Saturday, July 27, 2013

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု ကြေးနီ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံး ပြန်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

"လာမယ့် ၂ လအတွင်းမှာ စီမံကိန်းကို စလုပ်တော့မယ်။ စီမံကိန်းစတာနဲ့ လုပ်သားပေါင်း ၁၃၀၀ ကို အလုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ဝန်ကြီး ဦးလှထွန်းက ပြောဆိုသည်။

ထို ကြေးနီစီမံကိန်း ပြန်စမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ- ဝမ်ပေါင်ကြေးနီကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ ဂျန်းရီကလည်း "မြန်မြန် စနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ရပ်ထားတဲ့ အချိန်တုန်းကလို ဆုံးရှုံးမှုတွေ ထပ်မဖြစ်စေချင်ဘူး။ ဒီစီမံကိန်းမှာ အရေးကြီးတာက ဒီစီမံကိန်းကို စလိုက်တာနဲ့ တပြိုင်နက် ဒေသခံတွေအတွက် အကျိုးရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်" ဟု ပြောဆိုသည်။

မြန်မာ- ဝမ်ပေါင် ကုမ္ပဏီက လက်ပန်းတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ရာတွင် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

လက်ပံတောင်း ကြေးနီသတ္တုတွင်းစီမံကိန်းအတွက် ကန်ထရိုက်စာချုပ်ကို အသစ်တဖန် ပြန်လည်ချုပ်ဆိုခဲ့ရာ မြန်မာအစိုးရအနေဖြင့် အမြတ် ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း ရရှိကြမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းပေးပို့ချက်အရ သိရသည်။

စာချုပ်အရ အသားတင်အမြတ် ၂ ရာခိုင်နှုန်းကို  စီမံကိန်းလူမှုတာဝန်အတွက် သုံးစွဲရန် ရာထားခဲ့ပြီး အထူးသဖြင့် စီမံကိန်းဝန်းကျင်မှ ရပ်ရေးရွာရေး လိုအပ်ချက်များကို တာဝန်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အသုံးပြုမည်ဟု သိရသည်။

စာချုပ်အရ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီသော သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၀မ်ပေါင် သတ္တုတွင်းလီမီတက်မှ စီးပွားဖြစ် ထုတ်လုပ်ရေး လုပ်ဆောင်နေစဉ် ကာလအတွင်း တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂ သန်း ပေးအပ်ရမည် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ပုလဲမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင် က "အခုလို ပြောင်းလဲလာတဲ့ အပေါ်မှာတော့ ကျမတို့ ကြိုဆိုပါတယ်။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေရကနေ အခုလိုပြန်ရတာကိုး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုက အားနည်းနေတုန်းပဲလို့ ကျမတို့ သုံးသပ်တယ်" ဟု ဧရာဝတီကို ပြောဆိုပြီး စာချုပ်ကို အများပြည်သူတွေ လေ့လာခွင့်ရရှိစေရန် ထုတ်ဝေချပြရန်လည်း တိုက်တွန်းသည်။

ကြေးနီစီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယခင်အစိုးရ နည်းတူ ပွင့်လင်းမြင်သာမှု မရှိဘဲ စာချုပ်ပြင်ဆင်ရေးတွင်လည်း အသိပေးခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ဆိုသည်။

"လူထုကို သေချာ ချမပြခဲ့လို့ ပြသနာတွေ ဖြစ်ခဲ့ပြီးပြီ။ အခုလည်း လူနည်းစုနဲ့ပဲ စာချုပ်ကို ပြင်တယ်။ ဒါကတော့ မကောင်းဘူး။ မနေ့ကလည်း ဒီကိစ္စကို လွှတ်တော်မှာ ရှင်းပြသွားတာတွေ လုပ်ခဲ့ပေမယ့် အသေးစိတ် ရှင်းပြတာတွေ မလုပ်ခဲ့ဘူး"ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

စီမံကိန်းကို ဇွန်လ ၃ ရက်နေ့ ညပိုင်းက ခေတ္တရပ်နားပေးရန် ကုမ္ပဏီနဲ့ သဘောတူ ခဲ့ကာ ကြေးနီစီမံကိန်း စာချုပ်ပြင်ဆင်ချက်ကို ဇူလိုင်လ ၂၅ ရက်နေ့က ပြန်လည်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခန်းအနားသို့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ မြင့်အောင် နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နှင့် ၀မ်ပေါင်သတ္တုတွင်း လီမီတက် ဥက္ကဌ Chen Defeng တို့ တက်ရောက်ခဲ့ကြသည်။

လက်ပံတောင်းကြေးနီ သတ္တုတွင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် တည်ရှိသည်။

စီမံကိန်းကို ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုး ကုမ္ပဏီပြန်လည်ထွက်ခွာသွားပြီး ၂နှစ် အကြာ ၂၀၁၀ခုနှစ် မတ်လတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် ၀မ်ပေါင် သတ္တုတွင်းလီမီတက်တို့က သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ကြသည်။

လက်ပံတောင်း ကြေးနီသတ္တုတွင်း စီမံကိန်း ၏ အကျိုးအမြတ်ခွဲဝေမှုနှင့် ပတ်သက်၍ ယခင်က သဘောတူညီချက်များ အရ မြန်မာအစိုးရက ၁၆.၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ၁၃.၈ ရာခိုင်နှုန်း နှင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ထားသည့် ဝမ်ပေါင် သတ္တုတွင်းလီမီတက်က ၁၃.၃၃ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ထုတ်လုပ်ရေးကုန်ကျ စားရိတ် ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ မကြာခဏ ဆိုသလို ဆန့်ကျင် ဆန္ဒပြတောင်းဆိုခြင်းများ ဖြစ်ပေါ်နေခဲ့ရာမှ  ထိုနှစ် နိုဝင်ဘာလတွင် ဆန္ဒပြသူများကို ရဲများက ပြင်းထန်စွာ နှိမ်နင်းဖြိုခွဲခဲ့သည်။

