Wednesday, June 12, 2013

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ၀န်ကြီးဌာနများမှ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက် ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော် ဆန္ဒပြ

wishshow-june12

ဥပဒေမဲ့ သိမ်းယူထားသည်ဆိုသော မြေကွက်ခုနစ်ရာကျော် ပြန်လည်ရရှိရေးအတွက် ဇွန် ၁၁ ရက်တွင် မြေပိုင် ၇၀ ကျော်က ဆန္ဒပြထုတ်ဖော် နေစဉ် (ဓာတ်ပုံ-အောင်ရဲကို)

Sky net ၊ ယုဇန၊ ၀ါဝါ၀င်း၊ ဧဒင်ကုမ္ပဏီများနှင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ ဥပဒေမဲ့ သိမ်းယူလွှဲပြောင်း ထားသည်ဆိုကာ မြေကွက် ခုနစ်ရာကျော်၏ ပိုင်ရှင်များမှ ပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင် ၇၀ ကျော်က ဆန္ဒပြမှုအား ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒ ထုတ်ဖော်မှုများတွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ရှေ့မှ ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ကုမ္ပဏီ ဥပဒေမဲ့ သိမ်းယူထားသည်ဆိုပြီး အဆောက်အအုံ ဆောက်လုပ်သည့် ဗိုလ်တထောင်မြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဂိုဒေါင်အဖြစ် အသုံးပြုလျက်ရှိသည့် မြေနေရာဝင်းနှင့် မည်သည့်အဆောက် အအုံများမှ ဆောက်လုပ်ထားခြင်း မရှိသေးသည့် စီအိုဒီ ၀န်းအတွင်းသို့ စီတန်းလမ်းလျှောက်ခြင်းနှင့် မြေနေရာများ ပြန်ရရှိရေးဟူသော ကြွေးကြော်သံများ ဟစ်ကြွေးဆန္ဒ ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုမှာ သုံးကြိမ်မြောက်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ၊ လွှတ်တော်အသီးသီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ တိုင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

လျော်ကြေးပေးခြင်း မရှိဘဲ ဥပဒေမဲ့ သိမ်းဆည်းခံ ထားရသော မြေကွက်တစ်ကွက်၏ ပျှမ်းမျှအကျယ်မှာ ၂၅ ပေ _ ၅၈ ပေရှိပြီး ၇၁၃ ကွက်ရှိပြီး ရာဇာဓိရာဇ်လမ်း၊ ဗန္ဓုလလမ်း၊ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ မြေများမှာ နှစ် ၉၀ သက်တမ်းရှိ ဂရန်မြေများဖြစ်ပြီး ၁၉၉၄ အထိ ကုန်သွယ်ရေး ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနတို့မှ ငှားရမ်းခဲ့ကြောင်း သိရသည်။

မြေပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "လျော်ကြေးမပေး စာမလာနဲ့ နိုင်ငံရဲ့ လိုအပ်ချက်ဆိုပြီး သိမ်းယူခဲ့တာ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင်တွေပါ။ ဂရန်တွေ အပြည့်အစုံ ရှိတယ်။ သူတို့ ဌာနတွေကို ငှားရမ်းခဲ့တဲ့ စာရွက်စာတမ်းတွေ ငှားရမ်းခ ရရှိတဲ့ ပြေစာစာရွက်တွေ ကျွန်တော်တို့ဆီမှာ အခိုင်အမာ ရှိပါတယ်" ဟုဆိုသည်။

သို့သော်လည်း အိုးအိမ်ဦးစီးဌာနမှ နိုင်ငံတော်၏ လိုအပ်ချက်အရ ဟုဆိုကာ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင် ယုဇန၊ ဧဒင်၊ ၀ါဝါ၀င်း ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ပြန်လည်ရောင်းချ နေသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပြီး ဖြေရှင်းချက် မပေးပါက ရန်ကုန်မြို့ပေါ်ရှိ မြေသိမ်းခံသူများနှင့် ပူးပေါင်းကာ ထပ်မံဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း မြေသိမ်းခံရ၍ ဆန္ဒပြသူများထံမှ သိရသည်။

