Sunday, July 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ ၄၀၀၀ ကျော်ကို လစဉ်အရေးယူနေရ


P-28-7

ယုဇနပလာရှေ့တွင် မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်၊ အချ ပြုလုပ်နေသော ခရီးသည်တင် လိုင်းကားတစ်စီးကို ဇွန်လပိုင်း အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ခရီးသည်တင်ယာဉ် အများဆုံး ပါဝင်နေကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ဇူလိုင်၂၇ ရက် နံနက်ပိုင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကျားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်အချလုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်း စသည့်ဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ရဲမှူးသာဌေးက "ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့ အနေနဲ့ လစဉ်ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်အစီး ၄၀၀၀ ကျော်ကို အရေးယူ နေရပါတယ်။ ထပ်ကာထပ်ကာ အရေးယူရတဲ့ ယာဉ်တွေကိုလည်း ဒီထက်ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ စီစဉ်နေပါတယ်" ဟု ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်ပြီး မောင်းနှင်သည့် ယာဉ်များကြောင့် နေ့စဉ်ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက တိုင်းဒေသကြီး/ပြည်နယ်များအနက် ယာဉ်မတော်တဆ ဖြစ်ပွားနှုန်း အမြင့်ဆုံးမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပြီး ၁၉၂ မှုတွင် ၂၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

မြန်မာအနောက်ဘက် နယ်စပ်တွင် အစိုးရတပ်ရင်း (၁၀) ရင်းဖြင့် အားဖြည့်ထား

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း  စစ်ဘက်နှင့် နီးစပ်သော  သတင်းအရ သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း၊ ဘင်္ဂလာဒေခ်ျ့နှင့် နီးစပ်သော နယ်စပ်တလျှောက်တွင် တပ်မဟာ (၁၅)  (စကခ- ၁၅)  လက်အောက်ခံ တပ်ရင်း (၅ ) ရင်း ရှိနေပြီး အဆိုပါ တပ်ရင်းများထဲတွင် ခမရ ၃၄၅၊ ခမရ ၅၅၁၊ ခမရ ၅၅၂ ပါဝင်သည်။

Burma-Army-Soldier-and-Weapon

ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း တောင်ဘဇား ဒေသတွင်  ခမရ ၅၆၄ ၀င်ရောက် အထိုင် နေရာယူထားပြီး ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် ဆက်စပ် ဒေသများတွင် ခမရ ၅၆၅ နှင့် ခမရ ၅၃၇ တို့မှ ၀င်ရောက် လူပ်ရှားနေသည်ဟု ဆိုသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ခမရ ၃၅၂၊ ခမရ ၃၅၃ နှင့် အလယ်သံကျော် အ၀ိုင်းတွင် ခမရ ၅၃၅ က တာဝန်ယူ လူပ်ရှားနေသည်ဟု ဆိုသည်။ အဆိုပါ ဒေသသည် ပင်လယ်ပြင် ထွက်ပေါက် ဖြစ်သဖြင့် စစ်ကြောင်းများမှ အခါမလပ် လူပ်ရှားနေသည်ဟု ဆိုသည်။

ယင်းပြင် မြန်မာ-ဘင်္ဂလာ နယ်စပ် အနီးတွင် တည်ရှိသော တောင်ပြိုတွင် စစ်ဗျူဟာ တစ်ခု ယာယီ ထိုင်ထားသည်ဟု သိရသည်။

လက်ရှိ တပ်မဟာ (၁၅) တပ်မမှူးမှာ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဖြစ်ပြီး ဘူးသီးတောင်မှ နေပြီး ကွပ်ကဲနေကြောင်း ဆိုသည်။

မြန်မာ- ဘင်္ဂလာဒေခ်ျ့- အိန္ဒိယ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော ပလက်ဝ မြို့နယ်တွင် တောင်ကုတ် အခြေစိုက် တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိနေပြီး အိန္ဒိယ နယ်စပ် အနီးရှိ သရော်အိုင်တွင် စစ်ဗျူဟာ (၂) ကို ထိုင်ထားကြောင်း သိရသည်။

ယခု တပ်များ နေရာယူထားမူသည် လက်ရှိ ထွက်ပေါ်လာသော နယ်စပ်တွင် အကြမ်းဖက် အုပ်စုများ သတင်းကြောင့် မဟုတ်ဘဲ ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီး နောက်ပိုင်းမှ စ၍ နေရာယူ လူုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။

နစကကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း နစက အခြေစိုက် စခန်းများတွင် လုံထိန်း တပ်ရင်း (၃) ရင်းဖြင့် အစားထိုးလိုက်ပြီး အဆိုပါ လုံထိန်း တပ်ရင်းများမှာ စစ်တွေ အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၁၀)၊ ဘူးသီးတောင် အခြေစိုက် လုံထိန်း တပ်ရင်း (၁၃) နှင့် မောင်တော အခြေစိုက် လုံထိန်း တပ်ရင်း အမှတ် (၂) တို့ ဖြစ်ကြသည်။

နယ်စပ် လုံခြုံရေး သတင်း ရပ်ကွက်အရ လုံထိန်း အမှတ် (၂) တပ်ရင်းအနေဖြင့် ယခင် နစက နယ်မြေ အမှတ် ၁ ၊ အမှတ် ၂ နှင့်  အမှတ် ၃ တို့ကို တာဝန်ယူသွားမည် ဖြစ်ပြီး လုံထိန်း တပ်ရင်း အမှတ် (၁၃) အနေဖြင့် အမှတ် ၄၊ အမှတ် ၅ နှင့် အမှတ် ၆ နယ်မြေများကို တာဝန်ယူသွာမည်ဟု သိရသည်။

အမှတ် ၆ မှ အမှတ် ၉ ထိ နယ်မြေများကို လုံထိန်း တပ်ရင်း အမှတ် (၁၀) မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

နစကဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့ရေတပ် သင်္ဘော အမှတ် ၅၅၄ နတ်မြစ် အတွင်း ၀င်ရောက် နေရာယူ

မြန်မာရေတပ်သင်္ဘော တစ်စင်းသည် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်ကို ပိုင်းခြားထားသော နတ်မြစ်အတွင်း ၀င်ရောက် နေရာယူထားကြောင်း သတင်း ရရှိသည်။

နစက တပ်ဖွဲ့အား ဖျက်သိမ်းပြီးနောက်ပိုင်း နတ်မြစ် အတွင်း ၀င်ရောက် နေရာယူထားသော အဆိုပါ ရေတပ်သင်္ဘောမှာ အမှတ် ၅၅၄ ဖြစ်ပြီး မောင်တောအနီးတွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ တက်ကနက်မြို့တွင် အခြေစိုက်သော အမှတ် ၄၂ ဘီဂျီဘီမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကြားတွင် တစ်စုံတစ်ရာ ပြဿနာ မရှိကြောင်း၊ မြန်မာရေတပ် သင်္ဘော ၀င်ရောက် နေရာယူလာခြင်းမှာ နစကအား ဖျက်သိမ်းလိုက်သည့် အတွက် ကြားကာလတွင် လုံခြုံရေး ဆောင်ရွက်ရန် ၀င်ရောက် နေရာယူလို၍  ဖြစ်ပုံရကြောင်း ပြောကြားသည်။

သို့သော်လည်း မြန်မာရေတပ် သင်္ဘော တစ်စီး နတ်မြစ်အတွင်း ၀င်ရောက် နေရာယူလာသဖြင့် ဒေသခံ ပြည်သူများ အကြားတွင် အမျိုးမျိုး ပြောဆိုဝေဖန်မူများနှင့် အတူ စိုးရိမ်မူများလည်း တိုးပွားနေကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် မွတ်ဆလင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်း အဖွဲ့များ သင်တန်း တက်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်နှင့် ယခု မြန်မာရေတပ် သင်္ဘော ၀င်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ အဆိုပါ  မွတ်ဆလင် အဖွဲ့သင်တန်း ဘင်္ဂလာဒေခ်ျ့ မြေပေါ်တွင်  မရှိကြောင်း ငြင်းဆိုထားသည်။

အစိုးရတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ TNLA အား ဆက်လက်တိုက်ခိုက်

အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့သည်၊ ယနေ့ နံက် (၁၀) နာရီ အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၁၂) တပ်ဖွဲ့အား ဆက်လက် တိုက်ခိုက် ခဲ့သည်ဟု TNLA   ပြောခွင့်ရ (၁၁၂) တပ်ရင်းမှူး တာဝိန်မာန်က ဆိုပါသည်။

ရှေ့တန်းတနေရာမှ တအာင်းလွတ်မြောက်ရေး တပ်မတော်သားများ ရှေ့တန်းတနေရာမှ တအာင်းလွတ်မြောက်ရေး တပ်မတော်သားများ (ဓါတ်ပုံ - TNLA)

