Sunday, June 9, 2013

မိုးရွာတိုင်း ရေကြီးနေသော ရန်ကုန်မြို့ ရေနုတ်မြောင်း စနစ်အား အဆင့်မြှင့်ရန် အဆိုပြု


6.7.12

တာမွေမြို့နယ် တစ်နေရာတွင် မိုးရွာပြီးနောက် ရေကြီးရေလျံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)

မိုးရွာတိုင်း ရေကြီးနေသော ရန်ကုန်မြို့တော်၏ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ခြင်းနှင့် ရေနုတ်မြောင်း စနစ်များအား အဆင့်မြှင့်တင်ရန် အတွက် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' တွင် အဆိုပြုချက်များအရ သိရသည်။

ရန်ကုန်မြို့တော်တွင် နှစ်စဉ်မိုးရာသီ ကာလရောက်တိုင်း မိုးရွာသွန်းနေချိန်အတွင်း ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း၊ ရန်ကုန်မြို့တော်ရှိ ရေမြောင်းအများစုမှာ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် သက်တမ်းကြာမြင့်ကာ ရေဆင်းနိုင်မှု အားနည်းခြင်းနှင့် ရေမြောင်းများအတွက် အမှိုက်များ ပိတ်ဆို့ခြင်းများကြောင့် မိုးရွာသည်နှင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်အခါ ယာဉ်များသွားလာမှုခက်ခဲကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခြင်းအပြင် လမ်းသွားလမ်းလာ ပြည်သူများ အတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်။

ထို့အတွက်ကြောင့် ရန်ကုန်မြို့တော်၏ ရေစီးရေလာ ကောင်းမွန်ရေး စနစ်အတွက် မဟာဗျူဟာများ ချမှတ်ကာ ရေတိုရေရှည် စီမံကိန်းများ ချမှတ်သွားမည် ဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် တစ်ဆင့်ချင်းစီ ပြုလုပ်သွားမည် ဖြစ်ကြောင်း JICA ၏ ရေပေးဝေရေးနှင့် ရေစီးရေလာ တိုးတက်ကောင်းမွန်ရေး စီမံကိန်းမှ Mr. Minoru IKEI က မေ ၅ ရက်တွင် Chatrium Hotel ၌ ပြုလုပ်သော ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ရေစီးသန်သောရေများပေါ် အခြေခံ၍ မြောင်းများအား ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းဖြင့် ရေလွှမ်းမိုးမှုကင်းသော လုံခြုံသည့်မြို့တော် ဖြစ်စေရန် ပြုလုပ်သွားမည်ဟုလည်း အဆိုပြုထားသည်။

ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှု အများဆုံး နေရာများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည်လမ်း (လမ်း ၉၀၊ ၉၁ လမ်း၊ မန္တလေးလမ်း)၊ ၁၃၆ လမ်း(မင်္ဂလာမွန်ဈေးရှေ့)၊ တာမွေမြို့နယ် ယုဇနပလာဇာရှေ့၊ ရန်ကင်းမြို့နယ် မြောက်မြင်းပြိုင်ကွင်းလမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း (ဝေဇယန္တာရှော့ပင်းစင်တာရှေ့) နေရာများဖြစ်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာ အလုပ်သမားများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန် NNDP ပါတီ တိုက်တွန်း

မလေးရှားရောက် မြန်မာ အလုပ်သမားများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) မှ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ဇွန် ၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဇွန် ၇ ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တိုက်ခိုက်ခံခဲ့ရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိ ခဲ့မှုများအပေါ် ချက်ချင်းစုံစမ်း ဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးအား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဖိတ်ခေါ်ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ခြင်းအပေါ် အမျိုးသား ဒီမိုကရေစီ ပါတီသစ် အနေဖြင့် ထောက်ခံပါကြောင်း၊ သတိထောက်လွှာ ပေးအပ်ပြီးနောက်ပိုင်း မလေးရှား ရဲတပ်ဖွဲ့ဝင်များက မလေးရှားရောက် မြန်မာနိုင်ငံသားများကို အပြင်းအထန် ဖမ်းဆီးခဲ့ပြီး အထောက်အထား မရှိသည့် မြန်မာနိုင်ငံ သားများအား ပြစ်ဒဏ်များ ချမှတ်မည်ဆိုသည့် သတင်းများ ကြားသိရသည့်အတွက် မိမိတို့ အနေဖြင့် လွန်စွာစိုးရိမ် မိပါကြောင်း ဖော်ပြပါရှိသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၈၀ တွင် "နိုင်ငံခြား တိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေး တောင်းခံမှုကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ရန် တိုက်တွန်း . . . . .

ထို့ပြင် သတင်းများ၏ အဆိုအရ မလေးရှားနိုင်ငံတွင် တရားဝင် စာရင်းများအရ မြန်မာနိုင်ငံသား သုံးသိန်းမှ ငါးသိန်းအထိ ရှိသည်ဆိုသော်လည်း ခန့်မှန်းမှုအရ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသား နှစ်သန်းအထိ ရှိနိုင်ကြောင်း သိရှိရသဖြင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ ဘ၀လုံခြုံရေးအတွက် မြန်မာအစိုးရ အနေဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် အထူးလိုအပ် နေပြီဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၈၀ တွင် "နိုင်ငံခြား တိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေး တောင်းခံမှုကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှ စ၍ မြန်မာ အလုပ်သမားများ တိုက်ခိုက်ခံရမှုကြောင့် ယခုရက်ပိုင်းအတွင်း လူလေးဦးအထိ သေဆုံးခဲ့ရကာ သေဆုံးခဲ့သူ အားလုံးမှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံကာ မြန်မာ အလုပ်သမားများ အသက်ဆုံးရှုံးခြင်း ထပ်မံမဖြစ်ပေါ်စေရေး သတိထောက်လွှာ ပေးအပ်ခဲ့သည်။