ထို့နောက် မြန်မာအစိုးရက အတိုက်အခံခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပြီး အဆိုပါ ကော်မရှင်က သမ္မတထံ သို့ ပေးပို့သော အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်နှင့် အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်များ ထိုအကျိုးအမြတ်ကို အပြည့်အ၀ခံစားနိုင်စေရန်အတွက် စီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ထောက်ခံတင်ပြသည်။

သို့သော် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှုများ အပြင် နိုင်ငံတကာဆက်ဆံရေး စသည့် ရှုထောင့် ပေါင်းစုံမှ ထည့်သွင်းသုံးသပ်၍ ပြင်ဆင်သင့်သည့် အားနည်းချက်များကိုလည်း ဖော်ပြခဲ့သည်။

အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် နေ့တွင်ပင် အစိုးရက စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော်ရန် နှင့် မြေယာ ဆုံးရှုံးခဲ့သော ဒေသခံ တောင်သူလယ်သမားများကို နစ်နာကြေးထုတ်ပေးရန်နှင့် ပြန်လည်နေရာချထားပေး ရေး အတွက် သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အထူးကော်မရှင် တခုကိုဖွဲ့စည်းပေးခဲ့သည်။

နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးလှထွန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်ကတည်းက  အကောင်အထည်ဖော်ခဲ့သော်လည်း ဘာပြဿနာမှ မရှိခဲ့ဘဲ ယခုအစိုးရ လက်ထက် နိုင်ငံရေး ကြားဝင် အမြတ်ထုတ်ကြသူတွေကြောင့်သာ  ပြဿနာများ ပေါ်ခဲ့ရကြောင်း ပြောသည်။

ကြေးနီစီမံကိန်းအတွင်းရှိ သာသနိကအဆောက်အအုံတွေကိုလည်း နေရာရွှေ့ပြောင်းပြီး တည်ဆောက်ပေးသွားမည်ဟုလည်း ပြောသည်။

စီမံကိန်းကို ပြန်လည် စတင်လျှင် တလ ကြေးနီ စီးပွားဖြစ် တန်ချိန် ၄ သောင်းမှ ၁ သိန်းအထိ ထုတ်လုပ်သွားမည်ဟု သိရသည်။

ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ

မြန်မာ့အင်တာနက်ဆက်သွယ်ရေးလိုင်းကြောင်းများပြမြေပုံ။မြန်မာ့အင်တာနက်ဆက်သွယ်ရေးလိုင်းကြောင်းများပြမြေပုံ       အင်တာနက် ရေအောက် ဆက်ကြောင်း SE-ME-WE 3 cable ပြတ်တောက်နေတဲ့အတွက် ပြည်တွင်းမှာ အင်တာနက် သုံးစွဲသူအချို့နဲ့ ပြည်ပကို ဆက်သွယ်နေရတဲ့လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကတော့ အခုလို ဆက်ကြောင်း ပြတ်တာကို ပြင်ဆင်နိုင်ဖို့ ရှာဖွေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ Cable ဆက်ကြောင်း ပြတ်တောက်မှုရဲ့ဂယက်က ဘယ်လောက် ကြီးသလဲဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောင်ကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ပျက်နေတာကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာ့ အင်ဂျင်နီယာတွေဟာ ပျက်နေတဲ့နေရာကို ယနေ့ထိ ရှာဖြွေပင်ဆင်နိုင်ဖို့ကြိုးစားဆဲဖြစ်တယ်လို့  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ထွေထွေ မန်နေဂျာဦးကျော်စိုးဝင်းက ပြောပါတယ်။
(SEA-ME-WE 3) ရဲ့ မြန်မာ့ပြည်ဆက်ကြောင်း  လမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်း နဲ့ ကုလားထိပ် ပင်လယ် ပြင်မှာ ပျက်ခဲ့တာ ဖြစ်ပြီးတော့ ပင်လယ်ရေအောက်မှာ ပျက်နေတဲ့အတွက် ရေတက်ရင် ပြင်ဆင်ရေး လုပ်ငန်းတွေရပ်ဆိုင်း ဖြစ်ရတာလို့ ဦးကျော်စိုးဝင်း က ဗီအိုအေကို အခုလို ပြောပါတယ်။

"ဆက်ကြောင်း စခဲ့တဲ့ ပင်လယ်ကမ်းခြေ ကုလားထိပ်ကနေ ဖျာပုံအထိရောက်အောင် ကျနော်တို့ အသေးစိတ်လမ်းလျှောက်ပြီးတော့ တစ်ခုချင်း စက်နဲ့လည်းတိုင်းတယ်။ တွေ့တဲ့နေရာတိုင်းကို ရှာပြီး ကျနော်တို့ ပြုပြင်နေပါတယ်။"

နိုင်ငံတကာနဲ့ ဆက်သွယ်ချိတ်ဆက်နေတဲ့ လိုင်းမှာသာ ပျက်စီးမှု ရှိမယ်ဆိုရင်တော့ ပြင်ဆင်ချိန် အတွက် ၁ လ ခန့် အချိန်ယူရဖို့ ရှိပြီးတော့
ပြည်တွင်းဘက်က ကုန်းတွင်းဆက်ကြောင်းဘက်မှာသာ အဓိက ပျက်မယ်ဆိုရင်တော့ ၂ ပတ်ခန့်နဲ့ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အကြောင်း ဦးစိုးဝင်း ကပြောပါတယ်။

"ဆက်ကြောင်းက ပြည်တွင်းပြည်ပ ဆက်ကြောင်း နှစ်ခုဖြစ်နေလို့ ပြည်တွင်းပိုင်းမှာလည်း ရှာနေပါတယ်။ ပြည်ပဆက်ကြောင်းက ဖြစ်တယ်ဆိုရင် တစ်လလောက်ကြာနိုင်ပါတယ်။ ပြည်တွင်းဆက်ကြောင်းကဖြစ်တယ်ဆိုရင်တော့ နှစ်ပတ်လောက်အတွင်းမှာ ပြီးနိုင်ပါတယ်။"