မြေသိမ်းခံရသူ ကိုတင်ဦး ဆိုသူကလည်း "အခုဆို ဂရန်သက်တမ်းက ကျန်သေးတယ်။ မြေသိမ်းခံခဲ့ရတဲ့ ၁၉၉၄ ခုနှစ်ကတောင် နှစ်နှစ်ဆယ် သက်တမ်းရှိသေးတယ်။ အဲဒါကို အိုးအိမ်က ဒီခရိုနီ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အိမ်ရာတွေ ဆောက်လုပ်ဖို့ လုပ်နေတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး" ဟုဆိုသည်။

သိမ်းယူခံထားရသော မြေကွက်များ၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ အဆောက်အအုံ တစ်စုံတစ်ရာမှ ဆောက်လုပ်ခြင်း မရှိသေးသဖြင့် ပြန်လည်ရရှိရန်နှင့် ဥပဒေမဲ့ ဆောက်လုပ်နေသော ကုမ္ပဏီများအား အရေယူ ဆောင်ရွက်ပေးရန် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ပေးရန် သမ္မတ၊ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ


bosonpak-june12

ဗိုလ်ဆွန်ပက် ကွန်ဒိုရှိ ကားပါကင်တွင် ရေနစ်မြုပ်နေသော ကားကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံး နှစ်ပေအထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်တွင် ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။

ရေကြီးရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉ လမ်း၊ ၃၁ လမ်းတို့ဖြစ်ကာ ထိုလမ်းများ၏ အချို့နေရာများတွင် နှစ်ပေခန့်အထိ ရေလျှံနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယင်းလမ်းများတွင် အလုပ်လုပ်ကိုင် နေသောသူများ အခက်ကြုံခဲ့ရပြီး၊ ရေလျှံမှု ဖြစ်ပေါ်သော အချိန်၌ အမှိုက်သရိုက် များသည်လည်း လမ်းပေါ်တွင် မျောပါနေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ဆွန်ပက် ကွန်ဒိုတွင်လည်း မြေညီထပ်ထိ ရေ၀င်ရောက်မှုမှာ ငါးပေခန့်ရှိကာ အောက်ဆုံးထပ် ကားပါကင်တွင်မူ ကားနှစ်စီး ရေမြုပ်သွားသည်အထိ ဖြစ်ခဲ့ရပြီး တစ်စီးကို ဇွန် ၁၀ ရက် နံနက်ပိုင်းက ကရိန်းဖြင့်ပင် လာရောက်ဆယ်ယူ သွားခဲ့ရကြောင်း သိရသည်။

"အခုထက်ထိ ကျွန်တော့်ကားက ရေမြုပ်နေတုန်းပဲ။ အောက်ထပ် ကားပါကင်ကို ရေ၀င်တာ ငါးပေကျော်လောက် ရှိမယ်။ အခု ရေလာစုပ်ထုတ်တယ် ဆိုတဲ့ပိုက်လုံးကလည်း အလုံးတော်တော် သေးသေးနဲ့ စုပ်ထုတ်နေပါတယ်" ဟု ရေနစ်မြှုပ်နေသည့် ဗိုလ်ဆွန်ပက် ကွန်ဒိုမှ ကားပိုင်ရှင်က ဆိုသည်။

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် သမ္မတ ဦးသိန်းစိန် ပြောကြား

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် မလေးရှား နိုင်ငံသို့ သွားရောက်မည့် မြန်မာအထူး ကိုယ်စားလှယ် အဖွဲ့အား သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် အသတ်ဖြတ်ခံနေရမှုနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဇွန် ၁၁ ရက် ညနေပိုင်းတွင် မလေးရှား လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ခြောက်ဦးလည်း ပါဝင်မည်ဖြစ်ပြီး အေဂျင်စီ ကိုယ်စားလှယ် တစ်ဦးမှာ ရှေ့ပြေးသွားရောက်ပြီး ဖြစ်ကြောင်း သိရသည်။

"ဒီအထူး ကိုယ်စားလှယ် အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရ အနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။ ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက် ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက် မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။ ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ် အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံ သားများကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ဖို့ ခုလိုစေလွှတ်လိုက်တာ ဖြစ်ပါတယ်" ဟု နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

"မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင်း ညှိနှိုင်းဆောင်ရွက် ပေးစေလိုတဲ့ အချက်တွေကို ဒီအထူး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တချို့ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ သေဆုံးသူဦးရေ ၆ ဦး ရှိသွားပြီဖြစ်ပြီး အတွင်းလူနာအဖြစ် 
ဆေးရုံတင်ထား ရသူဦးရေမှာ ၁၂ ဦး ရှိသွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသော တိုင်းရင်းသားများအား ပြန်မသွားမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို စဉ်းစားမည်


rakhaine-june12

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့သို့ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသား မိသားစု တစ်စုအား မေလ ဒုတိယပတ်က တွေ့ရစဉ်

ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက်လာသော ရခိုင်တိုင်းရင်းသားများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်မသွားဟု ဆိုမှသာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ကို ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ် အတွင်းသို့ ခိုလှုံလာကြ သူများထဲတွင် သက်၊ မြို၊ ရခိုင်၊ ဒိုင်းနက် လူမျိုးများ ပါဝင်ပြီး မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် အတွင်းသို့ ရောက်ရှိနေသော အိမ်ထောင်စု အရေအတွက်မှာ ၁၅၈ စုဖြစ်ကြောင်းနှင့် ကျားမ လူဦးရေမှာ ၇၂၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသော်လည်း မောင်တောဒေသခံများ၏ အဆိုအရ အိမ်ထောင်စု ၂၅၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ကျော်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

တစ်နှစ်စာ ဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး . . . . .

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက "မြန်မာပြည်ထဲကို ၀င်လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို နိုင်ငံသားဖြစ်ခွင့် ပေးမပေးဆိုတာ နောက်မှစဉ်းစားမယ်။ အဓိကတော့ မပြန်တော့ဘူးဆိုရင် သူတို့အတွက် ထည့်စဉ်းစားပေးမယ်။ အခု လောလောဆယ်တော့ ပြည်နယ်အစိုးရက တစ်နှစ်စာဆန်တွေ၊ ဆီတွေ၊ အသုံးစရိတ်တွေ ထုတ်ပေးထားတယ်။ နေရာထိုင်ခင်းအတွက် စီစဉ်ပေးနေတယ်။ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ ဖြစ်သင့်ရင် ဖြစ်မယ်၊ မဖြစ်သင့်ရင်တော့ မဖြစ်သေးဘူး။ သူတို့မှာလည်း အသက်အန္တရာယ်ရှိလို့ ပြေးလာကြတာတော့ သေချာတယ်" ဟု ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသူများသည် ယင်းနိုင်ငံတွင် ဆက်လက်နေထိုင်၍ မရတော့သည့် အနေအထားကြောင့် ထိုသို့ထွက်ပြေး ခိုလှုံလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အမြဲနေထိုင် သွားကြမည့်သူများ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာသူများထံမှ သိရသည်။

အစိုးရ ဌာနဆိုင်ရာ အသီးသီးတွင် အဂတိ လိုက်စားမှု ပပျောက်ရေး နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည်

ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီး၌ အဂတိလိုက်စားမှု ပပျောက်ရေးကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံမှ လျှောက်လမ်းနေသည့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းလာရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဂတိ လိုက်စားမှုကို နိုင်ငံတကာ စံနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် . . . . .