ရှေ့တန်းတနေရာမှ တအာင်းလွတ်မြောက်ရေး တပ်မတော်သားများ ရှေ့တန်းတနေရာမှ တအာင်းလွတ်မြောက်ရေး တပ်မတော်သားများ (ဓါတ်ပုံ - TNLA)

" ၂၅ ရက်နေ့ည (၆) နာရီ ကလည်း ဖြစ်တယ်။ ဒီနေ့ မနက်မှာလည်း ထပ်ဖြစ်တယ် အဲဒီ တပ်ပါဘဲ။ အင်အား (၉၀) ခန့်ရှိ လိမ့်မယ်။ နေရာကတော့  ကွတ်ခိုင် မြို့နယ်က ကန်ပါဖို ကျေးရွာနားမှာဘဲ ဖြစ်တယ်။ ဟိုနေ့တုန်းက ဖြစ်တာ နည်းနည်းနာ သွားပုံရတယ်။ အဲဒါ ပြန်လာပြီးတော့ မကြေပွဲ ပြန်ချတယ်လို့ ထင်ရပါတယ်။ သူတို့ စစ်တပ် ထုံးစံက အထိနာရင် အရင်းပြန်လိုက်ရတဲ့ စရိုက် ရှိနေလို့ပါ" ဟု ဆိုပါသည်။

TNLA တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းအတွက် ကွတ်ခိုင်မြို့နယ် ကန်ပါဖို ကျေးရွာ ဖက်သို့ စည်းရုံးရေး ဆင်းနေသည့် အချိန် ဖြစ်ပါသည်။ ဤကဲ့သို့ နယ်လှည့် ကွင်းဆင်းနေသဖြင့် ကွမ်လုံ အခြေစိုက် ခလရ (၁၄၅) မှ အင် အား (၅၀) ကျော်နှင့် ပန်ဆေး အင်အား (၄၀) ခန့်တို့သည် ၄င်းတို့၏ ဘိန်းခင်း လုံခြုံရေး အတွက် TNLA အား တိုက်ခိုက် ခြင်းဖြစ်သည်ဟု တအာင်း ဖက်က ဆိုပါသည်။

ပန်ဆေး ပြည်သူ့ စစ်များသည် လွှတ်တော် အမတ် ပန်ဆေး ဦးကျော်မြင့်၏ တပ်ဖွဲ့များ ဖြစ်ပြီး ဘိန်းစိုက်ပျိုး ထားမှုကို လုံခြုံရေး ယူထား ရသော တပ်ဖွဲ့များဖြစ်သည်။ ၄င်းတို့သည် အစိုးရ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဘိန်းတိုက်ဖျက်ရေးအတွက် လှုပ်ရှားလာသော TNLA တပ်များအား လိုက်လံ တိုက်ခိုက်လေ့ ရှိသည်ဟု ဆိုပါသည်။

ယခုတိုက်ပွဲသည် တနာရီကျော် ကြာခဲ့ပြီး၊ အစိုးရဖက်မှ အထိနာ သဖြင့် နောက်ဆုတ် သွားခဲ့ရသည်ဟု ဆိုပါသည်။ ဤတိုက်ပွဲ၌ အသေအချာ နေရာ ယူထားသော TNLA တပ်ဖွဲ့ကို အစိုးရ တပ်များက အတင်း ၀င်ရောက် တိုက်ခိုက် ရသဖြင့် ထိခိုက်မှု များဖွယ် ရှိသည်ဟု ဆိုပါသည်။

ဤအချိန်ကာလသည် TNLA တို့၏ ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းတိုက်ဖျက်ရေး စီမံကိန်း အတွက် စည်းရုံးရေး ဆင်းနေသည့် အချိန်လည်း ဖြစ်ပါသည်။ အလားတူ လာမည့် ဇူလိုင် (၃၁) ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ပြည်နယ် အဆင့်နှင့် မူဆယ်မြို့၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးရန်လည်း ရှိနေပါသည်။

ယင်းဆွေးနွေးပွဲတွင် TNLA ဖက်မှ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဦးဆောင်ပြီး ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးတာခူလန်၊ ဗိုလ်မှူး တာရောခြိုး၊ ဗိုလ်မှူး တာအောင်မြတ် အပါအဝင် ကိုယ်စားလှယ် (၉) ဦး တက်ရောက်မည် ဖြစ်သည်။ အစိုးရ ကိုယ်စားလှယ်များမှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး အပါအဝင် ကိုယ်စားလှယ် (၁၃) ဦး တက်ရောက် ကြမည် ဖြစ်သည်။