အခုလို (SEA-ME-WE 3) ကေဘယ်ဟာ အရှေ့တာင်အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပက နိုင်ငံတကာအင်တာနက် ဆက်ကြောင်းတွေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ လာရောက် ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်က အင်ဂျင်နီယာတွေနဲ့ ပြင်ပက နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြင်ဆင်ရမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။ အခုလို အင်တာနက် ဆက်ကြောင်းတွေ ပြတ်တောက်မှုကြောင့် အင်တာနက်
ဆက်သွယ်မှုတွေနဲ့ တချို့ဖုန်းလိုင်းဆက်သွယ်မှုတွေမှာပါ အခက်အခဲတွေရှိနေပါတယ်။  နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးလုပ်ရတဲ့ လေယာဉ်
လက်မှတ် အရောင်းကိစ္စတွေနဲ့ ဟိုတယ်ခန်း ကြိုတင်မှာယူတဲ့နေရာတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုင်တိုင်လည်း ခရီးသွားလုပ်ငန်း ပိုင်ရှင်
တစ်ဦးလည်းဖြစ်၊ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

"အဓိက-ကတော့ GPS လို့ခေါ်တဲ့ Global Positioning System ပေါ့နော်၊ အဲလိုစနစ်သုံးတဲ့သူတွေအတွက်တော့ မဖြစ်နိုင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်တာနက်ကို တခါတည်း Booking တင်ရတဲ့ဟာမျိုးတွေဆိုတော့ အင်တာနက်မရရင် သုံးလို့မရပါဘူး။ Intentional Ticketing အတွက်ကတော့ အခက်အခဲရှိပါတယ်။"

မကြာခဏ ချို့ယွင်းပြတ်တောက်တတ်တဲ့ SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတဲ့ SE-ME-WE-5 အင်တာနက်ဆက်ကြောင်းသစ် ချိတ်ဆက်မှုကိုတော့ ဒီဇင်ဘာလမှာ စတင်သွားမှာ ဖြစ်တဲ့အကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်ခင်ဗျာ။

NASA သိပ္ပံပညာရှင်တွေ နေကိုစူးစမ်း

လွန်ခဲ့တဲ့ တလက စတင်ခဲ့တဲ့ နေကို စူးစမ်းလေ့လာမှုသစ်တခုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နေကို မကြုံစဖူး ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။
NASA အဖွဲ့က နေရဲမျက်နှာပြင်ကိုလေ့လာရာမှာ တွေ့ရတဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက် မျက်နှာပြင် နှစ်ဘက်ပုံရိပ်များ။NASA အဖွဲ့က နေရဲမျက်နှာပြင်ကိုလေ့လာရာမှာ တွေ့ရတဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက် မျက်နှာပြင် နှစ်ဘက်ပုံရိပ်များIRIS လို့ခေါ်တဲ့ ဂြိုဟ်တုကနေဖမ်းယူတဲ့ satellite ပုံရိပ်တွေကနေ နေရဲ့ ကြားခံနယ်မြေကို လေ့လာမှုဟာ လူတွေ သိပ်မသိသေးတဲ့၊ နေရဲ့ အောက်ဆုံး အလွှာမှာရှိတဲ့ လေထုပတ်ဝန်းကျင် အခြေအနေတွေကို စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံးသော ဒီ IRIS satellite ပုံရိပ်တွေအရ နေရဲ့အောက်ဆုံးအလွှာတွင်း လှုပ်ရှားပြောင်းလဲမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက လျှပ်တပြတ် တောက်ပပြီး လျင်လျင်မြန်မြန် မှေးမှိန်သွားတဲ့ အစက်အပြောက် လေးတွေနဲ့ နေရဲ့အနိမ့်ပိုင်း လေထုအတွင်း အပူချိန် အကြီးအကျယ် ကွာခြားမှုတွေကို ဖော်ပြတဲ့ အပ်ချည်မျှင်လို စွမ်းအင်အမျှင်တန်းတွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

နေရဲ့ ဆန်းကြယ်မှုတွေထဲမှာ နေရဲ့ အပေါ်ယံလွှာ လေထုဟာ အပူချိန်ထုတ်လွှတ်ရာ ဗဟိုချက်မကနေ အဝေးဆုံးမှာရှိပေမဲ့လို့ အောက်ခြေ မျက်နှာပြင်ထက် အများကြီး ပိုပြီးတော့ ပူနေရတာ ဘာကြောင့်လဲဆိုတဲ့ အချက် ပါဝင်ပါတယ်။ နေရောင်ခြည်တွေ စွမ်းအင်အဖြစ် ဘယ်လို စုဝေးသွားသလဲ၊ နေရဲ့ အနိမ့်ပိုင်းလေထုတလျှောက် အပူချိန် ဘယ်လို မြင့်တက်လာသလဲ ဆိုတာတွေကို IRIS လေ့လာမှုက စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၈၁ သန်း ကုန်ကျမယ့် IRIS လေ့လာမှုလုပ်ငန်းတွေကို ၂ နှစ်တာ အချိန်ယူ လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နေကို လေ့လာသူတွေ အနေနဲ့ ခုထပ်ပိုပြီး အချိန်ယူ အလုပ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆန်ပြတ်လပ်မှု ပြောင်းနှင့် မျှစ်များ အစားထိုးနေရ

ယခင်နှစ်မှ ဖြစ်ပွားနေသော ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုပြဿနာ များကို ယခုချိန်ထိ ဒေသခံများကြာရှည်ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများ အားနည်းလာကြောင်းသိရသည်။

မိုး အဆက်မပြတ်ရွာသွန်းလို့ မီးမရှို့နိုင်သေးတဲ့ ခေါင်လန်ဖူးဒေသမှ တောင်ယာ။ ပုံ-KNG ကချင်သတင်းဌာန

မိုး အဆက်မပြတ်ရွာသွန်းလို့ မီးမရှို့နိုင်သေးတဲ့ ခေါင်လန်ဖူးဒေသမှ တောင်ယာ။ ပုံ-KNG ကချင်သတင်းဌာန