ဒေါက်တာ ဇော်ဦး MDRI-CESD က "အခုလို ဆွေးနွေးခြင်းအားဖြင့် အဂတိ လိုက်စားမှု ပပျောက်ရေး လက်တွေ့ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း ဌာနဆိုင်ရာ အသီးသီးကလည်း အဂတိ လိုက်စားမှု ပပျောက်ရေး ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ စံတွေနဲ့အညီ ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ်မှာ လက်တွေ့စဉ်းစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်က အင်မတန်မှ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ဆက်သွားနိုင်ဖို့ အခွင့်အလမ်းတွေထဲမှာ နိုင်ငံတကာ သင်ခန်းစာနှင့် အတွေ့အကြုံတွေကို ယူပြီး ဆောင်ရွက်ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ် ဆိုပြီးတော့လည်း ကျွမ်းကျင်ပုဂ္ဂိုလ်တွေက မှတ်ချက်ပေးထားတာ ရှိပါတယ်" ဟု ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဒေါက်တာ တင်မောင်သန်း MDRI-CESD က "အရေးကြီးဆုံး အချက်ကတော့ ဒုသမ္မတက သူ့မိန့်ခွန်းထဲမှာ ပွင့်လင်းမြင်သာမှုနှင့် အဂတိ လိုက်စားမှု အဆင့်မှာ တော်တော်နိမ့်တဲ့ နေရာကို ရောက်နေတယ်ဆိုတာ အသိအမှတ်ပြု ပြောကြားသွားတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ခေါ်လာတာကိုလည်း အစိုးရက လက်ခံတယ်။ အဖွင့်မိန့်ခွန်းကို ပြောလာတဲ့ ဒုသမ္မတကြီး ပြောတာကိုက ကြီးမားတဲ့ ခြေလှမ်းပေါ့။ အဂတိ လိုက်စားမှုကို အားလုံးဝိုင်းစဉ်းစားကြရင် တစ်စုံတစ်ရာ ပေါ်လာမှာပဲလို့ ယူဆပါတယ်။ အကျင့်ပျက် ခြစားမှုက လုပ်ငန်းလုပ်တဲ့ စနစ်ပေါ်မှာလည်း မူတည်တယ်။ လုပ်ပိုင်ခွင့် အာဏာတည်ဆောက် ထားပုံကိုလည်း ပြောင်းဖို့ လိုအပ်တယ်။ အဲ့ဒါတွေက အစိုးရဌာန ပြုပြင်ပြောင်းလဲရေးနဲ့လည်း ဆက်စပ်နေတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်ချက်ပါပဲ" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦး ရှိသည်ဟု မလေးရှား ရဲများကပြောကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ပြောကြား

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦးနှင့် သေဆုံးသူ လေးဦးရှိသည်ဟု မလေးရှားရဲများက ပြောကြောင်း နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၁၁ ရက် ညနေပိုင်းက မလေးရှားနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားသည်။

လောလောဆယ်တွင် မလေးရှားနိုင်ငံ၌ အလုပ်သမား တရားဝင် ဟုတ်မဟုတ် စိစစ်ခြင်းများ များပြားသည့်အတွက် ပထမဆုံး အနေဖြင့် လူ ၁၀၀၀ ဖမ်းသည်ဆိုပြီး သတင်းရကြောင်း၊ သို့သော် အကုန်လုံးကို စိစစ်ပြီး ပြန်လွှတ်လိုက်သည့် အခါတွင် ၁၉၆ ယောက် ကျန်နေကြောင်း၊ နောက်တစ်ကြိမ် စိစစ်သည့် အခါတွင်လည်း UNHCR ၏ ကတ်အတုများ ကိုင်ထားသည့် သူများ ရှိနေကြောင်း၊ သေဆုံးသူ အနေဖြင့်မူ ရဲစာရင်းအရ လေးဦးသာရှိကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံ . . . . .

"အခု လောလောဆယ် သေဆုံးတယ်ဆိုတဲ့ အနေနဲ့ ရဲကလာပြီး ပြောဆိုတာ လေးဦးပဲ ရှိပါတယ်။ အဲဒီထဲက တစ်ဦးကို သင်္ဂြိုဟ်ခွင့်ပြုပြီး ဖြစ်ပါတယ်။ မလေးရှားမှာပါ။ သံရုံး အစီအစဉ်နဲ့ မဟုတ်ပါဘူး။ သူတို့ရဲရဲ့ အစီအစဉ်နဲ့ ဖြစ်မယ်။ နာရေးကူညီမှု အစီအစဉ်နဲ့ ဖြစ်မယ်" ဟု ဦးဇင်ယော်က ဆိုသည်။

မလေးရှားသို့ သွားရခြင်း အကြောင်းမှာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပို၍ထိရောက်သည့် အကာအကွယ် ပေးမှုများ ရရှိနိုင်ရန် သွားရောက်ခြင်း ဖြစ်ပါကြောင်း၊ ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