သံဃာတော်များအား မီးလောင်စေသောဗုံး အသုံးပြု နှိမ်နင်းခြင်းအတွက် အရေးယူခြင်း မရှိစေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးတွင် ဥပဒေကြောင်းအရ ထုချေခွင့် မရှိဘဲ ထောင်ဒဏ်ကျခံ ခဲ့ရသူ ခုနစ်ဦးအထိ ရှိလာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ယနေ့အထိ ဖမ်းဆီးထောင်ချ ခံရသူ ခုနစ်ဦးအထိ ရှိနေပြီး ဖမ်းဆီးခံရသူများမှာ တရားဥပဒေ ကြောင်းအရ ထုချေခွင့် မရှိခဲ့သည့်အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရက်စွဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တံဆိပ်တုံး စသည့်ခိုင်မာမှု ရှိသည့် အထောက်အထားများ ပါဝင်မှု မရှိဘဲ ထုတ်ပြန်ချက်များ ရှိနေကြောင်း ဇွန် ၈ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရှိရသည်။

လက်ပံတောင်းတောင် ကြေးနီသတ္တု တူးဖော်ရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စီမံကိန်းအား ဆက်လက်လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်များ ထွက်ရှိလာပြီးနောက် ဒေသခံများ၏ နစ်နာမှုများ ကူညီဆောင်ရွက်သူ ကျောင်းသားလူငယ်များအား အမှုအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ ဒေသခံများအတွက် ပုဒ်မ ၁၄၄ ထုတ်၍ လယ်ယာမြေ ထွန်ယက်ခြင်းများ ပြုလုပ်ပါက ၀ရမ်းထုတ်ခြင်း၊ ဒေသခံများမှ လက်ပံတောင်းတောင်နှင့် ပတ်သက်သည့် ဒေသခံများ ဖွင့်လှစ်သည့် အမှုများအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုဆိုကာ ဥပဒေကြောင်းအရ ကာကွယ်ပေးမှု မရှိခြင်း စသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သူများက တစ်ညီတစ်ညွတ် ပြောဆိုသည်။

"ဇွန် ၄ ရက် ရက်စွဲနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အသိပေးကြေငြာချက် ထုတ်တယ်။ ဒီလို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် ဆိုပေမဲ့ တာဝန်ယူ၊ တာဝန်ခံတဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အမှတ်တံဆိပ် မပါတဲ့အပြင် ရက်စွဲတောင် တပ်မထားဘူး။ အဲ့ဒီ ထုတ်ပြန်ချက်မှာ ကျွန်တော် အပါအ၀င် လူ ၁၅ ဦးကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ပါတယ်။ ဒါပေမဲ့ ကျွန်တော်အပါအ၀င် ဘယ်သူ့ကိုမှ တရားရုံး ဆင့်ခေါ်စာ မပို့ခဲ့ပါဘူး။ ဒီလိုဆင့် ခေါ်စာတောင် မပို့ဘဲ၊ တရားခံပြေးအဖြစ် ခိုင်မာမှု မရှိတဲ့ အမိန့်ကြေညာစာနဲ့ တရားခံပြေးအဖြစ် ကြေညာပြီး ဖမ်းဆီးတာဟာ ဒီမိုကရေစီ နိုင်ငံကို ကူးပြောင်းနေပါတယ် ဆိုတဲ့ အသွင်ကူးပြောင်းမှုတွေ၊ ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို လျော့ကျစေပါတယ်" ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောပါသည်။

လက်ပံတောင်းတောင် အရေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် အထက်ဗမာပြည် လုပ်ငန်းကော်မတီ ဒုဥက္ကဌ ကိုနွေဦးကို၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (မုံရွာ) ဥက္ကဋ္ဌကို ဟိန်းဇော်ဝင်းနှင့် အတွင်းရေးမှူး ကိုထင်ရှားပြည့်လျှံဦး၊ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ နှစ်ဦးတို့အား ဖမ်းဆီးထောင်ချခဲ့ပြီး ယင်းတို့အား ရုံးတင်စစ်ဆေးရာတွင် တရားဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့် မရှိခဲ့သည့်အပြင် နေ့ချင်းပြီး ထောင်ချမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

"ဦးမြင့်အောင်ဆိုရင် ပုဒ်မ ၁၈ နဲ့ တရားရုံး တင်ခံခဲ့ရတာပါ။ ဥပဒေကြောင်းအရ ကာကွယ်ခွင့် မရှိတဲ့အပြင် ရုံးတင်တဲ့နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ချခဲ့ပါတယ်။ မြန်မာပြည် အရပ်ရပ်မှာ ဖြစ်နေတဲ့ ပုဒ်မ ၁၈ ပြဿနာတွေမှာ ငွေဒဏ်၊ ထောင်ဒဏ်တစ်လလောက်နဲ့ ပြီးပြတ်ပေမဲ့ လက်ပံတောင်းတောင်အရေး ပုဒ်မ ၁၈ မှာတော့ တရားခံလို့ စွပ်စွဲခံရသူက ဥပဒေကြောင်းအရ ထုချေခွင့် မရှိဘဲ ထောင်ကျခဲ့သလို၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကိုလည်း ထောင်တစ်နှစ်ခွဲ ကျခံရမယ်လို့ အမိန့်ချပြီးမှ ဘယ်တရားရုံးမှာ ဘယ်ပုဒ်မနဲ့ ဘယ်လိုထောင်ချ လိုက်တယ်ဆိုတာ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက စစ်ကိုင်းတိုင်း ဒေသကြီး အာဏာပိုင်တွေရဲ့ လက်ထဲမှာ လုပ်ချင်သလို လုပ်နေတာကို ထိန်းကျောင်းပေးဖို့ လိုပါတယ်။ အခုလို ထုချေပိုင်ခွင့် မရှိခဲ့ဘဲ ထောင်ဒဏ်ကျခံ ခဲ့ရတဲ့ လူ ၇ ဦးရဲ့ အမှုတွေကိုလည်း ပြန်လည်သုံးသပ်ပေးဖို့ လိုလာပါမယ်" ဟု ကိုဝေဠုက ဆက်လက်ပြောပါသည်။

လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ သံဃာတော်များအား မီးလောင်ဗုံးဖြင့် တိုက်ခိုက်သည့် တရားခံများ ဖော်ထုတ်ပေးရန်၊ တိုင်းဒေသကြီး အာဏာပိုင်များ၏ ဥပဒေအရဟုဆိုကာ တရားဥပဒေမဲ့ လုပ်ဆောင်နေခြင်းများအား ရပ်တန့်ပေးရန်၊ လယ်တီဆရာတော်ကြီး၏ သမိုင်းဝင် သာသနိက အဆောက်အအုံများအား ထိခိုက်မှု မရှိဘဲ ပြောင်းရွှေ့ရန်ဆိုသည့် ကော်မရှင် အကြံပြုချက်အတိုင်း အကောင်အထည် ဖော်နေမှုအား ထုတ်ပြန်ပေးရန် စသည့်အချက်များအား တောင်းဆိုခဲ့သည်။

ယင်းအပြင် ဒေသခံများကိုသာ လွတ်လပ်စွာ သွားလာခွင့်နှင့် လယ်ယာလုပ်ကိုင်ခွင့် ပိတ်ပင်ထားသည့် ပုဒ်မ ၁၄၄ အား ရုတ်သိမ်းပေးရန်၊ ဒေသခံများ၏ အကျိုးစီးပွားများအား မူလအခြေအနေအတိုင်း စောင့်ရှောက်ရန်ဆိုသည့် ကော်မရှင် အကြံပြုချက်အား အပြည့်အ၀ လိုက်နာရန် စသည့်အချက်များကိုလည်း တောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာ့လူဦးရေ လေးပုံ သုံးပုံ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခြင်း မရှိသေး

မြန်မာနိုင်ငံလူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်း မရှိသေး ကြောင်း အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် New Energy Architecture (မြန်မာ အစီရင်ခံစာ)တွင် ဖော်ပြပါရှိသည်။

အဆိုပါ အစီရင်ခံစာသည် မြန်မာ့စွမ်းအင် ကဏ္ဍအပေါ် ပထမဦးဆုံးအကြိမ် အသေးစိတ် လေ့လာထားသည့် အစီရင်ခံစာဖြစ်ပြီးနိုင်ငံ စွမ်းအင်ကဏ္ဍအတွက် အဓိက အရေးကြီးသောအချက်ကို ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် မြန်မာ့လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်းမရှိပဲ ၁၆ ရာခိုင်နှုန်းသာ လျှပ်စစ် ဓါတ်အားသုံးစွဲနိုင်သေးကာ စိတ်ချရသော စွမ်းအင်ဖြည့်ဆည်းပေးနိုင်သော စနစ်မရှိခြင်းတို့ ဖြစ်လျှင်
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားနိုင်သည်ဟုလည်း ထောက်ပြထားသည်။

အစီရင်ခံစာတွင် အကြံပြုချက် ၁၇ ချက်ကို ဖော်ပြထားပြီး နိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခု ရှိရမည်ဖြစ်ကြောင်းထောက်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဌ မစ္စတာ စတီဖင်ဂေါဖ့်က ''မြန်မာနိုင်ငံအနေနဲ့ အလျင်အမြန် တိုးတက်လာနေတဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆီးပေးဖို့ရယ်၊ ကျေးလက်ဒေသတွေ လျှပ်စစ်စွမ်းအင်ပိုမိုအသုံးပြုနိုင်ဖိုရယ်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ရယ် လိုအပ်ပါတယ်။ ဒီလိုတွေလုပ်နိုင်ဖို့အတွက် စည်းမျဉ်း ဥပဒေတွေကို ပိုကောင်းအောင် လုပ်တာတို့ကို အရေးတကြီး လုပ်ဖို့လိုအပ်ပါတယ်'' ဟု ပြောကြားသည်။

နေပြည်တော်နှင့် ဘန်ကောက် ပထမဆုံး လေကြောင်း နေ့စဉ်ပြေးဆွဲမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ နေပြည်တော်သို့ လေကြောင်းပျံသန်းမှုကို AirAsia က ပြေးဆွဲရန် စီစဉ်နေကြောင်း Wanderlust ခရီးသွားမဂ္ဂဇင်းက ရေးသားလိုက်သည်။

နေပြည်တော်သို့ ပထမဆုံးသော ကမ္ဘာ့လေကြောင်းလိုင်းတခုအဖြစ် အောက်တိုဘာလတွင် စတင်နိုင်ရန် AirAsia ၏ ထိုင်းရုံးခွဲက စီစဉ်နေခြင်းဖြစ်သည်။

"ဘန်ကောက်နဲ့ နေပြည်တော်ကို ချိတ်ဆက်ဖို့ ပထမဆုံးနဲ့ တခုတည်းသော လေကြောင်းလိုင်း ဖြစ်ရတာကို စိတ်လှုပ်ရှား ပီတိဖြစ်ရပါတယ်" ဟု AirAsia ၏ အမှုဆောင် အရာရှိချုပ် တိုနီ ဖာနန်ဒက်စ် အား ကိုးကား၍ Wanderlust တွင် ရေးသားထားသည်။

ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပရန်ရှိပြီး နောင်နှစ်များ တွင်လည်း နေပြည်တော်သို့ အသွားအလာ ပိုများလာဖွယ်ရှိသည်ဟု ခန့်မှန်းသည်။