ဆန်ပြတ်လပ်မှုဖြစ်ပွားနေချိန် ဆန်ဈေးသည်လည်း အဆမတန်ထိုးတက်နေသောကြောင့် ဒေသခံများသည် ဆန်အစား အခြားအစားအစာများကို အသက်ရှင်နေနိုင်ရေးအတွက် စားနေရသောကြောင့် ကြာရှည်တွင်ကျန်း မာရေးထိခိုက်မှု သိသိသာသာရှိလာကြောင်း မချမ်းဘောဒေသခံ ဒေါ်ဂေနာ က KNG ကချင်သတင်းဌာသို့ ပြောသည်။

"ဆန်တွေအရမ်းခက်နေတယ် မချမ်းဘောမှာလည်း ရောင်းတဲ့လူတွေက သိပ်မရှိဘူးလေ။ ဆန်မရှိတဲ့သူတွေက တော့ ပြောင်းဖူးတွေစား၊ တောက မျှစ်တွေရှာစား အဲလိုလုပ်နေကြတယ်။ ဒီဇင်ဘာတောင် မရောက်ခင် ကတည်းက ဆန်ပြတ်သွားတဲ့ သူတွေလည်းရှိနေပြီလေ။ အခုတလောတော့ ပိန်းဥတွေစားနေကြတယ်။  ပိန်းဥကတော့ တပုံးမှာ ၄ ထောင်ရောင်းတယ်။ အခုတလော ဖျားလည်း အရမ်းဖျားတယ်။ ငှက်ဖျားပိုးကများတာနဲ့ တအိမ်ထောင်မှာ ၃ ယောက် ၄ယောက်တော့ ဖျားနေကြတယ်။ သက်ကြီးပိုင်းက သေတာလည်းရှိတယ်။"

ဆန်ပြတ်လပ်သောဒေသများသည် ပူတာအိုမြို့နယ်နှင့် နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်များဖြစ်ကြောင်း သိရသည်။

အဓိက ပြဿနာသည် မိုးအလွန်များပြီး ကြွက်ပေါသောကြောင့် ဒေသခံများ၏လယ်ယာမြေများမှ အသီးအနှံများ၊ စပါးပင်၊ မြက်ပင်ပါမကျန် ကြွက်စားကုန်ပြီး စပါးမဖြစ်ထွန်းသောကြောင့် ဆန်ပြတ်လပ်မှုအပြင် ၀င်ငွေအတွက်လည်း ခက်ခဲသွားခြင်းဖြစ်သည်ဟု မချမ်းဘောဒေသခံ ဒေါ်ဂေနာ က ဆက်ပြောသည်။

"မနှစ်တုံးက စပါးလည်းသိပ်မဖြစ်ထွန်းဘူး။ ကြွက်တွေပေါပြီးစားကုန်တယ်။ အခုတလောက ဆန် ၃ ပုံးမှာ ၅ သောင်းနဲ့ဝယ်စားနေကြတယ်။ မနှစ်တုံးကနဲ့ ဒီနှစ်က ဈေးလည်းအရမ်းတက်တယ်။ အရင်ကဆို ပုံမှန် ၁ ပြည်မှာ ၁ ထောင်ပဲ အခုတော့ ၁ပြည်မှာ ၃ ထောင်ကျော် ကျတယ်။ ကျမတို့ဆီမှာက ဆန်ကိုလည်း အနိမ့်ဆုံးဆိုတာ မရှိဘူး။ တမျိုးထဲပဲရောင်းတာပါ။ လယ်ထွက်စပါးက စားလို့ကောင်းတယ်။ အခုက အောက်ပိုင်းကလာတဲ့ ဆန်တွေဝယ်စားကြတာအညံ့စားပေါ့။ စားလို့မကောင်းဘူး။ ပိုက်ဆံမရှိတဲ့သူတွေ မုဆိုးမတွေက မ၀ယ်စားနိုင်ဘူးလေ။"

ပူတာအိုခရိုင်တွင် ယခင်က ဆန် ၁အိတ် ပေါက်ဈေး ၂ သောင်းခွဲ ဈေးရှိရာ ယခုတွင် ဆန် တအိတ်လျင် ၅ သောင်းအထက် ဈေးရှိနေချိန် ရောင်းမည့်သူများမရှိအခြေအနေဖြစ်သည်ဟု ပြောသည်။

လွန်ခဲ့သည့် မတ်လပိုင်းက အစိုးရဆန်အခက်ခဲဖြေရှင်းသည့်အစီစဉ်ဖြင့် ၁ မိသားစုလျင် နို့ဆီဗူး ၅ ခွက်စီကို ဝေပေးခဲ့ကြောင်း ဒေသခံများပြောသည်။

ဒေသခံများသည် ဆန်အခက်ခဲကြောင့် တရုတ်ပြည်နယ်စပ်သို့ သွားကာ ၀ယ်စားသော်လည်း ခရီးလမ်းဝေးခြင်း နှင့် ငွေရေးကြေးရေး အခက်ခဲကြောင့် ပုံမှန်သွားလာရန် အခက်ခဲဖြစ်နေကြောင့် အချို့ဒေသခံများသည် မြစ်ကြီးနားနှင့် အခြားဒေသများသို့ ပြောင်းသွားသူများလည်းရှိလာသည်ဟု ပူတာအိုဒေသခံ ဦးဒေးဗစ်က KNG ကချင်သတင်းဌာန သို့ပြောပြပါသည်။

"တချို့မိသားစုတွေက မိသားစုအလိုက်ပြောင်း ရွှေမှော်ရှိရာ တနိုင်းသွားကြတယ်။ ဖားကန့်သွားကြတယ်။ အဲလိုပေါ့နော်။ သူ့မိသားစုတွေကို မြစ်ကြီးနားမှာထားပြီးတော့ ပိုက်ဆံရှာနိုင်တဲ့လူတွေက မှော်ထဲသွားကြတယ်။ ကျမ်းမာရေးကျတော့လည်း အင်မတန်မှဆိုးပါတယ်။ ခါတိုင်းနှစ်တွေထက်မကဘူး။ သေတဲ့လူတွေလည်း များတယ်။ ဖျားနာနေတဲ့လူတွေလည်း များတယ်။ စားဖို့သောက်ဖို့က မရှိဘူးဆိုတော့ အဓိက အမျိုးသမီးကလေး တွေက ပိုပြီးခက်ခဲတာပေါ့။ အခုတလောဆိုရင် ဟင်းသီးဟင်းရွက်တွေက နည်းနည်းရှိတယ်ဆိုတော့ အဲဒါတွေနဲ့ ဆန်ပြုတ်လေးတွေ စားကြတာပေါ့။"