အခြားနိုင်ငံသို့ ဧည့်သည်အဖြစ်နှင့် ရောက်နေခြင်း ဖြစ်သည့်အတွက် အဆိုပါ နိုင်ငံ၏ ဥပဒေဘောင် အတွင်းမှသာ အကာအကွယ်၊ အကူအညီ ပေးနိုင်မှုများ လုပ်၍ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် အတည်ပြုချက် ရယူရခြင်းများ ရှိသည့်အတွက် သတင်းထုတ်ပြန်မှုများ နှောင့်နှေးမှုများ ရှိသည်ဆိုသည်မှာ မှန်ကန်ပါကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

မလေးရှားတွင် မြန်မာလုပ်သားများ၏ လုပ်အားသည် မရှိမဖြစ် အရေးပါသည် ဆိုသည်ကို လုပ်ငန်းရှင်များ အနေနှင့် သိရှိပြီး ဖြစ်သည့်အတွက် ကျန်ခဲ့မည့် သူများအတွက် မလေးရှား အစိုးရတင် မဟုတ်ဘဲ မလေးရှား လုပ်ငန်းရှင်များ၏ အကူအညီ၊ သံရုံးက ကူညီနိုင်သည့် အကူအညီများသည် ယခင်ကထက် ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ပါကြောင်း၊ မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး သေဆုံးပါက မြန်မာပြည်တွင် ကျန်ရှိသော ဆွေမျိုးသားချင်းများ၏ တရားစွဲမှုများ ရှိလာနိုင်သည့်အတွက် မလေးရှား ဥပဒေအရ ချက်ချင်းသင်္ဂြိုဟ်၍ မရသည့်အတွက် ကြန့်ကြာမှုများ ရှိရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အချို့တိုက်ခိုက်မှုများတွင် စီစီတီဗီ ကင်မရာများဖြင့် ရိုက်ကူးထားခြင်းများ ပြုလုပ်ထားသည့်အတွက် လူလုံးမကွဲသော်လည်း ခြေရာခံ ရရှိမှုများ ရှိနေပြီဖြစ်ကြောင်း၊ မလေးရှား ရဲမှူးကိုယ်တိုင် စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးမည် ဆိုသည်ကို သံရုံးသို့ ပြောကြားထားကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ် ဇွန်လ ၁၈ ရက်တွင် ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်ကို ဇွန်လ ၁၈ ရက်တွင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ ကုန်သည် စက်မှု အသင်းချုပ် မှတဆင့် သိရသည်။

"ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်မှာ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ
ရေး အေဂျင်စီတို့ဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု အသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တောင်ကိုရီးယား နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၄ နေရာတွင် ရှိနေသည်ဟု ဆိုသည်။

"ကိုရီးယားနိုင်ငံဟာ ၂၀၁၂ ခုနှစ်၊ မတ်လ ကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၂,၉၀၀ ကျော် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလကုန်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်ထိ ရင်းနှီး မြှုပ်နှံထားပါတယ်။ ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အပိုင်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့
နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားသို့ အဝတ်အထည်၊ ပဲ၊ ရေထွက်ကုန်၊ ကျောက်စိမ်း၊ သစ် စသည့် ကုန်များကို တင်ပို့လျက်ရှိပြီး ကိုရီးယားနိုင်ငံမှ မော်တော်ယာဉ်၊ စက်ပစ္စည်း၊ သံနှင့် စတီး ပစ္စည်းများနှင့် ပလပ်စတစ် ကုန်ကြမ်းများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။

လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ

လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။

ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ကယ်လ်ဒီနာ အမျိုးအစား အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်တွင် မှုဆယ်မြို့သို့ လူကုန်ကူးမည်ဟု မသင်္ကာသူများကို တွေ့ရှိခဲ့သည်ဟု လည်းဆိုသည်။

လူကုန်ကူးသူများအဖြစ် ရဲက သံသယရှိသူများမှာ လှိုင်သာယာတွင် နေထိုင်ကြသည့် အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင်၊ အသက် ၃ဝ အရွယ် မစုစုလှိုင် (ခ) မပိုးအိ၊ အသက် ၂၇ နှစ်အရွယ် မဆုဆုလှိုင် (ခ) မကြယ်စင်နှင့် မူဆယ်မြို့နယ်တွင်နေသည့် အသက် ၅ဝ အရွယ် ဒေါ်မိုးမိုးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ လေးဦးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို လူကုန်ကူးရန် စီစဉ်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