"အဲဒီမှာ ကျန်ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့ ဧရာမ တောင်းဆိုလိုလားချက်တွေ ရှိနေမှာဖြစ်ပြီး ဘန်ကောက်ကတော့ စတင်ဖို့ လုံလောက်တဲ့နေရာ ဖြစ်ပါတယ်" ဟု တိုတီ ဖာနန်ဒက်စ် က ဆက်လက်ပြောကြားသည်။

မူဆလင်အမျိုးသမီး ၃ ဦး သေဆုံးရမှု ရခိုင်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်း

စစ်တွေ (မဇ္စျိမ)။   ။ မြောက်ဦးမြို့နယ်၊ ပုရိန်မူဆလင်ကျေးရွာ၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှု တွင် သေဆုံးသွားခဲ့သည့် မူဆလင် အမျိုးသမီး ၃ ဦးနှင့် ပတ်သက်၍ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်း၌ ပြည်နယ်အစိုးရ၊ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ရှိ၊ ပြည်နယ်ဥပဒေချုပ်ရုံးတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က သတင်းထောက်များအား ရှင်းလင်းပြောပြခြင်း ဖြစ်သည်။

"အဲဒီနေ့ ၁ နာရီလောက်မှာ လူစုလူဝေးနဲ့ ထွက်လာကြပြီးတော့ သူတို့အတွက် အိမ် လာဆောက်ပေးသူကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အပေါ်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ၄၀ မမ ရော်ဘာဗုံး ၁ လုံး၊ ၁၂ ဗို့ ၅ ချက် ပစ်ခတ် ခြောက်လှန်ခဲ့ရတဲ့အပြင် တပ်မတော်ကလည်း ရော်ဘာဗုံး ၁ လုံးနဲ့ ၄၀ ဗို့ ၅ ချက် ပစ်ခတ်ခြောက် လှန့်ခဲ့တယ်" ဟု ဦးလှသိန်း က ဆိုသည်။

ဆက်လက်၍ "ဆူပူသူတွေဟာ လူစုမကွဲဘဲ နောက်ထပ်စု ဝိုင်းလာကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ
မြင်ကွင်းအကန့်အသတ်တွေကြောင့် ဝင်စီးခြင်း မခံရအောင် ကိုက် ၃၀၀ အကွာ ကွင်းပြင်မှာ တပ်ဖြန့်ချထားခဲ့တယ်။ အဲဒီအချိန်မှာ ပုရိန်ရွာထဲမှာ ဆူပူအုံကြွသံတွေ ကြားနေခဲ့ရတယ်။ အသံတိတ်သွားချိန်မှာ မြောက်ဦး ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင် အမှုဆောင် အရာရှိတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ အတူပုရိန် ရွာထဲကို ဝင်ရောက် စစ်ဆေးတော့မှ ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရနေတာ တွေ့ရတယ်" ဟု ရှင်းပြခဲ့သည်။

သေဆုံးသူများမှာ ဒေါ်ခေါ်တေဇာ (ဘ) ဦးရှော်ဘီအာလောင် (၄၀နှစ်)၊ ဒေါ်နူမတ်(ဘ) ဦးအာလီအာမောက် (၅၀ နှစ်)နှင့် ဒေါ်အာလီနီဆပ် (ဘ) ဦးအီဆု (၂၅ နှစ်) တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရမှု အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။

"မီးလောင်ပျက်စီး သွားတဲ့ အိမ်တွေကို ပြန်ဆောက် ပေးမယ့် အစီအစဉ်အပေါ်မှာ ရွာသားတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ ဒီအပေါ်မှာသဘောမတူတဲ့လူစုက အိမ်ဆောက်ပေးတဲ့ အဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးစားတာ ဖြစ်တယ်။ သေဆုံးနေသူတွေဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတယ်။ ခြောက်လှန့်ပစ်ခတ်လို့ သေတာလား၊ မိမိတို့ အချင်းချင်း တိုက်ခိုက်လို့ သေတာလား မသိနိုင်သေးဘူး။ သက်ဆိုင်ရာက သေမှုသေခင်း ဖွင့်ပြီး ဥပဒေနဲ့အညီ အရေးယူ စုံစမ်းနေပါတယ်" ဟု ဦးလှသိန်း က ပြောသည်။

သို့သော် ဇွန်လ ၄ ရက်နေ့ AFP သတင်းတရပ်တွင်မူ ဒေသခံ ရဲအရာရှိတဦးအား ကိုးကား၍ သေဆုံးသူများမှာ "ခြောက်လှန့် ပစ်ခတ်စဉ်" သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကိုမူ ခလရ (၂၈၉) တပ်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ ပြုစု စောင့်ရှောက်ပေးနေကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က ဆိုသည်။

သတင်းစာရှင်းလင်းပွဲကို မနက် ၉း၃၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီထိ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီး ၂၀၁၆ တွင် စတင် အသုံးပြုနိုင်မည်

အိန္ဒိယ-မြန်မာ-ထိုင်း နိုင်ငံတို့ကို ဖြတ်သန်းဖောက်လုပ်နေသည့် သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အသုံး ပြုနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှု ဝန်ကြီး အာနန်းရှားမား (Anand Sharma) က ပြောဆိုသည်။

Anand-Sharmaနေပြည်တော်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွါးရေးဖိုရမ်တွင် ဝန်ကြီးက
ထိုသို့ ထုတ်ဖော်ပြောဆိုသွားကြောင်း PTI သတင်းတရပ်တွင်
ရေးသားထားသည်။

"သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးလို့ ကျနော်တို့ခေါ်တဲ့ ဒီလမ်းမကြီး အတွက် မြန်မာ၊ ထိုင်းနိုင်ငံတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်
နေပါတယ်။ အခု လုပ်ငန်း ထက်ဝက်ပြီးနေပါပြီ။ ၂၀၁၅-၁၆ ဘဏ္ဍာ
ရေးနှစ်မှာ အပြည့်အဝ အသုံးပြုနိုင်ပါလိမ့်မယ်" ဟု "ရေရှည်အမြင်" ဟု 
မည်ပေးထားသော နှီးနှောဖလှယ်ပွဲအတွင်း ဇွန်လ ၆ ရက်နေ့က
ပြောဆိုသွားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့
အထိ မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်မည့် အစီအစဉ်သည် ၂၀၀၂ ခုနှစ်၊ ဧပြီလ ရန်ကုန်တွင်ကျင်းပခဲ့သည့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များ ပြုလုပ်ရေး သုံးနိုင်ငံ ဝန်ကြီးများ အစည်းအဝေးတွင် စတင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ဆက်သွယ်ရေးတွင် ယခုအဝေးပြေး လမ်းမကြီးသည် အလွန်အရေးပါသည့်
ခြေလှမ်းတလှမ်း ဖြစ်သည်။ ကုန်စည်များ သယ်ဆောင်ရန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် သာမက လူနှင့် စိတ်ကူးအကြံအစည်များ ဖြတ်သန်း သယ်ဆောင်နိုင်မည့် အဝေးပြေးလမ်းမကြီး၊ အခွင့်အလမ်းနှင့် ချစ်ကြည်ရေး လမ်းမကြီး အဖြစ်လည်း ရှုမြင်နေကြသည်။

အာဆီယံနှင့် အိန္ဒိယနိုင်ငံအကြား ချုပ်ဆိုထားသည့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်သည် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် အထောက်အကူဖြစ်စေလိမ့်မည်ဟု မစ္စတာ ရှားမား က ပြောသည်။

မန္တလေးတွင် သတင်းနည်းပညာ တက္ကသိုလ်တခု တည်ထောင်ရန်လည်း အိန္ဒိယနိုင်ငံက လေ့လာနေသည်ဟုလည်း သူက ပြောသည်။

လယ်ယာထွက်ကုန် တိုးမြှင့်ရေးအတွက်လည်း အိန္ဒိယနိုင်ငံ၏ ကျွမ်းကျင်မှုနည်းပညာများကို မြန်မာနိုင်ငံကို မျှဝေပေးမည်ဟုလည်း ၎င်းက ဆိုသည်။

"ဒီလုပ်ငန်း အောင်မြင်ရေးအတွက် စိုက်ပျိုးရေးသုတေသနနဲ့ စိုက်ပျိုးရေးပညာ အဆင့်မြင့် ဗဟိုဌာနတခုကို
ရေဆင်းမှာ တည်ထောင်သွားမှာဖြစ်ပြီး ဆန်စပါး ဇီဝဥယျာဉ်ကိုလည်း အိန္ဒိယနိုင်ငံရဲ့ ငွေကြေးအထောက်အပံ့နဲ့
မြန်မာနိုင်ငံမှာ တည်ထောင်သွားမှာ ဖြစ်ပါတယ်" ဟု မစ္စတာ အာနန်း ရှားမား က ပြောသည်။

အရည်အသွေးမြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အရေးပါမှုကိုလည်း "(အိန္ဒိယ) မီဇိုရမ်ပြည်နယ်နဲ့
မြန်မာနိုင်ငံ စစ်တွေမြို့ ကိုဆက်သွယ်ပေးမယ့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းကိုလည်း အိန္ဒိယ နိုင်ငံက လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုသည်။

စီးပွါးရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ လျှောက်လှမ်းနေရာတွင် အိန္ဒိယနိုင်ငံသည် ခိုင်မြဲသော လက်တွဲဖော်နိုင်ငံအဖြစ်ဆက်ရှိနေမည်ဖြစ်သည်ဟုလည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှု ဝန်ကြီး အာနန်းရှားမား (Anand Sharma) က ပြောဆိုသွားခဲ့သည်။

Microsoft နှင့် မြန်မာနိုင်ငံရှိ MIT ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်

ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သော မိုက်ခရိုဆော့ဖ်က ၎င်းတို့၏ စီးပွားရေးအင်အား တိုးချဲ့ရန်အတွက်
မြန်မာနိုင်ငံရှိ MIT(Myanmar Information Technology Pte., Ltd.) ကုမ္ပဏီအား Microsoft Develop- ment Partner (MDP) အဖြစ် ခန့်အပ်ကြောင်း ၂ဝ၁၃ခုနှစ် ဇွန်၆ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကြေညာခဲ့သည်။

Microsoftမိုက်ခရိုဆော့ဖ်ကုမ္ပဏီ အရှေ့တောင်အာရှရုံးချုပ်၏ အထွေထွေမန်နေဂျဲာောငနံ မေစနမက ''မိုက်ခရိုဆော့ဖ် အနေနဲ့ အခုလိုမျိုးပူးပေါင်းဆောင်ရွက်ခွင့်ကို အခွင့်အရေးနဲ့ ပင်ကိုစွမ်းရည်တွေ များစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ တည်ဆောက်ခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါ တယ်။ ကျွန်တော်တို့ဟာ ကျွမ်းကျင်ပြီး အလွန်ထူးချွန် တဲ့ ဒေသခံကုမ္ပဏီတွေနဲ့ စီးပွားဖက်တွေပြုလုပ်နိုင်ဖို့ အဓိကထား ဆောင်ရွက်ပါတယ်။ ခိုင်မာတောင့်တင်းတဲ့ ICT နယ်ပယ်နဲ့ ကောင်းမွန်တဲ့ပူးပေါင်းလုပ်ဆောင်သူ ကွန်ရက်တွေဟာ နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်စွာ အကျိုးပြုမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ နေပြည်တော်မြို့မှာ MITနှင့်အတူ ယနေ့ ကြေညာချက် ကို ပြုလုပ်နိုင်တဲ့အတွက် ဝမ်းမြောက်မိပါ တယ်'' ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီဖြစ်သော MIT ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ပြီး ၎င်းမှာ MICT Park tm; Myanmar ICT Development orporation(MICTDC) နှင့် အတူတူထောင်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။ လက်ရှိတွင်ဝန်ထမ်းပေါင်း ၃ဝဝ ကျော်နှင့် လုပ်ကိုင်လျက် ရှိပြီး ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ အပါအဝင် အစိုးရလုပ်ငန်းများအတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီနှင့် လက်တွဲလုပ်ဆောင်ခွင့် ရရှိခဲ့ခြင်းအပေါ် MIT ၏ စီအီးအို ဒေါက်ထွန်းသူရသက်က ''ကျွန်တော်တို့အနေနဲ့ မိုက်ခရိုဆော့ဖ်က MIT ကို မြန်မာနိုင်ငံရဲ့ Mar- k et Development Partner (MDP) အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက်ဂုဏ် ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက် ပြီးတော့
နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မယ်၊့ ကြာရှည်ခံမယ့် လက်တွဲမှုမျိုးရရှိအောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ကမ္ဘာတစ်ဝန်းအတွေ့အကြုံတွေနဲ့ ဖြေရှင်း ချက်တွေက ကျွန်တော်တို့မြန်မာနိုင်ငံရဲ့  ICT
လောကတည်ဆောက်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်'' ဟု ပြောခဲ့ သည်။