ယခုနှစ်မှာလည်း ခေါင်လန်ဖူးမြို့နယ်တွင် ယခင်နှစ်များထက် မိုးအ၀င်နောက်ကျခြင်းကြောင့် လယ်ယာမြေမှာ ရေမရှိပဲလယ်စိုက်ဖို့အခက်အခဲရှိသောကြောင့် လယ်ယာများပစ်ထားခဲ့ကြောင်း သိရသည်။

ပူတာအိုဒေသခံတွင် ဒီဆန်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရန် ပြည်နယ်အစိုးရမှပြီးခဲ့သည့် နှစ်အတွင်း ဆန်အိတ်များကိုလေယာဉ်ဖြင့် ပို့ဆောင်ကာ ရောင်းပေးခဲ့ကြောင်း သိရသည်။

သို့သော် ယခင်နှစ်အတွင်း  ပြည်လိုက်ဖြင့် ၁ ကြိမ်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၃ ရက်အတွင်း ဆန်များကုန်သွားခဲ့သည်ဟု ဦးဒေးဗစ်က ပြောသည်။

"လွန်သွားတဲ့အချိန်ပေါ့နော်။  ကြံ့ခိုင်ရေးက နည်းနည်းကူညီတယ်။ ဒါမဲ့ ကူညီတာတော့မဟုတ်ပါဘူး။ ရောင်းပေးတာပဲတယောက်ကို ၄ ပြည်လောက်ပဲ။ အများကြီးရတဲ့လူတွေပေါ့နော်။ ၁နှစ်လုံးမှာ ၄ ပြည်လောက်ပဲ ပြောတာတော့ အခမဲ့ကူညီတာလို့ပြောတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ပိုက်ဆံကောက်တာပေါ့။"

ယခုနှစ်တွင်လည်း အစိုးရအာဏာပိုင်များနှင့် စီးပွားရေသမားများက ဆန်အိတ်များ ထောင်ဂဏန်း ကြိုတင် သိုလှောင်ထားခြင်းများကို ဒေသခံများမြင်တွေ့ရသော်လည်း ယခုချိန်ရောင်းပေးခြင်းမရှိသေးသောကြောင့် ဆန်ပြတ်လပ်မှုအခဲများကို အမြန်ဆုံးဖြေရှင်းရန် အဖက်ဖက်မှ စေတနာရှင်များကိုလည်း ဒေသခံများ မျှော်လင့်နေကြသည်။

ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုများသည် ၂၀၁၂ ခုနှစ် မှစတင်ခဲ့ခြင်းဖြစ်ပြီး မိုးများ၍ ကြွက်ပေါသောပြဿနာ နှင့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှစ်ဖက် တင်းမာနေချိန် စတင်ခက်ခဲလာဖြစ်ပြီးလမ်းပန်း ဆက်သွယ်ရေးတွင် လမ်းတံတားများ ဖျက်ဆီးမှုကြောင့်လည်း သွားလာရေးအတွက် အဆင်မပြေမှုများ ကြောင့်ဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုသည်။

တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ခွေးချစ်သူများမှ ၀ယ်ယူ၍ ဘေးမဲ့လွှတ်ရန်စီစဉ်


7.26.12

စဥ့်ကိုင်မြို့နယ် ပလိပ်မြို့တွင် တရုတ်သို့ ပို့ဆောင်ရန် စုဆောင်းထားသော ခွေးများအား တွေ့ရစဉ်

တရုတ်ပြည်သို့ မန္တလေးမြို့နှင့် အနီးဝန်းကျင် မြို့များရှိ ခွေးလေခွေးလွင့်များကို ဖမ်းဆီးစုဆောင်း၍ တင်ပို့ရောင်းချရန် သိုလှောင်ထားသော ခွေးဂိုဒေါင်မှ ခွေးများကို မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ရန်ကုန်မြို့ ခွေးချစ်သူများမှ ၀ယ်ယူကာ ဘေးမဲ့လွှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခွေးဂိုဒေါင်မှ ခွေးများကို ဇူလိုင် ၂၄ ရက်က တစ်ကောင် ကျပ် ၇၀၀၀ နှုန်းဖြင့် အကောင် ၆၀ ၀ယ်ယူ၍ ပခုက္ကူရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံသို့ ပို့ဆောင်ကာ ပြုစုစောင့်ရှောက်ထားရှိပြီး နောက်ထပ်ကျန်ရှိ နေသေးသည့် ခွေးကောင်ရေ ၁၀၀ ကျော်အား ထပ်မံဝယ်ယူကာ ဘေးမဲ့လွှတ်မည်ဖြစ်ပြီး ကျွေးမွေးစောင့်ရှောက်ရန် အလှူငွေအား အွန်လိုင်းမှတစ်ဆင့် အလှူခံခြင်းများ ပြုလုပ်လျက်ရှိသည်။


ယခုကဲ့သို့ ဖမ်းဆီး သိုလှောင်ထားခြင်းနှင့် ပတ်သက်၍ မည်သည့်ခွင့်ပြုချက်များဖြင့် ပြုလုပ်ထားခြင်းများကို စုံစမ်းကာ ခွေးများအား ဖမ်းဆီးရာတွင် ရိုက်နှက်ဖမ်းဆီးခြင်း၊ အခန်းကျဉ်းထဲ သိုလှောင် ထားရှိခြင်းများအား တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူနိုင်...


