Monday, July 29, 2013

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

... ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသောငွေ ကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွင်းက ကျေးရွာ ၂၄ ရွာမှာ ရေလွှမ်း

ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကမ်းနဲ့ နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်းနစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။

အဓိကရေနစ်မြုပ်မှုနဲ့ကြုံနေရတဲ့ ကျေးရွာတွေကတော့ မင်းပြားမြို့နယ်က မင်းဘူးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလားမတောင်စတဲ့ကျေးရွာကနေ အထက်ပိုင်း ရွှေကျန်အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။

အခုလိုရေနစ်မြုပ်မှုဖြစ်ပေါ်နေတဲ့ကျေးရွာတွေဟာ မြေနိမ့်ပိုင်းကျေးရွာတွေ အများဆုံးဖြစ်ပြီး ရေဘေး ဒုက္ခရောက်သူတွေဟာ နီးစပ်ရာကုန်းမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ ခြေတံရှည်အိမ်တွေဆီကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး အမ်းမြို့နယ်မှာလည်း ကားလမ်းတွေ ရေလျှံနေတဲ့အတွက် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၂၈

၂၇.၇.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ် ၊ (ခ)ရပ်ကွက်နေ ဒေါ်ခင်ရွှေ သည် နေအိမ်တွင်ရှိနေစဉ် အတူနေမောင်ဖြစ်သူ ကြည်လှိုင်၊ ပန်းရံဆရာ၊(ဘ)ဦးအောင်သန်းမှာ မာဃလမ်းရှိ ဆောက်လက်စတိုက်တွင် အလုပ်လုပ်နေရာမှ ဓါးထိုးခံရ၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး သို့ရောက်ရှိနေကြောင်း သိရသဖြင့်သွားရောက်ကြည့်ရှုရာ မောင်ဖြစ်သူ ကြည်လှိုင် တွင် ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ပန်းရံအတူလုပ်သည့် တပည့်ဖြစ်သူ ရဲလင်းထွန်း ၊ (ဘ)ဦးရဲဦး၊ (၁၀၅) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူနှင့် အိပ်ရန်ခြင်ထောင် ထောင်သည့်ကိစ္စဖြင့် စကားများကြစဉ် ရဲလင်းထွန်း မှ ဓါးဖြင့်ထိုးသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရ၍ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း (ပ) ၂၃၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး တရားခံ ရဲလင်းထွန်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

သားအမိနှစ်ယောက် သတ်တဲ့ တရားခံ လှတောရွာမှာ ဖမ်းမိ

ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိသည့် လူသတ်မှုမှ တရားခံ ပြည့်ဝအောင်အား တိုင်တန်းပြီး (၃)ရက်အကြာ ၎င်း၏ဇာတိရွာမှ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၂၈

၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ ရွာသာကြီး ရပ်ကွက်၊ ဒီဇင်ဘာ အိမ်ယာ မုခ်ဦး အ၀င်လမ်း၏ အနောက်ဘက် ကွင်းထဲတွင် မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်း စက်ရုံ အလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူ၏အလောင်းနှင့် ၎င်း၏ ဘေးတွင်မွေးကင်းစ ယောက်ျားကလေးတစ်ဦး အလောင်း ကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်များ အရလည်းကောင်း၊ သေဆုံးသူ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ)မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် သူမအား လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်း စုံစမ်းစစ်ဆေး သိရှိချက်များအရ လည်းကောင်း ဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အရေးယူခဲ့ကာ ပြည့်ဝအောင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းရရှိချက်အရ ပြည့်ဝအောင်၊ (ဘ)ဦးမြင့်သန်း၊ အစာစပ်စက်ရုံ လုပ်သား၊ ရွာသာကြီး၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ် နေသူမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မျက်နှာပန်းကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင်အထူး မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် လိုက်လံ စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာ ၀က်လက်မြို့နယ်၊ လှတောကျေးရွာ၌ ၂၆.၇.၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သားဈေး ငါးဈေး မြင့်တက်

လှည်းတန်းဈေးအတွင်း ငါးရောင်းချနေသူတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ယခုရက်ပိုင်းအတွင်း သားငါးဈေး အပြောင်းအလဲကြောင့် မီးဖိုချောင်စရိတ် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အိမ်ရှင်မများ၏ အဆိုအရ သိရသည်။

"အရင်ကဆို ၀န်ထမ်းလစာတွေ တိုးရင် ကုန်ဈေးနှုန်း တက်တာရှိတယ်။ အခုက ဘာကြောင့်မှန်း မသိဘူး၊ ဈေးတွေ တက်တယ်" ဟု ရန်ကုန် ကမာရွတ်မြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြရီက ပြောသည်။

ယခုတပတ်အတွင်း ဆန်၊ ကြက်သား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ အနည်းငယ်စီခန့် မြင့်တက်လာကြောင်း လက်လီ အရောင်းဈေး တခုဖြစ်သည့် လှိုင်မြို့နယ်ဈေးမှ သိရသည်။ လှိုင်မြို့နယ်ဈေးသည် အနီးဝန်းကျင်ရှိ မြို့နယ်များမှ အားထားရသည့် ဈေးကြီးတခုလည်း ဖြစ်သည်။

ယခုတပတ်အတွင်း ဘဲဥနှင့် ကြက်ဥ ဈေးများမှာ ပုံမှန်ထက် မြင့်တက်နေပြီး အ၀ယ်များသည့် ငါးကြင်းနှင့် ငါးမြစ်ချင်း ဈေးမှာလည်း သင်္ကြန်ကာလ နောက်ပိုင်းမှစတင်၍ တက်လာကာ ပြန်မကျတော့ကြောင်း စုံစမ်း သိရှိရသည်။

"ဘဲဥဈေး တက်နေတာတော့ ကြာပြီ။ အခုထိ မကျသေးဘူး။ အသေးဆုံး အလုံးတောင် ၁၁၀ ရှိတယ်။ ကြက်ဥကတော့ တလုံးကို ၁၄၀ အထိ တက်ခဲ့ပြီး ဒီရက်ပိုင်း နည်းနည်းပြန်ကျတယ်။ ဒီရက်ပိုင်း ရောင်းရချရတာ စိတ်ညစ်တယ်" ဟု လူအများ စားသုံးမှုများသည့် ကြက်ဥ၊ ဘဲဥရောင်းချသူ ဦးဆန်းဝင်းက ပြောသည်။