မိုက်ခရိုဆော့ဖ်သည် အာရှ-ပစိဖိတ် ဒေသတွင် တွဲဖက်လုပ်ကိုင်သည့်ကုမ္ပဏီပေါင်း ၂၈ဝဝဝကျော်ရှိပြီး ၎င်းကုမ္ပဏီများမှ ဝင်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံနီးပါး ရှာဖွေပေးနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် မိုက်ခရိုဆော့ဖ်အနေဖြင့် အာရှ-ပစိဖိတ်တွင် US တစ်ဒေါ်လာရှာနိုင်တိုင်း ၎င်းပါတနာများက US ၁ဝ ဒေါ်လာထက် ပိုရှာနိုင်သည်ဟု သုံးသပ်ရမည်ဖြစ်သည်။

မိုက်ခရိုဆော့ဖ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော် မင်းဦးက ''မိုက်ခရို
ဆော့ဖ်က မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ဆော့ဖ်ဝဲလ်ပိုင်းတွေမှာ မြန်မာ ဘာသာစကားတွေနဲ့ ပေါ်လာဖို့ ဖြစ်လာနိုင်မယ်ထင်တယ်။

ပြည်တွင်းကပညာရှင်တွေအနေနဲ့ တိုက်တွန်းဆွေးနွေးထားတာရှိတယ်။ သုံးစွဲမှုအပိုင်းမှာ တရားဝင်သုံးလာနိုင်တဲ့ အတွက် ပိုကောင်းလာမှာပါ။ နောက် အသုံးပြုသူတွေ၊ အစိုးရဌာနတွေအပြင် ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ နည်းပညာပိုင်းအကူအညီပေးနိုင်ဖို့ ဖြစ်လာနိုင်ပါတယ်''ဟု သုံးသပ်ခဲ့သည်။

မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ရန် CPI ကြိုးပမ်းနေမှု လူမှုကွန်ယက် ကန့်ကွက်

ချင်းမိုင်(မဇ္စျိမ)။   ။ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု
ကော်ပိုရေးရှင်း (CPI) မှ ပြန်လည်စတင်ရန် ကြိုးစားနေမှုများအပေါ် ကချင် လူမှု ဖွံ့ဖြိုးကွန်ယက် (KDNG) က ကန့်ကွက်ရှုံ့ချလိုက်သည်။

ပီကင်းရုန်ဇီ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လူမှုရေးရာ တာဝန်ခံ အစီရင်ခံစာ (CSR) အတွက်
ပြောင်းရွှေ့ခံ ရွာသား ၄ ဦးအား တွေ့ဆုံ၍ မေးခွန်းများ ဖြည့်ခိုင်းခဲ့သည်ဟု KDNG က ဆို။  

"CPI ငှားထားတဲ့ အဖွဲ့ပဲ။ လူမှုရေးအကျိုးသက်ရောက်မှုတွေက ဒေသစီးပွားရေးနဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက် မှုတွေက ဒီစီမံကိန်း ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်နေတဲ့ အစီရင်ခံစာ ထုတ်ဖို့ လုပ်နေတာ။ ဒါလုပ်တာက
မြစ်ဆုံရေကာတာ ပြန်စတင်ဖို့ လုပ်နေတာလို့ပဲလို့ မြင်တယ်" ဟု KDNG မှ ဒေါ်ဆိုင်းမိုင်က ပြောသည်။

မေးခွန်းများ မေးမြန်းစဉ်အတွင်း CPI ဝန်ထမ်းများလည်း ပါဝင်နေသဖြင့် ထိုအဖွဲ့အား CPI မှ ငှားရမ်းထားခြင်းကို
ဖြစ်မည်ဟု ဆိုသည်။

"ကျမတို့က ဒီအဖွဲ့နဲ့ မေးခွန်းတွေ အသွားအလာရှိတယ်။ သူတို့အဖွဲ့က CPI က ငှားတယ်ဆိုပြီး သူတို့ မပြောဘူး။ သူတို့က ပီကင်းက ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ ပြောတယ်။ နောက် ဒေသခံတွေနဲ့ သွားတွေ့တဲ့ အချိန်မှာ CPI လူတွေလည်း ပါတယ်" ဟု သူက ဆက်ပြောသည်။

ထိုအဖွဲ့သည် မြစ်ဆုံ ရေကာတာ စီမံကိန်းတည်ဆောက်ရန် ပိုမိုကောင်းမွန်တိုးတက်အောင် မည်သို့ လုပ်ဆောင်နိုင်
ကြောင်းကို မြန်မာဘာသာဖြင့် ရေးထားထားသော မွေးခွန်းစာရွက်အား ဖြည့်ခိုင်းခဲ့သည်ဟု ဆိုသည်။