 

''ကျွန်မအိမ်မှာမွေးထားတဲ့ ခွေးလေး ပျောက်သွားတော့ အရပ်ထဲကလူတွေ အပြောအရ ခွေးဂိုဒေါင်ကို ရောက်သွားတာပါ။ ဟိုကိုရောက်တော့ မှောင်မဲနေတဲ့ ခြံထဲမှာ လှောင်ထားတဲ့ခွေးတွေ အများကြီးထဲကမှ ကျွန်မခွေးကိုရှာပြီး ရွေးယူခဲ့ရတယ်။ ခွေးတွေအားလုံးရဲ့ ခေါင်းမှာလည်း အရိုက်ခံထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ကျွန်မခွေးပြန် ရပေမယ့်လည်း နောက်ထပ်ကျန်ခဲ့တဲ့ ခွေးတွေ ကယ်တင်ချင်လို့ သူတို့နဲ့ ဈေးညှိတဲ့အခါ တစ်ကောင် ကျပ် ၇၀၀၀ နဲ့တည့်ပါတယ်။ အခုတော့ အကောင် ၆၀ ကယ်ထုတ် ပြီးပါပြီ။ နောက်ထပ် ကယ်ထုတ်ဝယ်ယူဖို့ ငွေရှိပေမယ့် တစ်လျောက်လုံး ကျွေးမွေးစောင့်ရှောက်ဖို့ ငွေလိုအပ်တဲ့အတွက် အွန်လိုင်းကနေ တိရစ္ဆာန် ချစ်သူတွေချင်း ချိတ်ဆက် အလှူခံနေပါတယ်'' ဟု မန္တလေးမြို့မှ ဒေါ်စောယုအေးက ဆိုသည်။

ခွေးများအား မန္တလေး-မူဆယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ ရောင်းချရာတွင် တစ်ကောင်ကို ကျပ် ၁၅၀၀၀ နှင့် ကျပ် ၂၀၀၀၀ ဈေး ရရှိကြောင်း၊ မြို့နယ်များအား ဖြတ်သန်းမောင်းနှင်ရာ၌ သက်ဆိုင်ရာ ဒေသများ၏ ဖြတ်သန်းခွင့်ပြုချက်ဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မှ တရုတ်ပြည်သို့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွင့်ပြုချက်ယူကာ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့တွင် စုဆောင်းထားရှိပြီး တင်ပို့လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ အပေါ် သက်ဆိုင်ရာ ဌာနများအား အသိပေး အကြောင်းကြား၍ စိစစ်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး သိုလှောင်ထားခြင်းနှင့် ပတ်သက်၍ မည်သည့်ခွင့်ပြုချက်များဖြင့် ပြုလုပ်ထားခြင်းများကို စုံစမ်းကာ ခွေးများအား ဖမ်းဆီးရာတွင် ရိုက်နှက်ဖမ်းဆီးခြင်း၊ အခန်းကျဉ်းထဲ သိုလှောင် ထားရှိခြင်းများအား တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့မှ သုံးသပ်

7.26.20

ကမ္ဘာကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင်းအတွင်း ငှက်သမ္ဗန်ဖြင့် လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားအချို့

အရှေ့တောင်အာရှ ဒေသအတွင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း United Nations World Tourism Organization (UNWTO) က ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေသည့် UNWTO Tourism Highlights ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပါဝင်သည့် အာရှနှင့် ပစိဖိတ်ဒေသ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုံးသပ်ချက်တွင် အရှေ့တောင်အာရှ ဒေသသည် အခြားသော အာရှဒေသခွဲများထက် ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံးဖြစ်ကာ ၂၀၁၂ ခုနှစ်အတွင်း ခရီးသွား ၀င်ရောက်မှု ကိုးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း UNWTO က ဆိုထားသည်။

၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ရာခိုင်နှုန်းများ အနေဖြင့် ထိုင်းနိုင်ငံသည် ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံသည် ၂၄ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံသည် ၁၄ ရာခိုင်နှုန်း အသီးသီးရှိကာ မြန်မာနိုင်ငံသည် ၅၂ ရာခိုင်နှုန်းဖြင့် တိုးတက်မှု အမြင့်ဆုံး ဖြစ်သည်ဟု UNWTO က သုံးသပ်ထားသည်။

ခရီးသွားဦးရေ စုစုပေါင်း အနေဖြင့်မူ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ဦးရေတစ်သန်း ကျော်လွန်ခဲ့သော်လည်း အရှေ့တောင်အာရှ ဒေသတွင်း ခရီးသည်ဝင်ရောက်မှု အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသသည် ၂၀၁၂ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်မှု အမြင့်ဆုံး ဒေသဖြစ်ကာ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း၊ ခရီးသွားဦးရေ စုစုပေါင်း ၂၃၄ သန်း အာရှနှင့် ပစိဖိတ်ဒေသသို့ လာရောက်ခဲ့ကာ ခရီးသွားများထံမှ ရရှိသောဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၄ ဘီ လျံမှာ တစ်ကမ္ဘာလုံး ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း UNWTO Tourism Highlights ၌ ဖော်ပြချက်အရ သိရသည်။

7.26.21

ပုဂံဘုရားများအား လာရောက်လေ့လာနေသည့် ကမ္ဘာလှည့် ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်က UNWTO ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ခဲ့သည်။

၂၀၁၂ ခုနှစ် မေလအတွင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ အလားအလာများ သာမက ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့သို့ ပြန်လည်ဝင်ရောက် နိုင်ရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ၂၀၁၂ ခုနှစ်အတွင်း အဖွဲ့ဝင်နိုင်ငံ အဖြစ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း မှစတင်ကာ နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကာ ၂၀၁၂ ခု နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း နယ်ပယ်၏ တိုးတက်မှု မြန်ဆန်ခြင်းနှင့်အတူ ဟိုတယ်အခန်း လိုအပ်ချက်လည်း ပေါ်ပေါက်နေသည့် အတွက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်ရာ နယ်ပယ်တစ်ခုလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃)ကို ဇူလိုင် ၂၆ ရက် ညပိုင်းက နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇ၀တ်ပြစ်မှု တစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အ၀န်း နှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများအတွက် များစွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်များ ဖြစ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်း အကြမ်းဖက် လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိကြောင်း၊ ထိုသို့သော ပုံဖော်စွပ်စွဲမှုများကြောင့် ပြဿနာများပို ၍ရှုပ်ထွေး သွားစေနိုင်မည်ကို သတိပြုသင့်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