ကြည့်မြင်တိုင် စံပြငါးဈေးမှ လက်ကားဈေးဖြင့် ၀ယ်ယူကာ လှိုင်ဈေးအတွင်း ပြန်လည်ရောင်းချသည့် ငါးရောင်းသူ အမျိုးသမီးကြီး တဦးကလည်း "ဘာကြောင့်တက်လဲ မေးတယ်။ ဒိုင်က လူတွေက မပြောဘူး။ မနှစ်က ဒီအချိန်ဆို
ငါးဈေးတွေ ကျတယ်။ အရင်တုန်းက ကျပ် ၅ သောင်းလောက် အရင်းအနှီးရှိရင် ရောင်းလို့ရတယ်။ အခုက ၁ သိန်းခွဲလောက် ရင်းမှ ရတယ်" ဟု ရှင်းပြသည်။

ထို့အပြင် ကြက်မွေးမြူရေး လုပ်ကိုင်သည့် ခြံများ နည်းပါးလာမှုကြောင့်ဟု ဆိုကာ ကြက်သားဈေးလည်း မြင့်တက်နေကြောင်း ကြက်သား ရောင်းချသူ တဦးက ပြောသည်။

ကြက်သားဈေးနှုန်း မြင့်တက်မှုကြောင့် ယခင်က တနေ့လျှင် ၂၅ ပိဿာ ပုံမှန် အရောင်းထွက်နေရာမှ၊ ယခုကာလတွင် ပိဿာ ၂၀ ခန့်သာ ရောင်းရတော့ကြောင်း သူက ဆိုသည်။

ကြက်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် ယခင်ကထက် ကျပ် ၁ ထောင်ကျော် မြင့်တက်သွားကြောင်း၊ လက်ရှိတွင် မွေးမြူရေး ကြက်သားလက်လီ ဈေးမှာ ၄၃၀၀ ကျပ် ဖြစ်ပြီး ဗမာကြက်မှာ ၈ ထောင်ဈေးဖြစ်ကာ၊ ကြက်နီမ အသားဈေးနှုန်းမှာ ၆ ထောင်ဈေး အထိ ရှိကြောင်း သိရသည်။

"အရင်ကဆိုရင် ကြက်သား ၂ ထောင်ဖိုးဝယ်ရင် ကျမတို့ မိသားစု ညမနက် စားလို့ရတယ်။ အခု ၃ ထောင်ဖိုး ၀ယ်မှ စားလို့ ရတယ်။ ဒါတောင် တယောက် တတုံးနှုန်းပဲ စားရတာ" ဟု သံလျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အိမ်ရှင်မ တဦးဖြစ်သည့် ဒေါ်မြင့်မြင့်က ပြောသည်။

မြန်မာနိုင်ငံသည် ၀န်ထမ်းများ လစာတိုးချိန်၊ နှစ်သစ်ကူး ကာလများနှင့် သဘာဝ ဘေးအန္တရာယ် ကြေညာချိန်များတွင် ကုန်ဈေးနှုန်း မြင့်တက်လေ့ရှိပြီး ရန်ကုန်တိုင်း အတွင်း၌ပင် တမြို့နယ်နှင့် တမြို့နယ် ကုန်ဈေးနှုန်း တူညီမှုမရှိပေ။

ကြက်သားနှင့် ငါးဈေးနှုန်း မြင့်တက်သော်လည်း ပုစွန်ဈေးမှာ ကျဆင်းလျှက်ရှိပြီး ၀က်သားဈေးမှာ တစ်ပိဿာ ၃ ထောင်မှ ၇၅၀၀ အထိ အစားစားရှိကြောင်း၊ အဆိုပါ ဝက်သားဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းဖြစ်၍ အတက်အကျ မရှိကြောင်း လှိုင်မြို့မ ဈေးမှ ၀က်သား ရောင်းချသည့် အမျိုးသမီး တဦးက ပြောသည်။

ထို့အပြင် ဆန်လက်လီ ဈေးမှာ တပြည်လျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိ မြင့်တက်လျက်ရှိပြီး အထူးသဖြင့် အခြေခံ လူတန်းစားများ အဓိက အားထားရသည့် ဆန်ကြမ်းဈေးနှုန်း မတည်ငြိမ်ကြောင်း ဆန်ရောင်းချသူ တဦးထံမှ သိရသည်။

"ဆန်ဈေးက ပြောရခက်တယ်။ ဒီနေ့နဲ့ မနက်ဖြန်နဲ့တောင် မတူဘူး" ဟု လှိုင်မြို့နယ်ဈေးမှ ဆန်ရောင်းချသူ တဦးက ပြောသည်။


လက်ရှိထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေပြီး မျိုးစောင့် ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်


7.28.8

ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပစဉ်

မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေကြမ်းပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေသော်လည်း မျိုးစောင့်ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေမှာ အခိုင်အမာ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ဥပဒေ ပညာရှင်များထံမှ သိရသည်။

မြန်မာအမျိုးသမီးများ အမွေဆက်ခံခြင်း၊ ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ပါက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ မဟာမေဒင် ဖြစ်ပါက မဟာမေဒင် တရားဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ဟိန္ဒူဖြစ်ပါက ဟိန္ဒူဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ခရစ်ယာန်ဖြစ်ပါက ခရစ်ယာန်တရား ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း သိရသည်။

ဇွန် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ဗုဒ္ဓဘာသာ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှုကို ကန့်သတ်ထားသည့် အချက်များ ပါဝင်သော မျိုးစောင့် ဥပဒေကြမ်းကို သံဃာတော်ကြီးများ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အဓိကထား ဆွေးနွေးခဲ့ကြကာ ယင်းဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အများသိထားသည့် မျိုးစောင့်ဥပဒေခေါ် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ(မူ ကြမ်း)ပါ အချက်အချို့မှာ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာခြား ဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူ ဖြစ်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ပါရှိသည်။

ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးမိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူမည် ဖြစ်ကြောင်း၊ အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ(သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည် စသည်ဖြင့် ပါရှိကြောင်း သိရသည်။

အလားတူ အထက်ပါဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီး ဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်သာ သီးခြားအရေးယူ အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေ(မူကြမ်း)တွင် ပါရှိသည်ကို တွေ့ရသည်။

မဟာမေဒင် တရားဥပဒေအရ မဟာမေဒင် ဘာသာဝင် ယောက်ျားက ဘာသာဝင် မဟုတ်သူနှင့် လက်ထပ်သည်ကို တားမြစ်ထားကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ယောက်မှ မဟာမေဒင် ဘာသာသို့ ကူးပြောင်းပြီး လက်ထပ်မှ တရားဝင်ကြောင်း စီရင်ထုံးများရှိကြောင်း သိရသည်။ ဟိန္ဒူဘာသာတွင် ဇာတ်လေးမျိုးရှိပြီး ဇာတ်လေးမျိုးဝင် ဟိန္ဒူသည် ဗုဒ္ဓဘာသာနှင့် လက်ထပ်ရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ထားသော စီရင်ထုံးအချို့ ရှိကြောင်းလည်း သိရသည်။

