Tuesday, July 30, 2013

ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံး

တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။

သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်ပြေးဆွဲရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါ စနစ်အတွက် နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအဖွဲ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မ.ထ.သ (ဗဟို)စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဒီမှာ အဆင့်မြင့် ကားကြီးတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း စနစ်မှာ ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားတဲ့အပြင် Aircon လည်း ပါမှာဖြစ်ပါတယ်။ ယာဉ်စီးခကိုလည်း ခရီးသွားပြည်သူ ၀န်ထိုးဝန်ပိုး မဖြစ်စေမယ့် ကားခနှုန်းထားကို သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကားခနှုန်းထား ဖြစ်အောင်လို့လည်း အဲဒီကားတွေအတွက် CNG ရအောင် လုပ်ပေးမယ်လို့ ပြောထားတယ်။ အဲဒီစနစ်ကို လုပ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်မယ်။ သင့်တော်တဲ့ ကုမ္ပဏီရှိရင် လုပ်ကိုင်ခွင့် ပြုသွားမယ်။ အစိုးရ အဖွဲ့ကတော့ ကြီးကြပ်ညွှန်ကြားမှုပဲ လုပ်သွားမယ်။ ဒီနှစ်အတွင်းမှာ ဒီစနစ်ကို စတင်နိုင်အောင်လို့ လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြောကြားခဲ့သည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြား တစ်စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်အားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပြည်လမ်းကို ပဏာမရွေးထားတယ်။ ပြည်လမ်းက နည်းနည်ကျယ်တော့ လမ်းဘေးဝဲယာက ပလက်ဖောင်းတွေ အိမ်တွေ ထိခိုက်မှု မရှိနိုင်ဘူး။ အခြားလမ်းတွေ ဆိုရင်တော့ လမ်းဘေး ပလက်ဖောင်းတွေ၊ အိမ်တွေနဲ့ နီးတော့ ထိခိုက်မှု ရှိနိုင်တယ်။ စဆွဲမယ့် အတွေ့အကြုံပေါ် မူတည်ပြီး နောက်ပိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ခင်က ဆက်လက် ပြောကြားသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားမည်

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာ လက်ပံတောင်းတောင် ဒေသတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားမည်ဟု သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ကြေးနီစီမံကိန်း တည်ရှိရာ လက်ပံတောင်းတောင် ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ထိုသို့ထုတ်ပြန်ထားရခြင်းမှာ ကြေးနီစီမံကိန်း အကောင်အထည် ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိရန်နှင့် ပြည်သူများ မလိုလားဘဲ ထိခိုက်မှုများ မရှိစေရန် ထုတ်ပြန်ထားရခြင်းဖြစ်ကြောင်း ဦးလှထွန်းက ပြောကြားသည်။

သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက "ပုဒ်မ ၁၄၄ ဆိုတာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေး ကိစ္စတွေကို လုပ်ကိုင်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဖြစ်ပါတယ်။ ဒီဒေသမှာ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ ကျေးရွာမှာရှိတဲ့ လူထုမလိုလားအပ်ဘဲ ထိခိုက်မှုတွေ မဖြစ်အောင်၊ လုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ မရှိအောင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ၁၄၄ ကို ရုပ်သိမ်းလိုက်မယ်ဆိုရင်တော့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာရော ပြည်သူလူထု ထိခိုက်မှုတွေရော ရှိလာနိုင်တယ်။ ဒါ့ကြောင့် လက်ရှိအားဖြင့်တော့ ပုဒ်မ ၁၄၄ ကို ဆက်လက်ထုတ်ပြန် ထားရမယ့် အနေအထား ဖြစ်ပါတယ်" ဟု ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသတွင် လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန်မှု (၄၉) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းများတွင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း၊ ယင်းအချက်များကြောင့် ပုဒ်မ ၁၄၄ ကို ဆက်လက်ထားရှိရခြင်း ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ဥပဒေကို ဖောက်ဖျက်ကျူးလွန် မှုများတွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့် စီမံကိန်း ဧရိယာအတွင်းသို့ ၀င်ရောက်ထွန်ယက်ခြင်း နှစ်ကြိမ်၊ မုံရွာအကျဉ်းထောင်ရှေ့ လူစုလူဝေးဖြင့် လာရောက်မှုတစ်ကြိမ်၊ ခွင့်ပြုချက် မရယူဘဲ လူစုလူဝေးဖြင့် ဆန္ဒပြမှု ငါးကြိမ်၊ တားမြစ်နယ်မြေအတွင်း လူစုလူဝေးဖြင့် ၀င်ရောက်ခြင်းနှင့် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းများအား အပြင်းအထန် နာကျင်စေခြင်းနှစ်ကြိမ် ရှိခဲ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယာဉ်ယန္တရားများကို တားဆီးဟန့်တား ပိတ်ဆို့မှုနှစ်ကြိမ်၊ ကန့်သတ်နယ်မြေအတွင်း ၀င်ရောက်အခြေပြုမှုနှင့် ဆူပူမှု ခုနစ်ကြိမ်၊ လုပ်ငန်းဆောင်ရွက်နေသော ၀န်ထမ်းများအား ခြိမ်းခြောက် ဟန့်တားမှု နှစ်ကြိမ်၊ ၀မ်ပေါင်ကုမ္ပဏီမှ ပညာရှင်များအား တားဆီးထိန်းချုပ်မှု တစ်ကြိမ်၊ တရားရုံးသို့ လူစုလူဝေးဖြင့် လာရောက်ခြင်း သုံးကြိမ်၊ စက္ကူရုပ်များ ပြုလုပ်၍ မီးရှို့ခြင်း တစ်ကြိမ်၊ ဆားလင်းကြီး ထွေ/အုပ်ရုံးသို့ လာရောက်တင်ပြမှု နှစ်ကြိမ်၊ ပြင်ပအဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ၁၀ ကြိမ်၊ ဆန္ဒပြ ဆိုင်းဘုတ်စိုက်ထူခင်း ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းအချို့ ပျက်စီးယိုယွင်းမှု များပြားလာသောကြောင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာ


7.28.15

မင်းတုန်းမင်း၏ နန်းမတော် မိဖုရားခေါင်ကြီး ကုသိုလ်တော်ဖြစ်သည့် မဟာစိတြာရာမ သစ်သား ကျောင်းတိုက်ကြီးအား တွေ့မြင်ရစဉ်

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အချို့မှာ ပျက်စီးယိုယွင်းမှု များလာခြင်းကြောင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံခေတ် နှောင်းပိုင်းလက်ရာများဖြင့် တည်ဆောက်ထားပြီး နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်ခန့် ရှိနေပြီဖြစ်သည့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများမှာ ယခုအချိန်တွင် နှစ်ကာလ ကြာမြင့်လာပြီဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပျက်စီးယိုယွင်းမှု များလာရခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ရှိ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်း အချို့အား ရှေးဟောင်း သုတေသနဌာနမှ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ရှိနေသော်လည်း အချို့သော ဘုန်းတော်ကြီး ကျောင်းများမှာ ပြုပြင်ထိန်းသိမ်းရန် အတွက် အလှူရှင်များ လိုအပ်လျက် ရှိနေကြောင်းလည်း သိရသည်။

''မြန်မာမှု လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ အတွက် မှတ်တမ်းယူထားပါတယ်။ ပြုပြင်ထိန်းသိမ်းပြီးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေကတော့ ဆရာတော်တွေကပဲ ဆက်လက် ထိန်းသိမ်းထားတာ တွေလည်း ရှိပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်ပြီး နှစ်သက်တမ်း ၂၀၀ ၀န်းကျင်ရှိ နေပြီဖြစ်သည့် ရွှေအင်ပင်ကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက်၊ တံခွန်တိုင်ပြည်ကျောင်းတိုက်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ မဟာမင်းထင်ကျောင်းတိုက်၊ စီးတော်မြင်းဝန်တိုက်၊ ဗန်းမော်ကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို ရှေးဟောင်း သုတေသန ဌာနမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားပြီး ရွှေနန်းတော်ကျောင်းကို အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီများ ရယူကာ ပြုပြင်သွားမည်ဖြစ်သည်။

