦးတစ်ယောက်အတွက် မိသားစု တစ်စုအတွက် မကဘူး၊ ရေရှည်ဆိုရင် နိုင်ငံအတွက်ပါ ထိခိုက်နိုင်တယ်။ ဒါကြောင့် အမြန်ဆုံး ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်နိုင်အောင် လုပ်ဖို့ဆိုတာ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့တွေ၊ တပ်မတော်၊ အုပ်ချုပ်ရေး အပိုင်းက တာဝန်ရှိသူတွေပဲ ဆောင်ရွက်နေလို့ မရဘူး။ ပြည်သူတွေကပါ ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်'' ဟု ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် ရဲအင်အားကို တိုးချဲ့ချထားပြီး ဘာသာပေါင်းစုံ ဆွေးနွေးမှုများကို ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်က ပြောကြားသည်။

အလုပ်သမား အခွင့်အရေး တောင်းဆိုသော တော်ဝင်စက်ရုံမှ အလုပ်သမား ၁၂ ဦး အာမခံမရ


5.31.8

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကိုနေလင်းဦးနှင့် အလုပ်သမားများအား မေ ၂၈ ရက် ညနေ ၅ နာရီက ရွှေပြည်သာမြို့နယ် တရားရုံးမှ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)

အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တရားစွဲဆို ခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ၁၂ ဦးအား မေ ၂၈ ရက်တွင် အမှုလေးမှုဖြင့် တစ်ပြိုင်နက်တည်း ရုံးထုတ်ခဲ့ပြီး အာမခံ လျှောက်ထားသော်လည်း မရရှိခဲ့ဘဲ အင်းစိန်အကျဉ်းထောင်တွင် ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ အလုပ်သမား ၁၂ ဦးကို ပုဒ်မ ၄၅၂ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၃၂၃ (မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်စဉ် အားပေးကူညီမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ပုဒ်မ ၄၅၂ မှာ အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

''စခန်းမှူး ဦးတင့်နိုင်က မင်းတို့အမှုက အစိုးရကို အပ်ထားတဲ့အမှု ဖြစ်တဲ့အတွက် အာမခံပေးလို့ မရဘူး။ အလုပ်ရှင်ဘက်က ကျွန်တော်တို့ကို အသေရိုက်ခဲ့တဲ့ သူတွေကျတော့ ဘာလို့အာမခံပေးလဲလို့ မေးတော့ သူတို့အမှုက အာမခံပေးလို့ရတယ်။ မင်းတို့အမှုက အစိုးရနဲ့ သက်ဆိုင်တယ်လို့ ပြောတယ်။ ထောင်ထဲမှာလည်း အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အလုပ်မလုပ်ရတာလဲ တစ်နှစ်ပြည့်တော့မယ်။ အဲ့ဒီအတွက် ကျွန်တော်တို့မှာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်ကို စာတင်ထားတာ အခုဆို ခြောက်လပြည့်ပါပြီ'' ဟု အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံမှ ကိုနေလင်းဦးက ဆိုသည်။

စက်ရုံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်ရှင်အား ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုမှု၊ ပုဒ်မ ၃၂၅ နာကျင်စေမှုတို့ဖြင့် တရားစွဲဆိုထားသော်လည်း ယင်းအမှုမှာ ယခုအချိန်အထိ ရုံးတင်စစ်ဆေးခြင်း မရှိသေးကြောင်း အလုပ်သမားများထံမှ သိရသည်။ ထို့ပြင် အမှုလေးမှုဖြင့် တရားစွဲဆို ခံထားရသည့် အဆိုပါ အလုပ်သမား ၁၂ ဦး အနက် ကိုနေလင်းဦး၊ ကိုဇင်မျိုးကိုကို၊ ကိုဘဘိုမင်း၊ မသီတာအောင်၊ မအိဇာဖြူဖြူနှင့် ကိုထက်ကိုကိုတို့ အပါအ၀င် Action Labour Right မှ ကိုကျော်မင်းတို့အား ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ်ကာ မြို့နယ်လေးမြို့နယ် တရားစွဲဆိုထားသည်။