သူတို့သည် အဆိုပါအမျိုးသမီးကို အဝေးပြေး ခရီးသည်တင်ယာဉ်ဖြင့် မူဆယ်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

လူကုန်ကူးသူများအဖြစ် ရဲများက သံသယရှိသူ လေးဦးကို အရေးယူပေးရန် ဒုရဲမှူးဝင်းမြင့်က တရားလို
ပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၃၂၁/၁၃ ဖြင့် အမှုဖွင့်ထားကာ လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် လူကုန်ကူးမှု သံသယရှိလျှင် ပြည်သူများ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို အစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းများသို့ ဆက်သွယ် တိုင်တန်းမှုများကြောင့် အမှုအများအပြား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

အကြမ်းဖက်တရားခံများကို ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားရဲမှူး ကတိပေး

မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ သေဆုံးဒဏ်ရာရရှိမှုများအပေါ် အကြမ်းဖက် တရားခံများအား ဖော်ထုတ်အရေးယူပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြောဆို သွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော် က ဇွန်လ ၁၁ ရက်တွင်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ကူညီဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး
ဒေါ်ဝင်းမော်ထွန်း တို့ပါဝင်သည့် ကိုယ်စားလှယ် လေးဦးက ဇွန်လ ၁၁ ရက် ညနေတွင် မလေးရှားသို့ ထွက်ခွာသွားပြီလည်း ဖြစ်သည်။

''တချို့တိုက်ခိုက်မှုတွေမှာ CCTV ကင်မရာနဲ့ ရိုက်ထားတာတွေရှိပါတယ်။ လူလုံးမကွဲတာတို့ ၊ လူရှာတာတို့ စသဖြင့်ပေါ့။ Footage တွေကိုတော့ မိပါတယ်။ ဒီဟာတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးပါ မယ်ဆိုပြီးတော့ သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာလာတွေ့ပြီးတော့ ပြောပါတယ်။ ခုလောလောဆယ်တော့ ဖမ်းဆီးရမိတဲ့သူ မရှိဘူးလို့ သိရပါတယ်'' ဟု ဦးဇင်ယော်၏ ပြောဆိုချက်ကို
နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြခဲ့သည်။

မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကို မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းသို့ပို့ခြင်း ၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အရ နှစ်ဖက်အစိုးရဆွေးနွေးပြီး ဆောင်ရွက်ရမည်ဟုလည်း ဒုဝန်ကြီး ဦးဇင်ယော် က
ပြောဆိုခဲ့သည်။

မလေးရှားရဲများက မြန်မာများကို မြင်ပါက ထိန်းသိမ်းခေါ်ဆောင်မှုများလည်းရှိနေပြီး အချို့မှာ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်းလည်း မလေးရှားရှိ မြန်မာဘုန်းတော်ကြီး ဦးဣန္ဓကက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဆရာတော် ဦးဣန္ဓက၏ မြန်မာဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေရသည့် မြန်မာအလုပ်သမားပေါင်း ၂ဝ ခန့် ရှိနေပြီး ၎င်းတို့မှာ အဝတ်အစားအခက်အခဲရှိကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

''အစားအစာကတော့ ဦဇင်းရဲ့ကျောင်းမှာ အဆင်ပြေနေတယ်လေ။ သူတို့ အဝတ်အစားတော့ အခက်အခဲရှိ မယ်ထင်တယ်။ အပြင်ထွက်ဖို့က ထိတ်ထိတ်ပြာပြာနဲ့ နေရတုန်းပဲ။ ပြန်မယ်လို့ပဲ ပြောနေကြတယ်'' ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

မလေးရှားရဲများက မြန်မာနိုင်ငံသား လေးဦးသာသေဆုံးခဲ့ကြောင်း မြန်မာသံရုံးသို့ သတင်းပေးပို့သည်ဟု
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇင်ယော်က နိုင်ငံပိုင်ရုပ်သံတွင် ပြောဆိုခဲ့သော်လည်း
မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်။