ထို့အပြင် မန္တလေးမြို့ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို အမေရိကန်၊ ဂျာမနီ စသည့် နိုင်ငံများမှလည်း ပြုပြင်ထိန်းသိမ်းရန် အတွက် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများတွင် အုတ်ကျောင်း၊ သစ်သားကျောင်းတို့ဖြင့် မြန်မာမှု အနုပညာလက်ရာ ပြောင်မြောက်စွာဖြင့် တည်ဆောက်ထားခဲ့ကြပြီး အချို့သော ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းများမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မီးလောင်ပျက်စီး ခဲ့မှုများကြောင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် သမိုင်းမှတ်တမ်းများ ပျောက်ကွယ်သွားခဲ့ ရသည်ဟု သမိုင်းမှတ်တမ်း ရေးသားသူများက ဆိုသည်။

''ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဆိုတာ ပြုပြင်မယ်ဆိုရင် ယဉ်ကျေးမှု အဆင့်အတန်းမီအောင် ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ တကယ်လို့ ရှေးဟောင်း အဆောက်အအုံကို မဖြစ်မနေ ဖျက်ပစ်တော့မယ် ဆိုရင်လည်း သမိုင်းမှတ်တမ်းလေး ကျန်ခဲ့အောင် ဓာတ်ပုံမှတ်တမ်းလေးတော့ ယူထားစေချင်ပါတယ်'' ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားသည်။

မော်လမြိုင်-ဘီလူးကျွန်း တံတားစီမံကိန်း ၂၀၁၄-၂၀၁၅ စီမံကိန်းနှစ်တွင် စတင်မည်

မွန်ပြည်နယ် အတွင်းရှိ သံလွင်မြစ် ခြားနေသော မော်လမြိုင်-မုပွန်ရပ်ကွက်နှင့် ဘီလူးကျွန်း ချောင်းဆုံ မြို့နယ် ကညှော်ကျေးရွာတို့ကို မြစ်ကူးတံတား တည်ဆောက်ရေး အတွက် လမ်းအူကြောင်း တိုင်းထွာမှုများ ပြုလုပ်ပြီးဖြစ်၍ လာမည့် (၂၀၁၄-၂၀၁၅) စီမံကိန်းနှစ်တွင် စတင်နိုင်မည် ဖြစ်ကြောင်း၊ ဦးစောမြင့်ကြည် (ဒုအင်ဂျင်နီယာမှူးကြီး-တံတားအထူးအဖွဲ့ ၆)က ပြောကြားသည်။

''ဇွန် ၂၂ ရက်က မော်လမြိုင် မုပွန်ဘက်အခြမ်း တံတားတည်ဆောက်ရေး တိုင်းထွာမှုတွေကို ပြည်ထောင်စုဝန်ကြီး စစ်ဆေးသွားပါပြီ။ တံတားကကြီးတော့ ကုန်ကျငွေ များပါတယ်။

ပြည်နယ်ဘက်ဂျက်နဲ့ မလုပ်နိုင်တော့ ပြည်ထောင်စု ၀န်ကြီးဌာန ဘက်ဂျက်နဲ့ သွားဖို့ရှိပါတယ်။ ခန့်မှန်းရတာက (၂၀၁၄-၁၅) စီမံကိန်း နှစ်လောက်မှ စနိုင်မယ်'' ဟု မွန်ပြည်နယ် ဘဏ္ဍာ၊ အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောပါသည်။