အဆိုပါအမှုအား အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ကိုအောင်သူရိန်ထွန်းက ''ပိုင်နက်ကျူးလွန်မှု အပါအ၀င် အမှုလေးမှုအတွက် ကျွန်တော် အာမခံလျှောက်တယ်။ မြန်မာနိုင်ငံ တရားရုံးများ ဥပဒေလက်စွဲအရ အာမခံလျှောက်ထားမှုကို နှုတ်နဲ့ လျှောက်ထားလို့ ရပါတယ်။ ဒါပေမဲ့ အခုလျှောက်တဲ့အခါ တရားရုံးက နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမှာ ဖြစ်တဲ့အတွက် စာနဲ့ပြန်တင်ဖို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ ဒီအလုပ်သမားတွေ ထွက်ပြေးမယ်ဆိုရင် ရှေ့နေလိုင်စင် အသိမ်းခံပြီး ထောင်လည်းအကျခံမယ်လို့ လျှောက်ထားတာတောင် အာမခံမရခဲ့ဘူး'' ဟု ဆိုသည်။

ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မြန်မာ သစ်အချောထည် စက်ရုံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် အလုပ်သမားများမှ အစာငတ်ခံ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ပြဿနာအပေါ် ခုံသမာဓိကောင်စီ အနေဖြင့် အလုပ်သမားများအား အလုပ်ပြန်လည် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အလုပ်သမားများ လုပ်ငန်းခွင် ၀င်ရောက်ရန် သွားရောက်ရာမှ အလုပ်ရှင်မှ လက်မခံခြင်းကြောင့် အလုပ်ရှင် အလုပ်သမားကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ နောက်ရက်များတွင် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် တရားစွဲဆိုခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မေ ၁၄ ရက်ည ၁၀ နာရီခွဲတွင် အလုပ်သမား ၁၂ ဦးအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်သည် လက်ရှိတွင် တော်ဝင်စင်တာ ရှော့ပင်းမော၊ မုဒိတာ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂလုပ်ငန်း စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဦးနေမျိုးဝေက ဦးခင်ရွှေအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကို ဒဂုံမြို့နယ် တရားရုံးမှ လက်ခံစစ်ဆေးမည်

ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲထားသော ဇေကမ္ဘာဦးခင်ရွှေအား ဒဂုံမြို့နယ် တရားရုံးမှ လက်ခံစစ်ဆေးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇေကမ္ဘာ ကုမ္ပဏီမှဥက္ကဋ္ဌ ဒေါက်တာခင်ရွှေမှ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးနေမျိုးဝေ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုခဲ့မှုများကို ဂျာနယ်များတွင်ထည့်၍ ဖော်ပြခဲ့သဖြင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံသွားခဲ့ကြောင်း ဦးနေမျိုးဝေ၏ အမှုဖွင့်ချက်အရ သိရသည်။

ထို့အတွက် ဒေါက်တာခင်ရွှေအား ဦးနေမျိုးဝေက မတ် ၂၅ ရက်က ဒဂုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးတိုက်လျောက်ထားမှုအား ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်မှ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးထံသို့ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂/၁ အရ စုံစမ်းစစ်ဆေးရန် တင်ပြပေးခဲ့ပြီး စစ်ဆေးမှုအား မေ ၃၁ ရက်တွင် တရားရုံးသို့ တင်ပြခဲ့ရာ မြို့နယ်တရားသူကြီး ဒေါ်ခင်သန့်ဇင်မှ နိုင်ငံရေး လှုံ့ဆော်သည်ဟု စွပ်စွဲပြောဆိုမှု၊ ဂုဏ်သိက္ခာ ထိပါးမှုကြောင့် ပြစ်မှုကြီးအမှတ် ၆၂/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်ကို ဦးခင်ရွှေက ပြော တယ်။ နေမျိုးဝေတို့ကို အစိုးရက အရေးယူသင့်တယ်။ အဲဒီလူတွေကို ဖမ်းပစ်လိုက်ပြီးပြီ။ ဘာညာပြောတဲ့အတွက် တရားပြန်စွဲတာ ဖြစ်ပါတယ်။ Messenger ဂျာနယ်နဲ့ Hot News ဂျာနယ်တို့မှာ ပါတာဖြစ်ပါတယ်'' ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဋ္ဌနေမျိုးဝေက ဆိုသည်။