၁၈၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ၊ ပုဒ်မ ၄ နှင့် ၅ အရ ဘာသာမပြောင်းဘဲ လက်ထပ်နိုင်ကြောင်း သိရသည်။

''မျိုးစောင့်ဥပဒေနဲ့ ၁၉၅၄ ခုနှစ် ဥပဒေနဲ့တော့ အနှစ်သာရအားဖြင့် ကွာခြားမှု ရှိပါတယ်။ ဒီဥပဒေက အမျိုးသမီးတွေကိုပဲ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေလေ။ အခု မျိုးစောင့်ဥပဒေက အမျိုးသားရေး တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေဖြစ်လို့ အများပြည်သူတွေရဲ့ သဘောတူညီမှုနဲ့ လုပ်သင့်ပါတယ်။ ဆရာတော် သံဃာတော်တွေရဲ့ အမြင်မှာတော့ ကိုယ့်ခြံစည်းရိုးကို ကိုယ်ခတ်တဲ့ သဘောဖြစ်ပေမယ့် ဘယ်သူကိုမှတော့ မထိခိုက်အောင်တော့ ဆောင်ရွက်သင့်ပါတယ်။ ဥပဒေ ဆိုတာကလည်း သာတူညီမျမှု ရှိသင့်ပါတယ်။ ဥပဒေပြုအဖွဲ့ အနေနဲ့လည်း တစ်ဖက်က လက်ရှိ တိုင်းပြည်အနေအထား၊ တစ်ဖက်က လူ့အခွင့်အရေးဆိုတဲ့ အစွန်းနှစ်ပါးကို ကျယ်ပြန့်စွာ ချိန်ဆသင့်ပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးခွန်ဝင်းလှိုင်က သုံးသပ်ပြောကြားသည်။

၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားသည်မှာ ''လူပျိုဖော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမ တစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်ကြောင်း၊ သို့ရာတွင် (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများ မဖြစ်စေရကြောင်း၊ (ခ)အသက် ၂၀ မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူညီချက်ကို သော်လည်းကောင်း၊ မိဘတို့ သေဆုံးပါမှ အမှန်အုပ်ထိန်းသူ (သို့မဟုတ်) တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကို သော်လည်းကောင်း ရရှိပြီး ဖြစ်ရမည် ဖြစ်ကြောင်း၊ (ဂ) မိန်းမမှာ မပြတ်စဲသော တရားဝင် လင်ယောက်ျား မရှိစေရကြောင်း'' ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။


မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိမြန်မာနိုင်ငံရှိ တည်ဆဲဥပဒေအချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေ . . .


 

''၁၉၅၄ အက်ဥပဒေက မြန်မာအမျိုးသမီး တွေအတွက် ပြည့်စုံတဲ့ အခွင့်အရေးတွေ ရှိပြီးဖြစ်လို့ ပြည့်စုံပြီးသားပါ။ အဲဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အခြားဘာသာဝင်နဲ့ လက်ထပ်ထိမ်းမြား တဲ့အခါ တရားရုံးမှာ အသိပေးပြီး မိဘဖြစ်တဲ့သူက တားဆီးဖို့ပါတယ်။ ယောက်ျားဖြစ်တဲ့သူက ကွယ်လွန်သွားခဲ့ရင်လည်း ယောက်ျားဖြစ်တဲ့သူရဲ့ ပိုင်ဆိုင်ခွင့်ကို ရရှိဖို့လည်းပါတယ်။ သားသမီးတွေ အတွက်လည်း ပိုင်ဆိုင်ခွင့် ခံစားခွင့်တွေ ရှိပြီးသားပါ။ အမျိုးစောင့် ဥပဒေမူကြမ်း ဆိုတာကို လေ့လာထားမှု မရှိသေးလို့ ပြဋ္ဌာန်းသင့်၊ မသင့်ဆိုတာထက် ပါလီမန် ခေတ်ကနေစပြီး ပြဋ္ဌာန်းကျင့်သုံးလာတဲ့ ၁၉၅၄ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာ ပါတဲ့ပြဋ္ဌာန်းချက်၊ အကြောင်းအရာတွေက ပြည့်စုံနေပြီလို့ ဆိုလို့ရပါတယ်။ ယခင်ကဆို ဗုဒ္ဓဘာသာဝင် အမျိုးသမီးက အခြားဘာသာဝင်နဲ့ လက်ထပ်တယ်။ အဲဒီယောက်ျားက သေသွားတော့မှ သူတို့ဘာသာရဲ့ ဥပဒေအရ တရားမ၀င်ဘူး ဖြစ်နေတာတို့၊ မွေးထားတဲ့ သားသမီးတွေကလည်း တရားမ၀င် ဖြစ်နေတာတို့ ရှိတယ်။ အဲဒါတွေကြောင့် ၁၉၅၄ အက်ဥပဒေဆိုတာ ပေါ်ပေါက်လာပြီး ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်'' ဟု ခရိုင်တရားသူကြီးဟောင်း ဦးအေးကျော်က ပြောကြားသည်။

ထို့ပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ပုဒ်မ-၂၇ တွင် ''ဤအက်ဥပဒေအရ ထိမ်းမြားလျှင် (သို့မဟုတ်) ထိမ်းမြားသည်ဟု မှတ်ယူခြင်း ခံရလျှင် ထိုသူနှစ်ဦးမှ ဖွားမြင်သော သားသမီးများသည် တရားဝင် သားသမီးများ ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ-၄ အရ အခြားအာဏာတည်ဆဲ ဥပဒေများတွင် မည်သို့ပင် ဆန့်ကျင်လျက် ပါရှိစေကာမူ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောက်ျားတိုင်း အပေါ်၌ အာဏာ သက်ရောက်ရမည်ဟု ပါရှိသည်။

လက်ရှိမျိုးစောင့် ဥပဒေကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေအပေါ်တွင် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများလည်း ရှိနေရာ မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိ မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေ အချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေသည်ကို တွေ့ရသည်။

ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ''၁၉၅၄ ခုနှစ် လက်ထပ်ထိမ်းမြားခြင်း ဥပဒေနဲ့ အခုအမျိုးစောင့် ဥပဒေက ရည်ရွယ်ချက်ချင်း မတူပါဘူး။ ၁၉၅၄ ဥပဒေက မြန်မာ့ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားရင် အခွင့်အရေးတွေ မဆုံးရှုံးရအောင် ကာကွယ်ပေးပါတယ်။ မျိုးစောင့် ဥပဒေကတော့ လူမျိုးမပျောက်အောင် ကာကွယ်ပေးမယ့် ဥပဒေဖြစ်လို့ လက်ခံကြိုဆို ပေးရပါမယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းတဲ့ အခါမှာ လူအနည်းစုကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် လူအများစုအတွက် ကောင်းကျိုးရှိမယ်ဆိုရင် လက်ခံကြိုဆို သင့်ပါတယ်။ မျိုးစောင့်ဥပဒေက လူအများစုအတွက် ကောင်းကျိုးများရင် လက်ခံနိုင်ရမယ်'' ဟု သုံးသပ်ပါသည်။

မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များကို ဥပဒေပညာရှင်များက အကြံပြုခဲ့ရာ မိမိလက်ထပ်လိုသူ၏ ဘာသာနှင့် ပတ်သက်၍ သဘောတူညီချက် ဆန္ဒမပါရှိဘဲ တစ်ဦးနှင့်တစ်ဦး အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်း၊ ဖိအားပေးခြင်း၊ အနိုင်အထက် ပြုခြင်းများ မပြုလုပ်ရကြောင်း ကတိဝန်ခံချက် အသီးသီး တင်ပြရမည် ဖြစ်ကြောင်း စသည့် အချက်များကို ထည့်သွင်းသင့်ကြောင်း အကြံပြု ခဲ့ကြသည်။

ထို့ပြင် လက်ထပ်ပြီးနောက် ဘာသာ ကူးပြောင်းလိုသည့်ဆန္ဒ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများနှင့် မှတ်ပုံတင် အရာရှိထံသို့ ကူးပြောင်းလိုသည့် ရည်ရွယ်ချက်အား အတိအလင်း ဖော်ပြလျက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ လက်ထပ်ပြီးနောက် ဘာသာကူးပြောင်းလိုကြောင်း တင်ပြလာပါက မှတ်ပုံတင် အရာရှိနှင့် သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများမှ ယောက်ျားနှင့် မိန်းမ နှစ်ဦးစလုံးအား ခေါ်ယူစစ်မေး ရမည်ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအယူဝါဒနှင့် ပတ်သက်၍ သေချာစွာ နားလည်ခြင်း ရှိမရှိ စစ်မေးရမည် ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအပေါ် အမှန်တကယ် ယုံကြည်သက်ဝင်၍ ပြောင်းလဲလိုခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းမှ ဘာသာကူးပြောင်းရန် ခွင့်ပြုရမည် ဖြစ်ကြောင်း၊ စသည့်အချက်များကို မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များအဖြစ် ဥပဒေပညာရှင်များက ထပ်မံအကြံပြု ခဲ့ကြသည်။

အလားတူ တည်ဆဲဥပဒေများကို ကြည့်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၅ မှ ၂၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ဘာသာရေးနှင့် ပတ်သက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းပြီးဖြစ်ကာ အများဆုံး ထောင်ဒဏ်မှာ နှစ်နှစ်ထိ ပါရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၉၃ မှ ၄၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ထိမ်းမြားခြင်းဆိုင်ရာ ပြစ်ဒဏ်များ ပါဝင်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လပ်စွာ ပေးထားသော်လည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကျပ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဓမ္မသတ်များက သော်လည်းကောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းများက သော်လည်းကောင်း၊ ဘာသာခြားများနှင့် ထိမ်းမြားမှုကို တားမြစ်မထားကြောင်း ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများသည် ဘာသာခြား ယောက်ျားများနှင့် ထိမ်းမြားရသောအခါ တရားဝင် မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြား၏ ဘာသာသို့ ကူးပြောင်းရပြီး သားသမီးများမှာလည်း ဖခင်၏ ဘာသာဝင်သူများ ဖြစ်ကြရကြောင်း တရားဝင် ထုတ်ပြန်ထားသည့် ဥပဒေ စာပေများအရ သိရသည်။

ထို့ကြောင့် ဘာသာခြားများနှင့် ထိမ်းမြားကြရသည့် မြန်မာအမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးတို့၏ နစ်နာမှုများကို ကာကွယ်ရန်အတွက် ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၂၄ အရ ''ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေ'' ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည်။ ထိုအက်ဥပဒေမှာ ၁၉၄၀ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စတင်အတည် ဖြစ်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် လူသိနည်းပြီး အကျိုးမရှိခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၅၄ ခုနှစ်တွင် ယင်းအက်ဥပဒေကို ရုပ်သိမ်းပြီး ''၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ'' ကို ပြဋ္ဌာန်း အတည်ပြုခဲ့ကြောင်း သိရသည်။မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် တည်ဆဲ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေနှင့် ပတ်သက်ပြီး အယူဝါဒ အမျိုးမျိုး ကွဲပြားလျက်ရှိရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။

''အခုဖြစ်နေတဲ့ ပဋိပက္ခတွေထဲမှာ ဘာသာပြောင်းကိစ္စ၊ လက်ထက်တဲ့ ကိစ္စတွေအပေါ် သံသယ ဖြစ်တာတွေလည်း ပါနေပါတယ်။ ဒါကြောင့် လက်ရှိ နှစ်ဖက်ကြားက ပဋိပက္ခတွေ ပြေငြိမ်းဖို့ ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းဖို့ လိုတယ်ဆိုရင် ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းကြပြီး လုပ်ဆောင်သင့်ပါတယ်။ မျိုးစောင့်ဥပဒေက ပြဿနာ ပြေလည်စေရေးကို ဦးတည်တယ်ဆိုရင် ကောင်းပါတယ်'' ဟု သီတဂူ ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့။MD, အာရှတော် ၀င်) က ပြောကြားခဲ့ပါသည်။

ဘုရားဖူး စေလွှတ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ရှင်းလင်းပွဲပြုလုပ်