သံလွင်မြစ်ကူး မော်လမြိုင်-ဘီလူးကျွန်းတံတား တည်ဆောက်ရေး အတွက် ၂၀၀၆ ခုနှစ်တွင် မော်လမြိုင်၊ မုပွန်နှင့် ဘီလူးကျွန်း-ကညှော်ရွာ မြစ်ကြောင်းတိုင်းတာမှုကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပေါင်၊ မုတ္တမနှင့် ဘီလူးကျွန်း ကလွီဖက်ခြမ်းကိုလည်း တိုင်းတွာမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း မော်လမြိုင်၊ မုပွန်နှင့် ဘီလူးကျွန်း-ကညှော်ကျေးရွာ၊ တိုင်းတာမှုကို နောက်ဆုံးပြုလုပ်ခဲ့သည်ဟု ဦးစောမြင့်ကြည်က ပြောပါသည်။

အကြိုတိုင်းထွာ ချက်များအရ BANK TO BANK သံလွင်မြစ် ကညှော်ဘက်ကမ်းမှ မုပွန်ဘက်ကမ်းအထိ ပင်မတံတားအရှည် (၄၃၉၄ ဒသမ ၈၆) ပေ၊ ကညှော်ချောင်းကူး တံတားအရှည် (၁၀၀) ပေ၊ ပေါင်း-(၄၅၀၄ ဒသမ၈၆) ရှိပြီး ချဉ်းကပ်လမ်း အနေဖြင့် ကညှော်ဘက် (၃၈၆၀ ဒသမ ၅၅)ပေ၊ မုပွန်ဘက် (၆၄၇ ဒသမ ၀၆) ပေ၊ ချဉ်းကမ်းလမ်း အရှည်ပေါင်း (၄၅၃၄ ဒသမ ၆၁) ရှိသည်ဟု သိရသည်။

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်သည် မော်လမြိုင် ခရိုင်အတွင်း တည်ရှိပြီး စတုရန်းမိုင် (၂၅၄ ဒသမ ၀၉၈) ကျယ်ဝန်းကာ လူဦးရေ သုံးသိန်းဝန်းကျင်ရှိ၍ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ လက်မှုပညာ လုပ်ငန်းများ လုပ်ကိုင်ကြပြီး တစ်ချိန်က လက်မှုစက်မှု လုပ်ငန်းများ ထွန်းကားခဲ့ကာ (မိတ်အင်ယလွတ်) ဟူသော ဆေးတန်လုပ်ငန်းဖြင့် ထင်ရှားခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့တွင် မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်

7.30.13

လှိုင်းဘွဲမြို့ရှိ ရပ်ကွက်တစ်ခုအတွင်း ရေနစ်မြုပ်နေစဉ်

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် ဒေါနတောင်ကျရေ အရှိန်ဖြင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာကာ လှိုင်းဘွဲ့မြို့ပေါ် ရပ်ကွက်များ၌ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ရေကြီးရေလွှမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကယ်ဆယ်ရေး စခန်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဖွင့်လှစ်ပေးထားတယ်။ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် စောင်၊ ခြင်ထောင်၊ အ၀တ်အထည် တွေကိုလည်း ထောက်ပံ့ပေးပြီး ဆေးခန်းတွေလည်း ဖွင့်လှစ်ပေးထားတယ်။ ရေဘေးဒုက္ခသည်တွေ ရွှေ့ပြောင်းစ အနေအထားမို့ အိမ်ထောင်စုစာရင်း အတိအကျ မသိရသေးဘူး'' ဟု လှိုင်းဘွဲမြို့ ရေဘေးကယ်ဆယ်ရေး တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက Daily Eleven သို့ ပြောကြားသည်။