တိုင်းရင်းသား ပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျှောက် ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ်အား အောင်မြင်စွာ တည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာ သည်းခံမှုများ ရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ဘာသာရေး အစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန်နှင့် ဘာသာရေး ပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ၀ိုင်းဝန်းဆန့်ကျင် သွားရန်လည်း လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အစိုးရသည် ပဋိပက္ခ ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူများအား လူမျိုးဘာသာ မခွဲခြားဘဲ အကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ပြန်လည်နေရာ ချထားရေး၊ ပုံမှန်ဘ၀သို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်ရေးအတွက် စေတနာရှင် နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိပြီး သမိုင်းစဉ်တစ်လျှောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတဖြစ်စွာ နေထိုင်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မရှိသည့် ကျေးရွာကို ပြည်ထဲရေး ၀န်ကြီးဌာန ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည်


7.26.22

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇူလိုင် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လျော်ကြေးမယူဘဲ မရွှေ့ပြောင်းသည့် ဆည်တည်းကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းရန်ရှိမရှိ မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ''ဆည်တည်းရွာနဲ့ ပတ်သက်ပြီး ဆည်တည်းရွာ အဟောင်းကို ရွာအသစ် တည်ထားပြီး ဖြစ်ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ရွာသစ်က တစ်ရွာတည်း မဟုတ်ပါဘူး။ လေးရွာပါ။ မိုင်းလုပ်ငန်း လုပ်လိုက်ရင် ထိခိုက်မှုတွေ ရှိနိုင်လို့ လေ့လာပြီး နဂိုကတည်းက ရွှေ့ထားတာ ဖြစ်ပါတယ်။ ရွာသစ်လေးရွာ ရွှေ့လိုက်လို့ ရွာဟောင်းက အလိုအလျောက် ပျက်စီးသွားပါတယ်။ အလိုအလျောက် ပယ်ပျက်သွားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အင်အားသုံးစရာ မလိုပါဘူး။ ကျွန်တော်တို့က သူတို့ကို နားလည်သဘော ပေါက်အောင် ပြောတဲ့အတွက် အဲဒီမှာရှိတဲ့ မိသားစုတွေက တဖြည်းဖြည်း ရွာသစ်ကို ရွှေ့ပြောင်းသွားပါတယ်။ တချို့လည်း ပြောင်းရွှေ့နေတယ်။ ဒါပေမဲ့ ပယောဂတွေ ရှိနေလို့ ပြောင်းပြီး လာချင်တာတောင် လာလို့မရဘူး။ တိုးတိုးတိတ်တိတ်နဲ့ အကူအညီတောင်းပြီး ပြောင်းလာတဲ့ သူတွေလည်း ရှိတယ်။ တချို့လည်း ပြောင်းလာပြီး ပစ္စည်းသွားယူမှ နည်းနည်း အနှောင့်အယှက်တွေ ရှိနေတာတွေ ကြားပါတယ်။ ဒါကြောင့် အင်အားသုံးစရာ မလိုသော်လည်း ဒီရွာဟာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မရှိတော့ပါဘူး။ ရွာသစ်ကို အားလုံးပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

လျော်ကြေးမယူဘဲ မပြောင်းရွှေ့သည့် ဆည်တည်းကျေးရွာတွင် အိမ်ထောင်စု ၁၆၀ ၀န်းကျင် ကျန်ရှိနေသေးကြောင်းနှင့် ဆည်တည်းရွာမှ အိမ်ထောင်စု ၄၆ စုသည် ရွှေ့ပြောင်းပြီး ဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ


7.25.2

ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)

တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပုံမှာ ၁၀၅ ဒိုင်နာဘတ်(စ်)ကားသည် ရန်ကင်း ဈေးကွေ့ဘက်မှ တာမွေငါးခွဆုံ မီးပွိုင့်သို့ ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာရာ တစ်ဖက်ယာဉ်ကြောရှိ ကုမ္ပဏီဘောက်စ်ကားကို မျက်နှာချင်းဆိုင် ၀င်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ထိုသို့ တိုက်ခံရသော ကုမ္ပဏီ ဘောက်ကားမှ ရှေ့တွင်ရှိသော အိမ်စီးကား ဆူဇူကီးဆွစ်ကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူ ကိုစိုးသူရ၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ ကားသုံးစီး ဆင့်တိုက်မှုကြောင့် ၁၀၅ ဒိုင်နာ ဘက်(စ်)ကားမှာ တုံးလုံးမှောက်သွားပြီး ကားပေါ်တွင်ပါသော သံဃာတော် သုံးပါး၊ ခရီးသည်တစ်ဦးနှင့် စပယ်ယာတို့မှာ ဒဏ်ရာများ ရသွားကြောင်း သိရှိရသည်။ ၁၀၅ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။ ကျန်တိုက်ခံရသော ကုမ္ပဏီ ဘောက်ကားနှင့် အိမ်စီးကား(ဆွစ်)တို့တွင် ကုမ္ပဏီ ဘောက်ကားတွင်ပါသော အမျိုးသမီး တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ငါးဦးကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ မိနစ်ပိုင်းအတွင်း ပို့ဆောင်ခဲ့ပြီး၊ အသက်အန္တရာယ် စိုးရိမ်ရသော စပယ်ယာဖြစ်သူကို ယာဉ်တိုက်မှု ဖြစ်ပွားပြီး ချက်ချင်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကိုယ်တွေ့မြင်သူများက ဆိုသည်။

သာကေတ သံပေါင်တံတားဟောင်း ပိတ်ပြီးနောက်ပိုင်း သုဝဏ္ဏ တံတားပေါ်တွင် ယဉ်ကြောပိတ်ဆို့မှု ပိုများလာ

သာကေတ သံပေါင်တံတားဟောင်း ပိတ်ထားသည့် နောက်ပိုင်း သုဝဏ္ဏ တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုများပြား လျက်ရှိကြောင်း သိရသည်။

ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုမှာ သာကေတဘက်မှ သုဝဏ္ဏဘက်သို့ အသွားကားများ တစ်စီးထက်တစ်စီး ဖြတ်ကျော် မောင်းနှင်ခြင်းကြောင့် လည်းကောင်း၊ သာကေတ တံတားဟောင်း ပိတ်ထားသည့် အတွက် ယခင်တံတားဟောင်းကို အသုံးပြုနေရသော ကားများသည် သုဝဏ္ဏတံတားကိုသာ ဖြတ်သန်းရသည့် အတွက် ကားများထူထပ် များပြားလာခြင်းကြောင့် လည်းကောင်း ခရီးစဉ်တစ်ကြောလျှင် အနည်းဆုံးမိနစ် ၂၀ မှ အများဆုံး ၄၅ မိနစ်အထိ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် ယခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်ကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့ရှိ အားကစားရုံများတွင် ကျင်းပမည်ဖြစ်ရာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းသည်လည်း အပါအ၀င် ဖြစ်သောကြောင့် ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလျက် ရှိပါသောကြောင့် နိုင်ငံ့ပုံရိပ်ကို ထိခိုက်နိုင်ကြောင်း ပြည်သူများက ဆိုသည်။

ယခုကားများ အဓိက ဖြတ်သန်းနေရသည့် သုဝဏ္ဏ တံတားဟောင်းသည် ဒေါပုံမြို့မှ သုဝဏ္ဏ၊ ဒဂုံတောင်၊ တာမွေမြို့နယ်တို့ကို တိုက်ရိုက်ဖြတ်သန်းနိုင်ပြီး ယခင်သာကေတ သံပေါင်တံတားဟောင်းသည် ဒေါပုံမှ မင်္ဂလာတောင်ညွန့်သို့ တိုက်ရိုက်ဆက်သွယ် ထားသော တံတားဖြစ်သည်။ ယင်းတံတားသည် ယာဉ်ဖြတ်သန်းခ အနေဖြင့် စက်ဘီး တစ်စီးလျှင် ကျပ် ၅၀၊ ဆိုင်ကယ်တစ်စီး ကျပ် ၁၀၀၊ ခရီးသည်တင် လိုင်းကားတစ်စီး ကျပ် ၁၀၀၊ ၂ တန်အောက် လိုင်းကားတစ်စီးလျှင် ကျပ် ၂၀၀၊ ၂ တန်မှ ၅တန် အထိ ယဉ်တစ်စီးလျှင် ကျပ် ၃၀၀ ကောက်ခံပြီး အသွားကော အပြန်ပါ ကောက်ခံခြင်း ပြုခဲ့သော်လည်း တံတားကြံ့ခိုင်မှု အတွက် ပြင်ဆင်ရေးကိုမူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

အဆိုပါ တံတား၏ ကြံ့ခိုင်မှုအရ ဖြတ်သန်းသွားလာသည့် ယာဉ်များကို အန္တရာယ် ရှိနိုင်သောကြောင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဖြတ်သန်းသွားလာခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အောက်ခြေထိ မရောက်ဖြစ်နေသည့် မွန်ပြည်နယ်မှ မိုဘိုင်းကဒ်များ

မွန်ပြည်နယ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်းကဒ် ၁၅၀၀ တန် CDMA နှင့် GSM လိုင်းကဒ်များချထားပေးမှု ယခုလ အတွင်း အများဆုံးဖြစ်ကြောင်းနှင့် နိုင်ငံရေး ပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကိုလည်း ခွဲဝေချထား ပေးမည်ဟု သိရသည်။

 ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်းကဒ်များ စတင်ခွဲဝေချထားပေးသည့်အချိန်မှ စ၍ ခွဲဝေပေးမှု စတုတ္ထအကြိမ် ဖြစ်သော ယခုလတွင် မွန်ပြည်နယ်အနေနှင့် Mobile လိုင်းကဒ် ၁၂၀၀၀ ကဒ်ရရှိခဲ့ကာ၊ မွန်ပြည်နယ်အနေဖြင့် ယခုအပတ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုပတ်မှာ နယ်တွေကို GSM လိုင်းကဒ်တွေ ချထားပေးပါတယ်။ မော်လမြိုင် အပါအ၀င် မြို့ပေါ်တွေကိုတော့ CDMA တွေ အဓိက ချထားပေးတယ်။ နယ်တွေမှာက GSM ပဲလိုင်းမိမယ်။ မြို့ပေါ်မှာက CDMA လည်း လိုင်းမိမယ်လေ။ ပြီးတော့ နိုင်ငံရေးပါတီတွေကိုလည်း သူတို့ ပါတီတွေရဲ့ ပြည်နယ် အဆင့် ကနေ ခွဲဝေပေးလိုက်တယ်။ မြို့နယ်အဆင့်တွေကိုတော့ လိုက်ပြီး ခွဲဝေပေးဖို့ အဆင်မပြေနိုင်ဘူးလေ။ သူတို့ ဘာသာ အဆင့်ဆင့် ခွဲဝေခိုင်းလိုက်တာပါ"ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၀န်ကြီး ဒေါက်တာ ဦးခင်မောင်သွင်က ပြောသည်။

မွန်ပြည်နယ်အတွက်ရရှိသော လိုင်းကဒ်များမှာ CDMA လိုင်းကဒ် ၆၀၀၀ နှင့် GSM လိုင်းကဒ် ၆၀၀၀ ရရှိကြောင်း မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

"အောက်ခြေ လူတန်းစားတွေ အထိတော့ မရောက်သေးဘူး။ ဖုန်းလျှောက်လို့ရပြီလို့လည်း အကြောင်း ကြားတာမျိုးလည်း မရှိသေးဘူး။ ဆရာ ဆရာမတွေဆီကိုလည်း တစ်လုံးမှ မရသေးဘူး" ဟု ကျိုက်မရော မြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းလိုင်းကဒ်ချထားပေးမှုမှာ (၄)ပတ်ခန့် ရှိပြီဖြစ်သော်လည်း ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များမှ ပြည်သူများအဖြင့် ဖုန်းချထားပေးမှုအား သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မွန်ပြည်နယ်အတွင်း ဖုန်းလိုင်းကဒ်များ စတင်ချထားပေးသည့် အချိန်မှစ၍ စုစုပေါင်းချထားပေးသည့် Mobile ဖုန်းလိုင်းကဒ် များမှာ ၄၂၆၀၀ ကဒ်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံးမှ သိရှိရသည်