ဂျပန်ကူညီမည့် ရန်ကုန်-မန္တလေး ခေတ်မီရထားလမ်း လေ့လာမှုပြီးစီး

ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ ၁.၇ဘီလီယံ ထောက်ပံ့မည့် ရန်ကုန်-မန္တလေးခေတ်မီရထားလမ်း တည်ဆောက် လုပ်ရေးအတွက် လေ့လာမှုများအား အပြီးသတ်ပြုလုပ်နိုင်ခဲ့ပြီဟု သိရသည်။

 

ကီလိုမီတာ (၆၄၀)ခန့်ရှည်လျားသော ခေတ်မီ မီးရထားလမ်း ဖောက်လုပ်ခြင်း ကန်ထရိုက်ကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများသို့ ပေးအပ်မည်ဖြစ်ပြီး ကနဦးလေ့လာမှုလုပ်ငန်းများအတွက် ဂျပန်နိုင်ငံက ထောက်ပံ့ ခဲ့သောကြောင့်ဖြစ်သည်ဟု မြန်မာ့မီးရထားလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး သူရဦးသောင်းလွင်က   ပြောကြားထားသည်။

 

ဂျပန်နိုင်ငံမှ အဆိုပါစီမံကိန်းအတွက် ချေးငွေလည်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာအစိုးရမှ ဒီဇယ်မီးရထားစက်ခေါင်းများနှင့်လူစီးတွဲများကို ပြည်တွင်းတွင် ၂၀၁၅ခုနှစ်၌ တရုတ်၏ အကူအညီဖြင့် ထုတ်လုပ်သွားရန်စီစဉ်နေကြောင်း သူရဦးသောင်းလွင်က ဆိုသည်။

 

" စက်ခေါင်းထုတ်လုပ်တဲ့ စက်ရုံနဲ့ လူစီးတွဲထုတ်လုပ်တဲ့စက်ရုံကို ၃နှစ်အတွင်းမှာ လည်ပတ်နိုင်မှာဖြစ်ပါတယ်။ဒီ တင်ဒါကို တရုတ်ကုမ္ပဏီတခုကို ပေးအပ်မှာ ဖြစ်ပါတယ်။ " ဟု သူရဦးသောင်းလွင်က ပြောကြားခဲ့သော်လည်း မည်သည့်တရုတ် ကုမ္ပဏီဖြစ်သည်ကို ဖော်ထုတ်ပြောဆိုခဲ့ခြင်း မရှိပေ။

 

အဆိုပါ စက်ရုံတည်ဆောက်မှုအတွက် ကန်ဒေါ်လာ ၁၀၀ မီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်း ခန့်ကို တရုတ်ချေးငွေဖြင့် ရယူသုံးစွဲမည်ဖြစ်ကာ ကျန်ရှိသော ၁၀ရာခိုင်နှုန်းကို မြန်မာနိုင်ငံ၏ နှစ်စဉ် ဘတ်ဂျက်ဖြင့် သုံးစွဲသွားမည်ဟု သိရသည်။

 

အဆိုပါမီးရထား စက်ခေါင်းတွဲများအတွက် ဒီဇယ်အင်ဂျင်များကို နေပြည်တော်တွင် ထုတ်လုပ်မည်ဖြစ်ပြီး လူစီးတွဲများကိုမူ မန္တလေး၌ ထုတ်လုပ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မီးရထားလမ်း အရှည် (၄၀၀၀)ကီလိုမီတာခန့်ရှိပြီး ဘူတာရုံပေါင်း (၉၂၆) ရုံခန့်ရှိကာ အသုံးပြုနိုင်သည့် မီးရထားပေါင်း (၄၃၆) စီးခန့်ရှိသည်။

 

မြန်မာ့မီးရထားမှ မီးရထားပေါင်း (၄၁၂)ခု ၊ လူစီးတွဲပေါင်း (၃၂၀၄) ခုဖြင့် လက်ရှိ ပြေးဆွဲနေသည်။

 

McKinsey and Co., မှထုတ်ပြန်သောအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၃၀ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ရရှိရန် (၆၅၀) ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး (၃၂၀) ဘီလီယံခန့်ကို အခြေခံ လမ်းပန်းဆက်သွယ်ရေး နှင့်အခြားကနများ တိုးတက်စေရေးအတွက် အသုံးပြုရမည်ဖြစ်သည်။