လှိုင်းဘွဲချောင်း၏ စိုးရိမ်ရေမှတ်မှာ စင်တီမီတာ ၇၀၀ ရှိပြီး ဒေါနတောင်ကျရေ အရှိန်ဖြင့် ချောင်းရေ မြင့်တက်လာကာ လှိုင်းဘွဲမြို့ပေါ်ရှိ စည်ပင်သာယာရေးဈေး အပါအ၀င် က၊ ခ ၊ ဂ ၊ ဃ ရပ်ကွက်များ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များက လှိုင်းဘွဲမြို့သို့ သွားရောက်ကာ လိုအပ်သော အကူအညီများကို သွားရောက် ကူညီဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရနှင့် KIA တိုက်ပွဲဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) တာမိုးညဲမြို့နယ် KIA တပ်ရင်း (၂) ဘန်ဆတ် (Bang Sak)နှင့် ဆိုင်းခေါ် (Seng Hkau) ကြား အစိုးရတပ်ဖွဲ့ ခြေလျင်တပ်ရင်း ခလရ (၁၂၉)နှင့် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၂) တို့ကြား ဇွန်လိုင်၂၅-၂၆ ရက်တွင်း တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် မုန်ဂျီဘက်မှ စစ်ရေးလှုပ်ရှားလာသော အင်အား ၅၀ ကျော်ရှိသည့် အစိုးရတပ်ဖြစ်ပြီး KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ (၂) ကြား ဇွန်လိုင် ၂၅ ကြာသာပတေးနေ့တွင် ၁ နာရီကြာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ဟု တပ်မဟာ(၄)မှသိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး အစိုးရတပ်သည် ဆိုင်းခေါ် (Seng Hkau) ကျေးရွာသို့ နောက်ဆုတ်သွားပြီး ဇွန်လိုင်လ ၂၆ ရက် သောကြာ ညနေတွင် ၂ ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၄) အရာရှိတဦးက ပြောသည်။

သောကြာ ညနေချိန်တွင် ဆက်လက်၍ ဆိုင်းခေါ် (Seng Hkau) ရွာပြင်ဘက်တွင် ၁၅ မိနစ်ကြာ ပစ်ခတ်တိုက်ခတ်ကြပြီး မုန်ပေါ် (Mung Pau) ဘက်တွင်လည်း ၃ နာရီခွဲချိန်မှ ပြန်လည်ပစ်ခတ်ကြောင်း အမည်မဖော်လိုသူ တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

"မုန်းပေါ် (Mung Paw)၊ ဆိုင်းခေါ် (Seng Hkau)၊ ဘန်ဆတ် (Bang Sak) နယ်မြေက ကျွန်တော်တို့ အမြဲရှိနေတဲ့နေရာဖြစ်တယ်။ အစိုးရတပ်တွေ ကျွန်တော်တို့ရှိတဲ့နေရာကို လှုပ်ရှားလာတော့ ပစ်ခတ်မှုတွေဖြစ်လာတာ။ အခုတလော အစိုးရတပ်တွေက နေရာတိုင်းမှာ လှုပ်ရှားနေကြတယ်။"

KIA တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် အစိုးရတပ် ခလရ (၁၂၃)နှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)ကြား တင်းမာနေဆဲချိန် အစိုးရတပ်သည် ကြာသပတေးနေ့တွင် ကွတ်ခိုင်ဘက်မှ စစ်အင်အားများ ပြန်လည်တိုးချဲ့လာကြောင်း MHH တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

"စစ်ကား ၅ စင်း တိုးချဲ့လာတယ်။ ပန်ဆိုင်းဝန်းကျင်မှာတိုးချဲ့လာကြတယ်။ ပန်ဆိုင်းမှာ ကား ၃ စင်း၊ နမ်တောင်းမှာ ၂ စင်း နမ်တောင်းမှာ အင်အား ၄၀ ခန့် နမ်တောင်း-ပန်ဆိုင်းကြား မန်ခုန်မှာ အင်အား ၄၀ ခန့်နဲ့ Hka Len မှာ အင်အား ၅၀ ကျော်တိုးချထားကြတယ်။"