ဦးနေမျိုးဝေက ဒဂုံမြို့နယ်တရားရုံးမှ တရားစွဲဆိုထားသော ဇေကမ္ဘာဦးခင်ရွှေ အမှုအား ဇွန် ၁၀ ရက်တွင် စတင်စစ်ဆေးသွားမည် ဖြစ်သည်။

ပထမဆုံး ခွင့်ပြုမိန့်ဖြင့် စီးပွားရေးစင်တာ တည်ဆောက်မည့် ကုမ္ပဏီ တိုင်ကြားခံထားရ

နိုင်ငံတော်သမ္မတ၏ ပထမဆုံးနှင့် အမြင့်ဆုံး ခွင့်ပြုခဲ့သည့် ကိုယ်ပိုင်မြေနေရာတွင် ၂၇ ထပ် အမြင့်ရှိသော Business Centre ဆောက်လုပ်မည့် ကုမ္ပဏီမှာ နိုင်ငံတော်သမ္မတထံ ပြန်လည်တိုင်ကြား ခံထားရကြောင်း သတင်းရရှိပါသည်။

Daimond Valley Rises-Business Centre အမည်ဖြင့် ၂၇ ထပ် အမြင့်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံကို အေးမိသားစု ကုမ္ပဏီလီမိတက်မှ တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ ကုက္ကိုင်းရှိ ခြံအမှတ် ၉၂(A, C, D)တွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အဆောက်အအုံ တည်ဆောက်ရန်အတွက် အကြိုပြင်ဆင်မှု အနေဖြင့် မြေထိန်းနံရံ တည်ဆောက်ရန်အတွက် ပြင်ဆင်ရာတွင် ဘေးခြံ၏ မြေအား အောက်ခြေမှ နှိုက်ခြင်းကြောင့် တံတိုင်းများ ပြိုကျခြင်း၊ အိမ်တွင် အက်ကွဲကြောင်းအချို့ ဖြစ်ပေါ်ခြင်းများကြောင့် အိမ်ရှင်မှ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်း၊ စည်ပင်သို့ ကန့်ကွက်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားသူ ဦးမျိုးအောင်ထံမှ သိရသည်။ မြေထိန်းနံရံ တည်ဆောက်ရာတွင်မူ စည်ပင်ခွင့်ပြုချက် မရရှိမီ တည်ဆောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဖြစ်စဉ်မှာ ယန္တရားဖြင့် မြေကျော်တူးမှုကြောင့် အိမ်ထိခိုက်သည့်အပေါ် ဘေးခြံမှ မေ ၁၆ ရက်တွင် စည်ပင်သို့ တိုင်ကြားရာ စည်ပင်မှ တားမြစ်ခဲ့ကြောင်း၊ အဆိုပါ မေ ၁၆ ရက်တွင်ပင် စည်ပင်မှ ကွင်းဆင်းစစ်ဆေးကာ ဘေးခြံရှိ တိုက်သစ်မှာ လတ်တလော လူနေထိုင်ရန် မသင့်သဖြင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ရပ်ဆိုင်းခြင်းမရှိဘဲ တစ်ဖက်ခြံမှ ဆက်လက် လုပ်ကိုင်သည့်အတွက် မေလ ၁၈ ရက်နေ့တွင် စည်ပင်မှ ဒုတိယအကြိမ် ထပ်မံတားမြစ်ခဲ့ကြောင်း၊ သို့သော်ရပ်ဆိုင်းခြင်း မရှိဘဲ ဘေးခြံမှမြေအား လိုဏ်ခေါင်းတူးသကဲ့သို့ ယန္တရားဖြင့် ဆက်လက်တူးရာ မေ ၂၃ ရက်ညတွင် ဘေးခြံမှ တံတိုင်းအချို့ ပြိုကျခဲ့ကြောင်း သိရသည်။