7.28.19

သာသနာရေး ၀န်ကြီးဌာန ဒုတိဝန်ကြီး ဦးစိုးဝင်းမှ ရှင်းလင်းနေစဉ်

ဗုဒ္ခဂယာနှင့် နီပေါသို့ ဘုရားဖူး စေလွှတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ဦးစီး၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းရှင်းလင်းပွဲကို ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ ဇဗ္ဗူသီရိဗိမာန်တွင် သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးစိုးဝင်းမှ ဦးစီး၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယခင်က ဗုဒ္ခဂယာသို့ ဘုရားဖူးစေလွှတ်ရေး အဖွဲ့ကို သာသနာရေး ၀န်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပေးထားသော အဖွဲ့ငါးဖွဲ့သာ လုပ်ကိုင်ခွင့် ရရှိခဲ့ရာမှ ယခုနှစ် နှစ်လယ်ပိုင်းတွင် ဗုဒ္ခဂယာ ဘုရားဖူး စေလွှတ်ရန် စိတ်ဝင်စားသည့် အခြားခရီးသွား လုပ်ငန်းများကို ခွင့်ပြုခဲ့ကြောင်း ယင်းရှင်းလင်းပွဲတွင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးသိန်းက''ကျွန်တော်တို့ ဗုဒ္ခဂယာ ဘုရားဖူးစေလွှတ်တဲ့ လုပ်ငန်းတွေကို ချုပ်ကိုင်ခြင်း၊ ထိန်းချုပ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ပါလို့ ပြောကြားထားပြီးပါပြီ'' ဟု ပြောကြားသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူး လုပ်ငန်းများတွင် ကူညီမှုများသာ ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးမှ ဆက်လက် ပြောကြားသည်။

ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဘုရားဖူး ကုမ္ပဏီမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဗုဒ္ခဂယာတွင် ဘုရားဖူး သွားရောက်သူများ အနေဖြင့် တည်းခိုနေထိုင်ရန် အခတ်အခဲများ ရှိနေခြင်း၊ ပတ်စ်ပို့ လျှောက်ထားရာတွင် အချို့မှာ အခက်အခဲ ရှိနေခြင်းနှင့် ဘုရားဖူးများ ဗီဇာကင်းလွတ်ခွင့် ရရှိရေးတို့အတွက် ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သာသာနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးထံမှ သိရသည်။

ယင်းသို့ ကူညီမှုများ ပြုလုပ်ရန် အတွက် မေ ၂၂ ရက်က ဗုဒ္ခဂယာ ဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီနှင့် လုပ်ငန်းကော်မတီတို့အား သာသနာရေးရာ ၀န်ကြီးဌာနမှ တရားဝင် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

သာသနာရေး ၀န်ကြီးဌာနမှ ချုပ်ကိုင်မှု မပြုတော့သည့် အချိန်မှစ၍ ဗုဒ္ခဂယာ ဘုရားဖူးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဘုရားဖူးစေလွှတ်ရေး ကြီးကြပ်ရေး ကော်မတီသို့ လျောက်ထားသည်မှာ ခရီးသွားလုပ်ငန်း ၈၄ ဖွဲ့အထိ ရှိသွားပြီးဖြစ်ပြီး ထပ်မံ၍ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ သဘောတူညီ တည်ဆောက်ခဲ့သော မြန်မာ-တရုတ် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖွင့်လှစ်


7.28.20

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တာဝန်ရှိသူများမှ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား ဖွင့်လှစ်ပေးနေစဉ်

ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ထားမှုတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး ဌာနတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

''ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးသွား နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ စက်မှုဖွံ့ဖြိုး တိုးတက်မှု လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေကို ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို အသုံးပြုသွား နိုင်ဖို့အတွက် အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်း ထောက်ပံ့ပေးတဲ့ အတွက် SEAGP ကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင် အကောင်အထည် ဖော်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် မေလအတွင်း၌ ပြီးဆုံးခဲ့သည်။ ထိုစီမံကိန်းကို မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စသည့် နိုင်ငံပေါင်း လေးနိုင်ငံမှ ကုမ္ပဏီပေါင်း ခြောက်ခုတို့က တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရွှေသဘာဝ ဓာတ်ငွေ့မှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များမှ ရာခိုင်နှုန်း ၂၀ သာ မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ကာ နှစ် ၃၀ ဖြတ်သန်းခ ရရှိမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က အမျိုးသား လွှတ်တော်၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ ရှင်းလင်းမှုတွင် မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဒေသတွင်း စွမ်းအင်လုံခြုံမှု ရှိရေးတို့ကို ရည်ရွယ်ပြီး တည်ဆောက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းတည်ဆောက်စဉ်က ပိုက်လိုင်း ဧရိယာအတွင်း ကျရောက်နေသော မြေယာများ အတွက် လျော်ကြေးငွေ အပြည့်အ၀ မရရှိမှုများ ရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းမှာလည်း မြန်မာနိုင်ငံသားများကို ခန့်အပ်ခြင်းထက် တရုတ်နိုင်ငံမှ အလုပ်သမားများကိုသာ ခန့်အပ်ခဲ့သည်။ ထို့ပြင် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား အကြီးအကျယ် လိုအပ်နေချိန်တွင် ယခုကဲ့သို့ ဈေးပေါပေါဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့ခြင်းအပေါ် ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ပုသိမ်ဆိပ်ကမ်းစက်မှုဇုန်အတွက် လယ်ယာမြေတန်ဖိုး သတ်မှတ်ပေးစေလို

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြီးဆုံးစက်မှုဇုန် ဖြစ်လာမည့် ပုသိမ်ဆိပ်ကမ်းစက်မှုဇုန်စီမံကိန်း ဆောက်လုပ်ရတွင် ပါဝင်မည့် လယ်ယာမြေများအား တန်ဖိုးသတ်မှတ်ရာ၌ လယ်တစ်ဧကအတွက် ပေးမည့်နှုန်းထားများအား ဈေးနှုန်းသတ်မှတ်ပေးရန် လိုအပ်နေသည်ဟု သိရှိရသည်။

 

ပုသိမ်မြို့၏ တောင်ဘက်(၅)မိုင်ခန့်အကွာတွင် တည်ဆောက်ရန်ပြင်ဆင်နေသည့် ပုသိမ်ဆိပ်ကမ်း စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် စီစဉ်နေရာမှ မြေတစ်ဧကဈေးနှုန်းကို တိကျစွာ သတ်မှတ် ပေးရန် အပါအ၀င် သက်ဆိုင်ရာကုမ္ပဏီမှ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်လိုနေသည်ဟု ဒေသခံများမှ အကြံပြုပြောဆိုခြင်းဖြစ်သည်။

Ayeyarwaddy DevelopmentCo.,Ltdမှ တာဝန်ယူတည်ဆောက်သွားမည့် အဆိုပါ စီမံကိန်းတွင် ပုသိမ်မြို့ပေါ် အမှတ်(၈)နှင့်(၁၂)ရပ်ကွက်နှစ်ခုနှင့် ကန်ကြီးဒေါင့်မြို့နယ်အတွင်းရှိ ချောင်းစောက်၊ ရှမ်းရွာ၊ရှမ်းငူကျေးရွာအုပ်စုသုံးအုပ်စုမှ လယ်မြေဧက(၆၀၀၀)ခန့်တွင် တည်ဆောက်သွားမည်ဖြစ်ရာ လယ်မြေများကို ၀ယ်ယူရာ၌ မိမိတို့လုပ်ကိုင်စားသောက်နေသော လယ်မြေများကို ရောင်းချလိုသော လယ်သမားများ ရှိသကဲ့သို့ မည်သည့်ဈေးဖြင့် ဖြစ်စေ မရောင်းချလိုသည့် လယ်သမားများလည်း ရှိနေသည်ဟု ဒေသခံလယ်သမားများထံမှ သိရသည်။