ယခုချိန်အစိုးရတပ်များသည် ခလဲန် (Hka Len) ကျေးရွာရှိဘုရားကျောင်းဝင်းထဲသို့ အကာအကွယ်ယူနေကြပြီး စစ်အင်အားလည် ထပ်မံတိုးချဲ့လာခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေးမြို့တွင် ဇူလိုင် ၂၉ ရက် ည ၁၁ နာရီ ၁၄ မိနစ် အချိန်ခန့်က အင်အား အသင့်အတင့်ရှိသော ငလျင်နှစ်ကြိမ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

''အမှတ်တမဲ့ဆိုတော့ ငလျင်မှန်း သတိမထား မိလိုက်ဘူး။ လူက မိုက်ခနဲ ဖြစ်သွားတာ။ အရမ်းကြီးတော့ မပြင်းဘူးပေါ့။ မနှစ် နိုဝင်ဘာကလှုပ်တဲ့ ငလျင်ကို မမေ့သေးလို့ ကြောက်တော့ ကြောက်တယ်'' ဟု ချမ်းအေးသာစံ မြို့နယ်အတွင်း နေထိုင်သူ ကိုမျိုးက ပြောကြားသည်။ စစ်ကိုင်း ငလျင်ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့မှာ ငလျင်ဒဏ်ကို မကြာခဏ ဆိုသလို ခံရလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရွှေဘိုမြို့ အနီးတွင် ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ဧရိယာ အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ရသည်။

ငလျင်၏ပြင်းအားနှင့် ပတ်သက်ပြီး သိရှိရန်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ဖုန်းနံပါတ် ၆၆၇၇၆၆ သို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

အမေရိကန်နိုင်ငံ ဘူမိဗေဒ၀က်ဘ်ဆိုက် usgs.gov တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်မတွေ့ရဘဲ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင်သာ အင်အား ၄ ဒသမ ၅ ၀န်းကျင်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင် လေပြင်းကြောင့် ညောင်ပင်လဲ၍ အိမ်(၃)လုံးပြို

IMG 20130729 153525မော်လမြိုင်မြို့၊သရက်တောရပ်၊မန္တလေးနယ်မြေအတွင်း၌ ဇူလိုင်လ(၂၉)ရက်၊ ညနေ ၂နာရီခွဲခန့်အချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲကျပြီးနေအိမ် (၃)လုံး ပြိုကျပျက်စီးပြီး၊ အခြားနေအိမ်၃လုံးမှာလည်း အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

 

"လူတွေကတော့ ထိခိုက်ဒဏ်ရာ ရတာတွေ ဘာတွေမရှိပါဘူး။ ညောင်ပင် အမြစ်က ကြွတက်ပြီး ယိုင်လာ တာကို ရက်ကွက်ထဲမှာ နေတဲ့သူတစ်ယောက်က တွေ့ပြီး အိမ်ကလူတွေကို အမြန် ထွက်ပြီး ဘေးလွတ်ရာ ရှောင်ဖို့ ပြောလို့ လူတွေဘာမှမဖြစ်တာပဲ ကံကောင်းတယ် ပြောရမယ်။"ဟုအဆိုပါရပ်ကွက်နေ ဒေါ်ညိုက ပြောသည်။

အဆိုပါ ညောင်ပင်ပြိုလဲမှုကြောင့် လျှပ်စစ်ဓါတ်ကြိုးများ ပြတ်တောက်မှုဖြစ်ခဲ့ပြီး ရပ်ကွက်သူ ရပ်ကွက်သားများ က လျှပ်စစ်အန္တရာယ် မဖြစ်စေရန် ဖြစ်လျှင်ဖြစ်ခြင်း မီးလိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်ဟု သိရသည်။