ထိခိုက်ခံရသူ ခြံပိုင်ရှင် ဦးမျိုးအောင်က ''ကျွန်တော့် အုတ်တံတိုင်း အောက်ခြေကမြေကို လိုဏ်ခေါင်းတူးသလို တူးတယ်။ အခု တံတိုင်း ပြိုကျသွားသလို အိမ်မှာလည်း အက်ကြောင်းတချို့ ပေါ်လာတယ်။ စည်ပင်ကတောင် မနေနဲ့ အန္တရာယ်ရှိတယ်ဆိုပြီး အိမ်ပြောင်းခိုင်းတယ်။ ခွင့်ပြုချက်လည်း ဘာမှ မရှိဘူးဆိုတော့ လုပ်ငန်းရပ်ပေးသင့်တာပေါ့။ အခုက ဆက်လုပ်တော့ ကျွန်တော်လည်း စည်ပင်တင် မကဘူး ရဲစခန်းမှာပါ အမှုဖွင့်ထားတယ်။ နောက်နိုင်ငံတော် သမ္မတ ဆီကိုပါ တားမြစ်ပေးဖို့ အသနားခံစာ တင်ထားတယ်'' ဟု ပြောပြခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတော်သမ္မတကတော့ မူအရပဲ ခွင့်ပြုတာပါ။ လုပ်ထုံးလုပ်နည်း အရတော့ စည်ပင်မှာ ခွင့်ပြုချက်ယူရမှာပါ။ ဒါပေမဲ့ အဲဒီအဆောက်အအုံက အခု (မေ ၃၁ ရက်) အထိတော့ စည်ပင်က ဆောက်လုပ်ခွင့် မရသေးဘူး'' ဟု ပြောကြားခဲ့သည်။

ယင်းသို့ မြေထိန်းနံရံ ဆောက်လုပ်မှုမှာ ခွင့်ပြုချက် မတင်ဘဲ ဆောက်လုပ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း အေးမိသားစု ကုမ္ပဏီလုပ်ငန်းရှင် ဦးအေးမြင့်ဦးက ပြောကြားခဲ့ပြီး မေ ၂၁ ရက်မှသာ စည်ပင်သို့ ဆောက်လုပ်ခွင့် တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စည်ပင်ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ တစ်သိန်း ပေးဆောင်ခဲ့ရကြောင်း၊ ယခုအခါ စည်ပင်မှ ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်နေကြောင်း၊ တစ်ဖက်အိမ်တွင် ပျက်စီးမှုများအပေါ် တာဝန်ယူ ပြန်လည် လုပ်ဆောင်ပေးရန် ရှိကြောင်း ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများအပေါ် မကျေနပ်၍ သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ ဖိလစ်ပိုင် စေလွှတ်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည်ဖြစ်သော အားကစားနည်းများအပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ယင်းပြိုင်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ စေလွှတ်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ပြောကြားခဲ့သည်။ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အိုလံပစ် အားကစားနည်း အချို့ကို ချန်လှပ်ကာ ရိုးရာအားကစားနည်းများကို ထည့်သွင်းကျင်းပရန် စီစဉ်ထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း AFP က ဖော်ပြခဲ့သည်။

လာမည့်(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ရိုးရာအားကစားနည်း များဖြစ်သည့် ခြင်းလုံးအပါအ၀င် ကာယဗလ စသည့်အားကစားနည်းများ ထည့်သွင်း ကျင်းပခြင်းအပေါ် ဖိလစ်ပိုင် အားကစား ကော်မရှင် ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ဝေဖန်ထောက်ပြခဲ့ပြီး အိုလံပစ် အားကစားနည်းများဖြစ်သည့် ကျွမ်းဘားနှင့် တင်းနစ်အား ကစားနည်းများကို ချန်လှပ်ခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံက အားကစားသမား (၅၁၂)ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း လာမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ အားကစားသမား(၃၀) ဦးမှ (၅၀)ဦးကြားသာ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂါစီယာက AFP သို့ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် ၎င်းတို့ဆုတံဆိပ် ရရှိနိုင်ရန် အားနည်းသည့် အားကစားနည်းများကို ချန်လှပ်ခဲ့ပြီး ရွှေတံဆိပ်ရရှိရန် အားသာသည့် ကစားနည်းများကို ထည့်သွင်းခဲ့ကြောင်းနှင့် မိမိတို့ ဆုတံဆိပ်ရရှိနိုင်သည့် အားကစားနည်း အချို့ကို ထည့်သွင်းထားခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ကျင်းပခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုး ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲ အပါအ၀င် ဒေသတွင်း နိုင်ငံအချို့၏ ရိုးရာအားကစား နည်းများလည်း ပါဝင်နေကြောင်း သိရသည်။