မေးမြန်းလွှာ ရှင်းလင်းချက်တွင် လူရေးတာဝန် အစီရင်ခံစာ ထုတ်ပြန်ရသည့် ရည်ရွယ်ချက်မှာ "လုပ်ငန်းဆောင်ရွက် ရာတွင် ဒေသ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို ပိုမိုထည့်သွင်း စဉ်းစားစေရန် တွန်းအားပေးနိုင်၍" ဟု ရေးသားထားသည်။

ထို့ပြင် မေလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း
မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ တရုတ်အစိုးရက ဆွေးနွေးပြောဆိုခဲ့မှုများ ရှိနေသဖြင့် CPI အနေဖြင့်
မြစ်ဆုံ စီမံကိန်းအား ပြန်လည် တည်ဆောက်ရန် တာစူနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအစီရင်ခံစာကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ပြန်မည်ဖြစ်သော်လည်း မည်သည့်နေ့တွင် ထုတ်ပြန်မည်ကို KDNG မှ ပီကင်းရုန်ဇီအဖွဲ့ထံ မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ကြောင်း ဒေါ်ဆိုင်းမိုင်က
ပြောသည်။

"တရုတ်က မြစ်ဆုံရေကာတာ အကြိမ်ကြိမ် ကြိုးစားနေတယ်။ ခုလည်း ဒီအဖွဲ့က အစီရင်ခံစာ ထွက်လာဖို့ လုပ်နေတယ်။ ဒီလို နိုင်ငံတကာ စံချိန်စံညွန်းတွေကို မလိုက်တာဘူး။ ဒီလို စည်းစနစ်မကျဘဲ လုပ်တဲ့အပေါ်
ဝေဖန်ရှုံ့ချတယ်။ ဒီလို ပြန်ကြိုးစားနေတာကို ဦးသိန်းစိန်အစိုးရ အနေနဲ့ ဒီလိုလုပ်ငန်းတွေကို ရပ်တန့်ပေးဖို့
တောင်းဆိုတယ်" ဟု မဇ္စျိမကို ပြောသည်။

ဒေသခံများ၊ ပညာရှင်များနှင့် စာပေအနုပညာရှင်များအပါအဝင် ကန့်ကွက်မှုများကြောင့် ထိုစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

စီမံကိန်း ပူးပေါင်းဆောင်ရွက်ရန်၊ စစ်တမ်းကောက်မေးခွန်းများ မေးမြန်းရန် မလိုဘဲ ဒေသခံတို့၏တို့၏
မြေယာများကိုသာ ပြန်လည် ရရှိရန်သာ လိုအပ်နေကြသည်ဟု KDND က တောင်းဆိုသည်။

အပစ်ရပ်သော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မရသေးဟု သမ္မတ ပြော

နေပြည်တော် (မဇ္ဈိမ)။   ။ တနိုင်ငံလုံး နီးပါးတွင် အပစ်အခတ် ရပ်စဲနေပြီဖြစ်သော်လည်း ရည်ရှည်တည်တံ့သော ငြိမ်းချမ်းရေး မရှိသေးဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပနေသည့် အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ပြောကြားလိုက်သည်။

ဖိလစ်ပိုင် သမ္မတ Aquino III ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ Klaus Schwab တို့နှင့်အတူ "A Special Conversation" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"အစိုးရသစ် တက်လာတဲ့ အချိန်မှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။ သူများနိုင်ငံတွေမှာဆို လက်နက်ကိုင် အဖွဲ့က တဖွဲ့၊ နှစ်ဖွဲ့ပဲ ရှိပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ ညှိနှိုင်းဖို့ဆိုတာ ခက်ခဲပါတယ်" ဟုလည်း သမ္မတ သက်တမ်း နှစ်နှစ်ကျော် ထမ်းဆောင်လာပြီးသည့် ဦးသိန်းစိန် က ပြောသည်။

၎င်းတို့အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကချင်လက်နက် ကိုင်အဖွဲ့ (KIO) တဖွဲ့သာ ကျန်တော့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ အာဏာရပြီး လပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ကချင် လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် မေလကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၇ ချက်ကို ရရှိခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် နှစ်ပေါင်း ၂၀ ကျော်ခန့် အထီးကျန် နိုင်ငံအဖြစ် နေခဲ့ရကြောင်းလည်း သမ္မတ က ဝန်ခံပြောဆိုလိုက်ပြီး ယခုအချိန်တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကဲ့သို့ ပွဲမျိုးကို ကျင်းပရခြင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ အသိုင်းအဝန်းကြားထဲ ဝင်ဆံ့လာသည့် သဘောပင် ဖြစ်ကြောင်းလည်း သမ္မတ က ပြောသည်။ ယခု အချိန်အခါသည် စီးပွားရေးအတွက် အုတ်မြစ် ချရန် အချိန်ကောင်း ဖြစ်သည်ဟုလည်း ပြောသည်။

ပြန်လည် ထူထောင်မှုများ ပြုလုပ်ရာတွင် အားသာသည့် အချက်များ ရှိသကဲ့သို့ အားနည်းချက်များတွင် စီးပွားရေး
ပြန်လည်ထူထောင်ရန် လုံလောက်သော အရင်းအနှီး မရှိခြင်း၊ ငွေကြေး မရှိခြင်းများလည်း ပါဝင်သည်ဟု
ပြောဆိုလိုက်ပြီး ပိတ်ဆို့ခံထားရမှုများကြောင့် နည်းပညာ တိုးတက်မှု နောက်ကျခြင်း၊ လူသား အရင်းအမြစ်အတွက် ယခုချိန်မှပင် စတင်မွေးမြူရခြင်းများက အားနည်းချက်များ ဖြစ်နေကြောင်းလည်း ဦးသိန်းစိန် က ပြောသည်။