ညောင်ပင်ပြိုလဲမှုကြောင့် ရပ်ကွက်နေပြည်သူများက စိန်မမစာသင်တိုက်ရှိ သံဃာတော်များ ကို အကြောင်းကြားရာ၌ စာသင်တိုက်ရှိ သံဃာတော်များက ချက်ချင်းကူညီပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ညောင်ပင်လဲတော့မယ်လို့လာပြောတာနဲ့ ကျွန်တော်သက်ဆိုင်ရာဌာနတွေကို အကုန် ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ မီးသတ် လျှပ်စစ်ဝန်ထမ်းတွေလည်း လာရောက် ကူညီပေးနေကြ ပါတယ်။ စိန်မမ စာသင်တိုက်က သံဃာတွေကလည်း ပျက်စီးနေတဲ့ အပျက်အစီးတွေကို ၀ိုင်းပြီး ရှင်းလင်းအကူ အညီပေးကြပါတယ်။"ဟု အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းဝင်းက ပြောသည်။

ပျက်စီးသွားသောနေအိမ်များနှင့်ပတ်သက်ပြီး ထိုအိမ်များတွင်နေသူများကို ကူညီထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံးသို့ တင်ပြပြီး အကောင်းဆုံးပြန်လည် နေရာချထား ဆောင်ရွက် ပေးမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်

ပဲခူးတိုင်းဒေသကြီးအတွင်း အူကျွံ ယောင်္ကျားလေးကို ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားနိုင်

IMG 3565 copyပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ၌ မွေးစကတည်းက အူကျွံရောဂါဖြစ်ပွားကာ အူများ ၀မ်းဗိုက်အပြင်ဘက်၌ ကပ်လျက်ပါရှိလာသည့် ကလေးငယ်တစ်ဦးကို ကျေးရွာ ကျန်းမာရေးအထောက် အကူ ပြုအဖွဲ့ဝင်တစ်ဦးမှ အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ခဲသည်ဟု သိရှိရသည်။

 

အဆိုပါကလေးမိခင်မှာ ဒေါ်စုကြည် အသက် (၂၂) နှစ်ဖြစ်ပြီး  ကလေးငယ်ကို ဇူလိုင်လ(၂၈)ရက် နံနက် (၉း၄၅)မိနစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေး၏ ဖြစ်ရပ်မှာ ပုံမှန်မဟုတ်သည့်အတွက် လိုအပ်သည် ကျန်းမာရေး စောင်ရှောက်မှုများ ပြုလုပ်မွေးမြူခဲ့ရကြောင်း ကျေးရွာ ကျမ်းမာရေးဝန်ထမ်းထံက သိရသည်။

" လူနာက မွေးဖွားဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရတော့ လိုအပ်တာတွေ ညွန်ကြားပြီး ကျေးရွာ ကျန်းမာ ရေးမှူး ဒေါ်စောသန္တာဆီကို အကြောင်းကြားခဲပါတယ်၊ ဆရာမကြီး လာကြည့်တော့ သူလည်းတစ်ခါမှ မတွေ့ကြုံဖူးတဲ့ ဖြစ်ရပ်မျိုးဖြစ်နေတာကြောင့် ဆရာမကြီးကိုယ်တိုင် အံ့သြသွားတယ် " ဟု ကျေးရွာ ပြည်သူ့ ကျန်းမာရေး အထောက်အကူပြုအဖွဲ့ဝင် ဦးလှဦးက ပြောသည်။

အဆိုပါကလေးငယ်ကို ကျေးရွာဆေးခန်း၌ အပတ်စဉ်ပြသခဲ့ကြောင်း     အဆိုပါ ကလေးမွေးဖွားမှု ဖြစ်ရပ်နှင့် ပက်သက်၍ ကျေးရွာကျန်းမာရေးဌာနမှကျန်းမာရေးမှူးနှင့် ကျေးရွာကျန်းမာရေး အထောက်အကူပြု အဖွဲ့များ ၊ ကျေးရွာ လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာနေ ပြည်သူများ၏ ထောက်ပံ့ငွေများဖြင့် ပဲခူးတိုင်းဆေးရုံကြီးကိုပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည် ။