အနောက်နိုင်ငံများသို့ ရေထွက်နှင့်ဆန်ထွက်ကုန်များ တင်ပို့ရန် ကြိုးပမ်းလာ

မြန်မာနိုင်ငံကို အမေရိကန် နှင့် ဥရောပသမဂ္ဂနိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည့် နောက်ပိုင်း တွင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းနှင့် ဆန်စပါးထွက်ကုန်များကို အနောက် နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရန်ရေး ကြိုးပမ်းအားထုတ်လာကြသည်။

 

စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သော်လည်း ယခင် ပြည်ပတင်ပို့မှုပုံစံနှင့်မတူညီခြင်း ၊ အရည်အသွေး လိုအပ်ချက်ရှိခြင်းစသည့်အချက်များအား ကျော်ဖြတ်၍  ယခုကဲ့သို့တင်ပို့နိုင်ရန် ကြိုးစားလာခြင်းဖြစ်သည်။

 "ယခုနှစ်မှာတော့ ဆန်ကွဲတင်ပို့နေတဲ့သူတွေရှိလာကြတယ်၊ ဥရောပက ၀ယ်ဖို့ကမ်းလှမ်းပေမယ့် ဆန်တင်ပို့ဖို့ ဆိုရင် အရည်သွေးကို မြှင့်တင်ဖို့လိုတယ်၊ အရင်ပြည်ပတင်ပို့မှုဖြစ်တဲ့ အာဖရိကကို တင်ပို့တာက ၂၅ မတ် ဆန်ကြမ်း ဖြစ်နေတယ်" ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းအတွင်းရေးမှူး ဦးအောင်မြင့် က ပြောသည်။

ပြည်ပတင်ပို့မှုလုပ်ငန်းများလုပ်ကိုင်ရာ၌ ပြည်ပဘဏ်စနစ်များကဲ့သို့ လုပ်ငန်းစဉ်မပြည့်စုံသေးသည့်အတွက် အခက်အခဲရှိကြောင်းနှင့် အနောက်နိုင်ငံများဈေးကွက်မှ လိုအပ်သည့် အရည်အသွေး ပုံစံနှင့် တင်ပို့မှု နည်းစနစ်များကို စနစ်တကျလေ့လာပြီးမှ တင်ပို့နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

"လက်ရှိမှာ ရေထွက်ပစ္စည်းကို ဥရောပနဲ့အမေရိကန်ကလွဲလို့ နိုင်ငံတော်တော်များများကို တင်ပို့ခဲ့ဖူးတယ်၊ ဒါပေမယ့် မတင်ပို့နိုင်သေးတဲ့ ဈေးကွက်တွေက ကမ္ဘာမှာ အကြီးဆုံးဈေးကွက်တွေပဲ၊ သူတို့ ဆီက ဘယ်လို ပုံစံကို ဈေးပိုပေးတယ်၊ ဘယ်လိုပို့ပေးရင် နည်းစနစ်ကျတယ် ဆိုတာတွေကို နိုင်ငံခြားက အကူအညီတွေနဲ့ လေ့လာနေပါတယ်" ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဦးတင်လှိုင် က ပြောသည်။

ပြည်ပတင်ပို့မှုအား မည်သည့်ဈေးကွက်ကိုမဆို အမြတ်အစွန်းပိုမိုရရှိသည့် ဈေးကွက်သို့ တင်ပို့ကြမည်ဖြစ်ကာ နိုင်ငံတကာ၌ ကျင့်သုံးနေသော အဆင့်မြင့်မွေးမြူရေးနည်းပညာများအား လေ့လာစမ်းသပ်မွေးမြူခြင်းများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ၄င်းက ဆက်ပြောသည်။

ဥရောပနှင့် အမေရိကန် နိုင်ငံများတွင် မြန်မာနိုင်ငံမှ လက်နက်ကုန်သွယ်မှုမှ လွဲ၍ ပို့ကုန်အားလုံးကို အခွန် ၁.၃ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပေးထားသောကြောင့် အခြားပို့ကုန်များထက်ပိုမို အမြတ်အစွန်းရရှိသဖြင့် အခြားနိုင်ငံမှ ပစ္စည်းများနှင့် အရည်အသွေးတူလျှင် မြန်မာပို့ကုန်များကိုသာ ရွေးချယ်မှုရှိလာမည်ဖြစ်သည်ဟု မြန်မာ့ပြည်ပပို့ကုန် လုပ်ငန်းရှင်များက သုံးသပ်နေကြသည်