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

5.31.17

လားရှိုးမြို့ ရပ်ကွက်အသီးသီးသို့ လှည့်လည်၍ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို မေ ၃၀ ရက် ည ၈ နာရီခန့်က တွေ့ရစဉ်

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။

လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို လားရှိုးထောင်တွင် စစ်ဆေးလျက်ရှိကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ပြီး အခြားတိုင်းရင်းသား အနည်းငယ် ပါဝင်ကြောင်း သိရသည်။

5.31.17

ပဋိပက္ခဖြစ်စဉ် အများဆုံးဖြစ်ပွားရာ လားရှိုးမြို့ ရပ်ကွက် (၇) အတွင်းသို့ မေ ၃၀ ရက်  ညနေ ၃ နာရီခွဲခန့်က  လုံခြုံရေးဆောင်ရွက်နေကြစဉ်  (ဓာတ်ပုံ   -   ဝေယံဖြိုးဦး)

''ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှု အခြေအနေတွေ တည်ငြိမ်သွားအောင် ခေတ္တ ထိန်းသိမ်းရတာ ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးကို မပျက်စေဖို့ လိုက်လံထိန်းသိမ်း နေရတာ ဖြစ်ပါတယ်။ ဒီနေ့လည်း သာသနာရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပြီး ဒုတိုင်းမှူးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ အပါအ၀င် စစ်ကြောင်း ငါးကြောင်းနဲ့ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့အစည်းတွေကို လူစုခွဲတာတွေ၊ လိုက်လံရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မေလ ၃၀ ရက်နေ့ အထိ လားရှိုးမြို့နယ် အခြေအနေက ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဖျက်ဆီးတဲ့ အဖွဲ့တွေကို ထိန်းနိုင်ပြီဖြစ်ပြီ ဖြစ်ပေမယ့် ပြဿနာကို ဖန်တီးဖို့စောင့်နေတဲ့ အဖွဲ့လေးတွေက ရှိနေပါသေးတယ်။ အင်နဲ့အားနဲ့တော့ မရှိတော့ပါဘူး'' ဟု သာသနာရေး ၀န်ကြီးဌာန၊ သာသနာထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မေလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရကာ ဆေးရုံတက် ကုသခံနေရသူ မအေးအေးဝင်း သေဆုံးသည် ဆိုသော သတင်းထွက်ပေါ် ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း သိရသည်။

မေ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်စလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၃ ဦးခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ မေ ၂၈ ရက်မှ စတင်သည့် သုံးရက်တာ ပဋိပက္ခ ဖြစ်စဉ်အတွင်း ဆူပူလှုံ့ဆော်သူဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

5.31.17

လားရှိုးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းမတော်လမ်းမပေါ်၌ လုံခြုံရေးဆောင်ရွက်နေသည်ကို မေ ၃၀ ရက်နံနက်ပိုင်းက တွေ့ရစဉ်

''လက်ရှိအချိန်မှာတော့ ဆူပူမှုတွေ အများစုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီထက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက ဆက်လက်ပြောကြားသည်။

လားရှိုးမြို့နယ်အတွင်း လုံခြုံရေး အင်အားကို မေလ ၃၀ ရက်နေ့တွင် ထပ်မံတိုးမြှင့်ခဲ့ပြီး ခမရ ၅၀၄ ကို လားရှိုးမြို့ လုံခြုံရေးအတွက် အင်အားပူးပေါင်းထားကြောင်း သိရှိရသည်။

မေ ၂၈ ရက်မှစ၍ နှစ်ရက်တာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံသုံးလုံး၊ ဂိုဒေါင်လေးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၄ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၃၀ ရက် နံနက်ပိုင်း၌ လားရှိုးမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မ ဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။

နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင် ၁၀၀၀ ခန့်ကိုလည်း ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စောင့်ရှောက်ထားကြောင်း သိရသည်။

5.31.17

လားရှိုးမြို့ အမှတ် ၇ ရပ်ကွက် ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးခံထားရသည့် ကားတစ်စီးအား တွေ့ရစဉ်

ယင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံသူ မွတ်စလင်တစ်ဦးက ''ကျွန်တော်တို့ မိသားစုလေးယောက်စလုံး ရောက်နေပါတယ်။ စစ်တပ်၊ ရဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြင်မှာနေရင် လုံခြုံရေး စိတ်မချရလို့ ဘုန်းတော်ကြီး ကျောင်းမှာပဲ နေထိုင်ဖို့ ပြောကြားထားပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ အဆက်အသွယ်မရပါဘူး'' ဟု ဆိုသည်။

မြို့တွင်း၌လည်း သက်ဆိုင်ရာက''ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ ည ၇ နာရီ နောက်ပိုင်း အပြင်မထွက်ရန်လည်းကောင်း၊ လူစုလူဝေး မပြုလုပ်ရန်၊ တုတ်ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရန်''ကားဖြင့်လှည့်လည် အသိပေးလျက်ရှိသည်။

''လားရှိုးမြို့က ခြောက်ကပ်သွားပြီ။ အထူးသဖြင့် ရပ်ကွက် (၇) ဆိုရင် သုသာန်ပြင်လို ဆိတ်ငြိမ်လို့။ အကြမ်းဖက်လိုတဲ့ လူတွေကလည်း ဟိုနားစုစု၊ ဒီနားစုစုနဲ့။ စစ်တပ်၊ ရဲနဲ့ တာဝန်ရှိသူတွေက အကြောင်းကြားရင် ချက်ချင်းရောက်လာပေမယ့် သူတို့ လုံခြုံရေးမရှိတဲ့ဘက်ကို ရွှေ့ကြတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မွတ်စလင်အများအပြား ၀င်ရောက်လာခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း၊ လူစုလူဝေးများ ပြုလုပ်နေခြင်း စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ညနေ ၅ နာရီ ၃၀ မိနစ်ထိ အခြေအနေ တည်ငြိမ်မှုရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်မှ ကူညီမည်


6.1.5

ရန်ကုန်မြို့၊ ၆ မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးအတွင်း တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံစဉ်

ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပညာရေး အပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ ပြည်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ လူတွေရဲ့ဘ၀ တိုးတက်ဖို့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ရေ၊ မီး ရရှိဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့် အနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုပါ အထောက်အကူ ဖြစ်သွားမှာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ရေရှည်အနေအထား တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရင် ပညာရေးကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ စတဲ့ အခြေခံ အဆောက်အအုံ ကောင်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌဖြစ်သူ Axel van Trotsenburg က မေ ၃၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကဏ္ဍအသီးသီး အကူအညီ အထောက်အပံ့များ ပေးနေကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် အစိုးရကိုယ်စားလှယ်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန် အကူအညီများလည်း ပေးဆောင်နေကြောင်း အလားတူ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်အတူ IFC (International Finance Corporation) တို့ မှလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေကြောင်း သိရသည်။

''ကျေးလက်ဒေသတွေတင် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စုစုပေါင်း လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကပဲ လျှပ်စစ်မီး ရရှိကြတာပါ။ အဲဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ဓာတ်ငွေ့တာဘိုင်တွေကိုသုံးပြီး လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ အတွက်လည်း အကူအညီပေးနေပါတယ်'' ဟု ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးရရှိရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော အခြေအနေတွင် မွန်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် မဂ္ဂါဝပ် ၁၂၀ ရှိသော ပရောဂျက်တစ်ခုအား စတင်လုပ်ဆောင်နေကြောင်း ရေရှည်အတွက်မူ လျှပ်စစ်ကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုများလည်း လုပ်ဆောင်သင့်ကြောင်းနှင့် ရေရှည်အတွက် ကောင်းမွန်သော စွမ်းအင်ထုတ်လုပ်မှုများကို ဦးစားပေး ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။