လက်ရှိ အချိန်တွင် တိုင်းပြည် ချမ်းသာစေရန် လုပ်ဆောင်ခြင်းထက် ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ဦးစားပေး လုပ်ဆောင်နေသည်ဟုလည်း ထပ်မံ ပြောဆိုခဲ့သည်။

တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှု မြန်မာနှင့် အိန္ဒိယ ဝန်ကြီးများ ဆွေးနွေး

မြန်မာနိုင်ငံတွင်း တယ်လီဖုန်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရေး ယှဉ်ပြိုင်လျှောက်ထားသည့် ကုမ္ပဏီများကို ရွေးချယ်နေမှု
နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီး အာနန်းရှားမား က မြန်မာကြေးနန်း ဆက်သွယ်ရေးဌာန ဝန်ကြီး ဦးမြတ်ဟိန်းနှင့် သောကြာနေ့က တွေ့ဆုံ
ဆွေးနွေးခဲ့သည်။

ပဏာမ ရွေးချယ်ထားသော ကုမ္ပဏီများကို အပြီးသတ် ရွေးချယ်ရာတွင် ပထဝီ အနေအထားအရ ဆက်စပ်နေမှု၊
နှစ်နိုင်ငံအကြား မဟာဗျူဟာ အကျိုးစီးပွါးများကို ထည့်သွင်း၍ အလေးအနက် စဉ်းစားပါရန် အိန္ဒိယ ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း IANS သတင်းတရပ်တွင် ရေးသားသည်။

ဦးမြတ်ဟိန်း ကလည်း ယှဉ်ပြိုင်လျှောက်ထားသည့် အိန္ဒိယကုမ္ပဏီများ၏ အရည်အချင်း ပြည့်ဝမှုနှင့်ပတ်သက်၍ အပြည့်အဝ ယုံကြည့်စိတ်ချပါကြောင်း၊ ယခုရွေးချယ်ရာတွင်လည်း အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိကာ လွတ်လပ်မှုလည်း ရှိမည်ဖြစ်ကြောင်း မစ္စတာ ရှားမားကို အာမခံ ပြောကြားခဲ့သည်ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအချိန်ထိ မတို့မထိရသေးသော မိုဘိုင်းဖုန်းဈေးကွက်ရှိသည့် မြန်မာနိုင်ငံက မိုဘိုင်း တယ်လီဖုန်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် နှစ်ခု ချထားပေးရန် တင်ဒါခေါ်ယူခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီစုကြီး ၁၂ ခုကို ပဏာမအဆင့်
ရွေးချယ်ထားသည်။ ယခုသီတင်းပတ် အစောပိုင်းက အိန္ဒိယမှ Bharti Airtel ကုမ္ပဏီက နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် လျှောက်ထားလိုက်သည်။

ဝန်ကြီးနှစ်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ တိုင်းပြည်
နှစ်ခုကြား ရေနံနှင့်ဓါတ်ငွေ့ ရှာဖွေရေးနှင့် စပ်လျဉ်း၍ အနာဂာတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာ
ကောင်းများ ရှိနေပြီး အခြေခံ အဆောက်အအုံ၊ ဆေးဝါးထုတ်လုပ်မှု၊ သတင်းနည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကိစ္စများတွင်လည်း အလားတူ အလားအလာကောင်းများ ရှိနေကြောင်း ဝန်ကြီး ရှားမား က ဝန်ကြီး ဦးမြတ်ဟိန်း ကို ပြောကြားခဲ့သည်။

လာမည့်နှစ်အနည်းငယ်အတွင်း "အိန္ဒိယက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိ ကန်ဒေါ်လာ ၂.၆ ဘီလီယံခန့် ရှိနေမှာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်" ဟု အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွါးရေးဖိုရမ် တက်ရောက်နေသည့် အိန္ဒိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ခန့်မှန်းခြေ ဒေါ်လာ ၂၇၃.၅ သန်းရှိပြီး အဆင့် ၁၀ တွင် ရှိနေသည်။

Telenor အုပ်စု၏ဥက္ကဋ္ဌနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်သော Jon Fredrik Baksaas နှင့်လည်း မစ္စတာ ရှားမား
တွေ့ဆုံခဲ့သည်။

မစ္စတာ ရှားမားသည် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကိုလည်း ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အိန္ဒိယဘဏ်များ
မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားမှု ရှိကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွါးရေးဖိုရမ်၏ "ရေရှည်အမြင်" ခေါင်းစဉ်ဖြင့် ကျင်းပသည့်
ဆွေးနွေးပွဲတွင် မစ္စတာ ရှားမား က အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင်း ဆက်သွယ် ဆောင်ရွက်မှုများသည် ခိုင်ခံ့သည့် ဖွံ့ဖြိုးရေးအတွက် လက်တွဲ ဆောင်ရွက်မှုအပေါ်တွင် အခြေခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွါးရေးအရ ဦးစားပေး လုပ်ငန်းများအပေါ်တွင် ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း အလေးပေး ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများနှင့် အလုံးစုံ စီးပွါးရေး လက်တွဲဆောင်ရွက်မှု သဘောတူစာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုး
ပြီးဖြစ်၍ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်သွယ်ဆောင်ရွက်မှုများတွင် ယခုစာချုပ်ပါ ဆက်စပ် လွှမ်းခြုံနေသည့် မူဘောင်က အထောက်အကူပြုလိမ့်မည် ဖြစ်သည်ဟု မစ္စတာ ရှားမား က အသားပေး ပြောကြားခဲ့သည်။

၂၀၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် အိန္ဒိယနှင့် မြန်မာတို့က ရည်မှန်း ထားသည်။ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၁.၇၀၈ ဘီလီယံရှိပြီး ၂၀၁၂ က ၁.၈၇၂ ဘီလီယံ ရှိခဲ့သည်