ထိုကဲ့သို့ ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံ လယ်သမား(၂၀၀)ခန့်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဇူလိုင်လ (၂၆)ရက်နေ့က တွေ့ဆုံရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ထိုရှင်းလင်းပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ကမှ ဒေသခံလယ်သမားများအား ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"ခင်ဗျားတို့တွေ သဘောမတူဘဲ ဘာမှမလုပ်ဘူး၊ အတင်းအဓမ္မလည်း မသိမ်းဘူး၊ ခင်ဗျားတို့က မပေးနိုင်ဘူး မရောင်းနိုင်ဘူးဆိုရင်လည်း မလုပ်ရုံပေါ့၊ ခင်ဗျားတို့ လုပ်နေတဲ့ လယ်ယာမြေတွေကို အတင်းရယူဖို့လည်း မဟုတ်ပါဘူး"ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်က လယ်သမားများအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဧရာဝတီတိုင်းအနေဖြင့် ရခိုင်ရိုးမနှင့်ဆက်စပ်နေသောကြောင့် တောင်ကုန်းတောင်တန်းများနှင့် လယ်သမားတို့ လုပ်ကိုင်နေသောလယ်မြေများသာ တိုင်းအတွင်းပါရှိသည့်အတွက် ဒေသဖွံ့ဖြိုးရန် စီမံကိန်းတစ်ခုလုပ်ပါက ဒေသခံလယ်သမားများအတွက် ကြိုတင်စဉ်းစားရကြောင်းနှင့် ဧရာဝတီ တိုင်းမှာမြန်မာနိုင်ငံတွင်စက်မှုလုပ်ငန်းများတွင် နောက်အကျဆုံးတိုင်း တစ်တိုင်းဖြစ်နေသဖြင့် နောင်လာနောင်သားတို့အတွက်မိမိတို့ ရရှိနေသော အကျိုးအမြတ်နှင့် ဒေသတွင်း ပြည်သူများ ရရှိမည့်အကျိုးအမြတ်ကို လယ်သမားများမှ စဉ်းစားချင့်ချိန်နိုင်ရန် မိမိအနေဖြင့်ယခုကဲ့သို့ ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

အဆိုပါစီမံကိန်းဒေသ၌ ယခုအခါတစ်နှစ်လျှင် စပါးတင်းပေါင်းနှစ်သိန်းခွဲမှ သုံးသိန်းအထိ ထွက်ရှိ နေပြီး ကန်ကြီးဒေါင့်မြို့နယ် ရှမ်းငူနှင့် ချောင်းစောက်ကျေးရွာအုပ်စုမှ လယ်သမားအများစုမှာ မိမိတို့ လုပ်ကိုင်နေသော လယ်မြေများကို မရောင်းချနိုင်ကြောင်း ငြင်းဆိုထားပြီး အခြားရောင်းချ လိုသော ဒေသခံများကလည်း Ayeyarwaddy DevelopmentCo.,Ltdကုမ္ပဏီဘက်မှ တိကျသော ဈေးနှုန်း ထုတ်ဖော် ပြောကြားပေးရန် အလိုရှိနေခြင်းဖြစ်သည်။


"ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ သဘောတူတဲ့သူရှိသလို၊ သဘောမတူတဲ့လူလည်း ရှိပါတယ်၊ အဲ့ဒီတော့ စက်မှုဇုန်လုပ်မယ့် နေရာမှာ လယ်တစ်ဧကကို ဘယ်လောက် လောက်ပေးမယ်ဆိုတာကို ကျွန်တော်တို့ တောင်သူတွေက မသိခဲ့ရပါဘူး၊ ဘယ်လောက် သတ်မှတ်တယ်ဆိုတာကို မသိရတဲ့ အတွက်လယ်သမားတွေဘက်က ဘယ်လိုမှ ဆုံးဖြတ်လို့ မရသေးပါဘူး"ဟု ကန်ကြီးဒေါင့်မြို့နယ်၊ ချောင်းစောက်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။


ယခုအခါလယ်သမားများအတွက် နိုင်ငံတော်မှစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကတစ်သိန်းနှုန်းဖြင့် လယ်သမားတစ်ဦးလျှင် ဆယ်ဧကနှုန်း ထုတ်ချေးခွင့်ရနေသဖြင့် အဆင်ပြေနေသဖြင့် ဆိပ်ကမ်းစက်မှု ဇုန် စီမံကိန်းလုပ်မည့်ကုမ္ပဏီအနေဖြင့် လုပ်ဆောင်မည့် စီမံကိန်းအဆင့်ဆင့်ကို ဒေသခံများကို ရှင်းပြ ရန် လိုအပ်ပြီး ဒေသခံများ၏ဘ၀ရှေ့ရေးအတွက် အာမခံချက် အပြည့်အ၀ပေးရမည် ဖြစ်ကြောင်း၊ စီမံကိန်း စတင်မည့်ရက်၊ စီမံကိန်း စတင်ပါက ဒေသခံများနှင့် ထိုက်တန်သည့်အလုပ်၊ ထိုက်တန်သော လစာပေးချေမှု၊ စီမံကိန်းပြီးပါက ဒေသခံများအား အလုပ်ခန့်ထားမှု၊ ရေနက်ဆိပ်ကမ်းကြောင့် နိုင်ငံ တော် ကုမ္ပဏီနှင့် ဒေသခံတို့၏ အကျိုးအမြတ်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ပွင့်လင်းမြင်သာစွာ တိတိကျကျထုတ်ပြန်ပေးရန် လိုလားနေခြင်းဖြစ်သည်။