" အခုလို မွေးဖွားမှု့ဖြစ်ရပ်မျိုးကို တစ်ခါမှ မတွေ့ခဲ့မိပါဘူး၊ ပြီးတော့ ကျေးရွာအထောက်အကူပြုအဖွဲ့ဝင် တစ်ဦးကနေ ဒီလိုမျိုး မွေးဖွားပေးနိုင်ခဲ့တာဟာလည်း ချီးကျူးစရာပါပဲ" ဟု ကျေးရွာကျန်းမာရေးမှူး ဒေါ်စောသန္တာ က ပြောသည်။

အဆိုပါဖြစ်ရပ်မှာ မွေးရာပါ အူကျွံရောဂါဖြစ်ကြောင်း ဆရာမကြီးက ယခုကဲ့သို့ဆိုသည်။

" ကလေးရဲ့မွေးဖွားခါစ ဖြစ်ပေါ်တဲ့ လက္ခဏာ တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ ငိုကြွေးခြင်း စတာအပြင်အင်္ဂါ အစိတ်အပိုင်း အားလုံးကောင်းမွန်စွာပါရှိပြီး အူတွေ တစ်မျိုးတည်း ချက်ကြိုးအနီးကနေ ၀မ်းဗိုက်ရဲ့ အပြင်ဘက်ကို ရောက်ရှိနေတာ တွေ့ရတယ် .... ကလေးရဲ ဖြစ်ရပ်က ထူးဆန်းနေပြီး ဆေးရုံတင်ဆးဝါးကုသရမှာမို့လို့ မိသားစုကလည်း အတော်ကို ဆင်းရဲနွမ်းပါးကြတယ် .... ဒါနဲ့ ကျွန်မကိုယ်တိုင် အလှူငွေ တစ်သောင်း စတင်ထည့်ဝင်ပြီး ကျေးရွာအဖွဲ့စည်းများ ၊ အများပြည်သူများမှ အလှူငွေ ကောက်ခံပြီးပဲခူးတိုင်းဒေသကြီး ဆေးရုံကြီးကို အချိန်မှီ ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါတယ် " ဟု ကျေးရွာကျန်းမာရေးမှူး ဒေါ်စောသန္တာက ဆက်ပြောသည်။

ကျေးရွာကျန်းမာရေးမှူး၏ စီစဉ်ညွန်ကြားချက်နှင့်ကလေးအား ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခန့်က ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု လူနာစောင့်အမျိုးသမီးက ယခုကဲ့သို့ဆိုသည်။

" ကလေးကယောကျာင်္းလေး ဆေးရုံကြီး ကို ရောက်တဲ့ အချိန်ထိ အဒေါ်လက်ပေါ်မှာပဲ နွေးနွေးထွေးထွေးရှိနေခဲ့ပါတယ်? ဟိုရောက်တော့ စမ်းသပ်ခန်းမှာ စမ်းသပ်ပြီး ဆရာဝန်ကြီးတွေကပါ အံသြနေကြတယ် ....
ကလေးကို ရန်ကုန်ကလေးဆေးရုံကြီးကို ညနေ 6 နာရီ ခန့် က လွှဲပြောင်းပေးခဲ့တဲ့ အထိပဲ သိရပါသေးတယ် " ဟု  အိမ်နီးချင်းဖြစ်သည် ဒေါ်ဝင်းသန်းက ပြောသည်။


အဆိုပါ ကလေးငယ်၏ ထူးခြားဖြစ်ရပ်မှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖစ်ပြီး လက်ရှိအချိန်အထိ ကလေး၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသေးကြောင်း ၊ လူမှု့ရေး
အဖွဲအစည်းများမှ ထောက်ပံ့လှူဒါန်း ငွေများ လိုအပ်လျက်ရှိပြီး ရန်ကုန်တိုင်း ကလေးဆေးရုံကြီးမှလည်း ခွဲစိတ်မှု အောင်မြင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်