အဆိုပါစီမံကိန်းသည် ပုသိမ်မြို့ အမှတ်(၈)ရပ်ကွက်ရှိ တန်(၁၀၀)ဒေသမှ တောင်ဘက် တလျောက် ကန်ကြီးဒေါင့်မြို့နယ် ရှမ်းငူကျေးရွာရှိ နတ်ကျွန်းဒေသအထိရှိနေပြီး အဆိုပါ နယ်မြေအတွင်း အိမ်ထောင်စုပေါင်း(၂၃၀၀)ကျော်၊ လူဦးရေ(၁၂၀၀၀)ကျော် နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်သော လူဦးရေ(၈၃၀၀)ခန့်နေကြောင်း ထိုသူများအားလုံးကို အလုပ်အကိုင်ရရှိစေရန် စီမံကိန်း အဆောက် အဦးများ စတင်ဆောက်လုပ်သည့် စီမံကိန်း၌ပင် အလုပ်ရရှိစေလိုသဖြင့် သင်တန်းများ ကြိုတင် ဖွင့်လှစ် သင်ကြားကာ အလုပ်ခန့်သွားမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာကဆိုသည်။


"စီမံကိန်းနယ်မြေအတွင်းက အဆောက်အဦးတွေ၊ သာသနိကအဆောက်အအုံတွေ မထိခိုက်အောင် အတက်နိုင်ဆုံး လုပ်သွားမှာပါ၊ ဒီဒေသကလူတွေအပြင်၊ ပုသိမ်ကန်ကြီးဒေါင့် ဒေသတွေက လူဦးရေ(၅၉၀၀၀၀)အတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဦးတည်လုပ်ဆောင်သွားမဲ့ အစီအစဉ်တွေကို စီမံကိန်းထဲမှာ ထည့်သွင်းထားပါတယ်"ဟု ဧရာဝတီဖွံ့ဖြိုးရေးဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးကိုကိုဇော်က ပြောသည်။


စီမံကိန်းပထမအဆင့်၌ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေသန့်စက်ရုံသားငါးစက်ရုံများ၊ အထည်ချုပ် စက်ရုံ၊ သစ်တောထွက်ပစ္စည်းစက်ရုံများနှင့် ဓါတ်မြေသြဇာပြင်ဆင်ထုတ်လုပ်သည့် စက်ရုံများ စသည့် စက်ရုံ(၅၀)ကျော်တည်ဆောက်သွားမည်ဖြစ်သည့်အတွက် စက်ရုံတစ်ရုံလျှင် လူတစ်ထောင်ခန့် အနည်းဆုံး အလုပ်ရရှိမည်ဖြစ်သဖြင့် ဒေသပေါက်ဈေးလစာများအတိုင်း အလုပ်အကိုင်များ ရရှိစေမည် ဖြစ်ကြောင်းနှင့် လယ်မြေများကိုလည်း ဒေသပေါက်ဈေးထက် ပိုမိုသည့် နှုန်းထားများနှင့်  ၀ယ်ယူ သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။


ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန်၊ ဟင်္သာတစက်မှုဇုန်နှင့် မြောင်းမြစက်မှုဇုန် စသည့် ဧကတစ်ရာကျော်ခန့်တွင်သာ တည်ဆောက်ထားသော စက်မှုဇုန်အသေးစားသုံးခုသာ ရှိနေပြီး တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဧရာဝတီတိုင်းတွင် ယခုကဲ့သို့ ရင်နှီးမြုပ်နှံမှုများ လုပ်ဆောင်ရန် မစဉ်းစားကြောင်း၊ Ayeyarwaddy DevelopmentCo.,Ltd ဧရာဝတီ တိုင်းသား လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသောကြောင့်သာ ယခုကဲ့သို့အကြီးစားရင်းနှီးမြုပ်နှံခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဖော်ပြောကြားထားသည်။

(၅) ချောင်းဟောင်းတာကျိုး၍ ကုန်းပိုင်းကြီးကျေးရွာ၌ ရေလွှမ်းမိုးမှုဖြစ်ပေါ်

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ကုန်ဝိုင်းကြီးကျေးရွာရှိ ချောင်းဟောင်းတာကျိုး၍ စိုက်ပျိုးပြီးလယ်ယာမြေဧက(၃၀) ရေနစ်မြုပ်ပြီး ကျေးရွာအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တာကျိုး၍ ရေလွှမ်းမိုးမှုဖြစ်ပေါ်ရခြင်းမှာ ချောင်းအတွင်း တိမ်ကောမှုဖြစ်ပေါ်လာခြင်း၊ ချောင်း၏ အကျယ်အ၀န်းမှာ ကျဉ်းမြောင်းလာခြင်းစသည့်အချက်များကြောင့်ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

 

အဆိုပါ ကုန်းဝိုင်းကြီးကျေးရွာအတွင်းသို့ ချောင်းရေများတိုး၍ ၀င်ရောက်လျက်ရှိပြီး ကျောင်းသား/သူကလေးငယ်များ ကျောင်းတက်ရာတွင် အခက်ခဲများရှိနေသည့်အပေါ်တွင် ကျေးရွာနေပြည်သူများမှ စိုးရိမ်မှုများ ရှိနေခြင်းဖြစ်သည်။

" ဇူလိုင်လနောက်ဆုံးအပတ်အတွင်းက တာကျိုးသွားတယ် ၊ လယ်တွေက စိုက်ပျိုးထားပြီးပြီ ၊ ကျွန်တော် လယ်နဲ့ အနီးအနားက လယ်မြေ ဧက(၃၀)လောက် ရှိတာ အကုန်လုံး ရေတိုက်စားပြီး ပျက်စီးကုန်တယ် ၊ ချောင်းနားက လယ်မြေကွက်ဆို ရေထိုးကျလို့ ချောက်ကြီးဖြစ်သွားတယ်၊ အောက်နားက လယ်တွေကတာ့ စိုက်ပင်တွေ ကျွတ်ကုန်ပြီး သဲမြေတွေ ဖို့ခံလိုက်ရတယ် " ဟု လယ်ပိုင်ရှင် ဦးဝင်းညွှန့်က ပြောသည်။

လယ်ယာမြေစိုက်ပျိုးချိန်၌ ချောင်းရေများ လယ်ယာမြေများသို့ ရေလွှမ်းမိုးမှုများ နှစ်စဉ်လိုလို ဖြစ်ပေါ်လျက်ရှိကြာင်းကိုလည်း သိရ သည်။

ချောင်းအတွင်း တုံးကျော်တမံချက်များ အဆင့်ဆင့်ပြုလုပ်၍ ငါးရှာဖွေခြင်းများကြောင့် ရေစီးရေလာ
နှောင့်နှေးပြီး လယ်မြေများ မှာ ရေနစ်မြုပ်ပျက်စီးခြင်း ၊ စိုက်ပျိုးချိန် နောက်ကျခြင်းများ ဖြစ်လာရသည်ဟု ဒေသခံတို့က ဆိုသည်။


" ပြီးခဲ့တဲ့(၅)နှစ်လောက် က ချောင်းကောင်းပြီး လယ်မြေတွေ စိုက်ပျိုးနိုင်ကြတယ် ၊ နှစ်သီးစား စိုက်လို့ရတဲ့ နေရာတွေပါ အခုတော့  နှစ်လလောက် နောက်ကျပြီးမှ တစ်သီးစားပဲ စိုက်လို့ ရတယ် ၊ မိုးရာသီ စိုက်
ပျိုးစရိတ်ဘဏ်ချေးငွေ ကျွန်တော်ဆီမှာ မရရှိကြသေးတော့ လယ်သမားတွေက အတိုးပေးတဲ့ သူဆီက(၁၀)တိုးနဲ့ ချေးငှားပြီး စိုက်ပျိုးရတယ်၊ လယ်လုပ်သားခတွေ မပေးနိုင်လို့ အလုပ်သမား မရနိုင်တာတွေလည်း ရှိတယ် ၊ လယ်စရိတ်က တစ်ဧကကို (၆၀၀၀၀)လောက်ကုန်တယ်"ဟု ကုန်းပိုင်းကြီးကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။


မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေ နောက်ကျရခြင်းမှာ ဆောင်းရာသီ သီးနှံစိုက်ပျိုးဘဏ်ချေးငွေ ပြန်လည် ပေးဆပ်ချိန် နောက်ကျခြင်းများကြောင့်ဖြစ်ပြီး ကျေးရွာအတွင်း မိုးစပါးစိုက် တောင်သူ (၃၀၀) ဦးခန့်ရှိပြီး  လယ်မြေဧက (၇၀၀) ကျော် ရှိသည်ဟု သိရသည်။

ရာသီအမှီစိုက်ပျိုးရာတွင် တစ်ဧကလျှင် စပါးတင်း(၇၀)နှုန်းထွက်ရှိပြီး နောက်ကျမျိုးရင့် ချိန်တွင်စပါးတင်း(၅၀)နှုန်းသာ ထွက်ရှိသည်။

ကိုကာကိုလာ၏Brand Ambassador ဖြစ်လာသည့် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer

စိုင်းစိုင်ခမ်းလှိုင်နှင့်Bobbby Soxer (ထက်ထက်အောင်)ကို ကိုကာကိုလာ၏ မြန်မာပြည်အတွက် Brand Ambassador အဖြစ်  ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

270713 Coca-Cola ambassadors Sai Sai and Bobby interacting with an audience member Image Credit to Coca-Cola Myanmarသြဂုတ်လ(၃)ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် ကိုကာကိုလာပျော်ရွှင်ခြင်းခရီးစဉ်၌လည်း ကိုကာကိုလာဖျော်ဖြေရေးယာဉ်တန်းနှင့်အတူ စိုင်းစိုင်းနှင့်BobbySoxerတို့နှစ်ဦးလုံးလိုက်ပါ ဖျော်ဖြေ မည် ဖြစ်သည်ဟု ကိုကာကိုလာမှ မလှမြတ်မွန်က ပြောသည်။

 

၄၂၅မီလီလီတာဆန့် ကိုကာကိုလာပုလင်းပုံစံသစ် ဖြန့်ချိရောင်းအားမြှင့်တင်သည့် Open Happiness Campaignကို ဇူလိုင်လ(၂၇)ရက်နေ့က ပြုလုပ်ခဲ့သည်။ ကိုကာကိုလာ၏ ဖျော်ဖြေရေး ယာဉ်တန်း၌ စိုင်းစိုင်းနှင့်BobbySoxerတို့ နှစ်ဦးစုံတွဲ သီဆိုထားသည့် လန်းဆန်းသော နေ့များအမည်ရသည့် တေး သီချင်းကို ထုတ်ဝေခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်နှင့်BobbySoxerတို့၏ဖျော်ဖြေပွဲကို ဇူလိုင်(၂၇)နေ့ နေ့လည်၂နာရီတွင် ဒဂုံစင်တာ (၂)၌လည်းကောင်း၊ ညနေ(၄)နာရီတွင်Junction Square၌လည်ကောင်း ကျင်းပခဲ့သည်။

ရန်ကုန်၌ ကိုကာကိုလာ၏ ဖျော်ဖြေရေးယာဉ်တန်းသည် လှိုင်တက္ကသိုလ်နယ်မြေရှိ စီးပွားရေး တက္ကသိုလ်ရှေ့မှစ၍  ဖျော်ဖြေရေးခရီးစဉ်ကို နေ့လည်(၁၁)နာရီခွဲမှ စတင်ကာ ည၈နာရီအချိန်၌ (၈)မိုင်၌ ခရီးစဉ် ပြီးဆုံးခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်ကို ၁၉၇၉ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်သည်။ သူသည် နာမည်ကျော် အဆိုတော်၊ သီချင်းရေးစပ်သူ၊ တေးဂီတ ထုတ်လုပ်သူ၊ စာရေးဆရာ၊ မော်ဒယ်နှင့်ရုပ်ရှင်မင်းသားတစ်ဦးလည်း ဖြစ်ပါသည်။

တောင်ကြီးမြို့ဇာတိဖြစ်ပြီး အသက် ၃၄ နှစ်ရှိသော စိုင်းစိုင်းသည်သူ၏ ပထမဆုံး ဟစ်ပ်ဟော့ပ် တေးသီချင်းအယ်လ်ဘမ် ချောကလက်ရောင် ရေခဲအိပ်မက်ကို ၂၀၀၀ပြည့်နှစ်တွင် ထုတ်ဝေ ဖြန့်ချိခဲ့သည်။

 Bobby Soxer (ထက်ထက်အောင်) ကို ၁၉၉၃ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မွေးဖွားပြီး အဆိုတော်၊ တေးရေး၊ ရုပ်သံသရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၂၀၀၆ ခုနှစ် ၁၃ နှစ်သမီးအရွယ်တွင် အဆိုတော် ရဲလေးနှင့်တွဲဖက်ပြီး နှုတ်မဆက်ချင်ဘူး အမည်ရ တေးသီချင်းသီဆိုထုတ်လုပ်ခြင်း မပြုမီကပင် BobbySoxer သည် Underground ဟစ်ပ်ဟော့ပ်ဖျော်ဖြေသူအဖြစ် အနုပညာဘ၀ စတင်ခဲ့သူ ဖြစ်သည်။

၂၀၁၁ခုနှစ်တွင် ဒုံးပျံတေးအယ်လ်ဘမ်ထုတ်ပြီးနောက် ဆယ်ကျော်သက်လူငယ်ပရိသတ်၏ ထောက်ခံ အားပေးမှုကို ယနေ့အချိန်အထိရရှိခဲ့သူဖြစ်သည်။